နယ်နိမိတ်များကြားမှ ပဋိပက္ခများ
Vol. 23 Ch. 320
…
အာရန်သည် အကယ်ဒမီ၏ နယ်နိမိတ်ပြင်ပသို့ ခြေချလိုက်သည်နှင့် စိတ်မောစွာဖြင့် သူ၏ ဦးခေါင်းကို တစ်ချက်ပြန်လည် ကုတ်လိုက်မိ၏။
“ဒီလိုသာ ဗီလိန်ဇာတ်တွေ အမြဲကနေရရင် တစ်နေ့နေ့ ငါ့အမှန်တကယ် သေသွားနိုင်တယ်”
မစ်ထ်သည် သူမသမီးကြောင့် သူ့အား အမှန်တကယ် သတ်မည်မဟုတ်ကြောင်း သိနေခဲ့သော်လည်း မတော်တဆ သူမသည် စိတ်လွတ်သွားကာ သူ့အား သတ်ပစ်နိုင်သည့် အခြေအနေ အနည်းငယ်မှာ အမှန်တကယ် ရှိနေခဲ့သည်။
ထို့သို့ဖြစ်နိုင်လည်း သူတို့နှစ်ဦးကြား ခွန်အားကွာခြားမှုကို အာရန်သည် စွန့်စား၍ စမ်းသပ်လိုနေသေးသည်။
အာရန်သည် သူ၏ ဘယ်ဘက်လက်သီးကို အချိန် အတော်ကြာ ဆုပ်ကိုင်ထားမိ၏။
နောက်ဆုံးတွင် သူ၏ လက်သီးကိုပြန်ဖြေလျော့လိုက်သည်။
နဂါးလျှာ၏ အကူအညီဖြင့် သူ စုဆောင်းနိုင်ခဲ့သော မစ်ထ်၏ အော်ရာ အနည်းငယ် သူ့၌ ကျန်ရှိနေခဲ့သည်။
လူအများစုအတွက်မူ ၎င်းအော်ရာသည် အသုံးမဝင်နိုင်ပေ။
သို့သော်လည်း ၎င်းသည် အာရန်တစ်ယောက် အမှန်တကယ် စွန့်စား၍ နောက်ချန်နေခဲ့ရသည့် အဓိက အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လေ၏။
သူသည် ထိုအော်ရာကို အနည်းအကျဥ်းမျှပင် မပျံ့လွင့်စေပဲ လုံခြုံစွာ ထိန်းသိမ်းထားနိုင်သည့် သူ၏ တစ်ခုတည်းသော နေရာဖြစ်သော စနစ်သိုလှောင်ခန်း အတွင်းသို့ ဂရုတစိုက် ထည့်သိမ်းထားလိုက်သည်။
အာရန်သည် သူ၏ လက်ရှိပိုင်ဆိုင်ထားသည် အစွမ်းများအားလုံးကို ထုတ်သုံးခဲ့ခြင်း မရှိသော်လည်း ဤအပြန်အလှန်တိုက်ခိုက်မှုအနည်းငယ်ဖြင့်ပင် သူတို့နှစ်ဦးကြား ကွာခြားချက်မှာ ယခင်ကထက် များစွာ ပိုမိုထင်ရှားလာခဲ့သည်။
သူ့၌ အဆိပ်လည်ဆွဲ အသုံးပြုခွင့်တစ်ကြိမ်ကျန်ရှိနေသေးသော်လည်း ထိုအရာဖြင့် မစ်ထ်ကို အမှန်တကယ်ရင်ဆိုင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိမနေခဲ့ပေ။
သူ့တွင် နောက်ဆုံးအနေဖြင့် တစ်ခုတည်းကျန်ရှိတော့သော ရွေးချယ်စရာမှာ ယာယီ ချိတ်စည်းဖြေအဆောင် ဖြစ်သော်လည်း ၎င်းသည်ပင် မည်မျှ အလုပ်ဖြစ်မည်ကို သူ မခန့်မှန်းနိုင်ပေ။
ကံကောင်းစွာဖြင့် ထိုမျှလောက်အခြေအနေထိ မရောက်ရှိခဲ့ပေ။
ဤခရီးစဥ်သည် သူ မျှော်လင့်ထားသည်ထက် များစွာပိုမို၍ လွယ်ကူချောမွေ့ခဲ့သည်။
ထိုသို့ ကံကောင်းခြင်းများမှာ ရဲ့လန်ထံမှ ရယူနိုင်ခဲ့သော ကံကြမ္မာခန္ဓာ ကြောင့်များလားဟုပင်တွေးမိလိုက်၏။
ဤအရာသည် သူ့၌ ဇာတ်ညွှန်းအကာအကွယ်တစ်ခုထပ်မံ ရရှိထားခြင်းနှင့်ပင် တူညီနေလေသည်။
ဤခရီးစဉ်တစ်လျှောက်လုံးတွင်လည်း သူသည် အလွန်အမင်း များပြားသော အကျိုးအမြတ်များ ရိပ်သိမ်းနိုင်ခဲ့သည်။
အာရန်သည် သူရဲကောင်းများကို လိုက်လံရှာဖွေခြင်းဖြင့် သူ၏ကျင့်စဥ်အဆင့်များကို မြှင့်တင်နိုင်ခဲ့ရုံသာမက သူ့အတွက် အသုံးဝင်သည်ဟု ယူဆသော စွမ်းရည်များကိုပါ ရယူနိုင်ခဲ့သည်။
သူ့အတွက် အသုံးမဝင်ဟု ယူဆမိသော အခြားစွမ်းရည်များအတွက်မူ ထိုစွမ်းအင် ပိုင်ရှင်များ၏ နှလုံးသားများအား သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ သိမ်းဆည်းထားခဲ့သည်။
သူသည် လက်ရှိတွင် ကမ္ဘာကူးပြောင်းလာသူ တစ်ဦးကိုလည်း ကိုယ်ပိုင် အစေခံအဖြစ် ရယူနိုင်ခဲ့ပြီဖြစ်၏။
အထူးသဖြင့် ဝိညာဥ်လမ်းလျှောက်သူကဲ့သို့ ထူးခြားသော တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်သူမျိုးကို ဖြစ်လေသည်။
၎င်းသည် သူ၏ အရိုင်းစိုင်းဆုံး အိပ်မက်များတွင်ပင် ထိုသို့ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသော ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။
အာရန်သည် သူရဲကောင်းအကယ်ဒမီအတွင်း၌ သတင်းရယူနိုင်သည့် သူလျှိုတစ်ဦးကိုလည်း ထပ်မံပိုင်ဆိုင်ထားခဲ့ပြီး ၎င်းသည် သူ၏ မျက်လုံးများဖြစ်လာကာ အနာဂတ်စီမံကိန်းများအတွက် သော့ချက်တစ်ခုလည်း ဖြစ်လာနိုင်လေသည်။
ပို၍အရေးကြီးသည်မှာ အာရန်သည် သူ၏တပည့်များကိုလည်း ကယ်တင်နိုင်ခဲ့သည့်အတွက် စနစ်မှ ဆုလာဘ်များကို ရယူနိုင်ခဲ့ပြီဖြစ်ကာ စနစ်မှာ ထပ်မံပိတ်နေခြင်းမျိုးမဖြစ်တော့ပေ။
သူ၏ သိုလှောင်ခန်းထဲတွင် အသုံးဝင်သော အခြားပစ္စည်းတစ်ခု ပေါ်လာခဲ့၏။
၎င်းမှာ ကောင်းကင်နဂါး၏ နှလုံးသားတည်ရှိရာနေရာကို ညွှန်ပြထားသော မြေပုံ ပင်ဖြစ်လေသည်။
ဤမြေပုံ၏ တန်ဖိုးတစ်ခုတည်းကပင် အံ့မခန်းမြင့်မားနေပြီး ပင်လယ်နဂါးများသည် ကောင်းကင်နဂါး၏ နှလုံးသားအကြောင်း သဲလွန်စလေးတစ်ခု ရရှိရန်အတွက်ပင် အရာအားလုံးကို ပေးဆပ်လိုကြမည်ဖြစ်သည်။
ပင်လယ်နဂါးများသာမက ဤသည်မှာ အရှင်သခင်လေးဦးစလုံးပင် လိုလားကြမည့် အရာတစ်ခုလည်းဖြစ်ကာ ၎င်းတို့သည် ထိုအရာကို ပင်လယ်နဂါးများ လက်ထဲသို့ ကျရောက်စေလိုမည် မဟုတ်ပေ။
အရှင်သခင်များအနေဖြင့် အဖြစ်မခံလိုသော အရာမှာ ပင်လယ်နဂါးများသည် ၎င်းတို့၏ သွေးမျိုးဆက်ပေါ်တွင်ရှိနေသော ကန့်သတ်ချက်များကို ဖယ်ရှားပြီး ကောင်းကင်နဂါးတစ်ကောင် အသစ်တစ်ဖန် ပေါ်ထွက်လာမည်ကိုပင် ဖြစ်လေ၏။
၎င်းသည် အာရန်အား ပင်လည်နဂါးများနှင့် ညှိနှိုင်းနိုင်စွမ်း အတော်အတန် ပေးနိုင်သည့် မြေပုံတစ်ခုဟုလည်း ပြော၍ရပေသည်။
သို့သော် ထိုသို့ ညှိနှိုင်းမှုများပြုလုပ်ရန် အာရန်တွင်စိတ်ကူးရှိမနေပေ။
သူပိုင်ဆိုင်ထားသော သွေးမျိုးဆက်တွင် ပင်လယ်နဂါးများ၌ ဖိနှိပ်ချုပ်ချယ်ခံထားရသော စည်းတံဆိပ်၏ သက်ရောက်မှုမျိုး ရှိမနေခဲ့ပေ။
သို့သော်လည်း အာရန်သည် ကောင်းကင်နဂါး၏ နှလုံးသားကို သူ့ကိုယ်တိုင်အတွက် သာလိုချင်နေခဲ့သည်။
နတ်ဆိုးဝါးမြိုသူ၏ စွမ်းရည်ဖြင့် ကောင်းကင်နဂါးနှလုံးသားသည် သူ့အတွက် များစွာ အထောက်အကူဖြစ်စေနိုင်မည်မှာ သေချာနေခဲ့၏။
ထိုအရာသည် ပင်လယ်နဂါးဧကရီကို ကူညီပေးလိုက်သည်ထက်ပင် သူ့အတွက် များစွာပိုမို၍ အကူအညီဖြစ်စေနိုင်ပေလိမ့်မည်။
သို့သော် အာရန်သည် သူ၏ ရုတ်တရက်ပြုမူခဲ့သော အပြုအမူတစ်ခုကြောင့် ပင်လယ်နဂါးဧကရီမှာ ပရောဖက်ထံမှ ကောင်းကင်နဂါးနှလုံးသား၏ သဲလွန်စကို လိုက်လံရှာဖွေရင်း အနောက်ပိုင်းတိုက်ကြီးတွင် မည်သည့် ပြသနာများနှင့် ရင်ဆိုင်နေရကြောင်းကိုမူ သူမသိသေးပေ။
ယခုအချိန်တွင် နဂါးသွေးမျိုးဆက်ရှိနေသူ လူနှစ်ဦးသည် ကောင်းကင်နဂါးနှလုံးသားအား ရှာဖွေနိုင်သည့် လမ်းကြောင်းအား သိရှိသွားကြပြီဖြစ်၏။
တစ်ဦးမှာ ပင်လယ်နဂါးမင်းသားထံမှ သွေးမျိုးဆက်ကို ခိုးယူခဲ့သော အာရန်ဖြစ်ပြီး နောက်တစ်ဦးမှာ သူမ၏ မောင်ဖြစ်သူ ပင်လယ်နဂါးမင်းသားသေဆုံးမှုအတွက် သူ့အား နုတ်နုတ်စင်း လိုနေသော နဂါးဘုရင်မကိုယ်တိုင်ပင် ဖြစ်နေသည်။
မရည်ရွယ်ပါဘဲနှင့် သူတို့နှစ်ဦးသည် တူညီသော လမ်းကြောင်းတစ်ခုပေါ်တွင် အတူတကွ လျှောက်လှမ်းမိလျှက်သားဖြစ်နေကြပြီး မည်သည့်အရာများ ဆက်လက်ဖြစ်ပွားမည် ဆိုသည်မှာတော့ ......
....
အာရန်သည် တောင်ပိုင်းတိုက်ကြီးတွင် ပါမောက္ခများစွာကို စတင်အမဲလိုက်နေခဲ့စဉ် အခြားတိုက်ကြီးသုံးခုမှာလည်း ငြိမ်သက်နေခဲ့ခြင်းမျိုးတော့မဟုတ်ပေ။
စစ်သင်္ဘောတစ်စင်းသည် မိစ္ဆာဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီး သူ၏ ဦးတည်ရာမှာ အနောက်ပိုင်းတိုက်ကြီး၏ နတ်ဘုရားမနိုင်ငံတော်သို့ ဖြစ်လေ၏။
အနောက်ပိုင်းတိုက်ကြီးမှ ဖိတ်ကြားချက်ကို အချိန်ကြာမြင့်စွာကတည်းက လက်ခံရရှိခဲ့ခြင်းဖြစ်ရာ ယခုမူထွက်ခွာမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။
သို့သော် နဂိုရွေးချယ်ထားသော အဖွဲ့တွင် အနည်းငယ် ပြောင်းလဲမှုများတော့ရှိသွားခဲ့သည်။
မူလအဖွဲ့အတွက် အကြီးအကဲ သုံးဦးကို ရွေးချယ်ထားခဲ့ပြီး ၎င်းတို့မှာ အကြီးအကဲကျန်း၊ အကြီးအကဲရန်နှင့် အကြီးအကဲလီ (ဝါး) ရေခဲနတ်ဆိုး တို့ပင် ဖြစ်လေ၏။
သို့သော် ရေခဲနတ်ဆိုးသေဆုံးပြီးနောက် အာရန်မှာလည်း ထိုတိုက်ကြီးမှ ထွက်ခွာသွားခဲ့ရာ လစ်လပ်သွားသော ထိုနေရာနှစ်ခုအတွက် ဂိုဏ်း၏ အခြားအကြီးအကဲနှစ်ဦးနှင့် ပြောင်းလဲခဲ့ရလေသည်။
အကြီးအဲကျန်းအား အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး သူမနှင့်အတူ အငယ်ဆုံး တပည့်များကို ခေါ်ဆောင်လာသည့် နောက်ထပ် အကြီးအကဲနှစ်ဦးလည်း ပါဝင်လေသည်။
သင်္ဘောကြီးသည် မိစ္ဆာဂိုဏ်းမှ ထွက်ခွာသွားစဉ် အနီးဆုံးမြို့၌ ပုန်းအောင်းနေသော နတ်ဘုရားမနိုင်ငံတော်၏ သူလျှိုတစ်ဦးက ထိုအရာကို သတိပြုမိလိုက်သည်။
ထိုသူလျှိုက သတင်းအချက်အလက်များကို ချက်ချင်း ဘုရားကျောင်းသို့ ပေးပို့ခဲ့လေ၏။
....
ကာဒီနယ်ရဟန်းအမတ်တစ်ဦးသည် သန့်စင်ပရောဟိတ်မ၏ တိတ်ဆိတ်စွာ ဆုတောင်းနေသော ဆုတောင်းခန်းအပြင်ဘက်တွင် ရပ်စောင့်နေခဲ့သည်။
“အရှေ့တိုက်ကအဖွဲ့တွေ စတင်ထွက်ခွာလာနေပြီဆိုတဲ့ သတင်းအချက်အလက်ကို ကျွန်ုပ်တို့ ရရှိထားပါတယ်”
ကာဒီနယ်ရဟန်းအမတ်က ထိုသတင်းကို ပရောဟိတ်မအား ပြောလိုက်သည်။
“အဲ့ဒါကြောင့် အရှေ့ဘက်တိုက်ရဲ့ အရှင်သခင် သေဆုံးမှုအကြောင်း ကောလာဟလတွေက အလိမ်အညာသက်သက်တွေ ဖြစ်ခဲ့ပုံရတယ်”
“ဒါဟာလဲ အရှင်မ ခန့်မှန်းထားခဲ့တဲ့ အတိုင်းပဲ သူတို့ဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲတွေကို အာဏာလုပွဲကနေ ဖယ်ရှားပစ်ဖို့ လျှို့ဝှက် ကြံစည်မှုတစ်ခုသက်သက်ပါပဲ” သူက ထပ်မံပြောလိုက်သည်။
ဤအရာကို ကြိုတင်မျှော်လင့်ထားခဲ့ပြီးဖြစ်သော သန့်စင်ပရောဟိတ်မ၏ အနာဂတ် ကြိုမြင်နိုင်စွမ်းအပေါ် သူ မည်မျှ အထင်ကြီးမိကြောင်းကို သူ၏အမူအရာအရ သိသာလွန်းနေခဲ့၏။
“ပင်လယ်နဂါးဧကရီကိုကော ဖမ်းမိခဲ့ပြီလား”
သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခုသည် ဆုတောင်းခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ကျွန်ုပ်တို့ သူမလမ်းကြောင်းကိုပိတ်ဆို့နိုင်ခဲ့ပေမဲ့ သူမက တစ်နေရာရာမှာ ပုန်းကွယ်နေပုံရတယ် ကျွန်ုပ်တို့လူတွေက သူမကို အသဲအသန် ရှာဖွေနေကြတုန်းပါပဲ”
ကာဒီနယ်ရဟန်းအမတ်သည် သူ၏ကျရှုံးမှုအတွက် တောင်းပန်ရင်း ရှင်းပြနေခဲ့သည်။
“ရပါတယ် သူမကို ဖမ်းမိဖို့က အချိန်တစ်ခုပဲကြာမှာပါ လောလောဆယ် ရောက်လာမဲ့ ဧည့်သည်တွေအပေါ်ပဲ အာရုံစိုက်ထားပါ အခု ဖန်းယု အသက်ရှင်နေတာ သေချာသွားပြီဆိုတော့ ကျွန်မတို့ နဂိုအစီအစဉ်အတိုင်း ဆက်လှုပ်ရှားကြတာပေ့ါ သူတို့တစ်ယောက်မှ အနောက်ပိုင်းတိုက်ကြီးကို ပြန်လည်ခြေချခွင့်မရနိုင်အောင် သေချာလုပ်ဆောင်ပါ”
ပြင်းထန်သည့် အော်ရာတစ်ခု ပါဝင်သော အသံတစ်ခုသည် တံခါးတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
“ဟုတ်ကဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်”
ကာဒီနယ်ရဟန်းအမတ်က လေးစားစွာ တစ်ချက်ဦးညွှတ်ပြီးနောက် နောက်သို့ လှည့်၍ ထွက်ခွာသွားခဲ့သည်။
....
ထိုနေ့တွင် အနောက်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်း နယ်နိမိတ်များတွင် ကြီးမားသော အဖြစ်အပျက်များ တစ်ခုစီ ဖြစ်ပွားခဲ့၏။
#Catfoot