← Chapters

အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်

Vol. 15 Ch. 214

အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်

Vol. 15 Ch. 214

ချီမင်က ယွမ်ချင်းယွီကို သတ်လိုက်တဲ့အချိန်မှာ တစ်ခုခုမှားနေတာကို ခံစားမိလိုက်တယ်။ ဒါက ယွမ်ချင်းယွီရဲ့ခန္ဓာကိုယ်ပေါ်က ကောင်းကင်လျှို့ဝှက်ချက်ရဲ့အရှိန်အဝါက မတည်မငြိမ်ဖြစ်နေလို့ဖြစ်တယ်။ ကောင်းကင်လျှို့ဝှက်ချက်က လှုပ်ရှားပြောင်းလဲသွားပြီး ယွမ်ချင်းယွီကို မှားယွင်းတဲ့ဆုံးဖြတ်ချက်ကိုချစေပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေကိုဆုံးရှုံးသွားစေတယ်။

ချီမင်က ယွမ်ချင်းယွီရဲ့ပြဿနာကို ပြန်မတွက်ချက်ဘူး။ အဲ့ဒီအစား သူက သူမကို ပြတ်ပြတ်သားသား သတ်ပစ်လိုက်တယ်။

ဒီအချိန်မှာ သူက တစ်ခုခုကို ထပ်ခံစားမိတယ်။ သူက လှည့်ကြည့်ပြီး လက်ချောင်းတွေကိုသုံးကာ တွက်ချက်လိုက်တယ်။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူအပြင်ဘက်မှာ ဘာတွေဖြစ်သွားလဲဆိုတာကိုသိလိုက်တယ်။

“သူတို့တကယ်...”

ချီမင်ရဲ့မျက်နှာကမည်းသွားပြီး နဖူးမှာ အနက်ရောင်အကြောင်းတွေ ပြည့်သွားတယ်။

ဘာမှမတတ်နိုင်ဘူး။

သူတကယ်ဘာမှမတတ်နိုင်ဘူး။

ရန်ပေါင်ချီရဲ့ဝါသနာကို သွေးအရှင် အင်မော်တယ်ဘုရင်က ဖော်ထုတ်လိုက်တယ်။ ကမ္ဘာမြေရဲ့စကားနဲ့ပြောရရင် သူရှက်လွန်းလို့ သေလုမတတ်ဖြစ်နေပြီ။

ဒါပေမဲ့ ပြဿနာက...

ရန်ပေါင်ချီက သေသွားပြီ။ ချီမင်က အခုသူ့နေရာမှာ သရုပ်ဆောင်နေရတယ်။

ချီမင်က ရန်ပေါင်ချီမဟုတ်ပေမဲ့ သူက ရန်ပေါင်ချီအဖြစ် သရုပ်ဆောင်နေရတယ်။ ဒါကြောင့် သူ့ရဲ့ပြဿနာတွေက ချီမင်ဆီကို ရောက်လာလိမ့်မယ်။

“စိတ်အေးအေးထား၊ စိတ်အေးအေးထား...”

ချီမင်က အသက်ကိုပြင်းပြင်းရှူလိုက်တယ်၊ “ငါက တကယ့်ရန်ပေါင်ချီမဟုတ်ဘူး။ ငါက သရုပ်ဆောင်တစ်ယောက်လို ရန်ပေါင်ချီအဖြစ် သရုပ်ဆောင်နေတာ။ဒီဇာတ်ရုပ်မှာ သရုပ်ဆောင်နေရုံသက်သက်ပဲ။”

“ဒါတွေက ကိစ္စသေးသေးလေးတွေပဲ။ ငါလိုချင်တာကိုရဖို့က အရေးကြီးတယ်။ ငါအခုသွားသင့်တယ်။”

အတွေးတစ်ချက်နဲ့ ချီမင်က ပြောလိုက်တယ် “သန့်စင်ရွှေခန္ဓာ။”

ချီမင်က သူ့ရဲ့အံ့ဖွယ်စွမ်းအား သိုင်းနည်းစနစ်ကို လည်ပတ်စေပြီး ဓမ္မစွမ်းအားအများကြီးကို သုံးစွဲလိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်အလင်းပါးပါးလေးတစ်ခု ပေါ်လာတယ်။ သန့်စင်ရွှေခန္ဓာရဲ့စွမ်းအားကို အသက်သွင်းလိုက်ပြီး သူပြိုင်ဘက်ကင်းအခြေအနေကိုရောက်သွားတယ်။

“သွား!”

ချီမင်က ကိုးရောင်ခြယ်အလင်းလမ်းကနေ တိုက်ရိုက်ထွက်လိုက်ပြီး သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို လည်ပတ်စေလိုက်တယ်။ သူက မဟာတာအိုရဲ့အနည်းငယ်ပဲ့တင်ထပ်မှုကို ခံစားမိသွားပြီး အမြန်မသွားခင် ဦးတည်ဘက်တစ်ခုကို အတည်ပြုလိုက်တယ်။

ရွှေရောင်အလင်းစီးကြောင်းတစ်ခုလိုထွက်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက အဝေးကို ပျောက်ကွယ်သွားတယ်။

ချီမင်က တဖြည်းဖြည်း အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်ရောက်လာတယ်။ ပတ်ဝန်းကျင်က နီဗားနားကပ်ဘေးချီက ပိုကြောက်ဖို့ကောင်းလာတယ်။ မမြင်နိုင်တဲ့သတ်ဖြတ်ခြင်းကပ်ဘေးက ချီမင်ကို လုံးဝဖျက်ဆီးပစ်လိုက်ချင်သလို ပျံ့နှံ့လာတယ်။

ဒါပေမဲ့ သန့်စင်ရွှေခန္ဓာက ကာကွယ်ပေးထားတယ်။

ဒီအချိန်မှာ ချီမင်က သနားစရာကောင်းတဲ့အော်သံတစ်ခုကို ကြားလိုက်တယ်။ သူက အကြားအမြင်အာရုံအံ့ဖွယ်စွမ်းအားကို လည်ပတ်ပြီး အဝေးကနေ မြင်လိုက်ရတာက ကပ်ဘေးဒုက္ခငယ်အံ့ဖွယ်စွမ်းအားကို ကျွမ်းကျင်ထားတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်က အဆုံးမရှိတဲ့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ကပ်ဘေးချီကို မခံနိုင်တော့ဘူး။ သူ့ရဲ့ဓမ္မစွမ်းအားတွေက ကုန်လုနီးပါးဖြစ်နေပြီ။

ကံကောင်းစွာနဲ့ ဒီအင်မော်တယ်ဘုရင် အမွေခံတပည့်က အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားတယ်။သေခြင်းနဲ့ရင်ဆိုင်ရတဲ့အခါ သူက သူ့ခန္ဓာကိုယ်ထဲက လေဟာနယ်စွမ်းအားကို ချက်ချင်းစတင်လိုက်တယ်။ သေလောက်တဲ့အန္တရာယ်မရောက်ခင်မှာပဲ သူကို လေဟာနယ်ကြေးမုံက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ အဝေးကိုပို့လိုက်တယ်။ သူ့အသက်ကို ကယ်တင်နိုင်လိုက်တယ်လို့ ယူဆနိုင်တယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူအပြင်ဘက်မှာ ဒီအင်မော်တယ်ဘုရင် အမွေခံတပည့်က ဘေးကင်းစွာ ပြန်ရောက်လာတယ်။

“အရမ်း... အရမ်းအန္တရာယ်များတာပဲ...”

သူ့ရဲ့မျက်နှာမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပေမဲ့ ပျော်ရွှင်မှုက မျက်နှာပေါ်မှာ ပေါ်လာတယ်။ သူက ညာဘက်လက်ကို ဖွင့်လိုက်တော့ ရတနာကျောက်စလစ်ပြားတစ်ခု ပေါ်လာတယ်။

နောက်တစ်ခဏမှာ အလင်းတွေ ပေါ်လာတယ်။

မပြည့်စုံတဲ့ အလင်းတိုင်တစ်ခုက ကောင်းကင်ကိုထိုးတက်သွားပြီး ကြီးမားတဲ့မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ဒါ့အပြင် မျက်လုံးကျိန်းလောက်အောင်‌တောက်ပတဲ့ ခရမ်းရောင်အလင်းတစ်ခုက လင်းလက်လာပြီး ကောင်းကင်မှာမယုံနိုင်လောက်အောင် ကြီးမားတဲ့ ဓမ္မရုပ်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်တယ်။

ဒီမြင်ကွင်းတွေက ပျောက်ကွယ်သွားပြီး မဟာအံ့ဖွယ်စွမ်းအားကို ဖွဲ့စည်းပြီး စာလုံးအဖြစ် ပြောင်းလဲသွားတယ်။ သူတို့က အင်မော်တယ်ဘုရင် အမွေခံတပည့်ရဲ့စိတ်အနက်ရှိုင်းဆုံးနေရာထဲကို ခရမ်းရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲဝင်ရောက်သွားတယ်။

“အံ့ဖွယ်စွမ်းအား! ဒါက အံ့ဖွယ်စွမ်းအားပဲ!”

“ရက်ပေါင်းများစွာကြာပြီးတော့ အစစ်အမှန် အံ့ဖွယ်စွမ်းအားတစ်ခု ပေါ်လာပြီ။”

“ဒါက မပြည့်စုံဘူး။”

“ဒါပေမဲ့ အဲ့ဒါက အင်မော်တယ်ဘုရင် အမွေခံတပည့်တွေ ရရှိထားတဲ့ သိုင်းနည်းစနစ်တွေနဲ့ရတနာတွေထက် အများကြီးပိုကောင်းတယ်။”

“မဆိုးဘူး။”

အင်မော်တယ်ဘုရင်တွေက ဆွေးနွေးနေကြတယ်။

“အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်! အသက်ဝင်!”

ဒီအချိန်မှာ စကြဝဠာ အင်မော်တယ်ဘုရင်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ပတ်ဝန်းကျင်က ဖရိုဖရဲမြူခိုးတွေ ပျံ့နှံ့သွားတယ်။ အံ့ဖွယ်အလင်းတစ်ခုက ကောင်းကင်ကိုတက်သွားကာ ခရမ်းရောင်ချီနဲ့ ဝန်းရံထားပြီး နှိုင်းယှဉ်လို့မရနိုင်လောက်အောင် မြင့်မြတ်ပြီးကြီးမားတဲ့အဆင့်သတ်မှတ်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

အဲ့ဒီမှာ အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်လို့ ရေးထားတယ်။

ပြီးတော့ စကားလုံးတွေက အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ ပေါ်လာတယ်။

ပထမနေရာ: ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်ရဲ့ အမွေခံတပည့် ကျူကျိလင်။အံ့ဖွယ်စွမ်းအား: မဟာအပြစ်ပေးခြင်း အံ့ဖွယ်စွမ်းအား (မပြည့်စုံ)ရရှိထား။

ဒုတိယနေရာ: မရှိ!

တတိယနေရာ: မရှိ!

“ဒါက...”

ကျူကျိလင်က မဟာအပြစ်ပေးခြင်း အံ့ဖွယ်စွမ်းအားကို ပေါင်းစည်းထားပြီးပြီ။ အဲ့ဒါက မပြည့်စုံတဲ့ အံ့ဖွယ်စွမ်းအားတစ်ခုဖြစ်ပေမဲ့အရမ်းအားကောင်းတဲ့စွမ်းရည်တစ်ခုလည်း ရှိတယ်။

ဒီအံ့ဖွယ်စွမ်းအားကို ကျင့်ကြံခြင်းက အဆုံးမရှိတဲ့အင်အားကို ရရှိစေနိုင်တယ်။ အဲ့ဒါက ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြတယ်။

“ငါတကယ်အဆင့်သတ်မှတ်ချက်ထဲမှာ ပါနေတာပဲ။”

ကျူကျိလင်က သတိပြန်ဝင်လာတယ်။ သူက အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်တော့ အံ့အားသင့်တဲ့အမူအရာတစ်ခု မျက်နှာပေါ်မှာ ပေါ်လာတယ်။ အင်မော်တယ်ဘုရင် အမွေခံတပည့် နှစ်ထောင်ကျော်ရှိတယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ကျူကျိလင်တစ်ယောက်တည်းက မပြည့်စုံတဲ့ အံ့ဖွယ်စွမ်းအားတစ်ခုကို ရထားတယ်။ ကျန်တဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေက တစ်ခုခုရထားပေမဲ့ သူတို့က အံ့ဖွယ်စွမ်းအားတစ်ခုကို မရထားဘူး။ ဒါကြောင့် သူတို့က အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်မှာ အဆင့်သတ်မှတ်ခံရဖို့ အရည်အချင်းမပြည့်ဘူး။

“ဂုဏ်ယူပါတယ် ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်။”

“မဆိုးဘူး၊ မဆိုးဘူး။”

“ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်၊ ခင်ဗျားရဲ့တပည့်က ဒီတစ်ခေါက် ခင်ဗျားကို ဂုဏ်ယူစေခဲ့ပုံပဲ။”

ပတ်ဝန်းကျင်မှာ အင်မော်တယ်ဘုရင်အနည်းငယ်က ဂုဏ်ပြုလိုက်ကြတယ်။

“သူက ကံကောင်းသွားရုံပါ။”

ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်က ကြွယ်ဝတဲ့အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်တယ်။ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး သူက ကျန်တဲ့အင်မော်တယ်ဘုရင်တွေရဲ့စကားကို နှစ်သက်နေတယ်။

ဘာပဲဖြစ်ဖြစ် ကျန်တဲ့အင်မော်တယ်ဘုရင်တွေရဲ့ အမွေခံတပည့်တွေက ဘယ်အံ့ဖွယ်စွမ်းအားကိုမှ မရဘူး။ ဒါပေမဲ့ သူ့ရဲ့အမွေခံတပည့် ကျူကျိလင်က ရသွားတယ်။ သူက ဒါအတွက် အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်ကိုတောင် စတင်လိုက်တယ်။ ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်က တကယ့်ကို ဂုဏ်ယူနေတယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ချီမင်က မဟာတာအိုရဲ့ပဲ့တင်ခြင်းဘက်ကို ဦးတည်နေတယ်။ လမ်းမှာ သူက ယဲ့ဟန်ဖုန်းကို မြင်ဖို့အတွက် အကြားအမြင်အာရုံအံ့ဖွယ်စွမ်းအားကို သုံးလိုက် သေးတယ်။

သူမက အချင်းမီတာ (၁၀၀,၀၀၀) ရှိတဲ့ အတိဒုက္ခတိမ်တိုက်ထဲကို ကျရောက်သွားတယ်။ သူမရဲ့ ကောင်းကင်ကိုးထပ် နက်နဲရေခဲထီးက ပျက်စီးသွားပြီး အခြေအနေက အရမ်းအန္တရာယ်များနေတယ်။

နောက်တစ်ခဏမှာ ယဲ့ဟန်ဖုန်းက အော်လိုက်တယ်။ သူမရဲ့အံ့ဖွယ်စွမ်းအား ကောင်းကင်ကိုးထပ် နက်နဲစွမ်းအင်က ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ရဲ့စွမ်းအားကို တားဆီးလိုက်တယ်။ သူမက အဲ့ဒီထဲမှာပါတဲ့ အခွင့်အရေးနဲ့ကံကောင်းခြင်းကို ဆုပ်ကိုင်လိုက်တယ်။

“သွား!”

နောက်ဆုံးအချိန်မှာ သူမက လေဟာနယ်စွမ်းအားကို စတင်လိုက်ပြီး လေဟာနယ်ကြေးမုံက ကယ်တင်လိုက်တယ်။ သူမရဲ့ပုံရိပ်က လေထဲမှာ ပျောက်ကွယ်သွားပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ ထွက်ခွာကာ အပြင်ကိုရောက်ရှိသွားတယ်။

အချင်းမီတာ (၁၀၀,၀၀၀) ရှိတဲ့ အတိဒုက္ခတိမ်တိုက်က ပေါက်ကွဲသွားပြီး မယုံနိုင်လောက်လောက်အောင် ပြင်းထန်တဲ့လှုပ်ရှားမှုတစ်ခုကို ဖြစ်ပေါ်လာစေတယ်။ အဲ့ဒါက ကွင်းဆက်သက်ရောက်သွားပြီး ပတ်ဝန်းကျင်က အတိဒုက္ခတိမ်တိုက်တွေတစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်တယ်။ အဲ့ဒီထဲမှာပါတဲ့ ရတနာတွေအားလုံး ပျက်စီးသွားတယ်။

မမြင်နိုင်တဲ့သတ်ဖြတ်ခြင်းကပ်ဘေးနဲ့ ကပ်ဘေးချီက ဆူနာမီလို ချီမင်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သွားပေမဲ့ သူ့ကို လုံးဝမထိခိုက်ဘူး။ သန့်စင်ရွှေခန္ဓာက ဒီလိုကြောက်စရာကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်းကို အပြည့်အဝခုခံနိုင်တယ်။

“ဒီအတိဒုက္ခတိမ်တိုက်ရဲ့ ပေါက်ကွဲအားက တကယ်ကြောက်စရာကောင်းတယ်။ အဲ့ဒါက ကွင်းဆက်သက် ရောက်မှုကိုတောင် ဖြစ်စေတယ်။” ချီမင်က သက်ပြင်းချလိုက်တယ် “ငါသာ အထူးနည်းလမ်းတွေမရှိရင်အဲ့ဒီထဲမှာ ပိတ်မိနိုင်တယ်။ အတိဒုက္ခကျော်လွှားခြင်းအဆင့်စွမ်းအားကြီးပုဂ္ဂိုလ်တောင် သေသွားနိုင်တဲ့အန္တရာယ်ရှိတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ လေညှင်းလေးလိုပဲ။”

“ငါ ရောက်တော့မယ်။”

ချီမင်က နက်ရှိုင်းတဲ့အကြည့်နဲ့ ရှေ့ကိုကြည့်လိုက်တယ်။ သူက အရှိန်ကို မြှင့်တင်လိုက်တယ်။ မဟာတာအိုရဲ့ပဲ့တင်မှုက ပိုပိုပြီးသိသာလာတယ်။ အဲ့ဒါက ရှေ့မှာရှိသင့်တယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူအပြင်ဘက်မှာ။

ယဲ့ဟန်ဖုန်းက လေဟာနယ်ကြေးမုံက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ အဝေးကိုပို့လိုက်တယ်။ သူမက ယိုင်သွားတယ်။ သူမရဲ့အဝတ်အစားတွေက တော်တော်ပျက်စီးနေပြီး နှင်းလိုဖြူဖွေးတဲ့အသားအရေက ပေါ်လာတယ်။

သူမရဲ့မျက်နှာက ဖြူဖျော့နေတယ်။

သူမရဲ့ဓမ္မစွမ်းအားတွေက လုံးဝနီးပါးကုန်ဆုံးသွားတယ်။

ဒါပေမဲ့ သူမရဲ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နေတယ်။

ဝေါင်း! ဝေါင်း!

နောက်တစ်ခဏမှာ ထူးခြားဖြစ်စဥ်တစ်ခု ပေါ်လာတယ်။

အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ အလင်းတိုင်းက စာလုံးတစ်ခုဖြစ်ပြီး စာလုံးတိုင်းက ကောင်းကင်မှာ ကောင်းကင်နဲ့မြေကြီးသက်ရှိတွေရဲ့ပုံရိပ်ကို ဖွဲ့စည်းတယ်။

ကျား၊ ကျားသစ်၊ ဝံပုလွေ... မြွေ၊ တီ၊ ကြွက်၊ ပုရွက်ဆိတ်...

နဂါး၊ ဖီးနစ်၊ နတ်ဘုရား၊ နတ်ဆိုး...

ကမ္ဘာပေါ်က သက်ရှိအားလုံး ပေါ်လာတယ်။

“ဒါက...”

“တာအိုပေါင်းစည်းခြင်းနည်းလမ်း! အင်မော်တယ်မြိုအရှင် တာအိုပေါင်းစည်းခြင်းနည်းလမ်းပဲ!”

“ဒါက...”

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ အင်မော်တယ်ဘုရင် (၁၀၈) ပါးက အနည်းငယ်အံ့အားသင့်သွားတဲ့အမူအရာကို ပြသလိုက်ကြတယ်။ သူတို့ရဲ့အကြည့်တွေက ယဲ့ဟန်ဖုန်းပေါ်ကို ကျရောက်လာပြီး သူမကို အကြိမ်အနည်းငယ် လေ့လာလိုက်ကြတယ်။

“တကယ်တော့ သူမက...”

ရှကျွမ်းက အံ့အားသင့်သွားပြီး မယုံနိုင်ဖြစ်သွားတယ်။

ဖြစ်စဥ်အမျိုးမျိုးက ပျောက်ကွယ်သွားတယ်။

စာလုံးတွေ ပေါင်းစည်းသွားတယ်။

သူတို့က အသင်္ချေစိတ်ဝိညာဉ် အထွတ်အထိပ်ကျမ်းအဖြစ် ပြောင်းလဲသွားတယ်။

ကျမ်းကို ဖရိုဖရဲ ဖြစ်နေတဲ့မြူခိုးနဲ့ ရစ်ပတ်ထားပြီးရောင်စုံအလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမရဲ့မျက်ခုံးအလယ်ကနေ ယဲ့ဟန်ဖုန်းရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားတယ်။

ချက်ချင်းဆိုသလိုပဲ အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက်မှာ ပြောင်းလဲမှုတစ်ခု ရှိလာတယ်။

ပထမနေရာ: အင်မော်တယ်ဘုရင် လင်းလုံရဲ့ အမွေခံတပည့် ယဲ့ဟန်ဖုန်း။မြိုအရှင်အဆင့် တာအိုပေါင်းစည်းခြင်းနည်းလမ်း: အသင်္ချေစိတ်ဝိညာဉ် အထွတ်အထိပ်ကျမ်း (ပြည့်စုံ)ရရှိထား။

ဒုတိယနေရာ: ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်ရဲ့ အမွေခံတပည့် ကျူကျိလင်။အံ့ဖွယ်စွမ်းအား: ‘မဟာအပြစ်ပေးခြင်း’ အံ့ဖွယ်စွမ်းအား (မပြည့်စုံ)ရရှိထား။

တတိယနေရာ: မရှိ!

စတုတ္ထနေရာ: မရှိ!

“ဂုဏ်ယူပါတယ် အင်မော်တယ်ဘုရင် လင်းလုံ။”

“မဆိုးဘူး၊ မဆိုးဘူး။”

“အဲ့ဒါက အံ့ဖွယ်စွမ်းအားတစ်ခု မဟုတ်ပေမဲ့ အင်မော်တယ်မြိုအရှင် တာအိုပေါင်းစည်းခြင်းနည်းလမ်းတစ်ခုပဲ။ အရေးအကြီးဆုံးက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ ရရှိထားတဲ့ နည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေက အဲ့ဒါအတွက်အရမ်းသင့် တော်တယ်။”

“ဂုဏ်ယူပါတယ်။”

ပြီးတော့ အင်မော်တယ်ဘုရင်တွေက ဂုဏ်ပြုလိုက်ကြတယ်။

အင်မော်တယ်ဘုရင် လင်းလုံက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ သူက ယဲ့ဟန်ဖုန်းကို ကျေနပ်စွာ ကြည့်လိုက်တယ်။ ယဲ့ဟန်ဖုန်းက အသင်္ချေစိတ်ဝိညာဉ် အထွတ်အထိပ်ကျမ်းနဲ့ ပေါင်းစည်းပြီးသွားတာကို မြင်တော့ သူက တိုက်ရိုက်မေးလိုက်တယ် “ယဲ့ဟန်ဖုန်း၊ ငါမင်းကို ငါ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် လက်ခံချင်တယ်။ မင်းကဆန္ဒရှိသလား။”

“တပည့် ယဲ့ဟန်ဖုန်းက ဆရာကို အရိုအသေပြုပါတယ်။” ယဲ့ဟန်ဖုန်းက တိုက်ရိုက်ဒူးထောက်ပြီး ဦးညွှတ်လိုက်တယ်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။”

အင်မော်တယ်ဘုရင် လင်းလုံက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ရဲ့စိတ်က ပိုကောင်းလာတယ်။

“ဟမ့်!” သွေးအရှင် အင်မော်တယ်ဘုရင်ကမပျော်မရွှင်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

“ဆရာ၊ ဂျူနီယာ‌မောင်‌လေးရန်က ထွက်မလာသေးဘူးလား။”

ဒီအချိန်မှာ ယဲ့ဟန်ဖုန်းက မေးလိုက်တယ်။

“မထွက်သေးဘူး။”

အင်မော်တယ်ဘုရင် လင်းလုံက ခေါင်းခါလိုက်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့တံခါးကို ကြည့်လိုက်တယ် “မင်းရဲ့ဂျူနီယာမောင်လေးက ဒီတစ်ခေါက် သူ့ကိုစောင့်နေတဲ့ ကြီးမားတဲ့ကံကောင်းခြင်းတစ်ခု သေချာပေါက်ရှိလိမ့်မယ်။ ဒါက သူ့ရဲ့အခွင့်အရေးနဲ့ သူ့ရဲ့ကပ်ဘေးပဲ။”

“ဒါက...”

ယဲ့ဟန်ဖုန်းရဲ့မျက်နှာက အနည်းငယ်အံ့အားသင့်သွားတယ်၊ “ဂျူနီယာမောင်လေးရန်က တကယ်မထွက်သေးဘူး။ ဂျူနီယာမောင်လေးရန်အပြင် ချင်းဖုန်းယွီတစ်ယောက်ပဲ မထွက်ရသေးဘူး။”

အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ။

ချီမင်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အနက်ရှိုင်းဆုံးနေရာကို ရောက်လာတယ်။ သူက သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်နဲ့ ပဲ့တင်ထပ် နေတဲ့နေရာကို တွေ့သွားတယ်။ အဲ့ဒါက အခု ချီမင်ရဲ့ရှေ့မှာရှိတယ်။

အဲ့ဒါက နန်းတော်တစ်ခုဖြစ်တယ်။

ရှေးဟောင်းဆန်ပြီး မီးခိုးရောင်နန်းတော်တစ်ဖြစ်တယ်။

အဲ့ဒါက မခမ်းနားဘူး။

အမြင့်က ကိုးမီတာလောက်ပဲရှိတယ်။

ဒီနန်းတော်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အနက်ရှိုင်းဆုံးနေရာမှာ လွင့်မြောနေတယ်။ နန်းတော်ပတ်လည်မှာ အဆုံးမရှိတဲ့ မမြင်နိုင်တဲ့သတ်ဖြတ်လိုစိတ်နဲ့ နီဗားနားကပ်ဘေးချီတွေ ပြည့်နေတယ်။

အချင်းမီတာ သန်းချီရှိတဲ့ အရမ်းကြီးမားတဲ့အတိဒုက္ခတိမ်တိုက်တစ်ခုကို ဖွဲ့စည်းထားတယ်။အဲ့ဒီနန်းတော်က အလယ်မှာရှိတယ်။

“ငါ့အပြင် ဒီကိုလာနိုင်တဲ့ တခြားအင်မော်တယ်တစ်ယောက် တကယ်ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။”

ချင်းဖုန်းယွီက အနီးအနားမှာ ရပ်နေပြီး အစိမ်းရောင်ပိုးချည်သုံးထောင်က သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးထားတယ်။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက ကပ်ဘေးချီက သူ့ကို မထိခိုက်နိုင်သလို သူက လုံးဝကိုသီးခြားခွဲထွက်နေတယ်။

All Chapters