မစ်ထ်နှင့်ရင်ဆိုင်ခြင်း
Vol. 23 Ch. 318
…..
အာရန်သည် မိမိလက်ထဲမှ သရဲဘုရင်မကို ဆွဲထုတ်သွားသော သူရဲကောင်းအား တစ်ချက်စိုက်ကြည့်လိုက်သည်။
လီယွန်၊ အက်ဇယ်နှင့် သရဲဘုရင်မတို့ကို မေးမြန်းစစ်ဆေးထားချက်များအရ အကယ်ဒမီမှ အဆင့်မြင့်သူရဲကောင်းများ၏ စွမ်းရည်များကို သူ အကြမ်းဖျင်း နားလည်နိုင်ခဲ့ပြီး ဖြစ်၏။
ထိုသူများထဲတွင် တိုက်ပွဲများ၌ အထူးအသုံးဝင်ခြင်းမရှိသော်လည်း ဘက်စုံအသုံးပြုနိုင်သော စွမ်းရည်ရှိသူ သူရဲကောင်းတစ်ဦး ပါဝင်နေသည်။
ထိုသူရဲကောင်းကား ပုံမှန်အားဖြင့် အာရုံစိုက်ခြင်း မခံရသော သူရဲကောင်းတစ်ဦး ဖြစ်နေသော်လည်း မစ်ထ်၏ စရိုက်ကိုသိနေသော အာရန်သည် သူမ ထိုသူရဲကောင်းကို ဤနေရာသို့ ခေါ်ဆောင်လာမည်မှန်း ကြိုတင်ခန့်မှန်း ထားခဲ့ပြီး ဖြစ်၏။
သူသည် စိတ်ပျက်သွားဟန် ဟန်ဆောင်လိုက်သော်လည်း အကယ်ဒမီမှ ထင်ရှားသော ပါမောက္ခများ၏ စွမ်းရည်များကို ကြိုတင်လေ့လာထားခဲ့ခြင်းကြောင့် ဤအရာသည် သူ ကြိုတင်မျှော်လင့်ထားသည့် အတိုင်းပင်ဖြစ်သွားသည်ဟု ယူဆ၍ရလေသည်။
လွန်ခဲ့သော အခေါက် မစ်ထ်၏သမီးကို တန်ဆာခံ လုပ်ခဲ့သည့် အချိန်တွင် ထိုသူရဲကောင်းသည် စာမေးပွဲခန်းမအတွင်း၌ ရှိမနေခဲ့သောကြောင့်သာ အာရန်သည်အတော်လေး ကံကောင်းသွားခဲ့သည်ဟု ပြော၍ရပေ၏။
ထိုသို့မဟုတ်ခဲ့ပါက အာရန်သည် ဘာဖြစ်လို့ဖြစ်မှန်း မသိလိုက်ပါဘဲနှင့် အစီအစဥ်တစ်ခုလုံး ကျရှုံးသွားခဲ့လိမ့်မည်မှာ လုံးဝသေချာနေခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် အကယ်ဒမီ၌ အသိဉာဏ်မဲ့စွာဖြင့် အစီအစဉ်များ ရမ်းသန်း မချဝံ့တော့ပါ။
ယခင်ကကဲ့သို့ အခြေအနေများ၏ ဖိအားပေးခြင်းကို ထပ်မံ မခံယူလိုတော့ပေ။
ထိုသူရဲကောင်းသည် သူ့ကိုယ်သူ မသိလိုက်ပါဘဲ အာရန်၏ အစီအစဉ်အား တစ်စိတ်တစ်ပိုင်း ကူညီပေးခဲ့သလို ဖြစ်သွားခဲ့သည်။
သရဲဘုရင်မသည် ဤနေရာတွင်ရှိနေခြင်းဖြင့် သူ့အတွက် အသုံးဝင်နိုင်သေးသဖြင့် သူမအား သူနှင့်အတူ ခေါ်ဆောင်သွား၍ မရသေးပေ။
သို့တိုင် သူသည် သူမအား ဒီအတိုင်းထားခဲ့ပါက အကယ်ဒမီတစ်ခုလုံး၏ သံသယဝင်ခြင်းကို သူမ
တစ်ယောက်တည်း ခါးစည်း၍ ခံရပေလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သူမအား ဒီအတိုင်း လွှတ်ပေးခဲ့ရမည့်အစား သတ်ပစ်ရန်ကျိုးစားရင်း အခြားတစ်ဦး၏ ကယ်ဆယ်ခြင်းကို ခံယူစေခဲ့ခြင်းဖြစ်၏။
ဤအခြေအနေတွင် မေ့လျော့ခံထားရပုံရသော ထိုသူရဲကောင်းသည် “အပြစ်မဲ့သော” သူ၏ ထိုဓားစာခံကို ကယ်တင်ခဲ့သူတစ်ဦး ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ သရဲဘုရင်မသည် အာရန်နှင့် ဘာမျှမသက်ဆိုင်တော့ပေ။
အနည်းဆုံးတော့ အကယ်ဒမီမှ အခြားသူများ၏ အမြင်တွင်ထိုသို့ဖြစ်သွားမည်ဖြစ်၏။
“ရှင့်ကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ်ထပ်ပေးမယ် ကျွန်မသမီး ခု ဘယ်မှာလဲဆိုတာ ခုပြောပြပါ ဒါမှ မဟုတ်ရင်တော့...”
“မဟုတ်ရင် ဘာဖြစ်လဲ မင်း ငါ့ကို သတ်မှာလား”
အာရန်က လှောင်ပြောင်သော အကြည့်ဖြင့်ကြည့်ရင်း ပြန်မေးလိုက်သည်။
“ငါ့အသက်က မင်းရဲ့ သမီး အသက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာ မင်းလည်း သဘောပေါက်မှာပါ ငါသေရင် မင်းသူမကို ဘယ်လိုမှ ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး”
အာရန်သည် အခြားသူများအား ဤသို့ ခြိမ်းခြောက်ရခြင်းကို မနှစ်သက်သော်လည်း ၎င်းက သူသည် ထိုသို့မပြုလုပ်တတ်သူဟု မဆိုလိုပေ။
သူသည် ဝတ္ထုများစွာကို ဖတ်ရှုထားခဲ့ပြီး သူဖတ်ဘူးသည့် ဝတ္ထုတိုင်းတွင် ဗီလိန်များစွာ ပါဝင်နေခဲ့သည်။
မည်သည့် ဇာတ်လမ်းတွင်မဆို သူရဲကောင်းများထက် ရက်စက်သော ဗီလိန်များကို စာဖတ်သူများ ပို၍ အမှတ်ရနေတတ်သည်မှာ ပုံမှန်ပင်ဖြစ်လေသည်။
“သူမက အဲ့ဒီနေရာမှာ အဟာရပြတ်လပ်ပြီး သေချင်လည်း သေသွားလိမ့်မယ် သူမရှိတဲ့ နေရာကိုသိထားတဲ့ တစ်ဦးတည်းသောလူကို သတ်ဖို့အလုပ်များနေတဲ့ သူမအမေကို စောင့်ဆိုင်းရင်းနဲ့ပေါ့ ဒါမှမဟုတ် တခြား တစ်ယောက်ယောက်က မင်းရဲ့ သမီးကို အရင်ရှာတွေ့သွားမယ်ဆိုရင်ကော ...အင်း.. သူတို့ဘာလုပ်မလဲဆိုတာတော့ ကျုပ်လဲ အတတ်မပြောနိုင်ဘူး အဲလိုအရာမျိုး တကယ်ပဲ ဖြစ်စေချင်တာသေခြာပြီလား..”
အာရန် စကားပြောလေလေ မစ်ထ်၏ မျက်နှာအမူအရာက မှောင်မိုက်လာလေလေ ဖြစ်သည်။
အခြားသူများအတွက်မူ သူသည် မစ်ထ်ထံမှ လွတ်မြောက်ရန်မှာ လုံးဝမဖြစ်နိုင်သောအရာတစ်ခုဖြစ်လေသည်။
သို့သော်လည်း သူတို့သည် အာရန်၌ မစ်ထ်၏ အသက်အမျှ တန်ဖိုးထားရသော အရာတစ်ခုဖြစ်သည့်… သူမ၏ အဖိုးတန်သမီးလေးတစ်ဦး ရှိနေခဲ့သည်ကို မေ့လျော့ နေခဲ့ကြခြင်းသာ ဖြစ်၏။
မစ်ထ်သည် အာရန်အား စတင်မတိုက်ခိုက်သေးဘဲ ခဏတာ မှင်တက်နေသော သရဲဘုရင်မဘက်သို့ လှမ်းကြည့်လိုက်သည်။
သရဲဘုရင်မလည်း မစ်ထ်သည် သူမအား အဘယ်ကြောင့် ကြည့်နေရပါသနည်းဟု တွေးရင်း လန့်ဖြန့်သွားခဲ့သည်။
သူမသည် အရာအားလုံးကို ခန့်မှန်းမိသွားခဲ့၍လား။ သို့သော် မစ်ထ်သည် သူမအား ကြည့်နေခြင်းမဟုတ်ဘဲ သူမအား ကယ်တင်ခဲ့သော သူရဲကောင်းကိုသာ ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း စက္ကန့်အနည်းငယ် အကြာတွင်သဘောပေါက် သွားခဲ့၏။
ထို့နောက် မစ်ထ်က သူမဘေးတွင် ရှိနေသော စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏လက်ချောင်းများသည် ထိုစားပွဲကို ဖြေးညှင်းစွာ ပွတ်သပ်နေ၏။
သူမ၏ ရုတ်တရက် ထူးဆန်းသော ဤလုပ်ရပ်ကြောင့် လူတိုင်းအား အံ့အားသင့်သွားစေခဲ့သည်။
မစ်ထ်၏လက်များသည် ထိုစားပွဲကို ထိနေစဉ်မှာပင် ရုတ်တရက် သရဲဘုရင်မဘေးမှ အမျိုးသားသည် သူ၏စွမ်းရည်ကို စတင်အသုံးပြုကာ စားပွဲနှင့် အာရန်ကြား ဆက်သွယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
သူသည် နေရာလဲလှယ်ခြင်းအစွမ်းကို အသုံးပြုရန် စီစဉ်လိုက်ပြီး အာရန်အား တိုက်ရိုက်တိုက်ခိုက်စရာမလိုအပ်ပဲ မစ်ထ်၏ လက်တွင်းသို့ တိုက်ရိုက်ကျရောက်ရှိသွားစေရန် ရည်ရွယ်လိုက်၏။
“ရှင် မှန်တယ် ကျွန်မ ရှင့်ကို သတ်လို့မရဘူး ဒါပေမဲ့ ရှင့်ကို သေတာထက် ပိုဆိုးတဲ့အဖြစ်မျိုးရောက်အောင်တော့ လုပ်နိုင်သေးတယ်”
မစ်ထ်သည် မဲ့ပြုံးတစ်ချက်ပြုံး၍ အာရန်အား ပြန်ပြောလိုက်သည်။
“ကျွန်မ သမီးကို ရှာတွေ့နိုင်ဖို့အတွက် ရှင့်ကိုယ်ရှင် သတ်သေဖို့တောင် အသနားခံလာရတဲ့အထိ ရှင့်ရဲ့ဝိညာဉ်ကို တစစီ ဆုတ်ဖြဲပစ်ပြီး စစ်မေးမှာမို့လို့ ရှင်အဲ့ဒီကိစ္စတွေကို စိတ်ပူစရာ မလိုတော့ဘူး”
သူမ ပြောနေစဉ်တွင် ထူးဆန်းသော နေရာရွေ့လျားမှုလှိုင်းတစ်ခုသည် စားပွဲကို ဝန်းရံရင်း တစ်ချိန်တည်းမှာပင် အလားတူ ဖြစ်ရပ်တစ်ခုသည် အာရန်ပတ်လည်တွင်လည်း ဖြစ်ပွားလာခဲ့သည်။
မစ်ထ်၏ ရှေ့ရှိ စားပွဲသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် အာရန်သည်လည်း သူ၏နေရာမှ ပျောက်ကွယ်သွားခဲ့၏။
စားပွဲသည် အာရန်နှင့်နေရာပြောင်းလဲလိုက်ခြင်းဖြစ်လေသည်။
“ဟင်”
မစ်ထ်သည် သူမ၏လက်အား ငုံ့ကြည့်လိုက်ရင်း အလွန် အံ့အားသင့်သွားခဲ့သည်။
သူမ၏လက်ထဲတွင် အာရန် ပေါ်မလာခဲ့ပေ။
ယင်းအစား သူမ၏လက်ထဲတွင် ပေါ်လာသည်မှာ အသုံးမဝင်သော ကျောက်တုံးတစ်တုံးသာ ဖြစ်နေသည်။
အာရန်နှင့် စားပွဲကို လဲလှယ်ရန် သူ၏စွမ်းရည်ကို အသုံးပြုခဲ့သောသူရဲကောင်းပင် ထိုအရာကို အလွန်အံ့အားသင့်သွားခဲ့၏။
အာရန်အစား မည်သည့်အတွက်ကြောင့် ဤအသုံးမဝင်သော ကျောက်တုံးက အစား ရောက်လာခဲ့ကြောင်း အတွေးရကျပ်နေလေသည်။
“မင်း ရှေ့မှာ အခွင့်အရေးတစ်ခု ရှိနေတုန်း မင်း ရပ်လိုက်သင့်တယ်”
မစ်ထ်သည် စိတ်ရှုပ်ထွေးနေစဉ် သူမ၏ နားထဲသို့ တီးတိုးသံတစ်ခု ဝင်လာရာ သူ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့၏။
အာရန်သည် သရဲဘုရင်မကို ကယ်ခဲ့သော ထိုသူရဲကောင်း၏နောက်တွင် ရပ်နေသည်ကို လူတိုင်းသတိထားမိရန် အချိန်ခဏမျှယူလိုက်ရသည်။
ထိုအချိန်မှသာ ပစ္စည်းများကို နေရာပြောင်းလဲနိုင်သည့် ထိုသူရဲကောင်း၏ ရင်ဘတ်ဆီမှ လက်တစ်ဖက်သည် ဖောက်ထွက်လျက်ရှိနေခဲ့ပြီး ထိုသူ၏ နှလုံးသားကို ဆုပ်ကိုင်ထားသောသူမှာ အာရန်ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
အာရန်သည် ထိုသူရဲကောင်းအား မြေပြင်ပေါ်သို့လဲကျသွားစေပြီးနောက် သူ၏ခြေသံများမှအပ ခန်းမတစ်ခုလုံးသည် လုံးဝတိတ်ဆိတ်ခြင်းအတိ ဖုံးလွှမ်းသွားလေ၏။
“မင်းရဲ့ အရုပ်လေးတွေကို သုံးတာ ရပ်ဖို့ အချိန်တန်ပြီ မထင်ဘူးလား ကိုယ့် ရဲ့ချစ်ရတဲ့ မစ်ထ်လေးရေ”
အာရန်က ဓာတ်ခွဲခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေရင်း နှလုံးသားတစ်ခုကို ဘောလုံးလေးတစ်လုံးကဲ့သို့ အပေါ်သို့ ပစ်မြှောက်လိုက်၊ ဖမ်းလိုက် လုပ်နေရင်း မစ်ထ်အား ပြန်လည် ပြောဆိုလိုက်ခြင်းဖြစ်၏။
ထိုသို့ အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် သူသည် နှလုံးသားကို သူ၏ စနစ်သိုလှောင်ခန်းအတွင်း ထည့်သိမ်းလိုက်သည်။
ထိုစွမ်းရည်သည် သူ့အတွက် ထူးထူးခြားခြား ဆွဲဆောင်မှုရှိမနေခဲ့ပါ။
အထူးသဖြင့် သူ၏ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော နေရာရွေ့လျားခြင်းဂုဏ်သတ္တိများ ပါဝင်နေသည့် မည်သည့်အရာကိုမျှ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ထားချင်စိတ် ရှိမနေခဲ့ပေ။
ထို့ကြောင့်လည်း သူသည် ဝိညာဥ်လမ်းလျှောက်သူကိုပင် ဝါးမြိုရန် မစွန့်စားခဲ့ခြင်း ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် ထိုသို့သော အဖိုးတန်ပစ္စည်းကို အလဟသတ် ဖြုန်းတီးပစ်ချင်စိတ်လည်း ရှိမနေခဲ့ပေ။
၎င်းသည် အဆင့်မြင့် သူရဲကောင်းတစ်ဦး၏ နှလုံးသားဖြစ်ပြီး အနာဂတ် တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်လေသည်။
ဤလောကတွင် မဖြစ်နိုင်သောအရာဟူ၍ မရှိပေ။
ယနေ့တွင် အရေးမပါဘူးဟု ယူဆနိုင်သောအရာများပင် မနက်ဖြန်တွင် အဖိုးတန်သော အရင်းအမြစ်များ ဖြစ်လာနိုင်ပေသည်။
သရဲဘုရင်မသည် ထိုနေရာတွင် မှင်တက်စွာ ရပ်နေခဲ့ပြီး အာရန်အား ထူးဆန်းစွာ စိုက် ကြည့်နေခဲ့မိသည်။
မစ်ထ်ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ရှေ့မှာ ဤမျှ သက်တောင့်သက်သာနှင့် ဆွဲဆောင်မှုရှိရှိရပ်တည်နေနိုင်သောသူသည် အာရန်မှ လွဲ၍ ဤကမ္ဘာပေါ်တွင် အခြား မည်သူများ ထိုသို့လုပ်ဆောင်နိုင်ဦးမည်နည်း။
တစ်ဖက်တွင်မူ မစ်ထ်သည် ဒေါသအလွန် ထွက်နေခဲ့၏။
သူမသည် လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားပြီး သူမသည် ရှေ့ဆက်တိုးရန်ဆုံးဖြတ်လိုက်သည်။
“ရှင်က ဒါမျိုး လိုချင်တာလား ရတယ်လေ ကျွန်မက ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
မစ်ထ်သည် အာရန်အား အော်ပြောလိုက်ပြီး သူမ၏ပုံရိပ်သည် ထိုနေရာတွင် ပျောက်ကွယ်သွားခဲ့ကာ အာရန်၏ နောက်ဘက်ဆီမှာ ပေါ်လာပြီး ဓာတ်ခွဲခန်းတစ်ခုလုံးကို အမည်မသိ မြူခိုးများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
#Catfoot