အတိတ်ကဘာကြောင့်အရေးကြီးနေတာလဲ
Vol. 104 Ch. 1445
ဝမ်ဝေ့က အမဲလိုက်ဖို့ အလျင်လိုနေခြင်း မရှိပေ။ ထိုအစား သူက သူ့အာရုံစိုက်မှုလိုအပ်နေသည့် ကိစ္စသေးသေးများကို အချိန်ယူလိုက်သည်။ ပထမဦးစွာ သူက မဟာမြူကမ္ဘာ၏ သက်ရှိများကို ပြန်လည်ဖန်တီးပြီး သူတို့အား အဆင့် ၁၂ဖန်တီးမှု စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ဖို့အတွက် လေ့ကျင့်ပေးလိုက်သည်။
ထိုအရာများ ပြီးဆုံးသွားသည်နှင့်သူသည် ဗလာနတ္ထိစက်ဝန်းကို ပြန်လည်ဖွဲ့စည်းလိုက်၏။ ထိုအရာက ယခုအခါ သူ့အတွက် အသုံးမဝင်တော့ပေ။ အကြောင်းရင်းကမူ ကောင်းကင်ဘုံတားမြစ်တိုက်ခိုက်ရေးအတွက် မလိုအပ်တော့၍ ဖြစ်သည်။ သို့သော် ဝမ်ဝေ့၏ ခန္ဓာကိုယ်လေ့ကျင့်ရေးကမူ ထိုစက်ဝန်းက အသုံးဝင်လာနိုင်ချေရှိ၍ ဗလာနတ္ထိစွမ်းအားကို လိုအပ်နေသေးသည်။
ငါ့ရဲ့သွေးမျိုးဆက် စုပ်ယူနိုင်တဲ့ ဗလာနတ္ထိစွမ်းအားပမာဏက ငါ လိုအပ်တာနဲ့ မကိုက်ညီတော့ဘူး။ အဲ့ဆိုတော့ စက်ဝန်းကို သွေးနဲ့ပေါင်းစည်းလိုက်ပြီးတော့ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်တာ အကောင်းဆုံးပဲ။ ...
ဝမ်ဝေ့က သုံးသပ်ကာ အစီအစဉ်တစ်ခု ရှိလာပြီဖြစ်သည့်အတွက် ပြုလုပ်ဖို့ရာ တုံ့ဆိုင်းမနေပေ။ ထိုဖြစ်စဉ်က ချောမွေ့ပြီး အနှောင့်အယှက် မရှိခဲ့ပေ။
အခုပိုပြီးတော့ ကောင်းသွားပြီ။ ဒါပေမဲ့ ငါက ၁၂ဆင့်မြောက် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲရေးကို စပြီး ဖွဲ့စည်းရဦးမယ် ....
ဝမ်ဝေ့က သူ့သွေးမျိုးဆက်ကို သုံးသပ်ရင်း တွေးလိုက်သည်။ သူ့လူသားမကောင်းဆိုးဝါးနတ်ဘုရားသွေးမျိုးဆက်က အဆင့်(၁၁)မျှသာ ရှိနေသေး၏။ ဝမ်ဝေ့က သူ့သွေးမျိုးဆက်၏ ဦးတည်ရာတွေးရင်း မျက်မှောင်အသာကြုတ်လိုက်သည်။
သူက ယခင်စွမ်းရည်များကို အဆင့်မြှင့်တင်လိုက်သရွေ့ သွေးမျိုးဆက်က သူ့အား အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရားအဆင့်၏ ထိပ်သီးကို ခေါ်ဆောင်သွားဖို့ရာ လုံလောက်သင့်ပေသည်။ သို့သော် ဤသည်က မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက် လုပ်ဆောင်နိုင်သည့် အရာအားလုံးလား။
ဒီလိုဆိုရင်တော့ ငါ စိတ်ပျက်မိမှာပဲ ...
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ ယခုက ထိုအရာများကို တွေးနေဖို့ အချိန်အခါ မဟုတ်ပေ။ သူက ဂိုဏ်းတွင် သိမ်းဆည်းထားသည့် မကောင်းဆိုးဝါးနတ်ဘုရားသွေး ရှိကြောင်း သိထားလေ၏။ ထို့ကြောင့် ဂိုဏ်းပြန်ရောက်သည်နှင့် အဖြေကို သိလာလိမ့်မည်။
နောက်တစ်ခုက ငါ့ရဲ့ တည်ရှိမှုကို စစ်ဆေးကြည့်ဖို့ပဲ …
သူက မျက်လုံးကိုအသာမှိတ်ကာ သူ့တည်ရှိမှုပုံကြမ်းဆီ ရောက်ရှိသွားလေသည်။ ဝမ်ဝေ့က ကံကြမ္မာမျိုးစေ့ကဏ္ဍကို အာရုံစိုက်လိုက်၏။ ထိုနေရာတစ်ခုလုံးကို အပြီးတိုင် မဖယ်ရှားရသေးပေ။ မဟာတာအိုက ကမ္ဘာမြေပေါ်တွင် သူ့မွေးဖွားမှုဖြစ်စဉ်ကတည်းက ထိုအရာကို စိုက်ပျိုးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ့အနေဖြင့် အားနည်းသည့် စံပြတစ်ယောက်ဖြစ်ရုံမျှဖြင့် ထိုအရာအားလုံးကို ဖယ်ရှားနိုင်ဖို့ မျှော်လင့်ထားခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ထိုစမ်းသပ်ချက်က သူ့အား သူ့လွတ်လပ်ခွင့်နှင့် နီးကပ်ဖို့ ခြေလှမ်းကြီးကြီးဖြစ်လာစေသည်။ ထိုအချက်က သူ့အား စံပြအဆင့်တွင်ရှိနေစဉ် ပမာဏတချို့ကို ချိုးဖောက်စေခဲ့သည့်အတွက် ထိုအရာကို ဖယ်ဖျောက်ဖို့က အဆထောင်ချီ ပိုမိုလွယ်ကူသွားစေသည်။
အခု မေးခွန်းက ငါ့အပေါ်မှာရှိနေတဲ့ တိုက်ရိုက်သက်ရောက်မှုက ဘာလဲဆိုတာပဲ ...
ဝမ်ဝေ့က ကံကြမ္မာမျိုးစေ့အဆင့်အတန်းကြောင့် သူ့တည်ရှိမှု၏ အပြောင်းအလဲများကို အာရုံခံရင်း တွေးလိုက်သည်။
ငါ့ရဲ့ ကံကြမ္မာတာအိုနဲ့ သဟဇာတဖြစ်မှုက အနည်းဆုံး ၁၅ ရာခိုင်နှုန်းလျော့ကျသွားတယ်။
ဝမ်ဝေ့က လူတချို့သည် သူ့ကဲ့သို့ သူတို့၏တာအိုနှင့် လိုက်ဖက်မှုရှိကြောင်း ပြောနိုင်လေ၏။ သူက ရုပ်ခန္ဓာများစွာကို ဖန်တီးပြီး အမြင့်မားဆုံး သဟဇာတဖြစ်မှုအထိ ရအောင် ပေါင်းစည်းထားခဲ့သည်။ သို့သော် ယခုတွင် ထိုအရာက ဤသို့ဟုတ်ဟန်မပေါ်ပေ။
ဒါက ပြဿနာတစ်ခုတော့ မဟုတ်ဘူး …
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် တွေးလိုက်၏။ တာအိုတစ်ခုနှင့် အမြင့်မားဆုံးလိုက်ဖက်ညီမှု ရှိခြင်းက ဆိုးကျိုးလည်း ရှိပေသည်။ အထူးသဖြင့် တခြားတာအိုများဖြင့် သူ့သဟဇာတဖြစ်မှုက လျော့ကျသွားလေ၏။
အရင် အမြင့်ဆုံးသဟဇာတဖြစ်မှုဆိုတာက ငါ့အတွက် လွတ်လပ်ခွင့်၊ အမှီအခိုကင်းမှု ဒါမှမဟုတ် ရွေးချယ်မှု တာအိုအပါအဝင် တာအိုတွေနဲ့ နည်းပါးတဲ့ သဟဇာတဖြစ်မှုရှိနေတာပဲ။ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ ငါက ငါရဲ့ လွတ်လပ်ခွင့်တာအိုကို တိုးတက်မှုတွေလုပ်လို့ရပြီ။
ဝမ်ဝေ့က တိုက်ပွဲထဲ လွတ်လပ်ခွင့်တာအိုကို များစွာ အသုံးပြုခွင့် မရပေ။ သူက ထိုအရာကို ကျန်းချောင်းဆီမှ ယူထားခြင်း ဖြစ်၏။ သို့သော် အခြေအနေက ယခုမှ စတင်နိုင်သည်။
ကြည့်ရအောင် ဘာတွေရှိသေးလဲ …
သူက သူ့တည်ရှိမှု၏ အပြောင်းအလဲများကို လေ့လာအာရုံခံကြည့်လိုက်သည်။
ငါ့ရဲ့ ကြမ္မာက အတက်အကျတွေနဲ့ ပြည့်နှက်နေတာ မဟုတ်တော့ဘူးပဲ …
ဝမ်ဝေ့က စိတ်လှုပ်ရှားစွာ တွေးလိုက်၏။ ပြဿနာများက ယခု သူ့ထံ သံလိုက်ထက် ဆွဲယူဖို့ ခက်ခဲလာသည်။ သူက အဓိကအကြောင်းရင်းနှစ်ခုကို ကောက်ချက်ချလိုက်၏။ ကံကြမ္မာက သူ့အား ကံကြမ္မာကာဒီနယ်အတွက် အမွေဆက်ခံနိုင်ရန် ပြီးပြည့်စုံသည့် အမွေဆက်ခံသူအဖြစ် ပုံသွင်းပေးနေပြီး သူ့အား အစီအစဉ်များ တစ်ခုပြီးတစ်ခု ချပေးနေသည်။ ထိုစဉ် သူ့အနာဂတ်ကိုယ်ကလည်း သူ့အား ကောင်းမွန်သော အနာဂတ်နှင့်ကိုက်ညီအောင် ကြီးထွားနိုင်မှုအတွက် လေ့ကျင့်ရေးများ ချမှတ်ပေးနေ၏။
ငါ့ဘဝက အခုတော့ ပြဿနာတွေနည်းသွားပြီ။
ဝမ်ဝေ့က ငြီးတွားလိုက်သည်။
ဒါပေမဲ့ တစ်ခုခုတော့ငါ့ကို အကြပ်ရိုက်စေတယ်။ ငါ့ရဲ့အနာဂတ်ကိုယ်က အတိတ်ကမ္ဘာကို ဘာလို့အဲ့လောက်ဂရုစိုက်နေရတာလဲ။ သူ့အဆင့်မှာရှိတဲ့ လူတစ်ယောက်က အချိန်နဲ့ ကာလံဒေသံအနှောင်အဖွဲ့ကနေ လွတ်မြောက်သင့်ပြီ မဟုတ်ဘူးလား …
လူတစ်ယောက်က အချိန်ကို ကျော်လွန်သွားပါက ကိစ္စနှစ်ခုကသာ အမှန် ဖြစ်လာနိုင်သည်။ ပထမဦးစွာ သူတို့၏အနာဂတ်က ပုံသေသတ်မှတ်ပြီးသားဖြစ်သည့်အတွက် မည်သူကမှမပြောင်းလဲနိုင်သလို သက်ရောက်နိုင်ခြင်း မရှိတော့ပေ။ ဒုတိယတစ်ခုကမူ အတိတ်က သူတို့အတွက် အရေးမပါတော့ပေ။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်ရပ်များက သူတို့အပေါ် လွှမ်းမိုးနိုင်ချေ မရှိတော့သည့်သူများ ဖြစ်သွားလေ၏။
အကယ်၍ တစ်စုံတစ်ယောက်က အတိတ်ကို ရောက်ရှိလာကာ ဝမ်ဝေ့ငယ်လေးကို သတ်ခဲ့သည်ဆိုလျှင်ပင် အနာဂတ်ဝမ်ဝေ့က အဆင်ပြေနေပြီဖြစ်ကာ မည်သည့်သက်ရောက်မှုမျိုးမှ ခံရမည် မဟုတ်ပေ။
အဲ့ဆိုတော့ ဒီဟွင်သွမ်းစကြဝဠာက ထူးကဲသာလွန်မှုအဆင့်တွေကို ကန့်သတ်ထားတဲ့ စည်းမျဉ်းတချို့ ရှိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် တူညီတဲ့အဆင့်ကလူတွေက တခြားတစ်ယောက်ရဲ့အတိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာလား။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ထိုရှင်းပြချက်များက သဘောတရားအရဖြစ်နိုင်သော်လည်း သူ့အလိုလိုအသိစိတ်ကမူ သူမသိသေးသည့် အမည်မသိဖြစ်ရပ်တချို့ဖြစ်လာနိုင်ချေ ရှိကြောင်းပြောပြနေသည်။
ငါ ဒါတွေကို လေ့လာဖို့ စာရင်းထဲ ထည့်ထားရမယ်။
သူက မျက်လုံးကိုဖွင့်ကာ သုံးသပ်လိုက်သည်။ ယခု သူ့ဘဝက ပိုမိုအေးချမ်းလာပြီဖြစ်သည့်အတွက် သိုသိုသိပ်သိပ်နေကာ နောက်ကွယ်မှ လှုပ်ရှားမည့်အစီအစဉ်ကို အကောင်အထည်ဖော်လိုက်သည်။
အခု အဲ့ဒီဟာတွေဖြေရှင်းဖို့ အချိန်ပဲ …
ဝမ်ဝေ့က သူ့စိတ်ထဲ ကြောက်မက်ဖို့ကောင်းသည့် အကုသိုလ်အပါအဝင် မှတ်ဉာဏ်မြောက်များစွာ ပိတ်ဆို့ထားသည်ကို ခံစားလိုက်မိသည်။ နှမြောစွာဖြင့် ထိုကိစ္စက အချိန်ကြာလွန်သွားပြီဖြစ်သည့်အတွက် သော့ခလောက် မပျောက်ခင်အချိန်အထိ စောင့်ရမည် ဖြစ်သည်။
“ကောင်းပြီ။ အခု အမဲလိုက်ရမဲ့အချိန်ပဲ”
ဝမ်ဝေ့က ပြောပြီးထရပ်လိုက်သည်။ သူက ကျေးဇူးကြွေးကို ဆပ်ရဦးမည် ဖြစ်၏။ သို့သော်လည်း သူက တစ်စုံတစ်ခုကို အာရုံခံမိကာ လက်ကိုဝေ့ယမ်းပြီး သရဖူသုံးခုကို ဖော်ထုတ်လိုက်၏။
ထို့နောက် ထိုပုံရိပ်များက လှပ်လာပြီး ကြော့ရှင်းသည့် စွမ်းအားတစ်ခုကို ထုတ်ဖော်လာလေသည်။
“စိတ်ဝင်စားစရာပဲ။ မင်းက လူသားနဲ့ ကောင်းကင်ဧကရာဇ်ရာထူးကို သုံးပြီးတော့ ငါနဲ့ တိတ်တဆိတ် ဆက်သွယ်လိုက်တာပဲ။ တကယ့်ကို ပြောင်မြောက်တယ်။”
“အဲ့ဒီချင်မျိုးနွယ်က လူတွေက ကပ်ပါးလိုမျိုးကပ်တွယ်နေကြတယ်။” ဟုန်ဝါက ကျိန်ဆဲလိုက်သည်။ သူမက နဂါးပုံရိပ်များပါသည့် ရိုးရှင်းသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ သူမ၏ ဝတ်စားဆင်ယင်မှုက ယခင် ကြီးကျယ်ခမ်းနားသည့် ဧကရာဇ်ဝတ်ရုံနှင့်မယှဉ်နိုင်သော်လည်း သူမ၏အပြုအမူများက ကြီးကျယ်ခမ်းနားနေဆဲသာ ဖြစ်သည်။
“ရှင်နဲ့ တိတ်တဆိတ် ဆက်သွယ်ဖို့ နည်းလမ်း ရှာနေခဲ့တာ။”
“စိတ်ဖိစီးမှုက ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းကောင်းပဲ။” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ ကျင့်ကြံသူများက သူတို့မျှော်လင့်ချက် ကုန်ဆုံးလာသည့်အခါ အန္တရာယ်အများဆုံး ဖြစ်လာတတ်သည်။
“မင်းကို ကယ်ခိုင်းဖို့ ရောက်လာတာလို့ထင်တယ်”
“ဟုတ်တယ်။ ရှင်ကပဲ ကျွန်မကို ကူညီပေးနိုင်မှာ” ဟုန်ဝါက ခေါင်းညိတ်လိုက်သည်။
“ဟမ် ငါ ချင်သူတော်စင်ခုံရုံးနဲ့ ဆက်သွယ်တုန်းကတော့ သူတို့လက်ထဲက မင်းကို မလွတ်စေရဘူးဆိုတဲ့ ယုံကြည်ချက်မျိုးတော့ ရှိနေတယ်။ အဲ့ဒီလူတွေက ငါ့ရဲ့စွမ်းအားနဲ့ ငါ လုပ်နိုင်တာကို သိထားတာတောင် သူတို့တွေက ကြောက်တဲ့ပုံမပေါ်ဘူး။ သူတို့ရဲ့ ယုံကြည်မှုအရင်းအမြစ်က ဘာလဲ။” ဝမ်ဝေ့က စဉ်းစားလိုက်သည်။
“သူတို့က ကျွန်မအပေါ် တစ်ခုခုလုပ်ထားတယ်။”
“အိုး”
“သိပ်မကြာသေးခင်တုန်းက သူတို့က ကျွန်မကို မေ့အောင် လုပ်ခဲ့တာ။ ကျွန်မ နိုးလာတော့ ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်နဲ့ပတ်သက်ပြီး မှားနေတာကို အာရုံမခံမိဘူး။” ဟုန်ဝါက အံကြိတ်ကာ ရှင်းပြလိုက်၏။
“ငါ သိပြီ။ ဒီလိုဆိုရင် မင်းခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရအောင်။” ဝမ်ဝေ့က ခေါင်းညိတ်ကာ သူမ၏ နဖူးဆီ လက်ညှိုးထိုးလိုက်သည်။ သူက ပုံရိပ်ယောင်နှင့်တကယ့်အစစ်အမှန်ခန္ဓာအကြား ကံကြိုးမျှင်ကို ဆက်သွယ်ပြီး အစစ်အမှန် ဟုန်ဝါကို လေ့လာဖို့ အသုံးပြုလိုက်သည်။
“မင်းပြောတာ မှန်တယ်။ သူတို့က မင်းအပေါ်မှာ တစ်ခုခု ချန်ထားခဲ့တာ။”
“သူတို့က ဘာချန်ထားခဲ့တာလဲ” သူမက ချက်ချင်းမေးလိုက်သည်။
“အဲဒါက နောက်ယောင်ခံအမှတ်အသားနဲ့ အလားအလာကောင်းတဲ့ လေဟာနယ်ဖြိုခွဲရေးအဆောင်ပဲ။ အဲဒါက ကမ္ဘာရဲ့ ကန့်သတ်ရေးကို ၉၉.၉၉ရာခိုင်နှုန်းအထိ လျစ်လျူရှုနိုင်စွမ်း ရှိတယ်။” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ၁၀၀ ရာခိုင်နှုန်းဟု မပြောလိုက်ခြင်းမှာ အကြွင်းမဲ့အရာများကို မကြိုက်၍ ဖြစ်၏။
“ရှင် အဲဒါကို ဖယ်ထုတ်နိုင်လား။” ဟုန်ဝါက မေးလိုက်သည်။
“သတင်းဆိုးက ငါ မလုပ်နိုင်ဘူး။” ဝမ်ဝေ့က အလေးအနက် ပြောလိုက်သည်။
“ဘာလို့လဲ။”
“အဲ့ဒီအမှတ်အသားက မင်းရဲ့ တည်ရှိမှုအပေါ်မှာ ထားထားတာ။ ပိုပြီးအရေးကြီးတာက အဲ့ဒီမှာ ထူးကဲသာလွန်မှုစွမ်းအားတွေ ပါဝင်နေတယ်။”
“ထူးကဲသာလွန်မှုလား။ နေမင်းနှစ်စင်းလား။” ဟုန်ဝါက စိတ်ရှုပ်ထွေးစွာမေးလိုက်၏။
“အတိအကျပဲ။”
သူမ၏မျက်နှာက ဖြူဖျော့သွားလေသည်။ သို့သော်လည်း သူမက ချက်ချင်းဆိုသလို အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။
“ရှင်က သတင်းဆိုးရှိတယ်ပြောလို့ သတင်းကောင်းလည်း ရှိမှာပေါ့။”
ဝမ်ဝေ့က သူမအား စိတ်ငြိမ်အောင် ထိန်းနိုင်သည့်အတွက် တိတ်တဆိတ် ချီးကျူးလိုက်သည်။
“ဟုတ်တယ် သတင်းကောင်း ရှိတယ်။ ဒီအမှတ်အသားကို ထားတဲ့သူတွေက သူတို့လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့စွမ်းအားကို ထိန်းချုပ်နေရတာပဲ။ အဲ့ဆိုတော့ ဟာကွက်တွေ အများကြီးရှိနေတယ်”
ဟုန်ဝါက မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မ စိတ်ရှုပ်ထွေးသွားပြီ။ ရှင် ကျွန်မကို ကယ်နိုင်တာလား။ မကယ်နိုင်တာလား။”
“ငါ မင်းကို မကယ်နိုင်ဘူး။” ဝမ်ဝေ့က ခေါင်းရမ်းလိုက်သည်။ သူက သူ့တည်ရှိမှုကို ထိန်းချုပ်နိုင်ရုံမျှဖြစ်သည့်အတွက် တခြားသူများကို ဆိုထားဖွယ် မရှိတော့ပေ။ သူက စမ်းသပ်ချက်အား သူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို ပြီးပြည့်စုံစွာရှင်းထုတ်အောင် ခွင့်ပြုလိုက်သည့် အကြောင်းရင်းကမူ သူသည် စာလိပ်အနေအထားအဖြစ် ပြန်ပြောင်းပြီး တည်ရှိမှုကို ထိန်းချုပ်ဖို့ရန်အတွက် ဖြစ်သည်။ အရိုးသားဆုံးပြောရလျှင် သူ ပြီးပြည့်စုံမှုတည်ထောင်သည့် အုတ်မြစ်အတွင်း သူအတွေ့အကြုံကြောင့် မဟုတ်ပါက သူ့အစီအစဉ်သည် အလုပ်ဖြစ်မည် မဟုတ်ပေ။
ဟုန်ဝါက စိတ်ပျက်တော့မည့်ဆဲဆဲတွင် ဝမ်ဝေ့၏စကားသံကို တစ်ချက်ကြားလိုက်ရသည်။
“ငါက မင်းကို မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ မင်းကိုယ်မင်း ကူညီလို့ရတယ်။”
“ဘယ်လိုလဲ။” သူမက ချက်ချင်းမေးလိုက်၏။
“မင်း တတ်နိုင်တဲ့အရာတွေရှိတယ်” ဝမ်ဝေ့က အစီအစဉ်ကို ရှင်းပြကာ ပြောပြလိုက်သည်။
“အဲဒါက အန္တရာယ်မများလွန်းဘူးလား။” ဟုန်ဝါက တုံဆိုင်းသွားမိသည်။
“မင်းရဲ့အခြေအနေမျိုးမှာ ဒီလိုစွန့်စားမှုမျိုးက လိုအပ်တယ်။”
“ကောင်းပြီလေ ကျွန်မလုပ်မယ်။”
“မင်း ထပ်ပြီး စဉ်းစားဦးမယ်လို့ ထင်နေတာ။” ဝမ်ဝေ့က သူ့အံ့အားသင့်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ကျွန်မ ဒီနေရာမှာ ဆက်ပြီးတော့ မနေနိုင်တော့ဘူး။” ဟုန်ဝါက အံကြိတ်ကာ ပြောလိုက်သည်။
...