← Chapters

အလင်းလမ်းရဲ့အဆုံးသတ်

Vol. 15 Ch. 211

အလင်းလမ်းရဲ့အဆုံးသတ်

Vol. 15 Ch. 211

“ဒါက...”

“မင်း...”

“မဖြစ်နိုင်တာ။ဒီလိုလည်းအလုပ်ဖြစ်တာလား။”

ပတ်ဝန်းကျင်မှာ အင်မော်တယ်ဘုရင် အမွေခံတပည့်တော်တော်များများက ချီမင်ရဲ့အခြေအနေကို သတိပြုမိသွားကြတယ်။ သူတို့ကချီမင် ကိုးရောင်ခြယ်အလင်းလမ်းပေါ်ကနေ လုံးဝမခွာဘဲ လက်တစ်ဖက်တည်းဆန့်ပြီး သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ထဲက ရတနာကို ဆွဲယူလိုက်တာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

“ကျွန်တော် တော်တော်ကံကောင်းသွားတာပါ။”

ချီမင်က အချင်းတစ်မီတာလောက်ရှိတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ထဲကနေ ရတနာတစ်ခုကို တကယ်ပဲ ထုတ်ယူနိုင်လိုက်တယ်။ သူက သူ့ရဲ့ညာလက်ကို ဖွင့်လိုက်တော့ လက်ဝါးထဲမှာ သလင်းကျောက်လိုကြည်လင်တောက်ပနေတဲ့ နှစ်တစ်သောင်း ကောင်းကင်နဲ့မြေကြီးစိတ်ဝိညာဉ် နို့ရည်စက် တစ်စက်က လွင့် မြောလာတယ်။

ဒီနှစ်တစ်သောင်း ကောင်းကင်နဲ့မြေကြီးစိတ်ဝိညာဉ် နို့ရည်စက် တစ်စက်က ရတနာကောင်းတစ်ခုတော့ မဟုတ်ပေမဲ့ အသုံးဝင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်တယ်။ တိုက်ရိုက်စုပ်ယူလို့လည်းရသလို ဆေးလုံးအဖြစ်ဖော်စပ်ပြီး တာအိုပေါင်းစည်းခြင်းရဲ့ အောင်မြင်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်။

မဆိုးပါဘူး။

အရေးကြီးဆုံးက... ချီမင်က လက်တစ်ဖက်ဆန့်လိုက်ရုံနဲ့ အဲ့ဒါကို ရခဲ့တာဖြစ်တယ်။ သူက ကိုးရောင်ခြယ်အလင်းလမ်းပေါ်ကနေ လုံးဝခွာစရာမလိုလိုက်ဘူး။ ဘာအန္တရာယ်မှ မရှိဘဲ နှစ်တစ်သောင်း ကောင်းကင်နဲ့မြေကြီးစိတ်ဝိညာဉ် နို့ရည်စက် တစ်စက်ကို အလကားကောက်ရလိုက်တာနဲ့တူတယ်။

“သူ့ကံက အရမ်းကောင်းတာပဲ။”

“သူ လက်ဆန့်လိုက်ရုံနဲ့ နှစ်တစ်သောင်း ကောင်းကင်နဲ့မြေကြီးစိတ်ဝိညာဉ် နို့ရည်စက်တစ်စက်ကို ရသွားတယ်။”

“အားကျလိုက်တာ။”

“သူကံကောင်းသွားတာပါကွာ။”

“တကယ့်ကံကောင်းခြင်းကြီးကြီးမားမားအစစ်အမှန်နဲ့ အခွင့်အရေးကို ရချင်ရင်တော့ ကိုယ့်အစွမ်းအစကိုပဲ အားကိုးရမှာ‌။”

အင်မော်တယ်ဘုရင် အမွေခံတပည့်တွေက ဆွေးနွေးနေကြတယ်။

အချိန်တွေကုန်လွန်သွားတယ်။

ချီမင်က တိတ်ဆိတ်စွာ ရှေ့ကိုဆက်လျှောက်နေတယ်။ သူက အင်မော်တယ်ဘုရင် အမွေခံတပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး အတိဒုက္ခတိမ်တိုက်တွေကို ပစ်မှတ်ထားကာ ကိုးရောင်ခြယ်အလင်းလမ်းပေါ်ကနေ ပြေးထွက်ပြီး အထဲက အခွင့်အရေးတွေကို ယူ‌နေကြတယ်။

တချို့ကလည်း ကျရှုံးသွားကြတယ်။

သူတို့က အတိဒုက္ခတိမ်တိုက်ရဲ့စွမ်းအားကို လျှော့တွက်ပြီး အထဲက အခွင့်အရေးတွေကို မယူနိုင်ကြဘူး။ အဲ့ဒီအစား သူတို့ရဲ့ဓမ္မစွမ်းအားတွေ ကုန်ခမ်းသွားပြီး နောက်ဆုံးမှာတော့ လေဟာနယ်ကြေးမုံက သူတို့ကို အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ ထုတ်ပစ်လိုက်တယ်။

ဒီအချိန်မှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အပြင်ဘက်က အထူးအစီအရင်ထဲမှာ‌ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေက တစ်ယောက်ပြီး‌တစ်ယောက် နေရာရွှေ့ပြောင်းခြင်းခံရပြီးအပြင်ကိုရောက်လာကြတယ်။ သူတို့အပြင်ရောက်လာပြီးတော့ ဘေးမှာ ရိုရိုသေသေရပ်နေကြပြီး ဘာမှမပြောရဲကြဘူး။ သူတို့မျက်နှာတွေမှာတော့ နည်းနည်းတော့ မကျေမနပ်ဖြစ်နေကြပေမဲ့ အခွင့်အလမ်းနဲ့ ကံကောင်းခြင်းတွေရလာတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေရဲ့မျက်နှာမှာ ပျော်ရွှင်တဲ့ပုံတချို့ ပေါ်လာကြတယ်။

“ဒီအင်မော်တယ်ဘုရင် အမွေခံတပည့်တွေက တကယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပိုညံ့လာကြတာပဲ။ အထဲကနေ အမှိုက်သရိုက်အသေးအမွှားလေးတွေ ရတာနဲ့ပဲ ဒီလောက်ကျေနပ်နေကြပြီ။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

“အသုံးမကျတဲ့အမှိုက်ကောင်တွေ။”

“ငါတို့ခေတ်နဲ့ယှဉ်ရင် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ အံ့ဖွယ်စွမ်းအားတစ်ခုလောက်ရမှ တကယ့်အခွင့်အရေးကြီးလို့ သတ်မှတ်လို့ရတာ။ အဲ့ဒီတော့မှ ငါတို့တကယ် မျက်နှာပြရဲတာ။”

“အခုကြည့်ရတာတော့ ကွာခြားချက်က တကယ်ကိုကြီးမားတာပဲ။”

ပတ်ဝန်းကျင်က အင်မော်တယ်ဘုရင်တွေရဲ့အသံတွေမှာ စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်နေတယ်။

“စိတ်မပူကြပါနဲ့။”

စကြဝဠာ အင်မော်တယ်ဘုရင်က ပြောတယ်”အခုမှအစပဲရှိသေးတယ်။ ‌‌ နေ့တစ်ဝက်တောင်မရှိသေးဘူး။ ဒီလောက်စောစောအပြင်ရောက်လာတဲ့ အင်မော်တယ်ဘုရင်ရဲ့ အမွေခံတပည့်တစ်ယောက်က ဘယ်လောက်များစွမ်း‌ ဆောင်နိုင်မှာမလို့လဲ။”

“စကြဝဠာ အင်မော်တယ်ဘုရင် ပြောတာမှန်တယ်။”

“မလောကြပါနဲ့၊ မလောကြပါနဲ့။”

အင်မော်တယ်ဘုရင်တွေက ခေါင်းညိတ်လိုက်ကြတယ်။ အင်မော်တယ်ဘုရင် လင်းလုံက လှည့်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို တစ်ချက်ကြည့်လိုက်တယ်။ သူက ခဏလောက်စဉ်းစားပြီး မျှော်လင့်ချက်တချို့ ခံစားလိုက်ရတယ် “ရန်ပေါင်ချီ၊ မင်းငါ့ကို ဘယ်လိုအံ့အားသင့်စရာတွေ ယူလာပေးနိုင်မလဲ။”

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကြာသွားတယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ

ကိုးရောင်ခြယ်အလင်းလမ်းပေါ်မှာတော့ ချီမင်အပါအဝင် အင်မော်တယ်ဘုရင် အမွေခံတပည့်တစ်ရာ‌ အောက်ပဲ ကျန်တော့တယ်။

ကျန်တဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်နှစ်ထောင်ကျော်ကတော့ အနည်းနဲ့အများပစ္စည်းတချို့နဲ့ ရတနာတွေရသွားကြတယ်။ သူတို့ထဲက လူနည်းနည်းလေးကပဲ သိုင်းနည်းစနစ်ကောင်းတွေနဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ ရခဲ့ကြတယ်။ ပြီးတော့ သူတို့ရဲ့ဓမ္မစွမ်းအားတွေ ကုန်ဆုံးသွားလို့ ကိုးရောင်ခြယ်အလင်းလမ်းပေါ်ကို ပြန်မလာနိုင်ဘဲ လေဟာနယ်ကြေးမုံရဲ့စွမ်းအားကို အသက်ဝင်သွားစေတယ်။ သူတို့အားလုံး အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ အထုတ်ခံလိုက်ရတယ်။

ချီမင်က ပတ်ပတ်လည်ကိုကြည့်ပြီး ကျန်နေတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေကို မြင်လိုက်တယ်။ ဒီအင်မော်တယ်ဘုရင် အမွေခံတပည့်တွေထဲမှာ (၁၃) ယောက်ပဲ မလှုပ်ရှားရသေးတယ်။

ကျန်တဲ့ (၈၆) ယောက်ကတော့ အနည်းနဲ့အများ တစ်ခုခု‌ တော့ရခဲ့ကြပြီးပြီ။

“အခုပဲ!”

ရုတ်တရက် အရှေ့က ကြက်သွေးရောင်ဆံပင်နဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်တစ်ယောက်ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူက ခုန်တက်ပြီး ကိုးရောင်ခြယ်အလင်းလမ်းအပြင်ဘက်ကို ချက်ချင်းပြေးထွက်သွားတယ်။ သူ့အရှိန်က အရမ်းမြန်ပြီး သူ့တစ်ကိုယ်လုံးကို များပြားတဲ့ဓမ္မစွမ်းအားတွေနဲ့ ဖုံးလွှမ်းထားကာ နီဗားနားကပ်ဘေးချီနဲ့ မမြင်ရတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတွေကို ခုခံထားတယ်။

ပြီးတော့ ချီမင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

ဒီကြက်သွေးရောင်ဆံပင်နဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်က အချင်းမီတာတစ်သောင်းရှိတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ထဲကို တကယ်‌ ပြေးဝင်သွားတယ်။ သူက အင်မော်တယ်ဓမ္မရုပ်တုအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့အရှိန်အဝါက တိုးမြင့်လာတာနဲ့သူ့ရဲ့နီရဲတဲ့ဆံပင်တွေက လေထဲမှာလွင့်လာတယ် ။

အဲ့ဒီမှာပေါက်ကွဲမှုတစ်ခု ဖြစ်သွားတယ်။

“ဟားဟားဟား...”

ဒီကြက်သွေးရောင်ဆံပင်နဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်က ကျယ်လောင်စွာရယ်မောလိုက်တယ်။ ဘာလို့လဲဆိုတော့ သူက အချင်းမီတာတစ်သောင်းရှိတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ရဲ့အနက်ရှိုင်းဆုံးနေရာက အခွင့်အရေးရတနာကို လက်နှစ်ဖက်နဲ့ဖမ်းဆွဲပြီး အဲ့ဒီထဲကနေ ပြေးထွက်လာနိုင်ခဲ့လို့ဖြစ်တယ်။

အန္တရာယ်များတယ်။

စိတ်လှုပ်ရှားစရာကောင်းတယ်။

ဒါပေမဲ့ သူအောင်မြင်သွားတယ်။

သူက ဒီရတနာကို ရခဲ့ပြီ။ ဒါက ကျောက်စိမ်းစလစ်တစ်ခုဖြစ်တယ်။ စာလုံးတွေက လည်ပတ်နေပြီး အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို မှတ်တမ်းတင်ထားတယ်။ ဒီအခွင့်အရေးနဲ့ ကံကောင်းခြင်းက လွန်ခဲ့တဲ့သုံးရက်အတွင်းမှာ အကြီးမားဆုံးဖြစ်တယ်။

နောက်တစ်ခဏမှာတော့ ဒီကြက်သွေးရောင်ဆံပင်နဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်က အချင်းမီတာတစ်သောင်းရှိတဲ့ မူလအတိဒုက္ခတိမ်တိုက်ထဲကနေ ပြေးထွက်လာပြီးပြီးချင်း သူ့ဘေးမှာ အချင်းမီတာတစ်သောင်းရှိတဲ့ အတိဒုက္ခတိမ်တိုက်တစ်ခုရှိနေမယ်လို့ သူ မမျှော်လင့်ထားဘူး။

သူပြေးထွက်လာပြီးနောက်တော့ သူက နောက်ထပ်အချင်းမီတာတစ်သောင်းရှိတဲ့ အတိဒုက္ခတိမ်တိုက်တစ်ခုထဲကို မလွှဲမရှောင်သာ တိုးဝင်သွားတယ်။ ဒီအချိန်မှာ သူ့ရဲ့ဓမ္မစွမ်းအားတွေက လုံးဝနီးပါး ကုန်ဆုံးနေပြီ။

“မဟုတ်ဘူး! မဟုတ်ဘူး!”

ကြက်သွေးရောင်ဆံပင်နဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်ရဲ့အကြည့်တွေက အလွန်အမင်းကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်သွားတယ်။ သူက သူ့ကိုလုံးဝနီးပါး ဖျက်စီးသွားစေမယ့် အရမ်းကြောက်စရာကောင်းတဲ့ ကပ်ဘေးချီနဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားလိုက်ရတယ်။

“ကယ်ကြပါ! ကယ်ကြပါ!”

သူက ကြောက်လန့်တကြား အော်ဟစ်လိုက်တယ်။

ဒီအရေးကြီးတဲ့အချိန်မှာ လေဟာနယ်ကြေးမုံက ပေးအပ်ထားတဲ့ လေဟာနယ်စွမ်းအားက အသက်ဝင်လာတယ်။ လေဟာနယ်ကြေးမုံရဲ့ စွမ်းအားက ကျ‌ ရောက်လာပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားတယ်။ အချင်းမီတာတစ်သောင်းရှိတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ရဲ့စွမ်းအားက အရင်ပေါက်ကွဲထွက်လာတယ်။

ဘုန်း!!!

ပေါက်ကွဲသံတစ်ခု ထွက်လာတယ်။ အတိဒုက္ခတိမ်တိုက်က တိုက်ရိုက်ပေါက်ကွဲထွက်လာပြီး ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားတယ်။ ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက တုန်ခါသွားပြီး ကြောက်စရာကောင်းတဲ့ မုန်တိုင်းတစ်ခုက အရပ်မျက်နှာတိုင်းကို တိုက်ခတ်သွားတယ်။

အလွန်အမင်းနာကျင်စွာ အော်ဟစ်လိုက်တဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။

ချီမင်နဲ့တခြားသူတွေက လေဟာနယ်ကြေးမုံက ဒီကြက်သွေးရောင်ဆံပင်နဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်ကို အချိန်မီမကယ်တင်နိုင်ခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ ဒီကြောက်စရာကောင်းတဲ့ ဖျက်ဆီးခြင်းစွမ်းအားအောက်မှာ ဒီအမွေခံတပည့်က တိုက်ရိုက်ပြာကျသွားပြီး ဘာမှမရှိတော့တဲ့အဖြစ်ကို ရောက်သွားတယ်။

“ဟူး...”

“ဘယ်လောက်ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။”

“ဒီလိုစွမ်းအားမျိုးက အတိဒုက္ခကျော်လွှာခြင်းအဆင့်က ပုဂ္ဂိုလ်တွေတောင် ခံနိုင်မှာမဟုတ်‌ လောက်ဘူး။”

“ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ။”

“ဒါကြောင့် ငါတို့တွေ အလောတကြီးလှုပ်ရှားလို့မရဘူး။ သတိထားရမယ်။ မဟုတ်ရင် ငါတို့လည်း သူ့လိုဖြစ်သွားလိမ့်မယ်။ အခွင့်အရေးရရင်တောင်မှ နောက်ဆုံးမှာ တကယ်သေသွားလိမ့်မယ်။”

တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်တွေက ကြောက်လန့်တကြား ပြောဆိုနေကြတယ်။

ပေါက်ကွဲမှုရဲ့နောက်ဆက်တွဲက ပျံ့နှံ့သွားတယ်။ အဲ့တာက မမြင်နိုင်၊ မထိတွေ့နိုင်ပဲ ကိုးရောင်ခြယ်အလင်းလမ်းကို ထိခိုက်လာစေတယ်။ အလင်းလမ်းက တုန်ခါသွားပြီး မြူခိုးတွေကလည်း တုန်ခါသွားတယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အပြင်ဘက်မှာ အချင်းမီတာတစ်သောင်းရှိတဲ့ အတိဒုက္ခတိမ်တိုက်က ပေါက်ကွဲထွက်သွားတယ်။ ပေါက်ကွဲမှုက အရမ်းကြီးမားလွန်းလို့ အပြင်ဘက်ကိုတောင် ပျံ့နှံ့သွားပြီး အင်မော်တယ်ဘုရင်တွေကလည်း သတိပြုမိသွားကြတယ်။

“တစ်ယောက်သေသွားပြီ။”

“ဒီစွမ်းအားနဲ့ ပေါက်ကွဲမှုက အချင်းမီတာတစ်သောင်းရှိတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ရဲ့ ပေါက်ကွဲမှုဖြစ်ရမယ်။ လေဟာနယ်ကြေးမုံက သူ့ကိုမကယ်နိုင်လိုက်ဘူး။ ပေါက်ကွဲမှုက အရမ်းမြန်သွားတဲ့ပုံပဲ။”

“ငါလည်း ဒီလိုပဲထင်တယ်။”

အင်မော်တယ်ဘုရင်တချို့က ဆွေးနွေးနေကြတယ်။

သုံးရက်ကြာပြီးနောက်

ဒါပေမဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်တစ်ယောက်ရဲ့ သေဆုံးနှုန်းက အရမ်းနည်းနေပြီ။ အတိတ်တုန်းက ကိုးရောင်ခြယ်အလင်းလမ်းမရှိဘဲ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲဝင်တဲ့ သေဆုံးနှုန်းက (၆၀)% ကျော်ရှိခဲ့တယ်။

အခုလိုကပဲအ‌တော်ကောင်းနေပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်ရက်ကုန်သွားပြန်တယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူတစ်ခုလုံးမှာ ကိုးရောင်ခြယ်လမ်းပေါ်မှာ အင်မော်တယ်ဘုရင် အမွေခံတပည့် (၁၂) ယောက်ပဲ ကျန်တော့တယ်။ ချီမင်အပါအဝင် ချင်းဖုန်းယွီ၊ ယဲ့ဟန်ဖုန်းနဲ့ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်ကိုးယောက်ဖြစ်တယ်။

မသိမသာနဲ့ ချီမင်နဲ့တခြားသူတွေက ကိုးရောင်ခြယ်အလင်းလမ်းရဲ့အဆုံးကို ရောက်လုနီးပါးဖြစ်နေပြီ။ သူတို့ဆက်လျှောက်သွားရင် အလင်းလမ်းကနေ ထွက်သွားရပြီး သူတို့ရဲ့လုံခြုံမှုကို ဆုံးရှုံးသွားလိမ့်မယ်။

“နှမြောစရာကောင်းလိုက်တာ။”

ဒီအချိန်မှာ အင်မော်တယ်ဘုရင် အမွေခံတပည့်တစ်ယောက်က သက်ပြင်းချလိုက်တယ်။ သူက ပတ်ပတ်လည်ကို အတော်လေးနှမြောတဲ့အမူအရာနဲ့ ကြည့်လိုက်တယ် “ငါတို့အဆုံးကိုရောက်နေပြီ၊ ဒါပေမဲ့ တကယ့်အခွင့်အရေးကြီးကြီးကို ရှာမတွေ့သေးဘူး။ ဆက်လျှောက်သွားရင် ကိုးရောင်ခြယ်အလင်းလမ်းရဲ့ကာကွယ်မှုကို ဆုံးရှုံးသွားပြီး အန္တရာယ်က အရမ်းများသွားလိမ့်မယ်။ စွန့်စားဖို့က မတန်တော့ဘူး။”

“ဟုတ်တယ်!”

“နောက်ဆုံးလေးရက်အတွင်းမှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက ငါ့ရခဲ့တာတွေက လုံလောက်နေပြီ။ အံ့ဖွယ်စွမ်းအားတွေမရခဲ့ပေမဲ့ ငါတော်တော်လေးကျေနပ်နေတယ်။”

“နှမြောစရာကောင်းပေမဲ့ လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး။”

“ငါထွက်ဖို့ပြင်နေပြီ။”

အင်မော်တယ်ဘုရင် အမွေခံတပည့်ခုနစ်ယောက်က သူတို့ခန္ဓာကိုယ်ပေါ်က လေဟာနယ်စွမ်းအားကို အစပျိုးလိုက်ကြတယ်။ လေဟာနယ်ကြေးမုံရဲ့စွမ်းအားက အသက်ဝင်လာပြီး သူတို့အားလုံး အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ နေရာရွှေ့ပြောင်းလိုက်တယ်။

ဒီလိုနဲ့ ချီမင်၊ ချင်းဖုန်းယွီ၊ ယဲ့ဟန်ဖုန်းနဲ့ ချီမင်နာမည်မသိတဲ့ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်နှစ်ယောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ဒီနှစ်ယောက်ကိုတော့ ချီမင်က အတော်လေးစွဲစွဲမြဲမြဲ မှတ်မိနေတယ်။

ဘာလို့လဲဆိုတော့ ဒီနှစ်ယောက်က တစ်ခါပဲတိုက်ခိုက်ခဲ့လို့ဖြစ်တယ်။

သူတို့က အချင်းမီတာငါးထောင်၊ ခြောက်ထောင်ရှိတဲ့ အတိဒုက္ခတိမ်တိုက်တစ်ခုကို အလွယ်တကူချိုးဖျက်ပြီး အစွမ်းထက်တဲ့သိုင်းနည်းစနစ်အမွေအနှစ်တစ်ခုကို ရသွားကြတယ်။

တတိယစီနီယာအစ်မ ယဲ့ဟန်ဖုန်းကတော့ ချီမင်ရဲ့မျှော်လင့်ချက်တွေကို ကျော်လွန်သွားတယ်။

တတိယနေ့မှာ သူ့ရဲ့ဓမ္မစွမ်းအားတွေ ကုန်ဆုံးသွားလို့ ပထမစီနီယာအစ်ကို ရှကျွမ်းက လေဟာနယ်စွမ်းအားကို အစပျိုးပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ ပြန်ပို့ခံလိုက်ရတယ်။

အဲ့ဒီအစား ယဲ့ဟန်ဖုန်းက အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီး ပစ္စည်းတွေအများကြီးရထားတယ်။ သူမက အရမ်းအစွမ်းထက်ပြီး ရှကျွမ်းကိုတောင် ကျော်လွန်သွားတယ်။ ဒါပေမဲ့ ယဲ့ဟန်ဖုန်းက အမြဲတမ်းနှိမ့်နှိမ့်ချချနေတယ်။

ဒီတတိယစီနီယာအစ်မက နက်နက်ရှိုင်းရှိုင်းကိုဖုံးကွယ်ထားတယ်။

ချင်းဖုန်းယွီကတော့...

ထာဝရငြိမ်သက်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ဒီအမွေခံတပည့်က တကယ်ကို နက်နဲပြီး ထူးခြားတယ်။ သူက ရှိနေတဲ့အမွေခံတပည့်အားလုံးထဲမှာ အသန်မာဆုံးနဲ့ အလျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်တယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက နီဗားနားကပ်ဘေးချီနဲ့ ကောင်းကင်နဲ့မြေကြီးသတ်ဖြတ်ခြင်းကပ်ဘေးတွေက ချင်းဖုန်းယွီကို လုံးဝမထိခိုက်နိုင်သလိုထင်ရတယ်။ သူကလည်း သန့်စင်ရွှေခန္ဓာလို ပြိုင်ဘက်ကင်းအံ့ဖွယ်စွမ်းအားတစ်ခုကို ကျွမ်းကျင်ထားတာနဲ့တူတယ်။

ယဲ့ဟန်ဖုန်းရဲ့အကြည့်က ချီမင်ပေါ်ကို ကျရောက်လာတယ် “ဂျူနီယာမောင်လေးရန်၊ နင်တကယ်ကျန်နေခဲ့မယ်လို့ ငါမထင်ထားဘူး။ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်တွေက ကိုးရောင်ခြယ်အလင်းလမ်းအပြင်ဘက်ကို ထွက်ပြီး ရှေ့ဆက်သွားဖို့မရဲကြဘူး။ နင်ကတော့ ရှေ့ဆက်သွားချင်နေတာပဲ။”

ချီမင်က ပြောတယ် “စီနီယာအစ်မယဲ့၊ ကိုးရောင်ခြယ်အလင်းလမ်းကနေ ထွက်ပြီး ရှေ့ဆက်သွားရင် ဘယ်လိုကံကောင်းခြင်းနဲ့ အခွင့်အရေးမျိုးကြုံရမလဲဆိုတာကို ကျွန်တော်နည်းနည်းသိချင်နေရုံပါ။”

“စီနီယာအစ်မယဲ့ကလည်း အရမ်းကိုဖုံးကွယ်ထားတာပဲ။” ချီမင်က ဆက်ပြောတယ်”စီနီယာအစ်ကိုရှကျွမ်းတောင် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ ထွက်သွားရပေမဲ့ စီနီယာအစ်မယဲ့ကတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တကယ့်ကို အရမ်းအံ့အားသင့်မိပါတယ်။”

All Chapters