သူကို ပိုပြီး စိတ်ပူမိတယ်
Vol. 23 Ch. 329
….
မိန်းကလေး၏ အော်ရာသည် အနည်းငယ်သိပ်သည်းဆပိုမိုများလာပြီး သူမ၏ ခြေလှမ်းတစ်လှမ်းစီတိုင်းတွင် သူမပတ်ဝန်းကျင်မှ အော်ရာအငွေ့အသက်များ ပိုမိုအားကောင်းလာနေသည်ကို ထိုနေရာရှိ ဘုန်းတော်ကြီးများ စတင် ခံစားမိလိုက်ကြသည်။
"သူမက ဘယ်သူလဲ" ဟု ဘုန်းတော်ကြီးတစ်ပါးက တုန်ယင်နေသော အသံဖြင့် အချင်းချင်း တိုးတိုးလေး မေးလိုက်၏။
သူတို့သည် ဤအမျိုးသမီးငယ်လေးအား မည်သူမည်ဝါဖြစ်ကြောင်းကိုပင် မသိရှိထားကြဘဲ အရှေ့တိုက်ကြီးမှ အင်အားကြီးမားသူ တစ်ဦးဖြစ်မည်ဟုသာ ယူဆထားကြသည်။
"သူမဘယ်သူဖြစ်တယ်က အရေးပါသေးလို့လား" ဟု နောက်တစ်ဦးက ခပ်တင်းတင်း ပြောဆိုလိုက်သော်လည်း သူ၏ လေသံတွင်ပင် ကြောက်ရွံ့မှု အနည်းငယ်ပါဝင်နေကြောင်း သိသာနေခဲ့သည်။
"ကျုပ်တို့ သူမကို အခုပဲ ဖမ်းမှဖြစ်မယ်"
နောက်ဘုန်းတော်ကြီးတစ်ပါးကလည်း ခေါင်းညိတ်ပြလိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
"ငါတို့ရဲ့ လုပ်ရပ်အားလုံးက နတ်ဘုရားမကို ကိုယ်စားပြုနေကြတယ် ဒ့ါကြောင့် ရှောင်ပြေးပြီး သူမကို အရှက်ရစေလို့ မဖြစ်ဘူး"
ထို့နောက် ဘုန်းတော်ကြီးများသည် တစ်ပြိုင်နက်တည်း သံပြိုင်ဆုတောင်းမှုများ ပြုလုပ်လိုက်ကြကာ မြင့်မြတ်သော သန့်စင်အင်ပါယာမှ သူတို့အား ပေးအပ်ထားသော ကောင်းချီးစွမ်းအင်များကို ထုတ်ဖော်လိုက်ကြ၏။
ရွှေရောင်အလင်းတန်းတစ်ခုသည် ဘုန်းတော်ကြီးများအား ဝန်းရံလိုက်ပြီးနောက် မြင့်မြတ်သော ကောင်းချီးစွမ်းအင်များစွာသည် လေထဲတွင် တလူလူလွင့်ပျံ၍ ပေါ်ထွက်လာကြသည်။
သင်္ဘောကုန်းပတ်သည် ဘုန်းတော်ကြီးများဆီမှ ပိုမိုလေးလံသောစွမ်းအင်များ ထွက်ပေါ်လာခြင်းကြောင့် အက်ကွဲထွက်သွား၏။
ဘုန်းတော်ကြီးများသည် လေးလံသော ဝန်ကို ထမ်းထားသကဲ့သို့ ဖြစ်နေကြကာ သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေ၏ ဆွဲငင်အားမှာ ပိုမို၍ အားကောင်းလာခဲ့သည်။
မကြာမီမှာပင် နတ်ဘုရားမ၏ ကောင်းချီးအလင်းတန်းများသည် မိန်းမငယ်လေးဆီသို့ တစ်ပြိုင်နက် ပစ်မှတ်ထားကာ ဝင်ရောက်သွားကြသည်။
သို့သော် သူမသည် မျက်မှောင်တစ်ချက်သာကြုတ်လိုက်ရင်း သူမ၏ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ခါလိုက်သည်နှင့် သူမပတ်ဝန်းကျင်ရှိ အကာအကွယ်လွှာတစ်ခုသည် ပိုမိုပီပြင်လာခဲ့ပြီး ပြင်းထန်စွာဝင်ရောက်လာသော ထိုတိုက်ခိုက်မှုများကို ရေမြှုပ်တစ်ခုဖြင့် ရေများကို စုပ်ယူလိုက်သကဲ့သို့ သူမ၏ အကာအကွယ်လွှာမှထိုစွမ်းအင်များကို စုပ်ယူထားလိုက်လေ၏။
ထို့နောက် ကောင်းချီးစွမ်းအင်များသည် အလင်းစအမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားကာ တစ်ခဏအတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"ရှင်တို့ရဲ့ နတ်ဘုရားမစွမ်းအင်တွေလောက်နဲ့ ကျွန်မကို အနိုင်ယူနိုင်မယ်လို့များ တကယ်ကြီး ထင်နေကြတာလား" ဟု သူမကအနည်းငယ် လှောင်ပြောင်သံ စွက်နေဟန်ဖြင့် ပြောလိုက်၏။
သူမ၏ အသံတွင် မထီမဲ့မြင်ပြုမှုများလည်း ပါဝင်နေခဲ့သည်။
"အသုံးမကျလိုက်တာ"
သူမသည် နောက်ထပ် ပေါ့ပေါ့ဆဆ လှုပ်ရှားမှုတစ်ခုဖြင့် သူမထံ ထပ်မံရောက်ရှိလာသော စွမ်းအင်လှိုင်းများကို အပြင်ဘက်သို့ ဦးတည်ချက်ပြောင်း၍ ပျံ့နှံ့စေလိုက်သည်။
ဘုန်းတော်ကြီးများသည် နောက်သို့ လွင့်စဉ်သွားပြီး သူတို့၏ နတ်ဘုရားအကာအကွယ်များမှာ မုန်တိုင်းတစ်ခုရှေ့တွင်ဆီးကာထားသော စက္ကူရွက်လေးတစ်ရွက်သဖွယ် တစ်စစီ ပြိုကွဲသွားလေ၏။
ဘုန်းတော်ကြီးများသည် တစ်ဦးပြီးတစ်ဦး လဲကျသွားကြပြီး သူတို့၏ နာကျင်စွာ အော်ဟစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားရသည်။
ဆယ့်သုံးနှစ်သို့မဟုတ် ဆယ့်လေးနှစ် ကလေးသာသာ အရွယ်သာရှိသေးသော ထိုကောင်မလေးသည် ဘုန်းတော်ကြီးများအား ၎င်းတို့၏ ကိုယ်ပိုင်အားသာချက်များရှိနေသည့် အိမ်ကွင်းတွင်ပင် သာသာယာယာဖြင့် ယှဥ်ပြိုင်အနိုင်ယူခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ထိုမိန်းကလေးသည် အနည်းငယ်သက်ညှာပေးလိုက်ပုံရလေသည်။
တိုက်ကြီးနှစ်ခုကြားရှိ ဆက်ဆံရေးကို သူမကြောင့် ပိုမိုဆိုးဝါးသွားမည်စိုးသောကြောင့် တကယ်တမ်း မည်သူမျှ မသေဆုံးခဲ့ရခြင်း ဖြစ်လေ၏။
ပုံမှန်တွင် သူမသည် ထိုသို့တိုက်ခိုက်မည့်အစား သူမကိုယ်သူမ အရှေ့တိုက်ကြီးမှ မဟာအကြီးအကဲ ဇီယာဖြစ်ကြောင်း ပြောပြခဲ့လျှင် ဤနေရာတွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့မည် မဟုတ်ပေ။
ထိုသို့ဆိုပါက ဘုန်းတော်ကြီးများသည် သူမအား အထူးဧည့်သည်တော်တစ်ဦးကဲ့သို့ ဆက်ဆံကြမည်ဖြစ်ကာ မြို့စားမင်းနှင့်ပင် တွေ့ဆုံရန် ဖိတ်ခေါ်လိမ့်မည်ဖြစ်၏။
ယခုအချိန်တွင် အနောက်တိုက်သည် အရှေ့တိုက်နှင့် ရန်သူမဖြစ်လိုပေ။ ၎င်းတို့သည် သူတို့အတွက် အသုံးဝင်နေဆဲပင် ဖြစ်သည်မဟုတ်ပါလား...။
ကံမကောင်းစွာဖြင့် ယခုအချိန်သည် ဇီယာတစ်ယောက် စိတ်အဆင်ပြေနေသည့် အခြေအနေတွင် ရှိမနေခဲ့ပေ။
မိစ္ဆာဂိုဏ်းတွင် ရှိနေစဉ်ကပင် သူမသည် မလေးမစားပြုသူများအား သနားညှာတာမှုများ ပြသလေ့မရှိခဲ့ပေ။
ထို့ကြောင့်လည်း အဂ္ဂိရတ်ခန်းမ၏ အစောင့်များကို မလေးမစားပြုမူမိခဲ့သော ရေခဲနတ်ဆိုးအား သူမကိုယ်တိုင် ရိုက်နှက်အပစ်ပေးခဲ့ခြင်း ဖြစ်လေ၏။
အာရန်ပင် ထိုမိန်းကလေးကို ပြစ်မှားမိပြီးနောက် အဂ္ဂိရတ်ခန်းမမှ နှင်ထုတ်ခံရကာ ရှုပ်ထွေးသော အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ဇီယာသည် အာရန်အား သူမထက် အဂ္ဂိရက်ပညာတွင် ပိုမိုထူးချွန်သူအဖြစ် လက်ခံခဲ့ပြီးမှသာ သူမ၏ ဒေါသကြီးသော စိတ်နေစိတ်ထားများကို ထိန်းချုပ်ခဲ့ခြင်းဖြစ်သော်လည်း သူမ၏ ပင်ကိုဗီဇမှာမူ ပျောက်ပျက်မသွားခဲ့ပေ။
သူမ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်ပါစေ။ သူမအား မလေးမစားပြုခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။
ထို့ပြင် မိစ္ဆာဂိုဏ်းမှ အခြားအကြီးအကဲများ အားလုံးသည်လည်း အတူတူပင် ဖြစ်ကြသည်။
သူတို့ကို အကျိုးအကြောင်း မဆင်ခြင်ပြုမူတတ်သည့် နတ်ဆိုးများဟု ခေါ်တွင်ခဲ့ခြင်းမှာ ထိုသို့သော စိတ်ထားများကြောင့်ပင် ဖြစ်လေ၏။
သူရဲကောင်းအကယ်ဒမီမှ သူရဲကောင်းများကို မာနကြီးသူများအဖြစ် လူသိများပြီး အရှေ့တိုက်ကြီးမှ ကျင့်ကြံသူများကိုမူ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သူများအဖြစ် လူသိများကြသည်။
ဇီယာဘက်မှ ကြည့်လျှင် သူမသည် သူမ၏ ဒေါသကို ထိန်းထားလိုက်သည် ဆိုခြင်းကပင် ထိုဘုန်းတော်ကြီးများအပေါ် သေချာပေါက် သနားညှာတာပေးလိုက်ခြင်းပင် ဖြစ်လေ၏။
....
[မကြာသေးမှီကာလတစ်ခုက]
"ရှင်တို့က ဘယ်သူတွေလဲ"
မြို့တော်၏ အခြားနေရာတစ်ခုတွင် ဝိညာဥ်လမ်းလျှောက်သူသည် အာရန်ရှေ့တွင် ပေါ်လာလဲ့ပြီး မည်သူမှန်းမသိသော ထိုမိန်းကလေးကိုလည်း သူ့နှင့်အတူ ခေါ်ဆောင်လာခဲ့၏။
ကောင်မလေးသည် မျက်နှာဖုံးစွပ်ထားသော အမျိုးသားတစ်ဦးမှ သူမအား ကူညီခဲ့သော်လည်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိဟု ယူဆထားသည်။
ဤကမ္ဘာတွင် အလကားရသော နေ့လယ်စာဟူ၍ မရှိချေ။
အကယ်၍ ထိုသူများသည် သူမအား အသုံးချရန်အတွက်သာ ကယ်တင်ခဲ့ခြင်းဖြစ်ပါက မြင့်မြတ်သော သန့်စင်ဘုရားကျောင်းနှင့် ၎င်းတို့သည် ဘာများကွာခြားဦးမည်နည်း။
"အကိုတို့က ဒီကညီမလေးအတွက် သံချပ်ကာဝတ်ထားတဲ့ မြင်းစီးသူရဲကောင်းတွေလို အကာအကွယ်ပေးမဲ့ သူတွေပါ" ဟု အာရန်က ရွှတ်နောက်နောက်လေသံဖြင့် ပြန်ပြောလိုက်ပြီး သူမအား သူ၏ ရည်ရွယ်ချက်ကို အတည်တကျ ပြန်မဖြေခဲ့ပေ။
သူမကို ကယ်တင်ခဲ့ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သူမသည် ဤတိုက်ကြီး၏ အဓိကဇာတ်လိုက်အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ပင် ဖြစ်၏။
သို့သော် သူမသည် ထိုအရာအတွက် လုံးဝ အဆင်သင့်မဖြစ်သေးကြောင်း သိသာနေခဲ့သည်။
ယခုအချိန်အတွက် သူမအား အလွန်အမင်း သတိထားရန် မလိုအပ်သေးပေ။ သို့သော် ဤမိန်းကလေးကို လိုက်လံဖမ်းဆီးချင်နေပုံရသော သန့်စင်ပရောဟိတ်မ၏ လက်အတွင်းသို့လည်း သူမထည့်ပေးလိုက်နိုင်ပေ။
ဤမိန်းကလေး၏ အတိတ်ကြောင့်များလား သို့မဟုတ် သန့်စင်ပရောဟိတ်မသည် ဤမိန်းကလေးမှာ သူမ၏အဓိကရန်သူတော်ြဖစ်ကြောင်း တစ်နည်းနည်းဖြင့် သိရှိနေခြင်းကြောင့်လား ဆိုသည်ကိုမူ သူ သေခြာမပြောနိုင်ပေ။
မည်သို့ပင်ဆိုစေ သူမသည် ဤတိုက်ကြီးရှိ အရေးပါသော ပဟေဠိတစ်ခု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နေ၏။
"ဘုန်းတော်ကြီးတွေက သင်္ဘောဘက်ကို သွားနေကြပြီ ငါတို့ သူတို့ကို တားသင့်တယ် မဟုတ်လား ခင်ဗျားရဲ့ သူငယ်ချင်းနှစ်ယောက်က သင်္ဘောပေါ်မှာ ကျန်နေသေးတယ်လေ"
ဝိညာဥ်လမ်းလျှောက်သူက အာရန်မှာ ထိုအမျိုးသမီးငယ်အား သူ၏ အချက်အလက်များကို မဖော်ပြချင်မှန်း သဘောပေါက်လိုက်သဖြင့် စကားလမ်းကြောင်းလွှဲလိုက်ခြင်း ဖြစ်သည်။
အာရန်သည် ထိုကလေးမအား လိမ်ညာ၍ ရသော်လည်း သူသည် ထိုသို့ လိမ်ညာချင်ပုံမရပေ။ သူသည် သူမနှင့် ရိုးသားသောဆက်ဆံရေးတစ်ခု တည်ထောင်ချင်၍လော...။
အာရန်၏ စရိုက်ကို သိရှိထားသောသူသည် ၎င်းသည် ထိုသို့မဟုတ်နိုင်ကြောင်း သူ သိလေသည်။
ဤလူသည် အကြိမ်ပေါင်းများစွာ လိမ်ညာခဲ့ဖူးသူဖြစ်သည်။ အဘယ်ကြောင့် ယခုမှ လိမ်ညာရန် ချီတုံချီတုံ ဖြစ်နေရမည်နည်း။ သူသည် မည်သည့်အချိန်ကမှ ရိုးဖျောင့်သော သူရဲကောင်းတစ်ဦး မဟုတ်ခဲ့ပေ။
အာရန်၏ စရိုက်အားလေ့လာထားချက်အရ ယခုကိစ္စတွင် အခြားအကြောင်းရင်းတစ်ခုရှိနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။
ထိုအရာသည် သူ့အနေနှင့် တွေးမိနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းလည်းဖြစ်လေ၏။
'ဒီမိန်းကလေးမှာ လိမ်ညာတာတွေကို ဖော်ထုတ်နိုင်တဲ့ စွမ်းရည်တစ်ခုခုများ ရှိနေတာလား အဲ့လိုသာဆို သူ သူမကို လိမ်ညာခဲ့ရင် သူမကိုပိုပြီး သံသယဝင်လာအောင်ပဲ လုပ်မိသလိုဖြစ်သွားလိမ့်မယ် ဒါပေမဲ့ သူ သူမကို အမှန်အတိုင်း ပြောပြခဲ့ပြန်ရင်လည်း သူမနဲ့ အနာဂတ်မှာ တွေ့ခဲ့ရင် သူ့အတွက် ပိုပြီး ဒုက္ခရောက်နိုင်လိမ့်မယ်"
ဝိညာဥ်လမ်းလျှောက်သူသည် အာရန်၏ နေရာမှ ဝင်ရောက်တွေးမိလိုက်သောအခါ အရာ အားလုံးကို ခန့်မှန်းမိလိုက်သည်။
သို့သော် နားမလည်နိုင်သေးသည့် အရာတစ်ခု ရှိနေသေးသည်။ အာရန်သည် ဤမိန်းကလေး၏ စွမ်းရည်များကို မည်ကဲ့သို့ သိရှိနိုင်ခဲ့သနည်း။
နောက်ဆုံးတွင် သူသည် အာရန် ခိုးယူခဲ့သော စွမ်းရည်များစွာရှိနေသေးသည်ကို သတိရလိုက်သဖြင့် ၎င်းနှင့်ပတ်သက်၍ စဉ်းစားခြင်းကို ရပ်တန့်လိုက်လေသည်။ ဤကဲ့သို့ ခန့်မှန်းနိုင်ခြင်းသည်လည်း ၎င်းတို့ထဲမှ စွမ်းရည်တစ်ခုသာဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အာရန်အား ထိုအခက်အခဲမှ ကယ်တင်ရန် သူသည် သင်္ဘောပေါ်တွင် ရှိနေသော ဇီယာနှင့် ယူလင်းတို့ထံသို့ စကားလမ်းကြောင်းကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
"ဘုန်းတော်ကြီးတွေကိုယ်တိုင် သင်္ဘောဆီ သွားနေကြတာဆိုပေမဲ့ သူတို့နှစ်ယောက်ထက် ခုင့ါ ရှေ့က ကလေးမလေးကိုပဲ ပိုပြီးစိတ်ပူမိတယ်" ဟု အာရန်သည် ဇီယာ၏ အကျင့်စရိုက်နှင့် ခွန်အား ကို ကောင်းစွာသိသောကြောင့် သက်တောင့်သက်သာပင် ပြန်ပြောလိုက်၏။
#Catfoot