← Chapters

ပြောင်းလဲမှုများ

Vol. 23 Ch. 323

ပြောင်းလဲမှုများ

Vol. 23 Ch. 323

….

တိုက်ကြီးလေးခုလုံးသည် ပဋိပက္ခသတင်းများ၊ ကောလာဟလများနှင့် ရင်ဆိုင်နေရချိန်တွင် ကုန်သည်သင်္ဘောကြီးတစ်စင်းသည် အနောက်တိုက်ကြီး၏ နယ်မြေအတွင်းသို့ ချင်းနင်း ဝင်ရောက်လာခဲ့သည်။

သင်္ဘောကပ္ပတိန်သည် သတိကြီးစွာထားလျက်ရှိနေခဲ့ပြီး ဒီနေရာအထိရောက်လာပြီးမှ တပ်ခေါက်၍ ပြန်မလှည့်သွားလိုပေ။

 ကုန်သည်များအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ်ရရှိရေးကို အခြားမည်သည့်အရာထက်မဆို ပိုမို၍ ဦးစားပေးတတ်ကြ၏။

 စစ်ခရာမှုတ်သံများ မကြားရမချင်း ၎င်းတို့သည် တိုက်ကြီးနှစ်ခုကြား ကုန်သွယ်မှုများကို ရပ်တန့်လိုက်ကြမည်မဟုတ်ပေ။

ဤအချိန်တွင် ကုန်သွယ်မှုကို ရပ်တန့်လိုက်ပါက သန့်စင်အင်ပါယာအပေါ် တောင်ပိုင်းတိုက်ကြီး၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မှားယွင်းသော အချက်ပြမှုတစ်ခုကို ပေးလိုက်သလိုဖြစ်သွားနိုင်ပြီး ယခုကဲ့သို့ ထိလွယ်ရှလွယ် အချိန်မျိုးတွင် နားလည်မှုလွဲမှားမှုများ ဖြစ်ပွားစေနိုင်လေသည်။

အာရန်သည် နောက်ကွယ်မှနေ၍ ဖြစ်ပျက်နေသည့် အရာများအတွက် စိုးရိမ်ပူပန်မိခဲ့သော်လည်း ဤအချိန်တွင် သူ၏အစီအစဉ်များကို လက်လျှော့၍ မဖြစ်ကြောင်း နားလည်ထားသည်။

ဤစစ်ပွဲ အမှန်တကယ် မစတင်မီ ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေတွေ့ရှိရန် လိုအပ်လေ၏။

 ၎င်းအပြင် ဤတိုက်ကြီးတွင် သူ့အတွက်ထပ်မံလိုအပ်သည့် နောက်ထပ်အရာတစ်ခုလည်း ရှိနေခဲ့သည်။

ထိုအရာမှာ သန့်စင်ပရောဟိတ်မ၏ သွေးပင် ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် ၎င်းသည် ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေခြင်းထက်ပင် ပိုမိုခက်ခဲနေ၏။

 သန့်စင်ပရောဟိတ်မသည် မြင့်မြတ်သော သန့်စင်အင်ပါယာ၏ ဘုရားကျောင်းတော်မှ ထွက်ခွာလေ့မရှိသောကြောင်း သူမအားတွေ့ဆုံခွင့်ရရန်ပင် မလွယ်ကူ‌ပေ။

သူသည် ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဟန်ဆောင်နိုင်သော်လည်း အနောက်တိုက်ကြီးတွင်မူ ၎င်းသည် လုံးဝ အလုပ်ဖြစ်မည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် အနောက်တိုက်ကြီး၏ နိုင်ငံသားတိုင်းသည် နတ်ဘုရားမ၏ သန့်စင်သော ကောင်းချီးစွမ်းအင်များကို လက်ခံရယူထားကြသူများဖြစ်သောကြောင့်ဖြစ်၏။

 သာမန်လူတစ်ဦးပင်လျှင် အနည်းငယ်မျှသော ကောင်းချီးပမာဏကို ပိုင်ဆိုင်ထားသည်။

ဘုန်းတော်ကြီးများအတွက်မူ ၎င်းသည် များစွာပိုမိုမြင့်မားမည်ဖြစ်၏။

အာရန်သည် ဘုန်းတော်ကြီးအဖြစ် ဟန်ဆောင်နိုင်လျှင်ပင် ထိုကောင်းချီးစွမ်းအင်များကို အတုမလုပ်နိုင်ပေ။

ဘုန်းတော်ကြီးများသည် အခြားသူများ၏ ကောင်းချီးစွမ်းအင်များကို ခွဲခြားသိရှိနိုင်စွမ်းရှိကြသဖြင့် သူ့အား ဘုန်းတော်ကြီးအတုအဖြစ် သတိထားမိရန် အချိန်တစ်ခုသာ လိုအပ်မည် ဖြစ်၏။

သူ၏ အကြီးမားဆုံး အားသာချက်ဖြစ်သည့် အသွင်ယူ ဟန်ဆောင်နိုင်သည့် အစွမ်းသည် ဤနေရာတွင် အသုံးမဝင်တော့သည့်အခါ အာရန်သည် ထို အင်အားကြီးမားသော အရှင်သခင်တစ်ဦးဖြစ်သည့် သန့်စင်ပရောဟိတ်မ၏ သွေးကို မည်သို့ ရယူရမည်ကို လုံးဝ မစဥ့်စားတတ်အောင် ဖြစ်နေရသည်။

ထို့ပြင် သူမသည် သူမ၏ နယ်မြေဖြစ်သည့် ယခု အနောက်တိုက်ကြီးတွင် ရှိနေသရွေ့ အခြားသော အရှင်သခင် သုံးဦးထက်ပင် ပိုမို အင်အားကြီးမားနေသည်။

အခြား အရှင်သခင် သုံးဦး၏ ခွန်အားသည် ၎င်းတို့၏ တည်နေရာပေါ် မမူတည်ပေ။

 ၎င်းတို့သည် ၎င်းတို့၏ တိုက်ကြီးများတွင် ခွန်အားကြီးမားသကဲ့သို့ အခြားတိုက်ကြီးများတွင်လည်း ထပ်တူ ခွန်အားသက်ရောက်မှုမျိုးရှိနေကြသည်။

 သို့သော် သန့်စင်ပရောဟိတ်မသည် မတူညီပေ။

အခြားတိုက်ကြီးများတွင် သူမသည် သူမ၏ ကောင်းချီးစွမ်းအားကို ထုတ်ဖော်နိုင်သော်လည်း သူမ၏ ကိုယ်ပိုင်တိုက်ကြီးတွင်မူ သူမ၏ ကိုယ်ပိုင် ခွန်အားသည် အာရန် ကြားထားချက်များအရ အနည်းဆုံး အခြားနေရာများထက် နှစ်ဆခန့် ပိုမိုတိုးလာမည်ဖြစ်၏။

၎င်းသည် မည်မျှ မှန်ကန်သည်ကိုမူ သူလည်း အတိအကျ မသိနိုင်ပေ။

အာရန်ကိုယ်တိုင်ပင် အနောက်တိုက်ကြီးရှိ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ဦးနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုသူသည် ဤနေရာတွင် ပိုမိုအားကောင်းသည်မှာ ကိုယ်တိုင်ကြုံတွေ့ရသည့် အမှန်တရားပင်ဖြစ်သည်။

 ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ဦးပင် ဤမျှ စွမ်းအားတိုးလာနိုင်ခဲ့လျှင် မည်သူမျှ မမြင်ဖူးသေးသည့် အနောက်တိုက်ကြီးတွင် အမြင့်မြတ်ဆုံး ဖြစ်တည်မှုတစ်ခုဖြစ်သည့် သန့်စင်ပရောဟိတ်မကိုယ်တိုင် ဆိုလျှင်မူ မည်မျှ အင်အားကြီးသွားနိုင်မည်နည်း။

အာရန်သည် အတွေးများအတွင်း နစ်မျောရင်း သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်လျက် ရှိကာ အရှေ့တိုက်ကြီးဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာနေသည့် နေလုံးကြီးကို စောင့်ကြည့်နေခဲ့၏။

'စာရေးဆရာ နဲ့ သူတို့ရဲ့ နတ်ဘုရားတွေနဲ့ ယှဥ်ရင်ကော... ဒီနေရာမှာ ဘယ်သူက ပိုခွန်အားကြီးနိုင်မလဲ '

အချိန်အ‌တော်များများတွင် အာရန်သည် ထိုစာရေးဆရာဆိုသူကို ဆင့်ခေါ်ချင်စိတ် ဖြစ်မိခဲ့သော်လည်း မေးခွန်းဘောက်ခြာ တစ်ကြိမ်အသုံးပြုခွင့်ကို မဖြုန်းတီးလို၍ အောင့်အီးသီးခံနေခဲ့ရသည်။

 ၎င်းကို မသုံးစွဲမီ အချိန်ကြာကြာ ယူ၍ ဤကမ္ဘာလောက၏ အချက်အလက်များကို သူ ပိုမို သိရှိထားလိုနေခဲ့သည်။

....

အာရန်သည် မြင့်မြတ်သော သန့်စင်အင်ပါယာ၏ တော်ဝင်မြို့တော်ဆီသို့ သွားရောက်နေစဉ် အခြားတိုက်ကြီးများတွင်လည်း များစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 အာရန် ကတိပေးခဲ့သည့်အတိုင်း မစ်ထ်၏ သမီးကို သတ်မှတ်ချိန် နှစ်ရက် ပြည့်သောအခါ သူရဲကောင်းအကယ်ဒမီရှေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ထိခိုက်မှုမှ မရှိဘဲ အကောင်းပကတိအတိုင်း ပြန်ရောက်လာခဲ့ခြင်းဖြစ်၏။

မစ်ထ်သည် သူမ၏သမီးအား အပြည့်အဝ ကောင်းမွန်နေကြောင်း သေချာစေရန် သူမအား သေခြာစွာစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ကံကောင်းထောင့်မစွာပင် ဝါးမြိုသူသည် သူ၏ ကတိကို တည်ခဲ့ပြီး သူမကို ထိခိုက်အောင်ပြုလုပ်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။

 မစ်ထ်သည် သူမ၏သမီးကို ခေါ်ဆောင်သွားသူကို လွန်စွာမုန်းတီးနေသော်လည်း သူ သည် ကတိတည်သူတစ်ယောက်ဖြစ်သည့် အတွက် အနည်းငယ်ကြိတ်၍ ဝမ်းသာမိလိုက်သည်။

သူမသည် ဆီရာအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မေးမြန်းခဲ့သော်လည်း သူမဆီမှ အဖြေတစ်ခု ပြန်မရရှိခဲ့ပေ။

"ကျွန်မမှတ်မိတာဆိုလို့ ဂိတ်တံခါးပေါက်တစ်ခုထဲကိုဝင်သွားမိတာရယ် ပြီးတော့ သတိလစ်သွားတာရယ်ပဲ မှတ်မိတယ် အဲဒီနောက်ပိုင်းဘာဖြစ်သွားလဲတော့ မမှတ်မိဘူး ပြီးတော့ ဒီမှာ နိုးလာတာပဲ ဒါပေမဲ့ အိပ်ရေးဝဝ အိပ်လိုက်ရသလိုတော့ ခံစားနေရတယ်"

မိန်းကလေးသည် သူမ၏ နဖူးကို ပွတ်သပ်ရင် အလွန်ပင် ကောင်းမွန်စွာ အနားယူခဲ့ရသလို ခံစားနေရသည်။

"သြော်...ဒါဆို သူက အထူးအိပ်ငွေ့ချတဲ့ မှော်အတတ်တစ်ခုကို သုံးခဲ့တာပေါ့"

 မစ်ထ်က သူမ၏ မျက်လုံးများကို မှေးလိုက်ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်၏။

ဝါးမြိုသူသည် သူမ၏သမီးကို အဘယ်ကြောင့် အိပ်ငွေ့ချခဲ့ရသနည်း။

 သူမကို မသိစေချင်သည့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်မည်နည်း။

ထိုသူသည် သူမ၏သမီးကို သီးခြားနယ်မြေတစ်ခုတွင် ထားခဲ့ခြင်းဖြစ်ကာ သူသာ အချိန်မှီ ပြန်မသွားနိုင်ပါက သူမအား သေစေနိုင်သည့် အန္တရာယ်ကြီးမား‌သော အထူးအစီအရင်တစ်ခုနှင့်အတူ ချည်နှောင်ထားခဲ့သည်ဟု ဆိုခဲ့သည်။

 သို့သော် ထိုအရာအတွက် သူမကို ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။

ထို့ကြောင့် မစ်ထ်သည် သူမ စဉ်းစားလေ ပို၍ပင် နားမလည်နိုင် ဖြစ်သွားရသည်။

 ပထမဦးဆုံး မျက်မမြင်အကြားအမြင်ဆရာမသည်ပင် သူမ၏ သမီးတည်နေရာကို တိုက်ကြီးလေးခုလုံးတွင် ရှာမတွေ့နိုင်ခဲ့ပေ။

သူမသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေ၏။

ထို့နောက် အာရန်၏ သတိပေးမှုကြောင့် တစ်ခုခု လွဲချော်နေကြောင်း သူမကို ခံစားမိစေခဲ့သည်။

"တိုက်ကြီးလေးခုလုံးမှာ မရှိခဲ့ရင် ငါမသိနိုင်တဲ့ အခြားနေရာတစ်ခုခုမှာများ ရောက်သွားခဲ့တာလား... အဲဒီလိုနေရာက သုံးခုပဲ ရှိတယ်... ဝိညာဉ်လောက၊ ငရဲပြည် နဲ့ ..."

သူမသည် အတွေးမဆုံးမှီမှာပင် ကောက်ချက်တစ်ခုကို ချနိင်သွားသည့်ပုံပင်။

....

တစ်ချိန်တည်းတွင် အနောက်တိုက်ကြီး၌ ကာဒီနယ်ရဟန်းအမတ်သည် ၎င်းတို့ရရှိခဲ့သည့် အောင်မြင်မှုအကြောင်းကို သန့်စင်ပရောဟိတ်မအား ပြန်လည်အကြောင်းပြန်နေခဲ့၏။

 ၎င်းတို့သည် ထိုတာဝန်ကို အမှားအယွင်းမရှိ ပြီးမြောက်နိုင်ခဲ့ပြီး ဂုဏ်ယူနေမိကြသည်။

 ၎င်းတို့သည် အရှေ့တိုက်ကြီး၏ သံတမန်များကို အနောက်တိုက်ကြီးသို့ မဝင်ရောက်ခင်မှာပင် ဖမ်းဆီးနိုင်ခဲ့ကြသည်။

"သူတို့ရဲ့ သင်္ဘောတွေ မြောက်ပိုင်းတိုက်အတွင်းမှာပဲ ပျက်ကျစေခဲ့ပြီး နစ်ခရိုမန်ဆာမျှော်စင်က သူတို့ကို တိုက်ခိုက်ခဲ့တဲ့ပုံစံမျိုး ထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ် ကောင်းချီးစွမ်းအင်တွေနဲ့ပတ်သတ်ပြီး ခြေရာလက်ရာ တစ်စုံတစ်ရာတောင် မကျန်ခဲ့ပါဘူး" ဟု သူက ပြောသည်။

"ဒီကောလာဟလတွေကို တိုက်ကြီးလေးခုလုံးကို ပျံ့နှံ့အောင် လုပ်ခဲ့ပြီးပါပြီ ကျွန်တော်တို့ကို ခြေရာခံလို့ မရအောင်လည်း သေချာစီစဥ်ခဲ့ပါတယ်" ဟု ထပ်မံ ပြောဆိုလိုက်သည်။

"သံတမန်တွေကိုကော"

သန့်စင်ပရောဟိတ်မက ပြန်မေးလိုက်သည်။

"သံတမန်တွေကတော့ ကျွန်တော်တို့ တစ်နေရာမှာ ဖမ်းဆီးပြီး ချိတ်ပိတ်ထားပါတယ် ကောင်းကင်ဘုံကတောင် သူတို့ကို ထောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး အရှင်သခင်မရဲ့ နောက်ထပ် ညွှန်ကြားချက်ကို စောင့်နေတာပါ သူတို့ကို သတ်ပစ်လိုက်ရမလား"

"သူတို့ကို သတ်ဖို့ မလိုသေးပါဘူး ကျွန်မ သူတို့ကို ပိုကောင်းတဲ့ အရာတစ်ခုမှာ အသုံးပြုဖို့ စဉ်းစားထားတာရှိတယ်" ဟု သန့်စင်ပရောဟိတ်မက တစ်ချက်ပြုံး၍ ပြောလိုက်သော်လည်း အသေးစိတ် ထပ်မံရှင်းပြခြင်းမျိုးတော့ မရှိခဲ့ပေ။

#Catfoot

All Chapters