← Chapters

 ဝိညာဥ်လမ်းလျှောက်သူ၏ မှတ်ချက်

Vol. 23 Ch. 321

 ဝိညာဥ်လမ်းလျှောက်သူ၏ မှတ်ချက်

Vol. 23 Ch. 321

…..

အရှေ့ပိုင်းတိုက်ကြီးသည် အနောက်ပိုင်းတိုက်ကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ၎င်းတို့ကို မြစ်ပြင်ကျယ်ကြီးတစ်စင်းကသာ ပိုင်းခြားထားလေသည်။

တိုက်ကြီးနှစ်ခုစလုံးသည် မြောက်ပိုင်းတိုက်ကြီးနှင့် တောင်ပိုင်းတိုက်ကြီးတို့နှင့်လည်း နယ်နိမိတ် အကွာအဝေးခြင်း တူညီစွာ ထိစပ်လျှက်ရှိ၏။

မိစ္ဆာဂိုဏ်းမှ စစ်သင်္ဘောကြီးသည် အကြီးအကဲသုံးဦးနှင့် ၎င်းတို့၏ အငယ်ဆုံးတပည့်များကို တင်ဆောင်ကာ မြောက်ပိုင်းတိုက်ကြီးနှင့် ပိုမိုနီးစပ်သော လမ်းကြောင်းတစ်ခုမှနေ၍ အနောက်ပိုင်းတိုက်ကြီးသို့ ဖြတ်သန်းဝင်ရောက်လျက် ရှိသည်။

 ဤလမ်းကြောင်းမှာ ၎င်းတို့၏ ဦးတည်ရာသို့ အမြန်ဆုံးရောက်ရှိနိုင်သော လမ်းကြောင်းဖြစ်သဖြင့် ရွေးချယ်လိုက်ကြခြင်းလည်းဖြစ်လေ၏။

 အနောက်ပိုင်းတိုက်နှင့်မတူဘဲ အရှေ့ပိုင်းတိုက်သည် မြောက်ပိုင်းတိုက်ကြီးနှင့် ပဋိပက္ခများဖြစ်ပွားလေ့မရှိသောကြောင့် လမ်းကြောင်းပြောင်းရန် လိုအပ်သည်ဟု မခံစားကြရပေ။

မိစ္ဆာဂိုဏ်းမှ စစ်သင်္ဘောသည် ပိုင်းခြားထားသော နယ်နိမိတ်မြစ်ပြင်ကျယ်ကြီးနားသို့ ရောက်ရှိလာသောအခါ မြစ်တစ်ဖက်ခြမ်းတွင် နတ်ဘုရားမနိုင်ငံတော်မှ စစ်သင်္ဘောများကြိုတင်ရောက်ရှိနေနှင့်သည်ကို သတိပြုမိလိုက်ကြသည်။

“သူတို့က ကျွန်မတို့ကို လာကြိုတာထင်တယ်”

 အကြီးအကဲကျန်းမှာ အဝေးရှိထို လေသင်္ဘောများကို ကြည့်ရင်း တွေးလိုက်မိသည်။

သို့သော် သူမသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟုတော့ ခပ်ရေးရေးလေး ခံစားမိခဲ့၏။

 သူမတို့အား လာရောက်ကြိုဆိုရန် သင်္ဘောများစွာ အဘယ်ကြောင့် လိုအပ်မည်နည်း။

 တစ်ခုခုက ပုံမှန်ဟုတ်မနေပေ။ သို့သော် သူမသည် ထိုအတွေးကို လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့သည်။

 ၎င်းသည် သူမဘဝ၏ အကြီးမားဆုံး အမှားတစ်ခုဖြစ်လာလိမ့်မည်ကိုမူ သူမသည် ထိုအချိန်က သတိမထားမိခဲ့ပေ။

....

ရက်အနည်းငယ်ကြာပြီးနောက်~

အာရန်သည် တောင်ပိုင်းတိုက်ကြီးမှ အနောက်ပိုင်းတိုက်ကြီးသို့ ခရီးသွားနေသော ကုန်သည်များပိုင်ဆိုင်သည့် လေသင်္ဘောကြီးတစ်စင်း၏ နောက်ဘက်တွင် ထိုင်လျက်ရှိနေခဲ့သည်။

 ထိုလေသင်္ဘောသည် အတော်လေးကြီးကျယ်ခမ်းနားကာ ကောင်းကင်ယံတွင် ပျံသန်းလျက်ရှိသော နန်းတော်ဆောင်တစ်ခုနှင့်ပင် တူညီနေသည်။

 အရှင်သခင်များ၏ စစ်သင်္ဘောများကဲ့သို့ လက်နက်များ တပ်ဆင်ထားခြင်း မရှိနေသော်လည်း လမ်းတစ်လျှောက်ရှိ သာမန်ဓားပြများထံမှမူ လုံခြုံစွာ ကာကွယ်နိုင်စွမ်းရှိနေလေသည်။

 သို့သော် တိုက်ခိုက်မှုများထက် ကုန်သည်သင်္ဘောများသည် ဇိမ်ခံမှုနှင့် ခမ်းနားထည်ဝါမှုအပြင် လက်တွေ့ကျသည့် အကျိုးသက်ရောက်မှုများအပေါ်တွင် ပိုမိုအာရုံစိုက်ထားခဲ့ကြသည်။

အာရန်သည် ထိုကုန်သည်လေသင်္ဘော၏ ကာကွယ်မှုအပေါ် များစွာ ဂရုမစိုက်နေခဲ့ဘဲ အနောက်ပိုင်းတိုက်ကြီးသို့ ရောက်ရှိရန်သာ အာရုံရှိနေခဲ့သည်။

ယခင် အတွေ့အကြုံများကို မမေ့သေးသောကြောင့် ဖြစ်နိုင်ပါက အခြားတိုက်ကြီးသို့ ဂိတ်တံခါးပေါက်မှ ထပ်မံ သွားလာလိုခြင်းမျိုးမပြုချင်တော့ပေ။

 ကံကောင်းစွာပင် ကုန်သည်သင်္ဘောသည် လွန်စွာနှေးကွေးခြင်းမရှိဘဲ နတ်ဘုရားမနိုင်ငံတော်သို့ ဦးတည်ရွေ့လျားနေခဲ့သည်။

 သင်္ဘောပေါ်တွင် နတ်ဘုရားမနိုင်ငံတော်၌ ဝယ်လိုအားများပြား၍ တောင်ပိုင်းတိုက်ကြီး၌သာ စိုက်ပျိုးနိုင်သော သီးနှံများကို ပိုမို၍ အဓိကထား တင်ဆောင်လာကြသည်။

 ၎င်းက ကုန်သည်များအား ဤခရီးအတွက် လုံလောက်သော အမြတ်အစွန်းကို ရရှိစေနိုင်သောကြောင့်လည်း ဖြစ်လေသည်။

 အထူးသဖြင့် သင်္ဘောပေါ်တွင်ရှိနေသည့် နေရာရွေ့လျားခြင်း ရတနာသည် ခရီးစဉ်တိုင်းတွင် ၎င်းတို့၏ သိုလှောင်နိုင်စွမ်းထက် ပိုမို၍ ပို့ဆောင်နိုင်ခဲ့သဖြင့် ပို၍ပင် အကျိုးအမြတ်များခဲ့၏။

သုံးရက်သာ ကြာမြင်ခဲ့သော်လည်း ကုန်သည်သင်္ဘောသည် အနောက်ပိုင်းတိုက်ကြီး၏ နယ်နိမိတ်အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ အာရန်ပင် ပိုင်းခြားထားသော ပင်လယ်ပြင်ကြီးကို မြင်နိုင်နေပြီဖြစ်သည်။

ဤခရီးစဉ်အတွက် သင်္ဘောကပ္ပတိန်အား အာရန်သည် အတော်အတန် ပေးချေခဲ့ရသော်လည်း သူ့အတွက် ငွေကြေးသည် ထိုမျှ အရေးမပါပေ။

သူသည် ပါမောက္ခများစွာကို လုယက်ခဲ့သောကြောင့် ငွေကြေးအတော်အတန် စုဆောင်းထားနိုင်ခဲ့သည်။

 ခရီးစဉ်တစ်လျှောက် သူ့နှင့်အတူ လိုက်ပါလာသော ဝိညာဥ်လမ်းလျှောက်သူ အတွက်ပက်ထပ်မံ ပေးချေခဲ့သေး၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အာရန်သည် ဝိညာဥ်လမ်းလျှောက်သူအား ကမ္ဘာမြေပေါ်ရှိ သူ၏ဘဝအကြောင်းကို မေးမြန်းရန် မမေ့လျော့ခဲ့ပေ။

ဝိညာဥ်လမ်းလျှောက်သူအဖြစ်ကမ္ဘာကူးပြောင်းမလာမှီ သူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်ကို သိရှိလိုနေခဲ့၏။ ထိုသူ၏ မူလကမ္ဘာသည် အာရန်နှင့် အတူတူပင်ဖြစ်လေသည်။

ဝိညာဥ်လမ်းလျှောက်သူ၏ ပြောပြချက်အရ ထိုသူသည် ပျင်းရိ ခြောက်ကပ်ဖွယ်ကောင်းသော သူ၏ နေ့စွဲများအတွင်း အချိန်ဖြုန်းခြင်းနှင့် စိတ်ကိုအပမ်းဖြေရန်အတွက် အိမ်တွင်းအောင်းကာ အွန်လိုင်းစာပေများကိုသာ အဖတ်များခဲ့သော သာမန်ရုံးဝန်ထမ်းလေးတစ်ဦး ဖြစ်လေသည်။

ထိုစဉ်က သူသည် "SSS အဆင့် သူရဲကောင်းတစ်ဦး၏ ပြန်လည်မွေးဖွားခြင်း"

ဟု အမည်ရသော စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။

 ခေါင်းစဉ်မှာ သူ့အတွက် အတော်လေး ဆွဲဆောင်မှုရှိနေခဲ့သောကြောင့် သူသည် ထိုစာစဉ်ကို စတင်၍ ဖတ်ကြည့်ခဲ့သည်။

ထိုစာအုပ်ကို ဖတ်မိခြင်းဖြင့် သူသည် စာအုပ် ကမ္ဘာအတွင်းသို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

အာရန်က ဝိညာဥ်လမ်းလျှောက်သူထံမှ တောင်ပိုင်းတိုက်ကြီး၏ စာအုပ်ပါအကြောင်းအရာများကို အတော်လေး သိရှိနိုင်လိမ့်မည်ဟု ကနဦးက ယူဆ ထားခဲ့သော်လည်း အံ့အားသင့်စွာပင် ထိုသူသည် သူ့ထက်ပင် ပိုမို၍ စိတ်ပျက်စရာကောင်းနေခဲ့၏။

 အာရန်သည် "မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း" စာအုပ်တွင် အခန်းပေါင်းလေးထောင်ကျော် ရှိသည့်အနက်မှ အခန်းနှစ်ရာခန့်ကို အနည်းဆုံး ဖတ်ရှုဖြစ်ခဲ့သေးသည်။

 သို့သော် ထိုငနဲသားမှာမူ အခန်းနှစ်ဆယ်ခန့်သာ ဖတ်ရှုခဲ့ပြီးနောက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်၏။

 ထိုသူ၏ အသိပညာသည် သူမျှော်လင့်ထားသည်ထက်ပင် များစွာနိမ့်ကျနေခဲ့ကြောင်း သဘောပေါက်သွားသောအခါ အာရန်သည် မေးမိသည်အတွက် သူ့ကိုယ်သူပင် ပြန်နောင်တရမိခဲ့သည်။

ထို့နောက် အာရန်သည် သူ၏မေးခွန်းကို ဝိညာဥ်လမ်းလျှောက်သူ၏ ဘဝအကြောင်းထက် အခြားကိစ္စများဆီသို့ ပြောင်းလဲလိုက်သည်။

သူသည် ဝိညာဥ်လမ်းလျှောက်သူအား ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြရန် တောင်းဆိုခဲ့ပြီး ဝိညာဥ်လမ်းလျှောက်သူသည် စာရေးဆရာဆိုသူနှင့် အမှန်တကယ် တွေ့ဆုံမိခဲ့ခြင်း ရှိ၊ မရှိကို စုံစမ်းကြည့်လိုက်သည်။

သို့သော် ဝိညာဥ်လမ်းလျှောက်သူသည် အရာအားလုံးကို ရှင်းပြပြီးနောက်တွင်ပင် စာရေးသူအကြောင်း အရိပ်အမွက်မျှ မဖော်ပြခဲ့သဖြင့် သူသည် ထိုအဆင့်ထိပင် မရောက်ရှိသေးကြောင်း သိလိုက်ရ၏။

 အာရန်က ထိုသူအား စာအုပ်အတွက် မည်သို့သော မှတ်ချက်မျိုး မန့် ခဲ့ကြောင်း မေးမြန်းလိုက်သည်။

အာရန်၏ မေးမြန်းချက်ကြောင့် ဝိညာဥ်လမ်းလျှောက်သူသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ၏ဦးခေါင်းကို ပြန်ကုတ်လိုက်သည်။

ခဏတာ ငြိမ်သက်နေပြီးနောက် ပြန်ဖြေလိုက်သည်။

 “ကျွန်တော် စာအုပ်မဖတ်မိခင်ကတည်းက မှတ်ချက်တစ်ခုကို ချန်ခဲ့မိတယ်”

“ကျွန်တော့်ရဲ့ မှတ်ချက်က ‘ဒီစာစဥ်ကို မဖတ်ရသေးပေမဲ့ ဇာတ်ညွှန်းကို ကြည့်တာနဲ့ ကြိမ်းသေဖတ်လို့ကောင်းမဲ့စာအုပ်ပဲ ဒါကြောင့်လုံလောက်အောင် ဖတ်ပြီးတာနဲ့ ဒီမှတ်ချက်ကို ထပ်ပြီး အပ်ဒိတ်လုပ်ပေးပါ့မယ် အခုတော့ ကြယ်ငါးပွင့်အရင်ပေးထားခဲ့မယ်’ အဲ့လိုရေးခဲ့ပါတယ်”

ထိုသူ၏ ပြောပြချက်ကို ကြားရသောအခါ အာရန်သည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

ဤသူသည် စာအုပ်ကိုပင် မဖတ်ဘဲ မှတ်ချက်ကို ရေးခဲ့သည်တဲ့လား...။

 ထို့အပြင် ကြယ်ငါးပွင့်ပင် ပေးလိုက်သေး၏။

"ဒါဆို ဒီလိုမှတ်ချက်ကောင်း‌ပေးထားရက်နဲ့ ဘာလို့ သူ့ကိုပါ ဒီနေရာ ဆွဲခေါ်လာတာလဲ"

ဝိညာဥ်လမ်းလျှောက်သူ ရှင်းပြပြီးသောအခါ သူသည် အခန်းနှစ်ဆယ်မျှသာ ဖတ်ရှုပြီးနောက် အိပ်ပျော်သွားကာ ဤကမ္ဘာတွင် ပြန်လည်နိုးထလာခဲ့သည်ဖြစ်၍ မှတ်ချက်ကို ပြန်လည် အပ်ဒိတ်လုပ်မည်ဟု ပေးထားခဲ့သော ကတိကို မတည်နိုင်ခဲ့သည့် အတွက် အနည်းငယ် စိတ်ပျက်နေပုံရလေသည်။

 အာရန်သည် ဝိညာဥ်လမ်းလျှောက်သူကို စစ်ဆေးမေးမြန်းပြီးနောက်တွင်ပင် အသုံးဝင်သော အချက်အလက်များများစွာ မရရှိခဲ့ပေ။

 အခြားကမ္ဘာကူးလာသူဖြစ်သော ပရောဖက်ကဲ့သို့သော ဇာတ်ကောင်ကိုပင် ထိုငတုံးကောင် ဝိညာဥ်လမ်းလျှောက်သူသည် သတိထားမိပုံမရပေ။

နောက်ဆုံးတွင် အာရန်သည် ဝိညာဥ်လမ်းလျှောက်သူ၏ စာအုပ်အသိပညာကို အသုံးပြုရန်ကိစ္စကို လက်လျှော့လိုက်ရတော့သည်။

သူ့အား ဤကမ္ဘာသည် မည်သို့သော ကမ္ဘာမျိုးဖြစ်ကြောင်း နားလည်နိုင်သော သူရဲကောင်းတစ်ဦးအဖြစ်သာ ထားရှိခြင်းက ပို၍ အသုံးဝင်မည်ဖြစ်သည်။

အာရန်သည် စိတ်ပျက်သွားဟန်ဖြင့် ထိုအခန်းတွင်းမှ ထွက်ခွာလာခဲ့၏။

ထို့နောက် အာရန်သည် လေကောင်းလေသန့် ရရန် ကုန်းပတ်ပေါ်သို့ လျှောက်လာစဉ် ရုတ်တရက် ဆူညံသံအချို့ကို ကြားလိုက်ရသည်။

ကုန်သည်သင်္ဘောပေါ်မှ လူအတော်များများသည် တိုက်ကြီးနှစ်ခုနှင့် ဆက်နွှယ်နေပုံရသော အဖြစ်အပျက်များအကြောင်း ပြောဆိုနေခဲ့ကြခြင်းဖြစ်သည်။

ဤ ကုန်သည်သင်္ဘောပေါ်သို့ ပြင်ပသတင်းများ ရောက်ရှိရန် အချိန်အနည်းငယ် ကြာမြင့်လေ့ရှိသော်လည်း ယခုရရှိထားသော သတင်းအချက်အလက်များအရ မိစ္ဆာဂိုဏ်းမှ အနောက်ပိုင်းတိုက်ကြီးသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သော်လည်း နယ်နိမိတ်စည်းကိုပင် မဖြတ်ကျော်နိုင်မီ နစ်ခရိုမန်ဆာမျှော်စင်၏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဆို၏။

#Catfoot

All Chapters