အန္တာရာယ်ကို ရှာဖွေရင်း ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရခြင်း
Vol. 23 Ch. 328
....
မိန်းကလေး၏ လက်များကို ဖမ်းဆုပ်ထားသော ဘုန်းတော်ကြီးသည် သူ၏ နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည့် မရင်းနှီးသော တစ်စုံတစ်ယောက်၏ အသံကြောင့် အံ့အားသင့်သွားရ၏။
ထိတ်လန့်တကြားဖြင့် သူသည် မိန်းကလေး၏ လက်ကို လွှတ်ချလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင် မည်သူမျှရှိမနေခဲ့ပေ။
"ခင်ဗျားနဲ့ ကစားဖို့ ကျွန်တော့်မှာ အချိန်မရှိသေးလို့ပါ နောက်တစ်ခါမှပေါ့..."
ထိုအသံသည် နောက်ထပ်တစ်ကြိမ်ထပ်မံ ပဲ့တင်ထပ်လာပြီး ထိုဘုန်းတော်ကြီးသည် သူ၏ နောက်ရှိ ဘုန်းတော်ကြီးများ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာများအရ ထိုအသံပြုလိုက်သော လူသည် သူ၏နောက်သို့ တစ်ဖန် နေရာရွှေ့သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားဘုန်းတော်ကြီးများက သူတို့၏ စွမ်းရည်များကို ထုတ်ဖော်လိုက်ကြသည်။
ကောင်းသောလာခြင်းမျိုး လုံးဝမဟုတ်သော ထိုပုဂ္ဂိုလ်အား သူတို့ကလဲ ငဲ့ညှာရန်ဆန္ဒမရှိတော့ပဲ ပြန်လည် စုပေါင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
မိန်းကလေးကို တိုက်ခိုက်ခဲ့သော ဘုန်းတော်ကြီးသည် သူ၏နောက်သို့ တစ်ဖန် လှည့်ကြည့်လိုက်ရာ မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်က မိန်းကလေး၏ လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရလေသည်။
ထိုမျက်နှာဖုံးစွပ်လူ၏ နောက်ကွယ်တွင် ဝေ့ဝဲနေသော ဟင်းလင်းပြင်ဂိတ်တံခါးပေါက်တစ်ခုသည် သူ့အား နိမိတ်မကောင်းကြောင်း ဖော်ပြလျက် ရှိနေသည်။
ထို့နောက် ဘုန်းတော်ကြီးများ မည်သို့မျှ တုံ့ပြန်နိုင်ခြင်းမရှိမီမှာပင် ထိုမျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ဂိတ်တံခါးပေါက်အား ဖြတ်၍ ရုတ်တရက် ပျောက်ကွယ်သွားလေတော့၏။
ဘုန်းတော်ကြီးများထံမှ စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ထိုဂိတ်တံခါးပေါက်ကို ထိမှန်သွားခဲ့ကြသော်လည်း ၎င်းသည် လျင်မြန်စွာ ပိတ်သွားခဲ့ပြီး ၎င်းတို့အား ဘာမှမရှိသည့် နေရာလွတ်တစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။
"အဲ့ဒီ...စွမ်းရည်က..."
ဘုန်းတော်ကြီးများသည် အစောပိုင်း မိန်းကလေး ဝင်တိုက်မိပြီးနောက် ကွဲအက်ထွက်သွားသော နံရံကိုသာ အဝေးမှနေ၍ တိတ်ဆိတ်စွာ ငေးကြည့်နေမိခဲ့ကြသည်။
"ဒီလူက ... တောင်ဘက်တိုက်က သူရဲကောင်းတစ်ယောက်ပဲဖြစ်ရမယ် မြို့ကို ပိတ်ပြီး တောင်ဘက်က လူတိုင်းကို ဖမ်းမိန့်ထုတ်လိုက်"
ဘုန်းတော်ကြီးသည် နောက်ဆုံးတွင် တုံ့ပြန်မှုတစ်ခုပြုလုပ်လိုက်နိုင်ပြီး ဆက်သွယ်ရေး တံဆိပ်တုံးကို အသုံးပြုကာ မြို့ကို ချိတ်ပိတ်ရန် ပြောဆိုလိုက်သည်။
ဟင်းလင်းပြင်နှင့် ပတ်သက်သည့် စွမ်းရည်များကို ဤမျှ ကျွမ်းကျင်စွာ အသုံးပြုနိုင်သော သူရဲကောင်းသည် များစွာ ရှိမနေခဲ့ပေ။
ရှိနေခဲ့လျှင်ပင် ၎င်းတို့အားလုံးသည် သူရဲကောင်းအကယ်ဒမီနှင့် ဆက်နွှယ်နေသူများ သာ ဖြစ်မည်ဖြစ်သည်။
ဘုန်းတော်ကြီး၏ မျက်လုံးထဲတွင် တောင်ပိုင်းတိုက်ကြီးမှာ ထိုမိန်းကလေးကို ကယ်တင်ခြင်းအားဖြင့် ၎င်းတို့၏ ပြည်တွင်းရေးရာများကို ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။
မြို့စားသည်လည်း ထိုလူ ပေါ်ပေါက်လာသော မြင်ကွင်းအား မှတ်တမ်းတင်ထားသော မှတ်တမ်းတင်သလင်းကျောက်နှင့်အတူ သတင်းတစ်ရပ်ကို လက်ခံရရှိခဲ့သည်။
မှတ်တမ်းတင်သလင်းကျောက်ဆီမှ မြင်ကွင်းများကို ကြည့်ပြီးသောအခါ မြို့စား၏ မျက်လုံးများသည် မှေးမှိန်သွားခဲ့သည်။
"အကယ်ဒမီက ဝိညာဥ်လမ်းလျှောက်သူကိုတောင် ဒီကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ သူတို့က သန့်စင်အင်ပါယာကို တကယ်ပဲ ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်ကြပြီလား"
သန့်စင်အင်ပါယာ၏ မြို့စားဖြစ်သူသည် နတ်ဘုရားမ ဖရေယာ၏ ဘုရားကျောင်းတော်တွင်လည်း ထင်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် တောင်ပိုင်းတိုက်ကြီး၏ ထင်ရှားသော သူရဲကောင်းများစွာအကြောင်းကို အတော်အတန် သိရှိထားလေ၏။
အကယ်ဒမီ၏ သူရဲကောင်းများထဲတွင် အလွန်ထင်ရှားသော အမည်နာမ အနည်းငယ် ရှိနေသည်။ ဝိညာဥ်လမ်းလျှောက်သူဆိုသည့် နာမည်သည် ၎င်းတို့ထဲတွင် ပါဝင်နေခဲ့ပြီး ဟင်းလင်းပြင်မင်းသား ဟုပင် သမုခေါ်ဆိုခံထားရသူဖြစ်သည်။
မှတ်တမ်းတင်သလင်းကျောက်တွင် သူ မြင်တွေ့ခဲ့ရသော စွမ်းရည်သည် သာမန်လူတစ်ဦး ပိုင်ဆိုင်ထားနိုင်သည့် အရာမျိုး မဟုတ်နေပေ။
ထို့ပြင် ထိုဂိတ်တံခါးပေါက်သည် အတွေ့အကြုံမရှိသေးသူတစ်ဦး၏ လက်ရာဟု ယူဆရန်မှာလည်း ထိုအရာကို လျှင်မြန်စွာတည်ဆောက်လိုက်ပုံမှာ အလွန် သပ်ရပ်ပြီး တည်ငြိမ်မှုရှိလွန်းလှသည်။
၎င်းသည် ဝိညာဥ်လမ်းလျှောက်သူ၏ လက်ချက်ဖြစ်မှန်းလက်ခံလိုက်ပြီး သူ၏စိတ်ထဲတွင် သံသယမရှိတော့ပေ။
ထို့အပြင် ၎င်းသည် ဝိညာဥ်လမ်းလျှောက်သူကိုယ်တိုင် ဖြစ်နေပါက အရာများစွာသည် ပိုမို ရှုပ်ထွေးသွားပြီဖြစ်၏။
တောင်ပိုင်းတိုက်ကြီးတွင် တောင်ပိုင်းအရှင်သခင်မှလွဲ၍ ဝိညာဥ်လမ်းလျှောက်သူကို မည်သူမျှ အမိန့်မပေးနိုင်ပေ။
တိုက်ကြီးနှစ်ခုကြားရှိ ထိုကဲ့သို့ ဆက်ဆံရေးကိုပင် ထိခိုက်စေနိုင်သည့် လုပ်ရပ်မျိုးကို ထိုသူသည် ကိုယ်တိုင်ကိုယ်ကျပြုမူခဲ့ခြင်းဖြစ်ပြီး နောက်ကွယ်မှ အမိန့်ပေးသူသည် မည်သူမည်ဝါဖြစ်မှန်းမှာလည်း ရှင်းလင်း သိသာနေခဲ့သည်။
"သူတို့က အတုအယောင်ပရောဟိတ်မကို ကယ်တင်ခဲ့တယ်... သန့်စင်အင်ပါယာကို မတည်ငြိမ်မှုတွေဖြစ်အောင် ဆောင်ကျဥ်းလိုနေတာလား..."
မြို့စားမင်းသည် သက်ပြင်းချလိုက်ပြီး စိတ်ပျက်အားငယ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဝိညာဥ်လမ်းလျှောက်သူဖြစ်ပါက သူသည် တိုက်ကြီးများကိုဖြတ်ကျော်၍ ကူးသန်း ခရီးသွားလာနိုင်စွမ်း ရှိလေသည်။
ဝိညာဥ်လမ်းလျှောက်သူသည် ဤနေရာတွင် နောက်ကျကျန်ရစ်သည်အထိ မိုက်မဲသူ ဖြစ်လိမ့်မည်မဟုတ်ပေ။
တောင်ဘက်တိုက်မှ လူများကို ဖမ်းဆီးခြင်းသည်လည်း အဓိပ္ပာယ်မရှိတော့ပေ။ သို့တိုင် မြို့စားသည် ဘုရားကျောင်းမှလူများ တောင်ဘက်တိုက်ကြီးမှ လူများကို ဖမ်းဆီးခြင်းအား မတားဆီးခဲ့ချေ။
"သူတို့ တောင်ပိုင်းတိုက်က စည်းကို စကျော်တာဆိုတော့ ဒီလိုမျိုး အကျိုးဆက်မျိုးကို သူတို့လူတွေ ခံစားရသင့်တယ်" ဟု ရေရွတ်ရင်း မြို့စားသည် သူ၏အခန်းမှ ထွက်ခွာသွားခဲ့သည်။
ထိုနေရာတွင် တစ်ဝက်သာကျန်တော့သော ဝိုင်များထည့်ထားသည့် ဖန်ခွက်တစ်ခုကိုမူ ချန်ထားခဲ့လေသည်။
သန့်စင်ပရောဟိတ်မ၏ ချီးမွမ်းခြင်းကို ခံစားခွင့်ရမည့် ထိုအခွင့်အရေးကို လက်လွတ်လိုက်ရသည့်အတွက် သူအတော်လေး စိတ်မကောင်းဖြစ်မိသည်။
အတုအယောင်ပရောဟိတ်မကိုသာ သူကိုယ်တိုင်ဦးစီး၍ ဖမ်းဆီးခဲ့ပါက ဤကဲ့သို့အရာမျိုး လွယ်ကူစွာ ဖြစ်ပျက်သွားခဲ့မည် မဟုတ်ပေ။
မြို့စားမင်းသည် သူ ကိုယ်တိုင် သူမကို ဖမ်းရန် လိုက်မသွားမိခဲ့သည့်အတွက် အတော်လေး နောင်တရမိလိုက်၏။
ဝိညာဥ်လမ်းလျှောက်သူကဲ့သို့သော သူတစ်ဦးက ရုတ်တရက် ပေါ်လာပြီး ထိုကလေးမကို ကယ်တင်သွားမည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူသာ ထိုနေရာတွင် ရှိနေခဲ့ပါက ဝိညာဥ်လမ်းလျှောက်သူကို ရပ်တန့်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိနေခဲ့သည်။
၎င်းသည် သူ၏ နယ်မြေပင်ဖြစ်သည် မဟုတ်ပါလား။
ကံမကောင်းစွာဖြင့် နောင်တရသည့်အချိန်တွင်မူ အရာရာသည် အလွန် နောက်ကျလွန်းခဲ့ပြီဖြစ်၏။
သူသည် သန့်စင်ပရောဟိတ်မထံသို့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို တင်ပြရန် သတင်းစကားကိုသာ ပါးလိုက်နိုင်တော့သည်။
....
သန့်စင်ဘုရားကျောင်းမှ အစောင့်တပ်သားများသည် အနောက်တိုက်ကြီးမှ မဟုတ်သူတိုင်းကို ဖမ်းဆီးစစ်ဆေးခြင်းများ စတင်လေတော့သည်။
သူတို့သည် လမ်းတစ်လမ်းချင်းစီအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံရှာဖွေကာ တောင်ဘက်တိုက်မှ လူများစွာကို ဖမ်းဆီးခဲ့ကြသည်။
၎င်းတို့ထဲတွင် ကုန်သည်များနှင့် နေ့စားအလုပ်သမားများအဖြစ် ခေါ်ဆောင်လာသော အစေခံများပင် ပါဝင်လေသည်။
အခြားဘုန်းတော်ကြီးအုပ်စုတစ်စုမှာမူ မြို့တွင်းမှ ထွက်ခွာပြီး ကုန်သည်သင်္ဘောများပေါ်သို့ တက်ကာ သင်္ဘောပေါ်တွင် ကျန်ရစ်ခဲ့သူများကို ရှောင်တခွင် ဝင်ရောက်ဖမ်းဆီးလေ၏။
သင်္ဘောကပ္ပတိန်နှင့် ခရီးစဥ်အတွက် ပေးချေထားသော တောင်ဘက်တိုက်မှ ဧည့်သည်များသည်ပင် ဖမ်းဆီးခံခဲ့ရပြီး မြို့ထဲသို့ ဆွဲခေါ်ခြင်း ခံခဲ့ကြရသည်။
ဘုန်းတော်ကြီးများသည် မည်သူ့ကိုမျှ လွတ်မြောက်မသွားစေရန် အခန်းတိုင်းကို ပိုက်စိတ်တိုက်၍ ဂရုတစိုက် သေခြာစွာ စစ်ဆေးခဲ့ကြ၏။
အခန်းအများစုကို စစ်ဆေးပြီးနောက် ၎င်းတို့သည် အထူး ခန်းတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
ဘုန်းတော်ကြီးတစ်ပါးသည် တံခါးပေါ်သို့ လက်တင်လိုက်ပြီး တံခါးပေါက်အား ပွင့်ထွက်သွားအောင် ဖောက်ခွဲပစ်လိုက်ကာ အခန်းထဲသို့ ချင်းနင်း ဝင်ရောက်လိုက်၏။
ဘုန်း....
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်လာပြီးနောက် ခန္ဓာကိုယ်တစ်ခုသည် ထို ကွဲကြေနေသော တံခါးပေါက်မှ ဖြတ်၍ လွင့်စင်ထွက်လာခဲ့သည်။
ထိုခန္ဓာကိုယ်သည် ထိုအခန်းထဲသို့ အစောပိုင်းက ဝင်ရောက်သွားခဲ့သော ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ပင် ဖြစ်လေ၏။
သူ၏ ပါးစပ်တွင် သွေးများ ပေပွနေပြီး သူ၏ ခန္ဓာကိုယ်သည် သင်္ဘော၏ အထပ်သားများကို ဖြတ်ကျော်ကာ လုံးဝ အောက်ဘက်သို့ ပြုတ်ကျသွားခဲ့သည်။
သူသည် ထပ်မံ မလှုပ်ရှားနိုင်တော့ပေ။
ကံကောင်းစွာဖြင့် သူ၏ ရင်ဘတ်သည် တအိအိ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသေးသဖြင့် အသက်ရှင်နေဆဲ ဖြစ်ကြောင်းဖော်ပြနေသော်လည်း တစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် သတိလစ်သွားခဲ့ခြင်း ဖြစ်၏။
အခန်းထဲမှ မိန်းမငယ်လေးတစ်ဦးသည် သူမ၏ နဖူးကို ပြန်လည် ပွတ်သပ်ရင်း အပြင်သို့ ထွက်လာခဲ့သည်။
"မင်းက ဘယ်လိုသတ္တိနဲ့များ ပြန်တိုက်ခိုက်ရဲတာလဲ"
အခြားဘုန်းတော်ကြီးများသည် ချက်ခြင်းပြန်လည် တိုက်ခိုက်လိုက်သော်လည်း ထိုအမျိုးသမီးက သူမ၏ သိစိတ်ပင်လယ်အစွမ်းကို အသုံးပြု၍ ဒိုင်းကာတစ်ခု ကို ဖန်တီးလိုက်သောအခါ သူတို့၏ မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။
သာမန်ဘုန်းတော်ကြီးများသည် အနောက်တိုက်ကြီးအတွင်း နတ်ဘုရားမ၏ ကောင်းချီးဖြင့် အင်အားကြီးမားနေကြခြင်းဖြစ်သော်လည်း မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရန်မူ များစွာ ဝေးကွာနေဆဲပင် ဖြစ်၏။
သူရဲကောင်းအကယ်ဒမီ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးကို ရှာဖွေနေစဉ် မိစ္ဆာဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးနှင့် ကြုံတွေ့ရမည်ဟု ၎င်းတို့သည် အိပ်မက်ပင် မမက်မိခဲ့ကြပေ။
၎င်းတို့သည် အန္တာရာယ်ရှိသူတစ်ဦးကို ရှာဖွေရင်း ကပ်ဘေးကြီးတစ်ခုနှင့် ပက်ပင်တိုးမိခြင်းနှင့်ပင် တူညီနေခဲ့လေသည်။
အရှေ့တိုက်၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုနေသော ထိုမိန်းမငယ်လေးအား မည်သူမည်ဝါဖြစ်မှန်း သဘောပေါက်သွားချိန်တွင်မူ ၎င်းတို့အတွက် အလွန် နောက်ကျသွားခဲ့ပြီး ဖြစ်၏။
#Catfoot