ကျန်းမာရေးအတွက်
Vol. 23 Ch. 325
.....
အာရန်သည် ပင်လယ်နဂါးဧကရီမှာ ဤသန့်စင်အင်ပါယာ၏တစ်နေရာရာတွင် ပုန်းအောင်းနေသည်ဟူသော ကောလဟာလများကို လမ်းတစ်လျှောက်တွင် ကြားဖူးထားပြီး ဖြစ်သည်။
သူမကို သန့်စင်အင်ပါယာမှ လိုက်လံ ဖမ်းဆီးနေသည်ဟူ၍လည်း ကောလာဟလ များထွက်ပေါ်ခဲ့လေသည်။
သူမကြောင့် သန့်စင်အင်ပါယာအတွင်းသို့ သင်္ဘောများ ဝင်ရောက်ရာတွင် ကန့်သတ်ချက်များ မရှိသေးသော်လည်း အင်ပါယာနယ်စပ်မှ ထွက်ခွာသည့် သင်္ဘောများအားလုံးကိုမူ အစောင့်အရှောက်များက သေချာစွာ စစ်ဆေးနေကြလေ၏။
အာရန်သည် ပင်လယ်နဂါးဧကရီနှင့် ပတ်သက်သည့် ကောလာဟလများ မည်မျှ မှန်ကန်သည်ကို မသိနိုင်ပေ။
သူသိသည်မှာ သူမသည် သန့်စင်ဘုရားကျောင်းမှ တစ်စုံတစ်ဦးကို သတ်ဖြတ်ခဲ့မိပြီး ၎င်းက သူမကို ဤပြဿနာတောထဲသို့ ကျရောက်စေခဲ့ခြင်းပင် ဖြစ်သည်။
"သူမရဲ့ စိတ်နေစိတ်ထားအရ ဒါက ဖြစ်နိုင်ချေတော့ ရှိတယ်"
သူမ ဘယ်သူ့ကို သတ်ခဲ့မိသည် ဆိုခြင်းကိုမူ အာရန်တစ်ယောက် သိမထားခဲ့ပေ။
အာရန်သာ ထိုသူအားသိထားမည်ဆိုပါက အရာအားလုံးမှာ သူထိုစဥ်က ပြုလုပ်လိုက်သောအပြုအမူများ၏ အကျိုးဆက်များဖြစ်ကြောင်း သိနိုင်ခဲ့လိမ့်မည်ဖြစ်၏။
အခုအချိန်ထိမူ သူမသည် သန့်စင်ဘုရားကျောင်းမှ အခြားအဖွဲ့ဝင်တစ်ဦးအား သတ်ခဲ့မိခြင်း ဟူ၍သာ ယုံကြည်ထားခဲ့သည်။
'ဟိုဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီယယ် ကို သတ်မိခဲ့တုံးက ငါသာ အချိန်မီ အင်ပါယာကနေ မထွက်ခွာနိုင်ခဲ့ရင် ခုနဂါးဧကရီလိုပဲ အမဲလိုက်တာခံနေရမလားမသိဘူး' ဟု မြို့ထဲသို့ ဝင်သွားပြီး သူ့မျက်စိအောက်မှ ပျောက်ကွယ်သွားသော ပင်လယ်နဂါးဧကရီကို စိုက်ကြည့်ရင်း တွေးမိလိုက်သည်။
သူသည် ပင်လယ်နဂါးဧကရီကို နောက်တစ်ကြိမ် ထပ်မံတွေ့သည့်အခါ သူမကို ပညာပေးမည်ဟု ကတိပြုထားခဲ့သည်။
သို့သော် သူသည် ထိုအဆင့်သို့ မရောက်သေးဟု ခံစားနေရဆဲဖြစ်၏။
အာရန်သည် သက်ပြင်းတစ်ချက်ချရင်း နောက်သို့ ပြန်လှည့်လိုက်ပြီး ၎င်းတို့၏ လမ်းကြောင်းများအား ယခုအချိန်တွင် မဆုံမိစေရန်သာ ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေ ပင်လယ်နဂါးဧကရီအတွက်နှင့် ဘုရားကျောင်းတော်နှင့် သန့်စင် အင်ပါယာတို့အား အလုပ်များနေစေခြင်းသည် အကောင်းဆုံးအရာပင် ဖြစ်သည်မဟုတ်ပါလား...။
[ဂုဏ်ယူပါတယ် ရွေးချယ်မှုတွေ ထပ်မံ ပေါ်ထွက်လာပါပြီ]
"အခုချိန်ကြီးလား"
အာရန်က သူ၏ ရှေ့တွင် ပေါ်လာသော စနစ် မျက်နှာပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
အဘယ်ကြောင့်မှန်း မသိသော်လည်း ၎င်းနှင့်ပတ်သက်၍ သူ့တွင် အလွန် မကောင်းသော ခံစားချက်များ ရှိနေခဲ့သည်။
အာရန်သည် စနစ်၏ ရွေးချယ်မှုများကို ရယူခဲ့ပြီးဖြစ်သဖြင့် အတွေ့အကြုံများစွာ ရှိနေခဲ့ပြီးဖြစ်လေ၏။
ယခုကဲ့သို့ အချိန်အခါကို ကြည့်ခြင်းဖြင့်ပင် ၎င်းရွေးချယ်မှုများက သူ့အား မည်သို့သော ပြဿနာမျိုးများ ဆောင်ကြဉ်းလာမည်ကို ခန့်မှန်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
[ရွေးချယ်မှု တစ်: ပင်လယ်နဂါးဧကရီ၏ တည်နေရာကို သန့်စင် ဘုရားကျောင်း မှ အစောင့်အရှောက်များအား အသိပေးပြီး သူမအား အဖမ်းခံရအောင်ပြုမူပါ။
ဆုလာဘ်: သန့်စင် အင်ပါယာ၏ တော်ဝင်မြို့တော် မြေပုံ]
'သူမကို အဖမ်းခံရအောင် ပြုမူရမယ်ဟုတ်လား ငါ့ ကိုယ့်ခြေထောက်ကို ကိုယ် ဓားနဲ့ပြန်ထိုးတဲ့ အထိတော့ မိုက်မဲတဲ့သူ မဟုတ်သေးဘူးကွ'
အာရန်သည် ပထမရွေးချယ်မှုကို လုံးဝ မစဉ်းစားခဲ့ပေ။ ဤအရာဖြင့် သန့်စင် အင်ပါယာ၏ မျက်နှာသာကို ရယူနိုင်သော်လည်း ထိုမျက်နှာသာသည် တန်ဖိုးမရှိပေ။
သူသည် သတင်းပေးတစ်ဦးမျှသာ ဖြစ်မည်ဖြစ်ကာ အပြန်အလှန်အားဖြင့် ငွေကြေးအချို့ကိုသာ ရရှိနိုင်ပေမည်။
ထို့အပြင် ပင်လယ်နဂါးဧကရီ ဖမ်းဆီးခံရပါက သူမကို ရှာဖွေခြင်းဖြစ်စဥ်သည် ရပ်တန့်သွားမည်ဖြစ်၏။
ထိုအခါ ဤတိုက်ကြီးတစ်လျှောက် ဖြန့်ကျက်ထားသော သန့်စင်အင်ပါယာ၏ အစောင့်အရှောက်များအားလုံးသည် တော်ဝင်မြို့တော်သို့ ပြန်လည် ခေါ်ယူခြင်းခံရနိုင်ဖွယ် ရှိနေသည်။
နောက်ဆုံးတွင် ၎င်းသည် တော်ဝင်မြို့တော်၏ လုံခြုံရေးကို ပိုမို ခိုင်မာစေရန်သာ ဖြစ်သွားမည်ဖြစ်သည်။
ထိုသို့ဆိုပါက သူ့အတွက် ပို၍ပင် ဒုက္ခရောက်စေလိမ့်မည်ဖြစ်၏။
ပင်လယ်နဂါးဧကရီကို သူ မနှစ်သက်သော်လည်း ထိုအကျိုးဆက်များကိုတော့ မေ့ထား၍မရပေ။
[ရွေးချယ်မှု နှစ်: ပင်လယ်နဂါးဧကရီကို လျစ်လျူရှုပြီး သူမကို မမြင်ခဲ့ဟန်ဆောင်နေလိုက်ပါ။
ဆုလာဘ်: ကံကောင်းခြင်း +၂]
[ရွေးချယ်မှု သုံး: ပင်လယ်နဂါးဧကရီကို သန့်စင်အင်ပါယာ၏ တော်ဝင်မြို့တော်သို့ ခိုးဝင်နိုင်ရန် ကူညီပေးပါ။
ဆုလာဘ်: ထောင်ချောက်ဆင်ထားမှုများအား ထောက်လှန်းနိုင်သည့် သံလိုက်အိမ်မြှောင် (ရှားပါးအဆင့်)]
[ရွေးချယ်မှု လေး : ပင်လယ်နဂါးဧကရီကို သတ်လိုက်ပါ။
ဆုလာဘ်: ကောင်းကင်နဂါး၏ နှလုံးသားဆီမှ အမျက်ဒေါသ]
"ကောင်းကင်နဂါးရဲ့ နှလုံးသားဆီက အမျက်ဒေါသဆိုပါလား"
အာရန်သည် နောက်ဆုံးရွေးချယ်မှုကို ကြည့်လိုက်ပြီး အံ့အားသင့်သွားမိသည်။
အကယ်၍သူသည် ပင်လယ်နဂါးဧကရီကို သတ်လိုက်လျှင်ပင် ကောင်းကင်နဂါး၏ နှလုံးသားနှင့် ဘာဆိုင်မည်နည်း။
၎င်းသည် သက်ရှိပစ္စည်းတစ်ခုဟု ခေါ်ဆို၍ရသေးလို့လား....။ ဒါမှမဟုတ် အမှန်တကယ် သက်ရှိပစ္စည်းတစ်ခုပင်လား...။
အာရန် စဉ်းစားလေ ပို၍ စိတ်ရှုပ်ထွေးလာလေဖြစ်၏။
ကောင်းကင်နဂါး၏ နှလုံးသားဆိုသည့်အရာသည် မည်သို့သောအရာမျိုးနည်း။
သူသည် ၎င်း၏ မျိုးနွယ်တူတစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအား သိရှိနိုင်သည့် မူလကောင်းကင်နဂါး၏ ဝိညာဉ်အကြွင်းအကျန်တစ်ခုခုများ ၎င်းတွင် ကပ်ငြိနေခဲ့၍လော...။
'ဒါဆိုရင်တောင် ငါက အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးသား မဟုတ်နေဘူးလား ငါ က အရင်ကတည်းက တော်ဝင်ပင်လယ်နဂါး တစ်ကောင်ကို သတ်ခဲ့ပြီးပြီပဲလေ'
အာရန်သည် နောက်ဆုံးရွေးချယ်မှုကို ကြည့်လိုက်ပြီး တစ်ခုခု လွဲချော်နေသလို ခံစားလိုက်ရသည်။
သို့သော် နောက်ဆုံးတွင် သူသည် အန္တရာယ်ကို လက်ယက်မခေါ်လိုတော့ပေ။
ပင်လယ်နဂါးဧကရီကို သတ်ဖြတ်ရန်လမ်းစဥ်အား သူလက်လျှော့လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ အာရန်သည် သူမကို သတ်နိုင်မည်ဟုလည်း သူ့ကိုယ်သူ ထိုမျှ ယုံကြည်ချက်ရှိမနေခဲ့ပေ။
ဤနေရာသည် သန့်စင်အင်ပါယာ၏ အကြီးတန်းဂိုဏ်းအုပ်ဘုန်းတော်ကြီး တစ်ပါးဖြစ်သည့် မြို့စားတစ်ဦး၏ မြို့တော်ဖြစ်သောကြောင့် သူ့ကိုယ်သူ ဖော်ထုတ်မိပါက နောက်ဆက်တွဲများသည် ဆိုးဝါးသွားမည်ဖြစ်လေသည်။
မလိုအပ်သည့် အန္တရာယ်များကို မယူမိရန်အတွက် မလိုအပ်သော ရွေးချယ်မှုများကို ဖယ်ရှားလိုက်ရာ သူ့အတွက် ရွေးချယ်မှု နှစ်နှင့်
ရွေးချယ်မှု သုံး ဆိုသည့် ရွေးချယ်မှု နှစ်ခုထဲတွင် နောက်ဆုံးအနေနှင့် ရွေးချယ်ရန်မှာ တစ်ခုတည်းသာ ကျန်ရှိတော့၏။
သူသည် ပင်လယ်နဂါးဧကရီကို ဤနေရာတွင်လွှတ်ထားခဲ့ပြီး သူ၏ ကံကောင်းခြင်းကို တိုးပွားစေနိုင်သည်။
သို့သော် သူ့အတွက် စနစ်ဆီမှ ကံကောင်းခြင်းဆိုသည့်အရာသည် အကြီးမားဆုံး လိမ်ညာမှုတစ်ခုဖြစ်သောကြောင့် ထိုရွေးချယ်မှုကို သူ စိတ်မဝင်စားပေ။
အခြားတစ်ဖက်တွင်မူ ပင်လယ်နဂါးဧကရီကို တော်ဝင်မြို့တော်သို့ ခေါ်ဆောင်သွားခြင်းသည် အန္တရာယ်များနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အကျိုးတစ်ခုလည်းရှိနေခဲ့သည်။
သူမသည် သူ့အား သူမ၏ မောင်ကို သတ်ခဲ့သူအဖြစ် မသိသေးမချင်း သေခြာပေါက် အသုံးချနိုင်လေသည်။
သန့်စင်ပရောဟိတ်မနှင့် ပင်လယ်နဂါးဧကရီကို တော်ဝင်မြို့တော်တွင်တွေ့ဆုံရန် ပြုမူလိုက်မိပါက ပိုမိုကောင်းမွန်သည့် အစီအစဥ်တစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် သူသည် သန့်စင်ပရောဟိတ်မကို ဘုရားကျောင်းတော်မှ အပြင်သို့ ထွက်လာစေနိုင်မည်ဖြစ်၏။
ထိုနှစ်ဦးအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားပါက သူ၏ သေတ္တာလေးဆီမှ ဒုတိယချိတ်စည်းကို ဖယ်ရှားနိုင်ရန် ထိုနတ်ဘုရားမဆီမှ သွေးတစ်စက်ကို စုဆောင်းရန် အခွင့်အရေးကောင်းတစ်ခုလည်း ရလာနိုင်လေသည်။
၎င်းသည်ကား ဤအခွင့်အရေးတွင် သူကိုယ်တိုင်၏ အသုံးချနိုင်စွမ်းနှင့် ကံကြမ္မာပေါ်တွင် လုံးလုံးလျားလျားပင် မူတည်နေသည်။
အာရန်သည် ထိုသို့ စဉ်းစားရင်းဖြင့် ရွေးချယ်မှုတစ်ခုကို ရွေးချယ်ခြင်း မပြုမီ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ထို့နောက် သူသည် သင်္ဘောပေါ်မှ ခုန်ချလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ တတိယရွေးချယ်မှုကို ရွေးချယ်လိုက်လေသည်။
"သူမကို လူတိုင်း လိုက်လံရှာဖွေနေကြတာပဲ တတိယရွေးချယ်မှုက ပြောတာထက် လုပ်ရတာ ပိုခက်မှာ သေချာတယ် ဒါပေမဲ့ ဖြစ်ချင်ရာဖြစ်စေတော့ ပိုလွယ်တဲ့ ရွေးချယ်မှုတွေကို ရွေးပြီး ငါ ဒီအဆင့်ကို ရောက်လာတာမှ မဟုတ်တာ သူမ ငါ့ကို တိုက်ရိုက် မတိုက်ခိုက်ဖို့ပဲ မျှော်လင့်ရမယ်"
အာရန်သည် သူ၏ခေါင်းကို တစ်ချက်ပြန်ကုတ်ရင်း မြို့တော်ဘက်သို့ လျှောက်လာလိုက်သည်။
သူ့ဘေးတွင် ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာကာ ဝိညာဥ်လမ်းလျှောက်သူ ထွက်ပေါ်လာခဲ့၏။
"နောက်ဆုံးတော့ ခင်ဗျား မြို့ထဲကို ဝင်ပြီး သတင်းအချက်အလက် စုဆောင်းဖို့ ဆုံးဖြတ်လိုက်ပြီပေ့ါ အချိန်ကုန်သက်သာအောင် မြို့ထဲကို တိုက်ရိုက် ဂိတ်တံခါးပေါက် ဖွင့်ပေးရမလား.."
သူသည် အာရန်ရှေ့တွင် နောက်ထပ် ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လိုက်သော်လည်း အာရန်သည် ဂိတ်တံခါးပေါက်ကို မြင်လိုက်ရသည့်အခါ မဲ့ပြုံးတစ်ချက်သာပြုံးပြလိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည်။
"ပျင်းမနေပါနဲ့ လမ်းလျှောက်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်"
အာရန်က ရှက်ရွံ့ခြင်း တစ်စက်မှ မရှိဘဲ ခပ်တည်တည်ပင် ပြောလိုက်၏။
ဂိတ်တံခါးပေါက်ကို သူအဘယ်ကြောင့် အသုံးမပြုချင်ရသည့် အဓိက အကြောင်းရင်းကိုမူ မပြောပြခဲ့ပေ။
#Catfoot