ကယ်တင်ရှင်လူသတ်သမား
Vol. 23 Ch. 330
...
ဝိညာဥ်လမ်းလျှောက်သူသည် အာရန်၏ ယုံကြည်မှုများ မည်သည့်နေရာမှ လာသည်ကို နားမလည်ဘဲ ရှုပ်ထွေးသွား၏။
သူသည် ထိုသင်္ဘောပေါ်တွင် ကျန်ရစ်ခဲ့သူများအား မည်သူမည်ဝါဖြစ်မှန်းသိမထားပဲ အာရန်နှင့် နီးစပ်သူများ အဖြစ်သာ သိရှိထားခဲ့သည်။
သူသိသည်မှာ ထိုမိန်းကလေးများသည် တောက်ဘက်တိုက်မှ မဟုတ်ကြဘဲ တစ်မူ ထူးခြားသည့်ပုံစံများလည်း ပေါ်လွင်မနေကြပေ။
တစ်ဦးမှာ အာရန်အား ဆရာဟု ခေါ်သော သာမန်မိန်းကလေးတစ်ဦးဖြစ်နေ၍ နောက်တစ်ဦးမှာမူ ကလေးမလေး တစ်ဦးသာ ဖြစ်လေ၏။
သူမတို့အား သူ့လောက်ပင် အစွမ်းမထက်သော သရဲဘုရင်မက သူမ၏ စမ်းသပ်ခံကြွက်များအဖြစ် အသုံးပြုခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့သည် သရဲဘုရင်မကဲ့သို့သူမျိုးကိုပင် မခုခံနိုင်လျှင် မည်မျှ အစွမ်းထက်နိုင်ဦးမည်နည်း။
သို့တိုင် အာရန်သည် ထိုနှစ်ဦးကို သူ့ထက် ပိုမိုသိရှိထားလေသည်။
သူမတို့နှစ်ဦး၏ ဘေးကင်းရေးအတွက် အာရန်သည်ပင် မစိုးရိမ်လျှင် သူကအဘယ်ကြောင့် စိုးရိမ်ပေးရမည်နည်း။
"သူတို့ကို စိတ်ပူစရာ မလိုပါဘူး အဲ့အစား မင်းကိုယ်မင်းပဲ ပိုပြီး စိတ်ပူသင့်တယ်"
အာရန်သည် ဝိညာဥ်လမ်းလျှောက်သူအား ထိုသို့ပြန်ပြာလိုက်ပြီး သူ
ရှေ့ရှိ မိန်းကလေးဆီသို့ အကြည့်ကို ပြန်ရွေ့လိုက်၏။
ထိုမိန်းကလေးသည် သူမရှေ့ရှိ အမျိုးသားနှစ်ဦးအား မယုံသင်္ကာဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဒါပေမဲ့ ဒါက ခင်ဗျားရဲ့အမှားမဟုတ်လား ဒီကလေးမလေးကို ကယ်ဖို့ ခင်ဗျားကကျုပ်ကို ခိုင်းခဲ့တာလေ ခုတော့ ကျုပ်က အနောက်တိုက်ကြီးတစ်ခုလုံးမှာ အလိုအရှိဆုံး လူတစ်ယောက် ဖြစ်သွားခဲ့ပြီ"
ဝိညာဥ်လမ်းလျှောက်သူသည် စိတ်ပျက်အားငယ်စွာ ဖြင့်ပြန်ပြောလိုက်သည်။
သူ့အား ထိုကဲ့သို့ ရှုပ်ထွေးမှုထဲ တွန်းပို့ပြီးနောက် ထိုလူက သူ့ကိုယ်သူ အပြစ်ကင်းဟန်ဆောင်နေတုံးပဲလား...။
သို့သော် ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ဝိညာဥ်လမ်းလျှောက်သူသည် အလွန် တည်ငြိမ်နေဆဲဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ့တွင် လွတ်မြောက်ရန် နည်းလမ်းများရှိသောကြောင့်ပင် ဖြစ်သည်။
အာရန်ကဲ့သို့ ရူးသွပ်နေသူတစ်ယောက်မှလွဲ၍ သူ၏ လွတ်မြောက်ခြင်းအား တားဆီးနိုင်မည့်သူ ဤကမ္ဘာတွင် တစ်ယောက်မျှမရှိပေ။
"တစ်စုံတစ်ယောက်ကသာ ခင်ဗျားခန္ဓာကိုယ်ကို နောက်ကနေ ထိန်းချုပ်နေတာ ရှိခဲ့ရင် ခင်ဗျားအနေနဲ့ နားထောင်စရာတွေ အများကြီးအချိန်ပြည့် ရှိနေခဲ့မှာပဲ ဒီကမ္ဘာကိုရောက်လာကတည်းက ခင်ဗျားက ကျွန်တော့်ထက်အများကြီး ကံကောင်းပါတယ်"
ဝိညာဥ်လမ်းလျှောက်သူသည် သူ၏ နားများကို ပြန်လည်ပွတ်သပ်လိုက်ရင်း ပြောလိုက်၏။
သို့သော် ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံများသည် သူ၏နားထဲသို့အပြင်မှ ဝင်လာခြင်းမျိုးမဟုတ်ဘဲ သူ၏ခေါင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့ခြင်းဖြစ်နေသည်။
အမှန်စစ်စစ် မူလဝိညာဥ်လမ်းလျှောက်သူ၏ ဝိညာဉ်သည် လုံးဝ ထိတ်လန့်တုန်လှုပ်နေခဲ့ခြင်းဖြစ်လေသည်။
အာရန်သည် သူတို့အား ကျွန်ပြုခဲ့သော်လည်း သူတို့၏ အတိတ်များကို မဖျောက်ဖျက်ပစ်ခဲ့ပေ။
သူ၏ မူလအသိုက်အမြုံဖြစ်သော တောင်ဘက်တိုက်အတွက် သူသည် မည်သို့သော ရှုပ်ထွေးမှုများကို ဖန်တီးမိခဲ့ကြောင်း ကောင်းစွာသိထားသောကြောင့် ဖြစ်လေ၏။
"မင်းခေါင်းထဲကလူကို ပြောရရင် သူ စိုးရိမ်စရာ မလိုဘူးလို့ ငါထင်တယ် အကယ်ဒမီမှာ ပထမသူရဲကောင်းလည်း ပြန်ပေါ်လာပြီဆိုတော့ ငါတို့လုပ်လိုက်တဲ့ ဒီလောက်အရှုပ်အထုပ်လေးကတော့ သူတို့ဖာ့သာ အေးဆေးကိုင်တွယ်နိုင်လိမ့်မှာပါ"
အာရန်က မူလဝိညာဥ်လမ်းလျှောက်သူ၏ စိုးရိမ်မှုကို နားလည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ သူတို့ကို နဲနဲတော့ အပျင်းပြေသွားစေမှာပေ့ါ"
အာရန်သည် ဝိညာဥ်လမ်းလျှောက်သူအား မလိုအပ်သည့် အရာများအတွက် စိုးရိမ်နေခြင်းအား ရပ်တန့်ရန် နှင့် အမှားအယွင်းတစ်ခုခုမလုပ်မိခင် ဂိတ်တံခါးပေါက်တစ်ခုဖွင့်၍ ဤမြို့ထဲမှ ထွက်ပြေးရန် ပြောလိုက်၏။
"ကျွန်တော်တို့ တောင်ပိုင်းတိုက်ကြီးကို ပြန်ကြတော့မလား ဒါပေမဲ့ ဒီလောက် ခရီးရှည်ကြီးကို ခုန်ကူးနိုင်တဲ့ ဂိတ်ပေါက်မျိုးကို ဖန်တီးဖို့ထိ ကျွန်တော် မကျွမ်းကျင်သေးဘူး"
ဝိညာဥ်လမ်းလျှောက်သူသည် အနည်းငယ်စိတ်ညစ်နေဟန်ဖြင့်ပြန်ပြောလိုက်သည်။
"စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အဲ့ဒီခေါင်းထဲကကလူကတော့ ကျွန်တော့်ကို တစ်ချိန်လုံးတော့ လေ့ကျင့်နေဖို့ ပြောနေခဲ့တာပဲ ဒါပေမဲ့ ပြောသလောက် လုပ်ရတာ မလွယ်ဘူး"
"မင်း တောင်ဘက်တိုက်အထိ ပြန်သွားစရာမလိုပါဘူး သန့်စင်အင်ပါယာရဲ့ တော်ဝင်မြို့တော်နဲ့ အနီးဆုံး ဖြစ်နိုင်လောက်တဲ့ နေရာတစ်ခုခုကိုပဲ ဂိတ်တံခါးပေါက်ကို ဖွင့်ပြီး အဲ့မှာဘယ်သူမှ မရိပ်မိအောင် ခဏပုန်းနေလိုက်ပါ ပြီးတော့ အဲ့ဒီမှာပဲ ငါ့အလာကို စောင့်နေပါ"
"အဲဒီမှာ ခင်ဗျားကို စောင့်ရမယ်ဟုတ်လား တောင်ဘက်တိုက်ကို မပြန်သေးဘူးလား"
"ငါ့အတွက်တော့ ဒီမှာ လုပ်စရာတွေ နည်းနည်း ကျန်သေးတယ် ဒါကြောင့်ဒီမှာ အချိန်အနည်းငယ်လောက် ထပ်နေရလိမ့်ဦးမယ်"
"ဒီမှာ ဘာလုပ်စရာတွေများ ကျန်နေသေးလို့လဲ ဒီမြို့မှာ မူရင်းဒေသခံမဟုတ်တဲ့ လူတိုင်းကို လိုက်ဖမ်းနေပြီဆိုတာ ခင်ဗျားမမြင်ဘူးလား"
ဝိညာဥ်လမ်းလျှောက်သူသည် သူ၏ ဝိညာဉ်ပေါ်တွင် ခပ်နှိပ်ထားသော စည်းတံဆိပ်သာမရှိခဲ့ပါက အာရန်ကို အနည်းငယ်မျှပင် ဂရုစိုက်မည် မဟုတ်ဘဲ သူ၏ အသက်ရှင်ရပ်တည်ရေးကိုသာ ဦးစားပေးအာရုံစိုက်မည် ဖြစ်၏။
သို့သော် ထိုစည်းတံဆိပ်ကြောင့် သူ၏ အသက်သည် အာရန်အပေါ်တွင် မူတည်နေလေသည်။
အာရန်သည် အမိန့်တစ်ချက်ပေးရုံဖြင့် သူ့ကို ချက်ခြင်းသတ်ပစ်နိုင်ရုံသာမက အာရန် သေဆုံးပါကလည်း မိမိသည်လည်း အချောင်သက်သက် အလိုလို လိုက်သေပေးရဦးမည် ဖြစ်လေသည်။
ထိုချိတ်ပိတ်ထားသောစည်းဆီမှ မလွတ်မြောက်နိုင်မချင်း အာရန်၏ အသက်ကို သူဂရုစိုက်ရန်လိုအပ်နေဦးမည်ဖြစ်၏။
"မင်း ငါ့ကို စိတ်ပူပေးရလောက်အောင် ကိုယ့်ကိုယ်ကိုသန်မာနေတယ်လို့ ထင်နေလား"
အာရန်က ခနဲ့ဟန်ဖြင့် ပြန်လည် မေးလိုက်သည်။
သို့သော် ဝိညာဥ်လမ်းလျှောက်သူသည် အာရန်၏ မျက်နှာပေါ်ရှိ ဟန်ဆောင်ထားသော အပေါ်ယံ အပြစ်ကင်းစင်သည့်အပြုံးတုထက် ကမ်းရိုးတန်းမြို့တွင် အာရန်မှ သူ့အား သတ်ခဲ့စဉ်က မြင်ခဲ့ရသော အကြည့်များကို ပို၍ အမှတ်ရနေလေသည်။
"အဲ့ဒီနေ့ကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ အဲ့တုံးကအတိုင်းဆို မစ်ထ်တောင် ခင်ဗျားထက် ပိုကြမ်းနိုင်မယ်မထင်ဘူး"
နောက်ဆုံးတွင် သူသည် ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လိုက်ကာ လက်လျှော့၍ ထွက်ခွါသွားရန် ပြင်လိုက်သည်။
"ဒါပေမဲ့ ခင်ဗျားမသေအောင်တော့နေဦးနော် တကယ်လို့သေမယ်ဆိုရင်တောင် အနဲဆုံး နောက်ဆုံးထွက်သက်မတိုင်ခင် ကျုပ်ရဲ့ ချိတ်စည်းကို ဖြေပေးခဲ့မယ်လို့ မျှော်လင့်ပါတယ်"
အာရန်သည် မိန်းကလေးငယ်၏ လက်ကိုတစ်ချက်ကိုင်လိုက်သည်။ သူသည် သူမအား လိုအပ်သည့် အဖြေများ ပြန်မပေးခဲ့ပေ။
သူ၏ လိမ်ညာမှုများကို သူမ ရိပ်မိသွားမည် စိုးရိမ်သောကြောင့်လည်း ဖြစ်၏။
သူသည် သူမအား စကားနည်းနိုင်သမျှ နဲနဲသာပြောခြင်းသည် သူ့အတွက် ပိုမိုကောင်းကြောင်း နားလည်ထားသည်။
"ဒါနဲ့ မင်းခေါင်မိုးတွေကို စစ်ဆေးကြည့်ပြီးပြီလား အဲဒီကနေ အသံတွေ ကြားနေရသလိုပဲ"
အဝေးမှ အသံကို ကြားလိုက်သောအခါ ဝိညာဥ်လမ်းလျှောက်သူသည် သူ၏ ဤနေရာတွင်ရှိရမည့်အချိန် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့်သူသည် အာရန်ကမ်းပေးသော ထိုမိန်းကလေး၏လက်ကို ဆုပ်ကိုင်ကာ သူမအား သူနှင့်အတူ ဂိတ်တံခါးပေါက်အတွင်းဝင်ရောက်ရန် ခေါ်သွားလိုက်သည်။
ထိုမိန်းကလေး၏နောက်ဆုံး စူးရှသောအကြည့်တစ်ချက်သည် အာရန်အားစိုက်ကြည့်နေခဲ့ခြင်းဖြစ်၏။
ထိုအကြည့်ကြောင့် အာရန်သည် သူ၏ ဟန်ဆောင်မှုများကို သူမဖောက်ထွင်း၍ မြင်သွားခဲ့ပြီဟူ၍ပင် တွေးမိလိုက်သည်။
သို့သော် ၎င်းသည် သူ၏ မှားယွင်းသော အထင်အမြင်တစ်ခုသာဖြစ်နေမလား ဆိုသည်ကို အာရန်တစ်ယောက် မသေချာနေခဲ့ပေ။
ဝိညာဥ်လမ်းလျှောက်သူသည် အတုအယောင်ပရောဟိတ်မဟု ဘုန်းတော်ကြီးများ သတ်မှတ်ထားသော မိန်းကလေးငယ်နှင့်အတူ ဂိတ်တံခါးပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။
အာရန်ကိုမူ သူ၏ လက်ချက်ဖြင့် သေဆုံးသွားသော ဘုန်းတော်ကြီးတစ်ပါး၏ အလောင်းဘေးတွင် ဤအတိုင်း ရပ်လျက်သား ချန်ထားရစ်ခဲ့တော့၏။
အာရန်သည် မိန်းကလေးငယ်အား ဂိတ်တံခါးပေါက်ထဲသို့ဝင်ရောက်၍ ပျောက်ကွယ်သွားသည်အထိ ဆက်လက်ငေးကြည့်နေခဲ့မိသည်။
ထို့နောက် ဆက်လက်ရင်ဆိုင်ရမည့် အခြေအနေများအကြောင်း တွေးမိလိုက်သောအခါ အာရန်တစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိလေသည်။
သူ၏ သွေးမျိုးဆက်ကို အပြည့်အဝ နိုးကြားစေရန် သို့မဟုတ် စာရေးဆရာဆိုသူမှ ပြောပြခဲ့သည့်အတိုင်း သူ၏ အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိရန် အဓိကဇာတ်လိုက်လေးဦးစလုံးကို သူ သတ်ပစ်ရန်လိုအပ်လေသည်။
အစောပိုင်းကမြင်ခဲ့ရသော မိန်းကလေးငယ်သည်လည်း... သူသတ်ရမည့် ဇာတ်လိုက် လေးယောက်ထဲမှ တစ်ယောက် ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးသည် တစ်ယောက်လက်ချက်ဖြင့် တစ်ယောက် သေဆုံးရန် ကံကြမ္မာ တစ်ခု ပါလာခဲ့ပြီးသားဖြစ်ကြသည်။
သို့သော် ထိုကံကြမ္မာတွင် မတူညီသော အစီအစဉ်တစ်ခု ရှိနေပုံရသည်။
အထူးသဖြင့် သူမသည် သူ့အတွက် သန့်စင်ပရောဟိတ်မကို ရင်ဆိုင်တိုက်ခိုက်ရာတွင် အကူအညီတစ်ခုဖြစ်လာနိုင်သောကြောင့်လည်း သူမအား ကယ်တင်မိခဲ့ခြင်း ဖြစ်၏။
"သူမလိုဇာတ်လိုက်မျိုးက ငါ မကယ်ခဲ့ရင်လည်း တခြားတစ်ယောက်ယောက်က ကယ်ကို ကယ်ခဲ့မှာပဲ ဒါက အဓိကဇာတ်လိုက် ဖြစ်ရခြင်းရဲ့ အထူးအခွင့်အရေးပဲ ငါ မှန်းတာ မမှားဘူးဆိုရင် သူမကို ကယ်တင်မယ့်သူက ပင်လယ်နဂါးဧကရီတောင် ဖြစ်နိုင်သေးတယ်"
အာရန်သည် အတွေးများအတွင်း ခဏတာနစ်မျောပြီးနောက် သူသည် သူ၏ ဘေးရှိ လဲကျနေသော ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ကို တစ်ချက်ထိလိုက်ပြီး သူ၏ အသွင်အပြင်ကို ထိုဘုန်းတော်ကြီးအဖြစ် ပြောင်းလဲလိုက်ကာ ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ကိုမူ သူ၏ စနစ်သိုလှောင်ခန်းထဲသို့ ထည့်ထားလိုက်၏။
ထိုအလောင်းကို စနစ်သိုလှောင်ခန်းထဲသို့မထည့်မှီ အာရန်သည် သူ၏ နဂါးလျှာအစွမ်းကို အသုံးပြု၍ လက်ရှိ အဝတ်အစားများကို ဘုန်းတော်ကြီး၏ အဝတ်အစားများနှင့် လျင်မြန်စွာ ပြောင်းလဲဝတ်ဆင်လိုက်လေသည်။
သာမန်ဘုန်းတော်ကြီးများအနေဖြင့် သူတို့သည် ပျံသန်းနိုင်ခြင်း မရှိကြပေ။
၎င်းတို့သည် ခေါင်မိုးပေါ်သို့ တက်နိုင်ရန် စက္ကန့်အနည်းငယ်ခန့် ထပ်မံအချိန်ယူလိုက်ကြရသည်။
ထိုအချိန်ခဏသည်ပင် အာရန်အတွက် ဤနေရာအား သန့်ရှင်းရေးပြုလုပ်ရန် လုံလောက်သော အချိန်တစ်ခုဖြစ်သွားခဲ့လေ၏။
နဂါးလျှာအစွမ်း၏ သက်ရောက်မှုအချို့သာ အနည်းငယ် ကျန်ရစ်ခဲ့သည်။
သို့သော် ထိုအရာသည် ဘုန်းတော်ကြီးများ ခံစားသိရှိနိုင်မည် မဟုတ်သောကြောင့် စိတ်ပူစရာတော့မလိုအပ်ပေ။
"မင်းကို"
ဘုန်းတော်ကြီးများသည် နံရံကို တပင်တပမ်း တက်ရန် သူတို့၏ ကြိုးစားအားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ကြောင်း သိလိုက်ရလေသည်။
"မင်းက ကျုပ်တို့ လာနေတာကို သိထားတာတောင် ဘာလို့ မင်း ဒီမှာ ရှိနေတယ်လို့ အကြောင်းမပြန်ခဲ့တာလဲ"
ဘုန်းတော်ကြီးများသည် အနည်းငယ် စိတ်ပျက်သွားကြသော်လည်း အချိန်မရသဖြင့် အာရန်အား ထပ်မံစစ်ဆေး၍ အခက်အခဲဖြစ်ရန်မပြုမူတော့ပဲ အောက်ဘက်သို့သာ ပြန်လည်ခုန်ဆင်းသွားကြကာ ဤနေရာအား စောင့်ကြည့်ရန် အာရန်တစ်ယောက်ကိုသာ နောက်ချန်ထားရစ်ခဲ့လေ၏။
ဤသို့ဖြင့် အာရန်သည် ခေါင်မိုးပေါ်တွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
သို့သော် မကြာမီမှာပင် သူ၏ အနီးအနားတွင် နဂါးသွေးမျိုးဆက်၏ ရင်းနှီးသော ခံစားချက်တစ်ခုကို ထပ်မံ ခံစားလိုက်ရသည်။
အာရန်တစ်ယောက် ထိုအာရုံခံမိရာနေရာသို့ လှည့်ကြည့်လိုက်စဥ်မှာပင် လေထဲမှ ရုတ်တရက် ပြန့်လွင့်လာသော နတ်ဘုရားမတစ်ပါး၏ ကောင်းချီးတရားများ ပြည့်နှက်နေသည့် အော်ရာတစ်ခု ဆင်းသက်လာသည်ကိုလည်း တစ်ပြိုင်နက်တည်း ခံစားလိုက်ရသောကြောင့် ထိုနေရာမှာပင် တောင့်တောင့်ကြီးဖြစ်သွားခဲ့ရ၏။
"ဒါလဲ ငါ့ကံပဲထင်ပါတယ်..."
အာရန်သည် သူ၏ နဖူးကို ပြန်လည် ပွတ်သတ်လိုက်ကာ မျက်မှောင်တစ်ချက်ကြုံ့ရင်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။
#Catfoot