တွေ့ပြီ
Vol. 23 Ch. 327
....
အာရန်သည် တဖျတ်ဖျက်လင်းလက်နေသော မီးရောင်များဖြင့် လင်းထိန်နေသည့် လမ်းကြားတစ်ခုအတွင်းသို့ စိုက်ကြည့်နေခဲ့၏။
လမ်းကြားထဲတွင် မိန်းမငယ်လေးတစ်ဦးသည် နံရံကို ကျောမှီလျက် ရပ်နေလေသည်။
သူမ၏ လက်ထဲတွင် သွေးများဖြင့် စွန်းပေနေသော ဓားတစ်ချောင်း ရှိနေခဲ့ပြီး ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေကာ သူမ၏ မျက်နှာသည် သွေးမရှိတော့သည့်အလား ဖြူဖျော့နေခဲ့၏။
"ကျွန်မ...ကျွန်မ မလိုက်နိုင်ဘူး... ကျွန်မ ..." ဟု မိန်းမငယ်လေးက ဆက်တိုက် ရေရွတ်နေခဲ့သည်။
သူမ၏ ဘေးတွင် ဘုန်းတော်ကြီးဝတ်စုံကိုဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းမှာ လောလောလတ်လတ် သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။
ထိုလမ်းကြားအတွင်း အခြားဘုန်းတော်ကြီးများကလည်း ထပ်မံ ပိတ်ဆို့ထားသည်။
အာရန်သည် အသက် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပုံရသော မြီးကောင်ပေါက်အရွယ် မိန်းမငယ်လေး၏ ခန္ဓာကိုယ်အတွင်း၌ မည်သည့် နဂါးသွေးမျိုးဆက်ကိုမျှ အာရုံမခံနိုင်ခဲ့ပေ။
သူမသည် ပင်လယ်နဂါးဧကရီနှင့်မသက်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ခဲ့သည်။
ထိုမိန်းမငယ်လေးနှင့် ပတ်သက်၍ ထူးခြားသည့် မည်သည့်အရာကိုမျှ သူ မမြင်တွေ့ခဲ့ပေ။
မည်သို့ပင်ဆိုစေ သူမသည် ဤတိုက်ကြီး၏ သာမန်ပြည်သူများထက်ပင် ပိုမိုအားနည်းဟန်ရသည်ဟု ခံစားမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤတိုက်ကြီးရှိ နိုင်ငံသားတိုင်းနီးပါး ရရှိထားသော နတ်ဘုရားမ၏ ကောင်းချီးသည် သူမထံတွင် ရှိမနေသောကြောင့်ပင် ဖြစ်၏။
သို့တိုင် သူမသည် နတ်ဘုရားမ၏ ကောင်းချီးများရရှိထားသော ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်တဲ့လား...။
ထိုအချက်တစ်ချက်တည်းနှင့င်ပင် သူမသည် အတော်လေး အံ့သြစရာ ကောင်းနေခဲ့ပြီဖြစ်သည်။
အခြေအနေတစ်ခုလုံးကို အပေါ်စီးမှနေ၍ စောင့်ကြည့်နေခဲ့သော အာရန်သည် အတော်လေး အံ့အားသင့်နေခဲ့သည်။
ဤမိန်းကလေးသည် သူမတစ်ဦးဖြင့် ကျွမ်းကျင်စစ်သည်တော်များစွာပင် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ဟု ယူဆရသော ဘုန်းတော်ကြီးတစ်ပါးကို သတ်နိုင်ခဲ့သူဖြစ်နေသည်။
ပိုမို ထိတ်လန့်စရာကောင်းသည်မှာ ထိုမိန်းကလေးကို ဖမ်းဆီးရန် လမ်းကြားကို ပိတ်ဆို့ထားသည့် ဘုန်းတော်ကြီးအရေအတွက်ပင် ဖြစ်၏။
မိန်းကလေးသည် ဘုန်းတော်ကြီးတစ်ပါးကို သတ်ခဲ့မိသည်ဆိုလျှင်ပင် ဤနေရာတွင် ရှိနေသော ဘုန်းတော်ကြီးအရေအတွက်သည် အနည်းငယ် လွန်ကဲနေသည် မဟုတ်ပါလား...။
"မင်း ဘယ်သူလဲဆိုတာ ကြည့်ရအောင်..."
အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသက်သွင်းရန် လက်ကို မြှောက်လိုက်သည်။
ထို့နောက် သူ၏ မျက်လုံးများသည်စိတ်ဝင်စားမှုများကြောင့် တောက်ပလာခဲ့ပြီး ထိုမိန်းကလေး၏ အချက်အလက်များကိုပြသသည့် စနစ်မျက်နှာပြင်တစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာခဲ့၏။
မျက်နှာပြင်ရှိဖော်ပြချက်များကို ကြည့်လိုက်မိသောအခါ အာရန်ကိုယ်တိုင်ပင် အတော်လေး အံ့အားသင့်သွားသည်။
သို့သော် ထိုအံ့အားသင့်မှုသည် မကြာမီပင် ဝမ်းမြောက်မှုတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများ အပေါ်ကွေးတက်သွားကာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
"ဒါ့ကြောင်းမင်းက ဘုန်းတော်ကြီးတစ်ပါးကိုတောင် သတ်ဖြတ်နိုင်ခဲ့တာပေ့ါ အံ့သြစရာမရှိတော့ပါဘူး တကယ်ကို မမျှော်လင့်ထားတဲ့ အကျိုးအမြတ်ပဲ..."
အာရန်သည် ဤကဲ့သို့သော နေရာမျိုးတွင် ဤအခြေအနေမျိုးဖြင့် သူမအား တွေ့ရှိရလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပေ။
သို့သော် ယခု တွေ့ရှိခဲ့ပြီဖြစ်သောကြောင့် ၎င်းကို လျစ်လျူရှု၍ မရနိုင်တော့ကြောင်း သူ သိလိုက်သည်။
"ဓားကိုချပြီး အရှုံးပေးလိုက်ပါ ဘုရားကျောင်းက မင်းကို သနားကြင်နာမှုလိမ့်မယ်လို့ ကျွန်ုပ် ကတိပေးပါတယ်"
သတ်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးတစ်ပါးက ရှေ့သို့ တိုးလာရင်းပြောလိုက်သည်။
သူမအား ဝန်းရံထားသော ကြင်နာမှုများပြည့်နှက်နေသည့် ကောင်းချီးတရားများသည် ခံစားမိသူများအတွက် ထိုဘုန်းတော်ကြီးအား နွေးထွေးသော မိသားစုဝင်တစ်ဦးကဲ့သို့ ယူဆသွားစေနိုင်စွမ်း ရှိနေလေသည်။
သူစိမ်းတစ်ဦးဖြစ်လျှင်ပင် ထိုကောင်းချီးစွမ်းအင်များ၏ သက်ရောက်မှုကို အလွယ်တကူခံလိုက်ရမည်ဖြစ်ကာ ၎င်းတို့အား သံသယမရှိဘဲ ယုံကြည်သွားမိကြပေလိမ့်မည်။
သို့သော် မိန်းကလေးသည် ၎င်းစွမ်းအင်၏ သက်ရောက်မှုအတွင်း သက်ဆင်းသွားသည့်ပုံ မပေါ်ခဲ့ပေ။
သူမအတွက် လွတ်လမ်းမရှိတော့သော်လည်း သူမသည် လက်နက်ချအညံ့ခံလိုစိတ် ရှိမနေခဲ့ပေ။
"မိန်းကလေး မင်းက ခုချိန်ထိ လက်နက်မချသေးတဲ့အတွက် ကျွန်ုပ်တို့ကလည်း အင်အားသုံးမှရတော့မယ် နတ်ဘုရားမရဲ့ သနားကြင်နာမှုကို ခံစားနိုင်ပါစေ..."
ဘုန်းတော်ကြီးသည် လေးနက်သောအသံဖြင့်ပြောလိုက်ပြီး အခြားဘုန်းတော်ကြီးများအား ထိုမိန်းကလေးကို ဖမ်းဆီးရန် ပြင်ဆင်ခိုင်းလိုက်သည်။
....
"မင်းတို့ သူမကို တွေ့ပြီလား"
မြို့တော်၏ ခမ်းနားသော ခန်းမဆောင်အတွင်း၌ မြို့စားမင်းအား ထိုမိန်းကလေးအကြောင်း တစ်စုံတစ်ယောက်က အသိပေးလိုက်သည်။
ထိုသတင်းကြောင့် သူသည် ဝမ်းသာလုံးဆို့သွားခဲ့၏။
"တိတိကျကျပြောရရင် ဘုန်းတော်ကြီးတစ်ပါးက သူမကို ရှာတွေ့ခဲ့တာပါ ဒါပေမဲ့ အဲ့ဒီရှာတွေ့ခဲ့တဲ့ ဘုန်းတော်ကြီးကို သူမက ပြန်သတ်လိုက်ပါတယ် တခြားသူတွေကတော့ အခုပဲ အဲဒီနေရာကို ရောက်နေကြပြီ သူမကို ဝိုင်းရံထားတယ်" ဟု ဘုန်းတော်ကြီးတစ်ဦးမှ ဤမြို့၏ မြို့စားမင်း တဖြစ်လည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား ပြောပြလိုက်သည်။
"ကောင်းတယ် အဲဒီမိန်းကလေးကို အရှင် ဖမ်းမိဖို့ သေချာပါစေ ကျုပ်တို့ အောင်မြင်ရင် သန့်စင်ပရောဟိတ်မက ကျုပ်တို့ကို ဆုချလိမ့်မယ် ဘာပဲဖြစ်ဖြစ် ပရောဟတ်မရဲ့ မျက်လုံးထဲမှာ သူမက အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်စရာဖြစ်တည်မှုမျိုးဖြစ်နေခဲ့တယ်" ဟု မြို့စားမင်းက မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်ရင်း ဝိုင်တစ်ခွက်ကို တစ်ငုံခန့်သောက်လိုက်ကာ ပြောလိုက်၏။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ထိုမိန်းကလေးသည် သန့်စင်ပရောဟိတ်မအတွက် မည်မျှ အရေးပါကြောင်း သူ သိထားသည်။
သို့တိုင် သူကိုယ်တိုင်မူ မလှုပ်ရှားခဲ့ပေ။ သူ၏လူများသည် ဘုန်းတော်ကြီးတစ်ပါးကို သတ်နိုင်ခဲ့သည့်တိုင် မိန်းကလေးကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သောကြောင့်လည်းဖြစ်၏။
မည်သို့ပင်ဆိုစေ သူမသည် ထိုမျှအထိအင်အားမကြီးမားပေ။
သူမသည် ထူးဆန်းသော စွမ်းရည်တစ်မျိုးကို အသုံးပြုနိုင်သည်ဆိုသော်လည်း ဤမျှလူအရေအတွက်ရှေ့မှာ ထိုအရာသည် အသုံးမဝင်ပေ။
သူမတစ်ယောက်တည်း၏ အစွမ်းဖြင့် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ထို့အပြင် ယခု ဤမိန်းကလေးသည် သူ၏ ပိုင်နက်မြို့အတွင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်၍ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
"နောက်ဆုံးတော့ ငါလည်း ကာဒီနယ်ရဟန်းအမတ်အဖြစ် ရာထူးတိုးနိုင်တော့မယ် ထင်တယ်.."
....
အစောပိုင်း လမ်းကြားထဲတွင်မူ ဘုန်းတော်ကြီးများသည် ထိုမိန်းကလေးကို ဖမ်းဆီးရန် ၎င်းတို့၏ ပြင်ဆင်မှုများကိုအပြီးသတ်လိုက်ပြီး ဖြစ်၏။
၎င်းတို့ထဲမှ တစ်ဦးသည် သူမ၏ ဓားခုတ်ချက်များကို သတိထားလျက် ရှေ့သို့ တိုးလာခဲ့သည်။
အစောပိုင်းဘုန်းတော်ကြီးကဲ့သို့ သူမအား အထင်မသေးဝံ့သောကြောင့်လည်း ဖြစ်သည်။
မိန်းမငယ်လေးသည် အတော်လေး တုန်ရီနေခဲ့သည်။ ဘုန်းတော်ကြီးတစ်ဦးမှ သူမအနီးသို့ ပိုမိုနီးကပ်လာသည်ကိုသာ စိုက်ကြည့်နေခဲ့မိသည်။
သူမသည် အစောပိုင်းဘုန်းတော်ကြီးကို သတ်နိုင်ခဲ့ခြင်းမှာ ထိုဘုန်းတော်ကြီးသည် သူမတွင် ဓားတစ်ချောင်းရှိနေခဲ့လိမ့်မည်ဟု မမျှော်လင့်မိခဲ့သောကြောင့် ဖြစ်လေသည်။
သို့သော် လက်ရှိဘုန်းတော်ကြီးများမှာ သူမအား သတိအပြည့်အဝထားနေကြပြီ ဖြစ်၏။
ပို၍ဆိုးသည်မှာ ဘုန်းတော်ကြီးများစွာသည် အဝေးတွင် စောင့်ဆိုင်းလျက်ရှိနေကြသည်။
သူမသည် ယခုဘုန်းတော်ကြီးကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ကျန်သည့်ဘုန်းတော်ကြီးများက သူမအား အလွတ်ပေးကြလိမ့်မည် မဟုတ်ပေ။
သူမကိုသာ ဖမ်းမိသွားပါက သူမ၏ ကံကြမ္မာကိုမတွေးမိလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ထိတ်လန့်မှုများကြောင့် အေးစက်သွားခဲ့၏။
အားလုံးသည် ထိုသန့်စင်ပရောဟိတ်မဆိုသည့် အရှင်သခင် တစ်ယောက်ကြောင့်ပင် ဖြစ်လေ၏။
ဘုန်းတော်ကြီးတစ်ဦးသည် သူမနှင့် နီးကပ်လာသောအခါ သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
သူမလက်တွင်းရှိ ဓားလေးကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်ကာ ထိုဘုန်းတော်ကြီးအားရင်ဆိုင်ရန် ရှေ့သို့ အလျင်အမြန် တိုးသွားလိုက်သည်။
သူမ၏ တိုက်ခိုက်မှုမှာ အားနည်းလွန်းနေခဲ့သည်။ အထူးသဖြင့် သူမသည် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အားနည်းသောကြောင့်လည်း ဖြစ်သည်။
သူမတွင် တိုက်ခိုက်ရေး အတွေ့အကြုံများစွာ မရှိကြောင်း ထိုအရာက သိသာနေပေသည်။
၎င်းက သူမ အစောပိုင်းက ဘုန်းတော်ကြီးတစ်ပါးကို သတ်ခဲ့မိသည့် သူမ၏ စွမ်းဆောင်ရည်ကို ပိုမို၍ အထင်ကြီးစရာ ဖြစ်လာစေခဲ့သည်။
ကံမကောင်းစွာဖြင့် သူမ၏ တိုက်ခိုက်မှုသည် လက်ရှိဘုန်းတော်ကြီးအပေါ်တွင်တော့ အလုပ်မဖြစ်ခဲ့ပေ။
ဘုန်းတော်ကြီးသည် သူမ၏ လက်ကောက်ဝတ်ကို ရိုးရှင်းစွာ ဆုပ်ကိုင်လိုက်ပြီးချိန်တွင် ဓားသည် လေထဲတွင်ပင် ရပ်တန့်သွားခဲ့၏။
"မင်းအတွက် ကံဆိုးတာက ကျုပ်က အစောပိုင်းကတစ်ယောက်လို မိုက်မဲတဲ့သူတစ်ယောက် ဟုတ်မနေတာပဲ" ဟု ဘုန်းတော်ကြီးကပြန်ပြောလိုက်ရင်း သူမ၏ လက်ကို ရိုက်ချလိုက်ကာ ထိုဓားတိုလေးအား လွင့်စင်ထွက်သွားစေခဲ့၏။
ထို့ပြင် သူမ၏ ဝမ်းဗိုက်ကို ဆက်လက် ကန်ထည့်လိုက်သဖြင့် သူမသည်လည်း အဝေးသို့ လွင့်စင်ထွက်သွားခဲ့တော့သည်။
မိန်းမငယ်လေးသည် နောက်ဘက်ရှိ နံရံနှင့် ဆောင့်မိပြီး တစ်ချက်ခန့် နာကျင်စွာ ညည်းတွားလိုက်မိသည်။
ထို ဘုန်းတော်ကြီးမှ သူမနှင့် ပိုမိုနီးကပ်လာသည်ကို စိုက်ကြည့်ရင်း သူမ၏ မျက်ဝန်းများသည် ကြောက်ရွံ့မှုဖြင့် တုန်ရီနေလေသည်။
"မင်းက ဘုန်းတော်ကြီးတစ်ပါးကို သတ်ခဲ့တယ် ပြီးတော နတ်ဘုရားမကို ဆန့်ကျင်ပြီး အပြစ်တွေလုပ်ခဲ့တယ် မင်းရဲ့ အပြစ်အတွက် မင်းကို ဒီနေရာမှာပဲ သတ်ပစ်လိုက်သင့်တယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းကို အရှင် ဖမ်းလာခဲ့ဖို့ အမိန်းရထားတာပဲ"
"အဆင့်မြင့်ဘုန်းတော်ကြီးတွေကသာ မင်းရဲ့ ပြစ်ဒဏ်ကို ဆုံးဖြတ်ပေးလိမ့်မယ် ဒါပေမဲ့ မင်းကို သူတို့ဆီ ပြန်ခေါ်မသွားခင်မှာ နတ်ဘုရားမရဲ့ စောင့်လျှောက်မှုအောက်က လူတွေကို ထိခိုက်စေခြင်းရဲ့ အကျိုးဆက်တွေကို မင်း နားလည်အောင်တော့ ကျုပ် သင်ပြပေးလိုက်မယ်"
ထို့နောက် ဘုန်းတော်ကြီးသည် ထိုအမျိုးသမီးငယ်လေး၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်း ဓားကိုင်ဖို့ အသုံးပြုတဲ့ လက်ချောင်းတွေ အားလုံးဟာ ကျိုးကြေသွားဖို့ထိုက်တန်တယ်"
"စိတ်တော့မကောင်းပါဘူး ဒါပေမဲ့ ခင်ဗျားကို အဲဒီလို လုပ်ခွင့် မပေးနိုင်ဘူး"
ဘုန်းတော်ကြီးသည် အမျိုးသမီးငယ်လေး၏ လက်ချောင်းများကို လိန်ချိုးရန် အသင့်ပြင်နေစဉ် သူ၏နောက်ဘက်ဆီမှ အသံတစ်ခုကို ကြားလိုက်ရလေသည်။
#Catfoot