ဧကရီမဟုတ်ဘူး
Vol. 23 Ch. 326
….
ဝိညာဥ်လမ်းလျှောက်သူသည် အာရန်ကို မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သည်။
ဤလူသည် ကျန်းမာရေးအကြောင်းကို အမှန်တကယ်ပြောနေခဲ့ခြင်းလား။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ထိုသူသည် မစ်ထ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သူဖြစ်၏။
မည်သည့်ရှုထောင့်ကမှ ကြည့်သည်ဖြစ်စေ ၎င်းသည် ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း ရှိမနေပေ။
အာရန်ကဲ့သို့လူမျိုးက ကျန်းမာရေးအတွက် ကောင်းမွန်သည့် အရာများအကြောင်း ပြောဆိုခြင်းသည် မိန်းမလိုက်စားသူ ပလေးဘွိုင်းတစ်ဦးက အကျင့်သိက္ခာအကြောင်း တရားဟောနေခြင်းနှင့် တူမနေဘူးလား...။
သို့တိုင် သူသည် သူ၏ အတွေးများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောရဲချေ။
ထို့ကြောင့် မြို့အဝင်ဝသို့ ဦးတည်နေသော အာရန်နောက်သို့သာ ခပ်ကုပ်ကုပ်ဖြင့် လိုက်ပါခဲ့ရသည်။
မကြာမီပင် သူတို့နှစ်ဦးသည် မြို့အဝင်ဝသို့ ရောက်ရှိလာကြသည်။
ဤမြို့သည် တော်ဝင်မြို့တော်မှလွဲ၍ အဓိက စီးပွားရေး ဗဟိုချက်မတစ်ခုလည်း ဖြစ်လေသည်။
အထူးသဖြင့် ၎င်း၏ မြို့တော်ဝန်သည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သောကြောင့်ပင် ဖြစ်၏။
ထို့ကြောင့်ပင် ၎င်းသည် လုံခြုံရေး အထူးတင်းကျပ်သော မြို့တစ်မြို့လည်း ဖြစ်လေသည်။
မြို့အဝင်ဝတွင်ပင် အာရန်သည် အစောင့်တပ်သား အများအပြားကို တွေ့ခဲ့ရသည်။
သို့တိုင် သူ့မျက်လုံးထဲတွင် ၎င်းတို့အားလုံးသည် အသုံးမဝင်ဟု မြင်မိနေသည်။
အဘယ်ကြောင့်ဆိုသော် ပင်လယ်နဂါးဧကရီ၏တည်ရှိမှုပင် ၎င်းတို့သည် သတိထားမိခြင်းမရှိခဲ့ကြသောကြောင့်ဖြစ်လေသည်။
"မင်းရဲ့မှတ်ပုံတင်ကို ပြပါ" ဟု အစောင့်တပ်သားတစ်ဦးက အာရန်အား ပြောလိုက်သည်။
"ဟုတ်ကဲ့ပါဗျာ"
ထို့နောက် အာရန်သည် ကြုံရာ ကျပန်းကတ်ပြားတစ်ခုကို ထုတ်၍ပြလိုက်သည်။
အဝေးမှကြည့်လျှင် ၎င်းသည် မှတ်ပုံတင်ကတ်ပြားတစ်ခုနှင့်တူညီသော်လည်း သေချာစွာ ကြည့်လျှင်မူ ၎င်းသည် သာမန်သတ္တုပြားလေးတစ်ခုသာ ဖြစ်လေသည်။
အစောင့်အရှောက်သည် အတုအယောင် ကတ်ပြားကို ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်မိ၏။
သို့သော် အာရန်၏ လက်ချောင်းများက သူ့ကိုယ်အား ထိမိသည်နှင့် သူ၏ မျက်နှာအမူအရာသည် လျင်မြန်စွာ ပြန်လည် ပြေလျော့သွားခဲ့သည်။
သူ၏ မှတ်ဉာဏ်များသည်တစ်စုံတစ်ခု၏ တိုက်ရိုက် ခြယ်လှယ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင် ဖြစ်သွား၏။
အာရန်သည် လီရွန်၏ စွမ်းရည်များကို အသုံးပြု၍ အတုအယောင် မှတ်ပုံတင်ကပ်ပြားကိုမြင်ခဲ့သော ထိုအစောင့်အရှောက်၏ မှတ်ဉာဏ်များကို ပြန်လည်ပြင်ဆင်လိုက်ကာ ၎င်းကို အစစ်အမှန်ဟု ယူဆမိသွားရန် သူ၏စိတ်ကို ပြောင်းလဲပစ်လိုက်သည်။
"အခု ကျွန်တော်တို့ ဖြတ်သန်းခွင့် ရပြီလားဗျာ" ဟု အာရန်သည် ထိုအစောင့်အား ပြန်မေးလိုက်သည်။
အစောင့်တပ်သားက သတိလစ်နေရာမှ ရုတ်တရက်လန့်နိုးလာကာ အာရန်က သူ၏ မှတ်ပုံတင်ကတ်ပြားကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်ကို သတိပြုမိလိုက်၏။
အဘယ်ကြောင့်မှန်း မသိသော်လည်း သူ၏ခေါင်းမှာ အနည်းငယ် လေးလံနေသလို ခံစားလိုက်ရသည်။ သို့တိုင် အကြောင်းရင်းကိုမူ သူ နားမလည်နိုင်ခဲ့ပေ။
သာမန်အစောင့်တပ်သားတစ်ဦး အနေဖြင့် သူသည် ထိုကဲ့သို့ဦးနှောက်အတွင်း ဝင်ရောက်ခြယ်လှည်နိုင်သည့် အစွမ်းမျိုးကို လုံးဝ မခုခံနိုင်ခဲ့ပေ။
အထူးသဖြင့် ၎င်းသည် S အဆင့်သူရဲကောင်းတစ်ဦး၏ စွမ်းရည်ဖြစ်နေပြီး အားနည်းသူများ၏ မှတ်ဉာဏ်များကို ခြယ်လှယ်သောအခါ ပို၍ပင် ထိရောက်မှုရှိခဲ့လေသည်။
ထိုခြယ်လှယ်မှုသည် ဤကမ္ဘာရှိ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဆင့်ရှိသော ပုဂ္ဂိုယ်များအပေါ် ထိုမျှအထိ ထိရောက်မှု မရှိနိုင်သော်လည်း နတ်ဘုရားမများထံမှ အနည်းငယ်မျှသော ကောင်းချီး အကာအကွယ်ကိုသာ ရရှိထားသည့် သာမန်အစောင့်တစ်ဦးအတွက်မူ ကောင်းမွန်စွာ အလုပ်ဖြစ်ခဲ့၏။
"သွားကြစို့" ဟု အာရန်က ဝိညာဥ်လမ်းလျှောက်သူအား ပြောကာ ထိုအစောင့်တပ်သားဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။
ဝိညာဥ်လမ်းလျှောက်သူသည် သူ၏ မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသည်။
သူသည် အာရန်ကဲ့သို့ အသွင်ပြောင်းလဲနိုင်သည့်စွမ်းရည်များ မရှိသောကြောင့်ပင် ဖြစ်၏။
သို့သော် သူဝတ်ဆင်ထားသည့် မျက်နှာဖုံးနှင့် အဝတ်အစားများသည် သူရဲကောင်းအကယ်ဒမီတွင် ဝတ်ဆင်ခဲ့သည်များနှင့် လုံးဝကွဲပြားနေသောကြောင့် သူအား မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ခွဲခြားရအတော်လေးခက်ခဲသွားပြီဖြစ်သည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ စစ်ဆေးနေသော အစောင့်များသည် သူ့အား မျက်နှာဖုံးချွတ်ပေးရန် တောင်းဆိုမည် ဖြစ်သော်လည်း အာရန်မှ ထိုပြဿနာကိုပါ တစ်ပါတည်း ဖြေရှင်းပေးခဲ့သည်။
သူသည် အစောင့်တပ်သားအား ဝိညာဥ်လမ်းလျှောက်သူ၏ မျက်နှာကို စစ်ဆေးပြီးဖြစ်ကြောင်း၊ ဖော်ပြထားသော ဧည့်သည်များစာရင်းနှင့် ကိုက်ညီမှုရှိကြောင်း အတွေးဝင်သွားစေခဲ့သည်။
....
အာရန်သည် အထဲသို့ ဝင်ရောက်လိုက်သည်နှင့် အနောက်တိုက်ကြီး၏ စည်ကားသာယာသော မြို့တစ်မြို့ကို နောက်ဆုံးတွင် မြင်တွေ့ခွင့် ရလိုက်လေတော့သည်။
ယခင်က ကုန်သည်သင်္ဘောပေါ်မှနေ၍သာ မြို့များကိုလှမ်းမြင်ခဲ့ရခြင်းဖြစ်ကာ ဤသည်မှာ အနောက်ပိုင်းတိုက်ရှိ မြို့တစ်မြို့အတွင်းသို့ အာရန်အနေနှင့် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ဘူးခြင်းလည်း ဖြစ်၏။
ဤမြို့လေးအတွင်းရှိ စည်ကားသော လမ်းမများတွင် ကုန်သည်များ၊ ခရီးသွားများ၊ နှင့် သန့်စင် ဘုရားကျောင်းမှ ဘုန်းတော်ကြီးများဖြင့် ပြည့်နှက်နေခဲ့သည်။
လူပေါင်းများစွာသည် မိမိတို့အလိုရှိရာသို့ ကူးလူးသွားလာလျှက်ရှိနေကြကာ ထိုမြင်ကွင်းသည် အာရန်အား သူ၏ မူလကမ္ဘာမြေပေါ်ရှိ မြို့ကြီးများဆီမှ စည်ကားသော လမ်းမများကို အမှတ်ရသွားစေ၏။
ဤမြို့၏ အခြေခံအဆောက်အအုံသည်လည်း မဆိုးလှပေ။ ၎င်းသည် အရှေ့တိုက်ကြီးရှိ အဆောက်အအုံများကဲ့သို့ ရှေးကျခြင်းမျိုး မရှိသလို တောင်ပိုင်းတိုက်ကြီးကဲ့သို့ ခေတ်မီလွန်းနေခြင်းမျိုးလည်း မဟုတ်ပေ။
ယင်းအစား အလယ်ခေတ်ဆန်သည်ဟု ခံစားရသည်။
၎င်းသည် ဗစ်တိုးရီးယားခေတ်မြို့ထဲသို့ ဝင်ရောက်မိသွားသကဲ့သို့ပင် ဖြစ်နေလေသည်။
ထိုအဆောက်အအုံများကြားတွင် ထင်ရှားသော အဆောက်အအုံ နှစ်ခုရှိနေ၏။
တစ်ခုမှာ မြို့တော်ဝန်၏ အိမ်တော်ရာဖြစ်ပြီး နောက်တစ်ခုမှာ သန့်စင်ဘုရားကျောင်း၏ ဌာနခွဲတစ်ခု ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ မြို့တော်ဝန်ပင်လျှင် ဘုရားကျောင်း၏ နောက်လိုက်တစ်ဦးဖြစ်သောကြောင့် ဘုရားကျောင်းဆောင်တည်နေရာမှာ ပိုမို၍ ခမ်းနားထည်ဝါနေဟန်ရလေသည်။
လမ်းမများတွင် ဈေးဝယ်သူများ၏ စျေးဆစ်သံများ၊ ဒင်္ဂါးပြားခြင်း ထိခတ်မိသံများနှင့် စည်းကမ်းထိန်းသိမ်းရေး အစောင့်များ၏ ရံဖန်ရံခါ အော်ဟစ်ကြိမ်းမောင်းသံများဖြင့် ဆူညံလျက်ရှိနေသည်။
အာရန်နှင့် ဝိညာဥ်လမ်းလျှောက်သူတို့သည် လူအုပ်ကြီးကြား ရောနှော၍ လျှောက်လှမ်းလာခဲ့ကာ နှစ်ဦးစလုံးသည် ဤမြို့လေးအား အတော်လေးနှစ်သက်မိနေကြ၏။
သူတို့သည် ဤကဲ့သို့ ဆန်းကျယ်သော နိုင်ငံခြားမြို့တစ်မြို့သို့ ပထမဆုံးအကြိမ် လျှောက်လည်ဖူးသော ကလေးငယ်လေးများနှင့်ပင် တူညီနေခဲ့ကြသည်။
သို့တိုင် အာရန်သည် ဤမြို့သို့ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။
သူ၏ မျက်လုံးများက ပင်လယ်နဂါးဧကရီအား ဆက်လက် ရှာဖွေနေသော်လည်း သူမ၏ အရိပ်အယောင်ကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။
ပင်လယ်နဂါးသွေးမျိုးဆက်ကြောင့် သူမ၏ တည်ရှိနေခြင်းကို သူ ခံစားနိုင်သော်လည်း နေရာ အတိအကျကိုမူ သိရှိနိုင်ခြင်း မရှိပေ။
အာရန်အတွက် သေချာပြောနိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုအမျိုးသမီးသည် ဤမြို့ထဲတွင် ရှိနေဆဲပင် ဖြစ်လေ၏။
ပင်လယ်နဂါးဧကရီသည် မြို့တော်အတွင်းရှိ ပင့်ကူမျှင်များကဲ့သို့ ပွထနေသော လမ်းကြောင်းများစွာထဲမှ တစ်ခုထဲတွင် ဝင်ရောက် ပျောက်ကွယ်သွားခဲ့ဟန်ရသည်။
"သူမ ဝေးဝေးရောက်မှာတော့ မဟုတ်သေးဘူး" ဟု အာရန်က မြို့ထဲသို့ ဆက်သွားရင်း ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်မိသည်။
ခဏမျှ ဆက်လက်ရှာဖွေပြီးနောက် အာရန်သည် လမ်းကြားတစ်ခု၏ ရှေ့တွင် ရပ်လျက်ရှိနေသည့် ဘုန်းတော်ကြီးအုပ်စုတစ်စုကို သတိပြုမိလိုက်၏။
သာမန်ပြည်သူများကို ဝေးဝေးနေစေရန် ထိန်းထားသည့် ဘုန်းတော်ကြီးအချို့လည်း ရှိနေခဲ့သည်။
"သူတို့ သူမကို ရှာတွေ့သွားပြီလား" ဟု တွေးမိလိုက်သဖြင့် ထိုလမ်းကြားအနီးရှိ အခြား လမ်းကြားတစ်ခုထဲသို့ ဝင်ရောက်လိုက်သည်။
ထို့နောက် အာရန်သည် ဤလမ်းကြားအတွင်း လူခြေပြတ်နေခြင်းအား အခွင့်ကောင်းယူကာ အမြင့်သို့ ခုန်တက်လိုက်ကာ ခေါင်မိုးတန်းတစ်နေရာတွင် ဆင်းသက်လိုက်သည်။ ထိုခေါင်မိုးတန်းဆီမှ အစောပိုင်း လမ်းကြားဆီသို့ အလျင်အမြန် ကျော်ဖြတ်သွားလိုက်၏။
ဝိညာဥ်လမ်းလျှောက်သူသည်လည်း သူ့နောက်မှ လိုက်ပါလာခဲ့သည်။ မကြာမှီ ထိုအစောပိုင်း လမ်းကြား၏ပတ်ဝန်းကျင်ရှိ ခေါင်မိုးများပေါ်ကို စောင့်ကြည့်နေသော ဘုန်းတော်ကြီးတစ်ပါး ရှိနေခဲ့သည်။
ဘုန်းတော်ကြီးသည် အာရန်အားမြင်လိုက်၍ မည်သို့မျှ မတုံ့ပြန်နိုင်မီ ဝိညာဥ်လမ်းလျှောက်သူသည် ဘုန်းတော်ကြီး၏ နောက်ဘက်ဆီမှ ပေါ်လာကာ သူ၏ နောက်စေ့ကို ရိုက်နှက်လိုက်ကာ သတိလစ်မေ့မျောစေခဲ့၏။
"မင်း လူတွေကို ဒီလို နောက်ကျောက ပုန်းပြီး တိုက်ခိုက်တတ်တဲ့အကျင့်မျိုးရှိနေတာ တကယ့်ကို မယုံနိုင်စရာပဲ မင်းအစား ငါ ရှက်မိတယ်"
မူလ ဝိညာဥ်လမ်းလျှောက်သူ၏ ဝိညာဉ်သည် ကမ္ဘာမြေမှ ကူးပြောင်းလာသူဝိညာဉ်၏ လုပ်ရပ်များကို မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
သူ၏ တိုက်ခိုက်မှုပုံစံမှာ ဤမျှ အရှက်ကင်းမဲ့လွန်းသောကြောင့် သူ၏ စွမ်းရည်များကို လက်ဆင့်ကမ်း သင်ကြားပေးရခြင်းသည် အဓိပ္ပါယ်မဲ့လာသည်ဟုပင် တွေးလိုက်မိ၏။
"ပါးစပ်ပိတ်ထားစမ်း အဘိုးကြီး ခင်ဗျားနည်းလမ်းတွေအတိုင်း ကျုပ်လိုက်နာဖို့ ကြိုးစားခဲ့တယ် နောက်ဆုံးတော့ ဘာဖြစ်ခဲ့လဲဆိုတာ ခင်ဗျား မမေ့သေးဘူးလို့ ယုံကြည်ပါတယ်"
ကမ္ဘာမြေမှ ဝိညာဥ်လမ်းလျှောက်သူက အာရန်အား တစ်ချက်စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ဒီတစ်ခါတော့ ခင်ဗျားရဲ့ အဲ့ဒီသူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ကြောင့် ကျွန်တော် ထပ်ပြီး မသေချင်ဘူး"
ဝိညာဥ်လမ်းလျှောက်သူ၏ ကိုယ်တွင်းရှိ ဝိညာဉ်နှစ်ယောက်တို့သည် အချင်းချင်း ငြင်းခုံနေကြစဉ် အာရန်မှာမူ ခေါင်မိုးအစွန်းတွင် ရပ်လျက် ဘုန်းတော်ကြီးများ ပိတ်ဆို့ထားသည့် လမ်းကြားဆီသို့ ငုံ့ကြည့်လိုက်သည်။
"ဟင်း အဲဒါက နဂါးဧကရီလည်း မဟုတ်ပါလား..."
ထိုအရာသည် အာရန်၏ မျက်လုံးများ မှေးစင်းသွားချိန်၌ သူ၏ နှုတ်ခမ်းမှ ထွက်လာသည့် တစ်ခုတည်းသော စကားလုံးပင် ဖြစ်လေသည်။
(ဘာသာပြန်သူမှတ်ချက်။ ။ အလယ်ခေတ် (Medieval) ဆိုတာက ၅ ရာစု အစောပိုင်းကနေ ၁၅ ရာစု ကာလတွေအထိ အချိန်တွေကိုဆိုလိုတာပါ။ ရောမအင်ပါယာပြိုကွဲသွားပြီး ဥရောပတိုက်ရဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေ ပြန်လည်တည်ဆောက်နေဆဲဖြစ်တဲ့ အသွင်ကူးပြောင်းရေး ကြားကာလ တစ်ခုလဲဖြစ်ခဲ့ပါတယ်။ ပြည်သူတွေကို အသိပညာနဲ့ပတ်သတ်ပြီး လက်ဆင့်ကမ်းသင်ကြားပေးတဲ့နေရာမှာ ဘုရားကျောင်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အဲ့ဒီအချိန်ကာလတွေမှာ အတော်လေးအရေးပါခဲ့ပြီး ခရူးဆိတ် ဘာသာရေးစစ်ပွဲတွေ ပြင်းထန်ခဲ့တဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်။)
#Catfoot