ဇက်ဖာ… နစ်ခရိုလိုင်း ....
Vol. 23 Ch. 324
နစ်ခရိုမန်ဆာမျှော်စင်၏ နက်ရှိုင်းသော အတွင်းဘက်တစ်နေရာတွင် နက်မှောင်နေသော တံခါးတစ်ချပ်သည် တစ်စုံတစ်ဦး၏ စောင့်ရှောက်မှုအောက်တွင် ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။
တံခါးစောင့်သည် နစ်ခရိုမန်ဆာမျှော်စင်၏ အမှတ်တံဆိပ်ပါရှိသည့် အနက်ရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။
သူ၏လက်ထဲတွင် တံစဉ်းကဲ့သို့ ဓားတစ်ချောင်းရှိနေခဲ့ပြီး ၎င်း၏ လက်ကိုင်ရှည်ကြီးကို ထွေးပိုက်ထားသောထိုသူသည် အနည်းငယ် အိပ်ငိုက်နေဟန်ပင်ရလေ၏။
ဤတံခါးအတွက် တံခါးစောင့်အဖြစ် တည်ရှိနေခြင်းဖြစ်သော်လည်း ထိုအစောင့်သည် နစ်ခရိုမန်ဆာမျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ဦး မဟုတ်ပေ။
သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ ပင်မဗဟိုအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာရန် ဝိညာဉ်လောကတွင် သတ်ဖြတ်ခဲ့သော သခင်လစ်ချ်ထက်ပင် ပိုမိုမြင့်မားသည့် ရာထူးကို ပိုင်ဆိုင်ထားသူဖြစ်၏။
နစ်ခရိုမန်ဆာမျှော်စင်အတွင်း သူ၏ သြဇာအာဏာသည် အတော်လေးသက်ရောက်မှုရှိပြီး သူ၏ ခွန်အားမှာလည်း မသေးလှပေ။
သူသည် မျှော်စင်တစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်သည့် နစ်ခရိုမန်ဆာ ငါးဦးထဲမှ တစ်ဦးအဖြစ် ရပ်တည်နေချိန်တွင် သခင်လစ်ချ်မှာ နံပါတ်တစ်ဆယ် နေရာတွင်သာ ရှိနေခဲ့ခြင်းဖြစ်သည်။
ထိုမျှ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး စောင့်ကြပ်နေသောနေရာဖြစ်သဖြင့် ဤနေရာသည် နစ်ခရိုမန်ဆာမျှော်စင်တစ်ခုလုံးတွင် အထူးတားမြစ်ထားသော နယ်မြေတစ်ခုဖြစ်မည်မှာ သံသယဖြစ်စရာမလိုပေ။
မျှော်စင်သခင်မှလွဲ၍ မည်သူမျှ ဤနေရာသို့ ဝင်ထွက်ခွင့်မရှိပေ။
ထိုတံခါးစောင့်ထက် ပိုမိုအားကောင်းသည့် နစ်ခရိုမန်ဆာမျှော်စင်၏ အကြီးတန်းမှော်ဆရာများပင် ဤတံခါးအနီးသို့ ချဉ်းကပ်ခွင့် မပြုထားပေ။
တစ်စုံတစ်ယောက်က ထိုတံခါးသို့ ချဉ်းကပ်ရန် ကြိုးစားပါက ထိုအစောင့် သည် ၎င်းတို့ကို ကွပ်မျက်ရန် အခွင့်အာဏာအပြည့်အဝ ရှိ၏။
၎င်းသည် ရန်နစ်ခရိုမန်ဆာမျှော်စင်၏ ဒုတိယခေါင်းဆောင် ဖြစ်နေလျှင်ပင် ချွင်းချက်မရှိပေ။
ငွေရောင်ဆံပင်ပိုင်ရှင် ထိုအစောင့်အရှောက်သည် သာမန်လူသားတစ်ဦးနှင့် တူညီနေသည်။
သူ၏ ခန္ဓာကိုယ်တွင် ဝန်းရံထားသော သေခြင်းတရား၏ အော်ရာများသာ ရှိမနေခဲ့ပါက သူ့အား နစ်ခရိုမန်ဆာတစ်ဦးနှင့် ဆက်စပ်စဥ့်စားမိရန် မဖြစ်နိုင်ပေ။
သူ၏သေခြင်းအော်ရာများသည် အလွန်သက်ရောက်မှုပြင်းထန်းလွန်းသဖြင့် သူ၏လက်ကောက်ဝတ်တွင် ဖိနှိပ်နိုင်သည့် လက်ပတ်တစ်ခုကိုသာ ဝတ်ဆင်ထားခဲ့ခြင်းမရှိပါက ဤနေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားလိမ့်မည် ဖြစ်၏။
ငွေရောင်ဆံပင်ပိုင်ရှင် အစောင့်သည် အမှောင်ထုနှင့် ချည်နှောင်ထားသည့် ထိုပိန်းပိတ်မှောင်မိုက်နေသည့် အနက်ရောင်တံခါးကို စိုက်ကြည့်နေခဲ့သည်။
၎င်းရှေ့ရှိ မြေပြင်ပေါ်တွင်လည်း တံခါးပေါက်အားခပ်နှိပ်ထားသည့်နေရာမှ ပြတ်တောက်သွားသော အနက်ရောင်သံကြိုးအနည်းငယ် ရှိနေခဲ့သည်။
"နောက်တစ်ခု ထပ်ပြတ်ဖို့ အချိန်တန်ပြီထင်တယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
သူ၏ ရေရွတ်သံအဆုံးမှာပင်...
ကလစ်....
ထိုတိတ်ဆိတ်သည့်နေရာတစ်ခုလုံးတွင် ပဲတင်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်တံခါးကြီးအား ချည်နှောင်ထားသည့် သံကြိုးတစ်ချောင်း ထပ်မံပြတ်တောက်သွားခဲ့သည်။
ထိုသံကြိုး ပြတ်တောက်သွားသည်နှင့် တပြိုင်နက် တံခါးရှေ့တွင် ခဏတာမျှ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့ပြီး အနက်ရောင်တံခါး၏ အခြားဘက်ခြမ်းနှင့် ချိတ်ဆက်မှုတစ်ခုအနည်းငယ်ဖြစ်ပေါ်လာခဲ့၏။
ထိုသေးငယ်သော အက်ကွဲကြောင်းဆီမှ ထွက်ပေါ်လာသော မကောင်းဆိုးဝါးဆန်ဆန် မြည်ကြွေးသံကြီးတစ်ခုသည် မြို့တစ်မြို့လုံးကိုပင် နားစည်ကွဲထွက်သွားလောက်အောင် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ကံမကောင်းစွာဖြင့် ငွေရောင်ဆံပင်ပိုင်ရှင် နစ်ခရိုမန်ဆာမှ ဖန်တီးထားသော အကာအကွယ်လွှာတစ်ခုသည့် ထိုအသံအား အပြင်သို့မထွက်စေရန် ဤနေရာတွင်ပင် ကန့်သတ်ထားခဲ့၏။
တံခါးစောင့် နစ်ခရိုမန်ဆာ၏ အစောပိုင်း ငိုက်မြည်းမှုသည် လုံးဝ ပျောက်ကွယ်သွားပြီး ဖြစ်ကာ သူသည်လက်ထဲရှိ ထိုတံစဉ်းရှည်ကြီးကို လက်ထဲတွင် ပိုမို ကျစ်လျစ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ထို့နောက် သူ၏ တံစဉ်းကို ဝှေ့ယမ်းလိုက်ကာ ဟင်းလင်းပြင်ကိုပင် ဖြတ်တောက်ပစ်နိုင်သော ပြင်းထန်သည့်စွမ်းအင်တစ်ခုထွက်ပေါ်လာကာ ထိုငရဲတံခါးဆီမှ ထွက်ပြေးရန် ကျိုးစားနေသော ငရဲသားတစ်ဦးအား ထိမှန်သွားခဲ့လေသည်။
ထိုငရဲသားသည် အားကောင်းလွန်းသော်လည်း နစ်ခရိုမန်ဆာအစောင့်၏ တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ ထိုနေရာတွင်ပင် တစ်ချက်တည်းနှင့်သုတ်သင်ခြင်းကို ခံလိုက်ရ၏။
ထိုထွက်ပြေးလာသော ငရဲသား သေဆုံးသွားပြီးနောက် သေးငယ်သော အက်ကွဲကြောင်းသည်လည်း သူ့အလိုလို ပြန်လည်ပိတ်သွားခဲ့သည်။
"နောက်ထပ် ချိတ်ပိတ်ထားတဲ့ သံကြိုးအချောင်းသုံးဆယ်ပဲ ကျန်တော့တယ် သံကြိုးတစ်ချောင်းစီ ပြတ်သွားတိုင်းမှာ နောက်ထပ် ထွက်ပေါ်လာတဲ့သူတွေက ပိုပိုပြီး အင်အားကြီးလာကြတယ် ချည်နှောင်ခြင်းတွေ အားလုံး ပြတ်ပြီး ဒီငရဲတံခါး နောက်ဆုံး ဘယ်အချိန်မှာ ပွင့်ထွက်သွားမလဲ တကယ်ကို သိချင်နေမိပြီ..."
အစောင့်သည် သူ၏တံစဉ်းကို မူလနေရာသို့ ပြန်ထားလိုက်ကာ သူ၏ ခန္ဓာကိုယ်ကို နောက်ရှိနံရံတွင် အစောကအတိုင်း ပြန်လည်ပျင်းရိစွာ မှီထားလိုက်ရင်း တစ်ချက် သမ်းဝေလိုက်သည်။
"ဒီနေရာက အရမ်းပျင်းဖို့ကောင်းတယ် ငါလည်း အပြင်ထွက်ပြီး နဲနဲပါးပါးအပျော်လေးဘာလေး ရှာချင်သေးတာပေ့ါ"
ငွေရောင်ဆံပင်ပိုင်ရှင် နစ်ခရိုမန်ဆာသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး အစောပိုင်းပြောလိုက်သော သူ၏အသံသည် မှောက်မိုက်လွန်းသော ခန်းမကြီးတစ်လျှောက် ပဲ့တင်ထပ်သွားကာ မည်သူမျှ ကြားနိုင်ခြင်းမျိုးတော့ မရှိခဲ့ပေ။
"မျှော်စင်သခင်က လူတစ်ယောက်ကို ပြန်ခေါ်ဖို့အတွက် ဒီလောက်တောင် ဒုက္ခခံစရာလိုလို့လား"
သူသည် ထိုအနက်ရောင်တံခါးကြီးအား တစ်ဖက်ခြမ်းဆီသို့ ဖောက်ထွင်းမြင်နိုင်နေသကဲ့သို့ စိုက်ကြည့်ရင်းပြောလိုက်သည်။
"မင်း ငါ့ကို စိတ်မပျက်စေဖို့တော့ မျှော်လင့်ပါတယ် ဇက်ဖာ... နစ်ခရိုလိုင်းရေ..."
...
အနောက်တိုက်ကြီးတွင် ကုန်သည်သင်္ဘောတစ်စင်းသည် စည်ကားသော မြို့ကြီးတစ်မြို့၏ ရှေ့တွင် ဆိုက်ကပ်လိုက်၏။
ကုန်သည်များသည် ငှားရမ်းထားသော အလုပ်သမားများအား ဦးဆောင်၍ ၎င်းတို့၏ ဖောက်သည်များထံသို့ ပို့ဆောင်ရန် သေတ္တာအများအပြားကို သယ်ဆောင်ရင်း သင်္ဘောပေါ်မှ ဆင်းသက်လာကြလေသည်။
သင်္ဘောဆိုက်ကပ်နေစဉ် ဧည့်သည်များထဲမှ အချို့သည် သင်္ဘောပေါ်တွင် ဆက်လက်နေထိုင်ခဲ့ကြပြီး အချို့မှာ သန့်စင်အင်ပါယာ၏ မြို့စားမင်းဟတ် နေထိုင်ရာ ၎င်းမြို့တော်ကို အခါအခွင့်သင့်စဥ် လေ့လာနိုင်ရန် မြို့တွင်းသို့ ခေတ္တဝင်ရောက်လည်ပတ်ကြ၏။
"ဒါက တော်ဝင်မြို့တော်လား"
အာရန်ဘေးတွင် ရပ်နေသော ဝိညာဥ်လမ်းလျှောက်သူက စိတ်ဝင်တစား ဖြင့် မေးလိုက်သည်။
"ဒါက အနောက်တိုက်ကြီးရဲ့ တော်ဝင်မြို့တော်ဖြစ်ဖို့အတွက် အရမ်းသေးလွန်းပါသေးတယ်" ဟု အာရန်မှ ပြန်အဖြေပေးလိုက်လေသည်။
အာရန် မသိလိုက်သည်မှာ ဝိညာဥ်လမ်းလျှောက်သူ၏ မူလဝိညာဉ်သည်လည်း ယခု သူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ထိုကမ္ဘာကူးလာသူအား အာရန်ပြောသကဲ့သို့ အတိအကျနီးပါတူညီသောစကားများကို တစ်ချိန်တည်းတွင် အတွေးဖြင့် ဆက်သွယ် ပြောလိုက်မိခြင်း ဖြစ်၏။
ကမ္ဘာမြေမှ ဝိညာဥ်လမ်းလျှောက်သူသည် သူ၏အမေးအား လူနှစ်ဦးမှ တစ်ပြိုင်နက်တည်း ပြန်ပြောခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
သူ့စိတ်ထဲတွင်လည်း မကျေမနပ်ဖြင့် ရေရွတ်လိုက်မိသည်။
'ငါက ဘယ်လို သိမှာတုံးဟ ငါက ဒီကမ္ဘာကမှ မဟုတ်တာကိုး' ဟူ၍ပင်တည်း။
"ကျွန်တော်တို့ မြို့ထဲကို သွားကြမလား အချက်အလက်အချို့ စုဆောင်းလို့ ရတာပေ့ါ" ဟု ဝိညာဥ်လမ်းလျှောက်သူက ဂုဏ်သိက္ခာအချို့ ပြန်ရရန် ကြိုးစားရင်း အကြံပြုလိုက်သည်။
"မလိုဘူး ဒီကလူတွေရဲ့ အချက်အလက်အများစုက ငါတို့အတွက် အသုံးမဝင်သလောက်ပဲ ဘာလို့လဲဆိုတော့ သူတို့သိထားတဲ့ အချက်အလက်အတော်များများကလည်း တမင်ယုံကြည်မှုအတွက် ဖန်တီးလုပ်ကြံထားတာဖြစ်နေလို့ပဲ.."
အာရန်က ခေါင်းကို အသာအယာခါယမ်းပြရင်း ပြန်ပြောလိုက်၏။
အာရန်သည် သူ့အတွက် အဖိုးတန်သော အချက်အလက်အများစုမှာ တော်ဝင်မြို့တော်တွင်သာ ရရှိနိုင်မည်ဖြစ်ကြောင်းသိထားခဲ့ပြီး ၎င်းသည် သူ၏ နောက်ဆုံးသွားရောက်လိုသည့် ပန်းတိုင်လည်းဖြစ်သည်။
အထူးသဖြင့် ကောင်းကင်နဂါး၏ နှလုံးသားမြေပုံမှာလည်း ထိုနေရာသို့ပင် ညွှန်ပြနေသောကြောင့် ဖြစ်လေသည်။
သူတို့သည် ဤတိုက်ကြီးရှိ နေရာအများစုကို အချိန်အတော်ကြာ ခရီးနှင်ခဲ့ပြီးဖြစ်သဖြင့် တော်ဝင်မြို့တော်သို့ ရောက်ရှိရန် ရက်အနည်းငယ်မျှသာ လို့တော့သည်။
ထို့နောက် အာရန်သည် သင်္ဘောကြီးအတွင်း သူ၏ အခန်းရှိရာဆီသို့ ပြန်ရန် နောက်သို့ လှည့်လိုက်စဉ် တစ်စုံတစ်ခုကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။
အဝေးမှ ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသောကြောင့် ဖြစ်၏။
သူသည် ရုတ်တရက် လှည့်ကာ ထိုနေရာသို့ လှည့်ကြည့်လိုက်သည်။
ထိုလူသည် အာရန်တို့ရှိရာ သင်္ဘောနှင့် ဝေးကွာလွန်းနေပြီး အာရန်သည် အာရုံခံစားမှုများ ယခင်ထက် ပိုမိုမြင့်မားနေသောကြောင့်သာ ထိုသူကို အာရုံခံနိုင်ခဲ့ခြင်းလည်း ဖြစ်၏။
ထိုသူသည် အာရန်တို့တည်ရှိရာဘက်သို့ ကျောပေးထားလျှက်ရှိသောကြောင့်သူ၏ မျက်နှာကို မမြင်နိုင်ခဲ့ပေ။
သို့တိုင် ၎င်းတို့၏ ပုံသဏ္ဍာန်ကို ခန့်မှန်းကြည့်ချက်အရ ထိုသူသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းမှာ သိသာနေခဲ့သည်။
ထို့အပြင် သူမသည် သူ ရင်းရင်းနှီးနှီးမြင်ဘူးခဲ့သော တစ်စုံတစ်ယောက်ဖြစ်မှန်းလည်း သေချာနေခဲ့သည်။
အထူးသဖြင့် အာရန်၏ ပင်လယ်နဂါး သွေးမျိုးဆက် အသက်ဝင်လာခဲ့သောကြောင့်ပင် ဖြစ်၏။
၎င်းသည် လူ့ပုံသဏ္ဍာန်ဖန်ဆင်းထားသော နဂါးတစ်ကောင်ပင် ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုပါက ပင်လယ်နဂါးတစ်ကောင်သည် အခြားပင်လယ်နဂါးတစ်ကောင်အား နဂါးလျှာအစွမ်းကို အသုံးပြုခြင်း သို့မဟုတ် အခြားခြေရာလက်ရာများ ချန်ထားခဲ့ခြင်း မရှိပါက ထိုနဂါး၏တည်ရှိမှုအား ခံစားနိုင်စွမ်းရှိမည် မဟုတ်ပေ။
အာရန်သည် သူမကို မည်သို့ ခံစားသိရှိနိုင်သည်ကို သူ့ကိုယ်သူ မသေချာခဲ့ပေ။ သူ၏ သွေးမျိုးဆက်သည် အလွန်သန့်စင်လွန်းနေ၍ကြောင့်လော...။
သို့မဟုတ် ထိုရင်းနှီးသော အမျိုးသမီးနှင့် သူ၏ ပင်လယ်နဂါး သွေးမျိုးဆက်သည် သတိပြုမိစေလောက်သည်အထိ အားကောင်းသော သွေးမျိုးဆက်ခြင်း ဆက်သွယ်မှုမျိုးရှိနေ၍ လော...။
ထို့နောက် အာရန်၏ စိတ်ထဲတွင် ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်း သံသယများ ပျောက်ကင်းသွားခဲ့သည်။
#Catfoot