← Chapters

မင်းနဲ့ ထပ်ပြီး အတူရှိနိုင်တော့မှာ သိပ်ကောင်းတယ်

Vol. 123 Ch. 1845

မင်းနဲ့ ထပ်ပြီး အတူရှိနိုင်တော့မှာ သိပ်ကောင်းတယ်

Vol. 123 Ch. 1845

ကျောက်မို သူ့ဝိုင်ခွက်ကို ကိုင်ထား၍ ကျန်သူများလည်း ထိုအတိုင်း လိုက်မြှောက်လိုက်ကြသည်။ သူတို့တွေ လှိုက်လှိုက်လှဲလှဲ ရယ်မောနေခဲ့ကြပြီး တစ်ကျိုက်တည်း အပြတ်ဖြတ်ပစ်လိုက်ကြ၏။

" လင်းရီ ... အဲ့မျိုးမစစ် ... နောက်ဆုံးတော့ သေပြီ.... အခုကစပြီး ဟွာရှက ငါတို့ရဲ့ ကစားကွင်းကြီးပဲ .... "

လက်ရှိ လင်းရီ၏ အဖြစ်က ယခင် လင်းကျင်ကျန့် ဖြစ်ပုံနှင့် အတူတူပင်။ မဟုတ်သေး ။ လင်းရီက ပိုပြီး လက်စောင်းထက်သည်ဟုပင် ပြောရလိမ့်ဦးမည်။

သူ ရှိနေစဉ်၌ ရန်ကျင်းရှိ မည်သည့် ဒုတိယ မျိုးဆက် သခင်လေးကမျှ ဇောင်းမကြွဝံ့ကြချေ။ ကြောင်ကိုလန့်သည့် ကြွက်များကဲ့သို့ ဖြစ်နေခဲ့ကြ၏။

ယခု … လင်းရီက သေသွားခဲ့လေပြီ။

ယခုအချိန်ကစ၍ သူတို့တွေသည် ရန်ကျင်းနှင့် ဟွာရှ၌ သူတို့ လုပ်ချင်သလို လုပ်၍ ရပြီ ဖြစ်သည်။

“ အခု လင်းရီလည်း မရှိတော့ဘူးဆိုတော့ ချင်းဟန်တို့နဲ့ ရန်ငြိုးတွေကို ဖြေရှင်းဖို့ အချိန်ကျပြီ ..” လုရွှမ် ပြောလိုက်သည်။

“ အမှန်ပဲ … လင်းရီ ရှိတုန်းက သူ့နောက်ခံနဲ့ ဒီကောင်တွေ ငါတို့ ရှေ့မှာ ဘယ်နှခါတောင် လာပြီး ဟန်ရေးပြနေကြလဲ မသိဘူး … ဒီကောင်တွေကိုလည်း အခွင့်အရေး တစ်ခုဖန်တီးပြီး သင်ခန်းစာ ပေးဦးမှ …” ကျောက်မို ပြောလိုက်သည်။ “ ဖြစ်ချင်တော့ ငါလည်း ဒီရက်ပိုင်း အားနေတာနဲ့ အတော်ပဲ … ကျိုးဟိုင်ကို နေ့တိုင်းသွားပြီး ချင်းဟန်နဲ့ တခြားကောင်တွေကို သင်ခန်းစာ ပေးပစ်ဦးမယ်… လင်းရီကိုလည်း သွားဂါရမယ်လေ… ဘာပဲဆိုဆို တစ်ချိန်က ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးတဲ့လူကိုပဲ အခု သေပြီဆိုမှတော့ လေးစားမှု တစ်ချို့ ပြပေးရမှာပေါ့ …”

“ ဟားဟား … အဲ့အကြံ မဆိုးဘူး ..”

“ လာကွာ … ချီးယား …”

လူအယောက် ၂၀ ကျော်က သူတို့၏ ခွက်များကို မြှောက်၍ ပြုံးရွှင်နေသည့် မျက်နှာအမူအရာများဖြင့် မော့ချလိုက်ကြသည်။

ဘားအတွင်းရှိ အင်တာနက် ဆယ်လီတို့ကလည်း ကျောက်မိုနှင့် ကျန်သူများအနား ကပ်နေကာ မျက်နှာသာ တစ်ချို့ ရရှိရန် မျှော်လင့်နေကြလေသည်။

အချိန်တို့ တဖြည်းဖြည်း ကုန်လွန်လာပြီး ဘားအတွင်းရှိ လေထုက အထွတ်အထိပ်သို့ ရောက်ရှိလာကာ လူတွေကလည်း ပျော်ရွှင်စရာ မျိုးစုံတို့ဖြင့် အထိန်းအကွပ် မဲ့လာခဲ့ကြ၏။

ထိုအချိန်၌ လင်းရီနှင့် ကျန်နှစ်ယောက်သို့ ဘားအတွင်း ဝင်ရောက်လာသည်။ ချိုးယွီလော့နှင့် နင်ချဲ့တို့က မိမိကိုယ်ကို ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်း ဝင်ရောက်လာခဲ့ကာ လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။

အခြား တစ်ဖက်ရှိ လင်းရီကတော့ မာ့စ်နှင့် လျှာထုပ်ဦးထုပ်ကို ဆောင်းထားကာ သူမတို့နှစ်ယောက် နောက်ကနေ တိတ်တဆိတ် လိုက်ပါလာနေသည်။

ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည့် ယောက်ျားမိန်းမများနှင့် နှိုင်းယှဉ်ပါက သူတို့၏ တည်တည်ငြိမ်ငြိမ်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အထာတို့က ဘားအတွင်းရှိ လူများနှင့် ကွဲထွက်နေစေသည်။

ထို့ပြင် နင်ချဲ့၏ မက်မောလောက်စရာ ကိုယ်လုံးကိုယ်ပေါက်ကလည်း OT ဘားအတွင်း၌ပင် အတော်လေး မြင်ရခဲသည့် အထဲပါသည်။

“ အလှလေး … ဘာသောက်ချင်လဲ … ငါ တိုက်မယ်…”

ကာဂိုရှော့အတိုနှင့် လူငယ်က နင်ချဲ့ကို လှမ်းပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

“ လစ်စမ်း …” နင်ချဲ့ နှာရှုံ့လိုက်ပြီး “ နင့်ရုပ်နင့်ရည်နဲ့များ ငါ့လာကြူချင်နေသေးတယ်… ကိုးရီးယားသွားပြီး ပလတ်စတစ် ဆာဂျရီတွေ အရင်သွားလုပ်လိုက်ဦး …”

လူငယ်၏ မျက်နှာအရောင်မှာ နင်ချဲ့၏ စော်ကားမှုကြောင့် နီရဲသွားခဲ့၏။ သူ့ မာနကို ထိပါးလာသည်ဟု ခံစားလိုက်ရလေသည်။

“ စောက်သုံးမကျတဲ့ အပျက်မ … ငါက ကြင်နာလို့ ဖိတ်ခေါ်တာကို တန်ဖိုးမထားဘူး … ငါ လီဖေးက မင်းကို ဒီလို ပြောတယ်ဆိုတာ မင်းရဲ့ ကံကောင်းမှုကြီးကွ … မင်းက . . . . “

ဖြောင်း …

လေကုန်ခံမနေဘဲ နင်ချဲ့ သွားပြီး လီဖေး နာမည်နှင့် ထိုလူငယ်ကို ပါးဖြတ်ရိုက်ပစ်လိုက်သည်။

ယင်းဖြစ်ရပ်က ဆူညံနေသည့် ဘားကို ရုတ်ချည်း တိတ်ဆိတ်သွားခဲ့စေသည်။ လူတိုင်း သိလိုစိတ် ပြင်းပြစွာဖြင့် လှည့်ကြည့်လာခဲ့ကြ၏။

ကျောက်မိုနှင့် ကျန်သူများကလည်း သူတို့ ဝိုင်ခွက်များကို ချပြီး လှည့်ကြည့်လိုက်ကြသည်။

ဘားအတွင်း၌ ဤသို့သော ကိစ္စတို့က ပုံမှန် ဖြစ်နေကြပင်။ ထို့ကြောင့် သူတို့ စိတ်ထဲ ထားမနေကြချေ။ သို့ပေမယ့်လည်း နင်ချဲ့နှင့် ချိုးယွီလော့တို့ကို မြင်တော့ သူတို့တွေ အံ့အားသင့်သွားခဲ့ကြလေသည်။

၎င်းတို့နှစ်ဦး၏ ထွက်ပေါ်လာမှုက ကျောက်မိုနှင့် ကျန်သူများကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားသွားစေခဲ့၏။

သူတို့၏ ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်နေစေကာမူ ဤနေရာက သူတို့ ရောက်လာသင့်သည့်‌ နေရာမဟုတ်ချေ။

အထူးသဖြင့် ချင်ရန်လင်ပင်။ သူ၏ အမူအရာက ပို၍ပင် သဘာဝမကျ ၊ မနေတတ် မထိုင်တတ် ဖြစ်လာခဲ့တော့၏။

ချိုးယွီလော့မှာ တစ်ချိန်တုန်းက သူ့ကောင်မလေး ဖြစ်ခဲ့ဖူးသူပင်။ သို့သော် လင်းရီကြောင့်နှင့် လမ်းခွဲခဲ့ရ၏။

ယခု သူမကို ဤနေရာ၌ ပြန်မြင်တွေ့လိုက်ရတော့ သူမကို မည်သို့ မျက်နှာချင်းဆိုင်ရမလဲ မသိတော့ချေ။

“ သူတို့ ဒီကို ဘာလာလုပ်ကြတာလဲတဲ့ … “ လုရွှမ် စီးကရက် တစ်လိပ်ကို မီးညှိရင်း မေးလိုက်သည်။

“ ဟို လီချူးဟန်ဆိုတဲ့ မိန်းမကြောင့်ပဲ နေမှာပေါ့ …” ချင်ရန်ဖူ ပြောလိုက်ပြီး “ လင်းရီ အသက်ရှင်နေတုန်းက သူတို့တွေက ရဲဘော်ရဲဘက်တွေလေ… သူတို့ချင်း ဆက်ဆံရေးကလည်း အတော်ကောင်းတဲ့ထဲ ပါတယ်… အခု ဒီလိုမျိုး ဖြစ်လာပြီ ဆိုတော့ သူတို့တွေ အဲ့ဒီ မိန်းမအတွက် တရားမျှတမှု လာရှာပေးတာ နေမှာပေါ့ … ဒါက လင်းရီကိုယ်စား ကူညီပေးတယ် သတ်မှတ်လို့ရတယ်….”

ကျန်သူများလည်း ချင်ရန်ဖူ၏ ထင်ကြေးကို ထောက်ခံလိုက်ကြသည်။

မဟုတ်ပါက သူတို့၏ အထောက်အထားများဖြင့် ဤကဲ့သို့သော နေရာမျိုးသို့ ဘယ်တော့မှ ရောက်လာခဲ့မှာ မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ၎င်းတို့၏ လူမှု အသိုင်းအဝိုင် မိမိတို့ ပျော်ရွှင်ရာ ကမ္ဘာကြီးနှင့် တစ်ကမ္ဘာစီပင်။

ဘားဝင်ပေါက်ဝတွင် ပါးဖြတ်ရိုက်ခံလိုက်ရသည့် လီဖေးဆိုသူမှာ မျက်နှာကြီး နီရဲ၍ ဒေါပွသွားခဲ့ပြီး နောက်ရှိ သူ့လူများအား ပြောလိုက်၏။

“ ညီကိုတို့ … လာပြီး ဒီကောင်မကို သင်ခန်းစာ ပေးကြစမ်း … ရန်ကျင်းက ဘယ်ကောင် ငါ့ထိရဲလဲ …”

လီဖေး၏ လှုံ့ဆော်မှုအောက်တွင် လူဆယ်ယောက်ကျော်က နင်ချဲ့နှင့် ကျန်နှစ်ယောက်ကို အလယ်တွင် ဝိုင်းထားလိုက်ကြသည်။ ၎င်းတို့၏ နှုတ်ခမ်းထက်၌ ကျီစယ်လိုသည့် အပြုံးထေ့ထေ့တို့ကိုပင် မြင်တွေ့နေရပြီး သူတို့ အတွေးများကိုတော့ သူတို့သာလျှင် သိလိမ့်မည်။

“ တော်ကြတော့ … လမ်းဖယ်ပေးလိုက် .. အဲ့တာ ငါတို့လူပဲ …”

ကျောက်မို၏ စကားကို ကြားတော့ လီဖေးနှင့် ကျန်သူများ၏ အမူအရာမှာ အများအပြား ကောင်းမွန်လာသည်။

“ ဆိုတော့ သူကလည်း ငါတို့လူပဲကိုး … ထားလိုက်တော့ …. ဒီကိစ္စ ဗွေယူမနေတော့ဘူး …”

ဤလူများက ရန်ကျင်းရှိ ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးများ ဖြစ်သော်လည်း ကျောက်မိုနှင့် နှိုင်းယှဉ်လျှင်တော့ အဆင့်အတန်းခြင်းက မိုးနှင့်မြေလောက်ကို ကွာသည်။

ကျောက်မိုက ပြောလာခဲ့ပြီ ဖြစ်သဖြင့် ကျန်သူများကလည်း ဘာမျှ မလုပ်ဝံ့ကြတော့ချေ။

လူအုပ်ကြီးမှာ အုပ်စုခွဲလိုက်ကြ၍ အလယ်တွင် လမ်းတစ်ခု ဖွင့်ပေးလိုက်သ်ည။ နင်ချဲ့တို့ သုံးယောက်လည်း ကျောက်မိုနှင့် သူ့လူများထံ လျှောက်လှမ်းလာခဲ့ကြ၏။

တစ်ချိန်တည်းတွင် ကျောက်မိုနှင့် ကျန်သူများက လင်းရီကို ကြည့်မိလိုက်ကြပြီး သူ မည်သူမည်ဝါ ဖြစ်သည်ကို သိချင်စိတ် ပြင်းပြနေခဲ့ကြသည်။

အခြေအနေကို အကဲခတ်ကြည့်ရသလောက်တော့ သူတို့ သုံးယောက်က အပေါင်းအပါများပင်။ အကယ်၍ ဤလူကလည်း ကျုံးဝေ့တပ်ဖွဲ့ထဲက ဖြစ်မည်ဆိုပါက သူ့ကိုယ်သူ တင်းကြပ်စွာ ဖုံးကွယ်ထားဖို့ လိုမှာ မဟုတ်ချေ။

သို့သော် လေထု အခြေအနေက ဤအခြေအနေသို့တိုင် ရောက်ရှိပြီး ဖြစ်သဖြင့် ကျောက်မိုသည် တခြား မည်သည့် အရာကိုမျှ ဂရုစိုက်နေလိုစိတ် မရှိတော့ပေ။

လင်းရီ သေသွားခဲ့သည့် အချိန်မှစ၍ ရန်ကျင်းရဲ့ ဘော့စ်က သူ ကျောက်မိုပင်။

ချိုးယွီလော့နှင့် နင်ချဲ့တို့ ရောက်လာခဲ့လျှင်ပင် သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ချေ။ သူ့ကိုထိသည်နှင့် သူမတို့ နောက်ကွယ်ရှိ မိသားစုလည်း ထိခိုက်နစ်နာရလိမ့်မည်။

ကျောက်မို စီးကရက် တစ်လိပ်ကို သာမန်လျှံကာ မီးညှိ၍ ခြေတင်ချိတ်လျက် ထိုင်နေပြီး သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“ ငါ ထင်သာ မမှားဘူးဆိုရင် မင်းတို့က ဒီကို လီချူးဟန်ဆိုတဲ့ မိန်းမကြောင့် ရောက်လာတာပဲ ဖြစ်ရမယ်… မှန်တယ်မလား ….”

“ ကြည့်ရတာ ငါတို့လာမှာကို ကြိုသိလို့ ပြင်ဆင်ထားတဲ့ပုံပဲ … “ နင်ချဲ့ အေးစက်စက် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

“ မင်းတို့နှစ်ယောက်က အဲ့ဒီ မျိုးမစစ် လင်းရီနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ကြတော့ ဒီလို ကိစ္စမျိုးတွေ ဖြစ်ပြီး ငါ့ဆီ ရောက်လာခဲ့မှာ ပုံမှန်ပါပဲ …” ကျောက်မို ပြောလိုက်ပြီး “ ဒါပေမယ့် ငါကတော့ ဒီလိုတွေ လုပ်ဖို့ လိုတယ်လို့ မထင်ဘူး …. ဟိုကောင်က သေပြီးနေပြီ … ဒီလိုတွေ လုပ်ပြီး ဘာလဲလုပ်မှာ … သေပြီးသား လူတစ်ယောက်ကြောင့်နဲ့ ငါတို့ကို အပြစ်ပြုရမှာ တန်လား …”

“ ငါတို့က ဒီကို ပွဲကြည့်သပ်သပ် လိုက်လာခဲ့ရုံပဲ … တခြားတစ်ယောက်က နင်တို့ကို ကိုင်တွယ်လိမ့်မယ်…”

“ တခြားတစ်ယောက် …”

မသိစိတ်အလျောက် လူတိုင်း၏ အကြည့်က လျှာထုပ်ဦးထုပ်နှင့် လူပေါ် ကျရောက်သွားခဲ့သည်။

သူတို့အားလုံး အနည်းငယ် သင်္ကာမကင်း ဖြစ်နေခဲ့ကြ၏။ ဧကန္တ နင်ချဲ့ ပြောနေတဲ့လူက သူများလား … ဒါပေမယ့် သူက ဘယ်သူလဲ … သူ့ကို သတ္တိ အဆ ၁၀၀ ပေးထားရင်တောင် သူတို့ကို ထိပါးဝံ့မှာလား …

ထိုအချိန်တွင် လင်းရီ နောက်မှနေ၍ သူတို့နှစ်ဦးရှေ့သို့ တက်လာခဲ့ပြီး ကျောက်မို၏ ဆံပင်ကို ဆွဲကာ ဆိုဖာပေါ်မှ ဆွဲချလိုက်၏။

“ အားးး…..”

ကျောက်မို နားသွေးထွက်လုမတတ် အော်ဟစ်လိုက်ပြီး ဘားအတွင်းရှိ အခြားလူများကို အထိတ်တလန့် ဖြစ်သွားခဲ့စေသည်။

ဤလူက ဘာမပြော ညာမပြောနှင့် တိုက်ခိုက်လာလိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားခဲ့ချေ။

“ ငိုးပဲ … မင်း သေချင်နေလား …”

ချင်ရန်ဖူနှင့် ကူချန်ချွမ်တို့ ရှေ့သို့ ပြေးထွက်လာပြီး တိုက်ခိုက်ရန် အဆင့်သင့် ဖြစ်နေခဲ့ကြသည်။

လင်းရီ၏ တုံ့ပြန်မှုက အလွန်အမင်း လျင်မြန်သည်။ သူ ချင်ရန်ဖူကို တစ်ချက်ကန်လိုက်၏။ ဧရာမ ပြင်းထန်သည့် အားလှိုင်းတစ်ခုက ခန္ဓာကိုယ်တွင်းသို့ ထိုးမွေ့ဖျက်ဆီးသွားသည့်နှယ် ခံလစားလိုက်ရပြီး ကြမ်းပြင်သို့ ချက်ချင်း လဲကျသွားခဲ့ကာ ပြန်မထနိုင်တော့ချေ။

ဤမြင်ကွင်းက ကူချန်ချွမ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့စေသည်။

ချင်ရန်ဖူဆိုသည်မှာ တစ်ချိန်က ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးသူပင်။ သူသည်ပင် တစ်ချက်တည်းနှင့်‌ မှောက်သွားခဲ့မှတော့ အကယ်၍ သူသာ ရှေ့တက်လာခဲ့မည်ဆိုပါက ကိုယ့်ကိုယ်ကို သေတွင်းထဲ ခုန်ဆင်းခြင်းပင် မဟုတ်ပေလော။

လင်းရီသည် ကျောက်မို၏ ဆံပင်ကို ဆွဲ၍ ကူချန်ချွမ်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။

“ မင်းတို့အားလုံး သိပ် အထင်ကြီးစရာ ကောင်းနေကြတယ်မဟုတ်ဘူးလား … ငါ့ကို ပြန်မတိုက်ကြတော့ဘူးလား … လာကြလေ..”

လင်းရီ၏ အသံက ကျောက်မိုနှင့် တခြားသူများကို ကျောချမ်းသွားခဲ့စေသည်။ ဤအသံက သူတို့နှင့် သိပ်ကို ရင်းနှီးနေခဲ့သည့် လင်းရီ၏ အသံ အတိအကျပင်။

သို့သော် အဆိုပါ ခံစားချက်က အလျင်အမြန်ပဲ ချေဖျက်ခံလိုက်ရ၏။

လင်းရီက သေသွားခဲ့ပြီလေ… ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ …

“ မင်း ဘယ်သူလဲ … ငါတို့ မင်းရဲ့ ရန်ငြိုးလည်း မရှိဘဲ ဘာလို့ ဒီကိစ္စမှာ ဝင်ပါရတာလဲ ..” ကူချန်ချွမ် အေးစက်စက် မေးမြန်းလိုက်သည်။

“ ငါ ဘယ်သူလဲ အရေးမကြီးဘူး … ပြီးတော့ ငါက ပြီးတာနဲ့ ထွက်သွားမယ့်လူ … မင်းတို့ အများကြီး သိဖို့ မလိုအပ်ဘူး …”

လင်းရီ၏ အကြည့်က လူ အယောက် ၂၀ ကျော်လုံးသို့ ယှက်သန်းသွားခဲ့ပြီး “ မင်းတို့ကောင်တွေက အခုလေးတင် ဆေးရုံကိုလာပြီး ပြဿနာရှာသွားခဲ့ကြတဲ့ ကောင်တွေ ဟုတ်တယ်မလား …”

“ ငါတို့ ဟုတ်တော့ရော ဘာဖြစ်ချင်လဲ …” ကူချန်ချွမ် ပြောလိုက်သည်။ “ မင်း အခုလို လုပ်နေတာရဲ့ အကျိုးဆက်ကို တွေးကြည့်ရင် ကောင်းလိမ့်မယ်နော်… ငါတို့ရဲ့ အထောက်အထားတွေနဲ့ မင်းလိုကောင်မျိုးကို စကားတစ်ခွန်းပြောပြီး ဇီဝိန်ချုပ်ပေးလိုက်လို့ရတယ်… ကျောက်မိုကို မြန်မြန်လွှတ်လိုက်စမ်း … မဟုတ်ရင် မင်း အတွက် ကောင်းမှာ မဟုတ်ဘူး …”

“ ဟမ့် ….” လင်းရီ နှာမှုတ်လိုက်ပြီး “ ဒါဆိုလည်း မင်းတို့ကောင်တွေ ဘာတတ်နိုင်လဲ ကြည့်ကြသေးတာပေါ့ …”

သူ့စကားဆုံးသည်နှင့် လင်းရီသည် ကျောက်မိုကို သူ့အရှေ့သို့ ဆွဲလာလိုက်ပြီး ၎င်းအပေါ်သို့ တက်နင်းလိုက်၏။ အရိုးကျိုးအက်သံတို့ ထွက်ပေါ်လာပြီး ကျောက်မို၏ ဒူးမှာ ထူးဆန်းသည့်ပုံစံဖြင့် လိမ်ကောက်သွားခဲ့တော့၏။

“ အားးးးးး “

ကျောက်မို၏ ဆိုးရွားသည့် အဖြစ်အပျက်ကို မြင်တော့ ဘားထဲရှိ အမျိုးသမီးငယ်လေးတို့မှာ ကြောက်လန့်စွာဖြင့် သူမတို့၏ ဦးခေါင်းကို အုပ်၍ ခေါင်းမပါသည့် ကြက်များကဲ့သို့ ပြေးမိပြေးရာ ထွက်ပြေးသွားခဲ့ကြသည်။ တဒင်္ဂအတွင်း အော်ဟစ်သံတို့ဖြင့် ဆူညံသွားခဲ့လေသည်။

ကျောက်မို၏ မျက်နှာမှာ သေမတတ် ဖြူလျော်သွားခဲ့ပြီး သတိလစ်လုနီးပါး ဖြစ်သွားခဲ့၏။

ကူချန်ချွမ်နှင့် ကျန်သူများမှာ ကြောက်ရွံ့အားကြီးစွာဖြင့် နောက်သို့ ဆုတ်မိလိုက်ကြသည်။ ဤလူ၏ ရက်စက်ကြမ်းကြုတ်မှုက သူတို့ စိတ်ကူးထားသည့် အတိုင်းအတာထက်ကိုပင် ကျော်လွန်နေလေပြီ။

သူ့အသံပဲ လင်းရီနဲ့ တူတာ မဟုတ်ဘူး … သူ့ပုံစံကပါ လင်းရီနဲ့ တူနေတယ်..

သောက်ကျိုးနည်း ဒီကောင် ဘယ်သူကြီးလဲ …

ကျောက်မိုကို ခြေထောက်ချိုးပြီးနောက် လင်းရီသည် သူ့ကို ဘေးသို့ ကောက်ဝဲလိုက်ပြီး ကူချန်ချွမ်နှင့် ကျန်သူများထံသို့ ဦးတည်လာသည်။

“ မင်း မင်း …. မင်း ဘာဖြစ်ချင်တာလဲ …” ကူချန်ချွမ် ကြောက်လန့်စွာဖြင့် မေးမြန်းလိုက်၏။

“ ငါ ဘာမှ မဖြစ်ချင်ဘူး … မင်းတို့ ခြေထောက်တွေကိုပဲ ချိုးချင်တာ … ရိုးရိုးလေးပါပဲ …”

ပြောပြီးနောက် လင်းရီသည် ကူချန်ချွမ်အနားသို့ ပြေးလာကာ ရင်ဝကို ဆောင့်ကန်လိုက်သည်။ ကြမ်းပြင်သို့ ပြုတ်ကျတော့မည့် အချိန်မှာပဲ လင်းရီ သူ့လက်မောင်းကို ဆွဲ၍ လက်ကောက်ဝတ်အား ဆွဲလိမ်လိုက်၏။

နောင်အနာဂတ်၌ သူ့လက် ပြန်သက်သာလာခဲ့လျှင်ပင် လက်တစ်ခုလုံးကတော့ သုံးစားရတော့မှာ မဟုတ်ချေ။

“ မဟုတ်ဘူး … မလုပ်ပါနဲ့ …”

ကျောက်မိုနှင့် ကူချန်ချွမ်တို့ တစ်ယောက်ပြီး တစ်ယောက် မှောက်သွားခဲ့၏။ လုရွှမ်နှင့် စွန်းချဲ့တို့လည်း ကြောက်လန့်နေခဲ့ကြသည်မှာ ယုန်သူငယ်လေးများ အတိုင်းပင်။

လူကို ရိုက်သည်က တစ်ကဏ္ဍ၊ သို့သော် ဒုက္ခိတ ဖြစ်အောင် ပြုလုပ်သည်ကတော့ သူတို့ ဘ၀ကို အဆုံးသတ်လိုက်တာ ဖြစ်သည်။

ဘုတ် …

နှစ်ခါစဉ်းစားနေခြင်း မရှိဘဲ နှစ်ယောက်လုံးမှာ လင်းရီရှေ့၌ ဒူးထောက်ချလိုက်ကြ၏။

“ ငါတို့ မှားမှန်း သိပါပြီ … ကျေးဇူးပြုပြီး ချမ်းသာပေးပါ … ငါတို့ ထပ်မလုပ်ရဲတော့ပါဘူး …”

၎င်းတို့ နှစ်ယောက် ဒူးထောက်ပြီး ရှိခိုး တောင်းပန်နေသည်ကို မြင်တော့ ဘားအတွင်းရှိ လူများ၏ အမြင်မှာ ရုတ်ချည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့တော့သည်။

သူတို့အားလုံးက ရန်ကျင်း၏ အချမ်းသာဆုံး ဒုတိယမျိုးဆက် သခင်လေးများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက အင်မတန် မောက်မာပြီး ကြီးစိုးနိုင်ကြသူများပင်။

သို့သော် ယခု … အနှီ ထူးဆန်းသည့်လူ၏ ရှေ့မှောက်၌ လမ်းဘေးခွေးများ သဖွယ် ဒူးထောက်နေကြလေသည်။

ထိုအချိန်တွင်တော့ လုရွှမ်နှင့် စွန်းချဲ့တို့မှာ မည်သည်ကိုမျှ ဂရုစိုက်မနေနိုင်တော့ချေ။

ကျောက်မိုနှင့် ကူချန်ချွမ်တို့က တစ်ယောက်က ခြေကျိုး ၊ တစ်ယောက်က လက်ကျိုးဖြင့် ကိုယ်စီ မှောက်နေကြပြီ ဖြစ်သည်။ သူတို့ ဒုက္ခိတ မဖြစ်လိုပေ။

သူတို့ရှေ့ရှိ ကြမ်းကြုတ်ခက်ထန်သည့် လူနှင့် ရင်ဆိုင်နေရင်း … သူတို့၏ လုပ်ရပ်ကို နောင်တမရဟု ပြောပါက မုသားဆိုရာ ကျလိမ့်မည်။ အကယ်၍ သူတို့သာ ယခုလို ဖြစ်မည်မှန်း ကြိုသိခဲ့မည်ဆိုပါက ဘယ်တော့မှ လီချူးဟန်ထံ သွားပြီး ပြဿနာ ရှာမှာ မဟုတ်ချေ။

တဒင်္ဂစိတ်ကျေနပ်အားရမှုလေးအတွက် ပေးဆပ်လိုက်ရသည်ကား လုံးဝ မတန်ချေ။

“ အခုမှတော့ ဒါတွေ ပြောနေလို့ နောက်ကျသွားပြီ … ငါ မင်းတို့ကောင်တွေကို သင်ခန်းစာ ပေးမှကို ဖြစ်မှာ …”

ပြောပြီးနောက် လင်းရီ နှစ်ချက်ကန်ကျောက်လိုက်ပြီး နှစ်ချက်လုံးက နှစ်ယောက်လုံး၏ ဒူးဆစ်များသို့ ကျရောက်သွားခဲ့၏။

နှစ်ယောက်မှာ ဝက်ပေါ်ခံနေရသကဲ့သို့ အော်ဟစ်နေခဲ့ကြပြီး မကြာမီအချိန်မှာပဲ သတိလစ်သွားခဲ့ကြတော့သည်။

“ ဒါက …. “

ထောင့်တစ်နေရာတွင် ရပ်နေသည့် ချင်ရန်လင်သည် ကျောက်မိုနှင့် ကျန်သုံးယောက်တို့ လဲကျသွားခဲ့သည်ကို မြင်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ချေ။ သူ့အစ်ကိုကြီးကလည်း အမှောက်ရိုက်နှက်ခံထားရ၏။

မသိစိတ်အလျောက် … သူ ချိုးယွီလော့ထံ လှမ်းကြည့်လိုက်မိသည်။ သူမက ယခုအချိန်၌ သူ့ကို ကယ်တင်ပေးနိုင်မည့် တစ်ဦးတည်းသော လူပင်။

“ ယွီလော့ … အဲ့မှာပဲ ရပ်ကြည့်မနေနဲ့လေ… ငါ့ကိုကူပြီး ပြောပေးပါဦး … ဘာပဲဆိုဆို ငါတို့လည်း တစ်ချိန်က ပတ်သက်ခဲ့ဖူးတဲ့ လူတွေပဲလေ… ငါ ဒုက္ခရောက်နေတာကို ဒီတိုင်းပဲ ရပ်ကြည့်နေတော့မလို့လား …”

ချိုးယွီလော့မှာ ချင်ရန်လင်၏ အပြုအမူကြောင့် မနှစ်မျို့သည့် မျက်နှာထားနှင့် ဖြစ်သွားခဲ့၏။

ဤကောင်က သူများကို အနိုင်ကျင့်တုန်းကတော့ မောက်မာနေခဲ့ပြီး သူခံရမည့် အလှည့်လည်းရောက်တော့ တောင်းပန်တိုလျှိုးနေသည်မှာ ယောက်ျားသိက္ခာပင် မရှိတော့ချေ။

လင်းရီနှင့် နှိုင်းယှဉ်လိုက်ရင် …..

နေပါဦး၊ ဘာလို့ ယှဉ်နေမှာ။ သူက ယှဉ်ဖို့တောင် မတန်တဲ့ဟာပဲ။

“ ဒါက ငါနဲ့ မဆိုင်ဘူး … ငါ ဒီလူကိုလည်း မသိဘူး … ငါက ဒီတိုင်း လမ်းပြပေးရုံပဲ .. နင့်ကိုယ်စား တောင်းပန်ပေးလို့ မရဘူး …”

ချိုးယွီလော့သည် ချင်ရန်လင်ကို လျစ်လျူရှုထားလိုက်ပြီး ဘေးရှိ ဆိုဖာသို့ ဝင်ထိုင်လိုက်၏။ သူမကိုယ်သူမ ဝိုင်တစ်ခွက် ငှဲ့လိုက်ပြီး ချင်ရန်လင်ကို အာရုံပင် ထားမနေချေ။

ချင်ရန်လင်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ ဤ ရက်စက်သည့် လူ၏ ရှေ့မှောက်၌ သူတတ်နိုင်သည့် အရာကား ဘာမှ မရှိတော့ချေ။ လုရွှမ်နှင့် စွန်းချဲ့တို့ကဲ့သို့ ဒူးထောက် တောင်းပန်ရုံသာ တတ်နိုင်လေသည်။

သို့ပေမယ့်လည်း ထိုအချင်းအရာက မည်သည့် ပြောင်းလဲမှုကိုမျှ မဖြစ်ပေါ်စေခဲ့ကာ သူ့ခြေထောက် ရိုက်ချိုးခံလိုက်ရတော့သည်။

ကျောက်မိုနှင့် သူ့လူများကို ကိုင်တွယ်ပြီးနောက် လင်းရီ ကျန်သည့် ၂၀ ကျော်ကိုလည်း အလွတ်မပေးခဲ့ချေ။ မိနစ်၂၀ အတွင်းမှာပဲ ထိုလူများအားလုံး ကြမ်းပြင်၌ လဲလျောင်းနေကြရချေပြီ။

စောနတုန်းကပဲ လှုပ်ရှားတက်ကြွ၍ ပျော်ဖို့ကောင်းနေသည့် OT ဘားမှာ လက်ရှိ၌ အကုန်လုံး ပရမ်း ပတာ ဆန်နေပြီး လူအုပ်ကြီးမှာ အသက်ကျယ်ကျယ်ပင် မရှူဝံ့ခဲ့ကြချေ။

လင်းရီ လူတိုင်းကို ငုံ့ကြည့်၍ “ ငါ အခုကစပြီး သတိပေးလိုက်မယ်… မင်းတို့ကောင်တွေ ထပ်ပြီး ပြဿနာ ရှာရဲနေမယ်ဆိုရင် မင်းတို့ တစ်မိသားစုလုံးရဲ့ အသက်ကို လာယူဖို့ ဝန်လေးနေတော့မှာ မဟုတ်ဘူး … မင်းတို့ကို သတိမပေးခဲ့ဘူး မပြောနဲ့ …”

“ ပြီးတော့ … ပြည်ထောင်စု ကောလိပ်ဆေးရုံကို ထပ်ပြီး ခြေမချတာ ကောင်းလိမ့်မယ်… မဟုတ်ဘဲ သိချင်တယ်ဆိုလည်း စမ်းကြည့်ကြပေါ့ …”

ပြောပြီးနောက် လင်းရီသည် နင်ချဲ့တို့နှစ်ယောက်နှင့်အတူ ဘားထဲက ထွက်လာခဲ့လိုက်သည်။

ဘားထဲရှိ လူများမှာ သူတို့ သုံးယောက် ထွက်ခွာသွားသည့် မြင်ကွင်းကို အနောက်မှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြ၏။ ယနေ့ ပါတီပွဲက ထိုလူကြောင့်နှင့် ပျက်စီးသွားခဲ့လိမ့်မည်လို့ မည်သူကမျှ ထင်မထားခဲ့ကြချေ။

ကနေဦးတုန်းက ကျောက်မိုတို့ တစ်သိုက် တွေးထားခဲ့သည်မှာ လင်းရီ သေသွားသည်နှင့် သူတို့ ဦးခေါင်းထက်၌ ရှိနေသည့် ဝန်ထုပ်ဝန်ပိုးကြီးကလည်း ချက်ချင်း ပျောက်ကွယ်သွားပြီ ဟူ၍ပင်။ သို့သော် နောက်ထပ် လူတစ်ယောက်က ထွက်ပေါ်လာပြီး သူတို့ အကုန်လုံးကို လင်းရီထက်ပင် ဆိုးဆိုးရွားရွားဖြစ်အောင် လုပ်သွားလိမ့်မည်လို့ မည်သူက ထင်ထားလိမ့်မည်နည်း။ ယခု သူတို့ တစ်ဘဝလုံး ဒုက္ခိတ ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ဘယ်တော့မှ အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ချေ။

……

OT ဘားထဲကနေ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ချိုးယွီလော့နှင့် နင်ချဲ့ထံသို့ ကြည့်လိုက်၏။

“ မင်းတို့လည်း ပြန်အနားယူသင့်ပြီ .. ငါ့ဘာငါပဲ ဆေးရုံသွားလိုက်တော့မယ်…”

“ နင် ကျောက်မိုနဲ့ တခြားလူတွေရဲ့ ခြေထောက်ကို ချိုးပစ်လိုက်တာ သူတို့ မိဘတွေ နင့်ကို သေချာပေါက် လာရှာကြမှာနော်… နင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ စဉ်းစားထားတာ ကောင်းမယ်…” ချိုးယွီလော့ ပြောလိုက်သည်။

“ ငါ့ကို ရှာဖို့က ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး… ဒီတော့ သူတို့တွေ မင်းဆီ ရောက်လာခဲ့မှာပဲ … သူတို့ လာခဲ့ရင် ပြည်ထောင်စုကောလိပ် ဆေးရုံမှာ တွေ့ဖို့ ပြောလိုက် … ငါ ကိုယ်တိုင် ဖြေရှင်းလိုက်မယ်…”

နင်ချဲ့ လင်းရီကို ပြုံးကြည့်လိုက်သည်။ “ နင် ဒီလို အချိန်မျိုးကို စောင့်နေတာ အတော်လေး ကြာနေပြီ မလား …”

“ ဒါပေါ့ … ငါ့ရဲ့ ‘သေလူ’ ဆိုတဲ့ အထောက်အထားနဲ့ သက်သေမချန်ဘဲ ကြိုက်တာလုပ်လို့ ရပြီ … အရူးလက်မှတ်ရထားသလိုပဲ … တွေးကြည့်နေရုံနဲ့တင် တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတယ်…”

“ ဒါဆိုလည်း ပြီးတာပဲ … တစ်ယောက်ယောက် ဆက်သွယ်လာရင် ပြည်ထောင်စုကောလိပ် ဆေးရုံမှာ တွေ့ဖို့ ပြောလိုက်မယ်…” နင်ချဲ့ ပြောလိုက်သည်။ “ ငါတို့ တက္ကစီနဲ့ သွားလိုက်မယ်.. ကားက နင်ယူသွားလိုက် …”

“ အိုကေလေ… ဒါဆိုငါ အားနာမနေတော့ဘူးနော်…”

ရိုးရှင်းသည့် စကားတစ်ချို့ ပြောဆိုပြီးနောက် သုံးယောက်သား လမ်းခွဲလိုက်ကြကာ လင်းရီမှာ သူ့ဘာသူ ဆေးရုံသို့ မောင်းနှင်လာသည်။

အရေးပေါ် ကယ်ဆယ်ရေး အခန်းသို့ ပြန်လာခဲ့ပြီးနောက် ချောင်ရှင်းမှာ မေးထောက်ရင်း လီချူးဟန်အား ငေးမောနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ ပြန်လာသည်ကို မြင်တော့ ချောင်ရှင်း မတ်တပ်ရပ်လိုက်၏။

“ အစ်ကိုရီ ရှင် အဲ့လူတွေကို ကိုင်တွယ်ပြီးခဲ့ပြီလား …”

“ အင်း … သူတို့တွေ နောက် လုပ်ရဲတော့မှာမဟုတ်ဘူး …” လင်းရီ တုံ့ပြန်လိုက်ပြီး “ အခြေအနေ ဘယ်လိုရှိလဲ …”

“ အများကြီး ပိုကောင်းလာတယ်… ဒီညတောင် နိုးလာမလား မသိဘူး …”

လီချူးဟန်ကို ကြည့်ရင်း လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့ကာ နွေးထွေးသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

နောင်မှာ မင်းနဲ့ စကားတွေ အတူပြောနိုင်ဦးမှာ သိပ်ကောင်းတာပဲ …

စာစဉ် (၁၂၃) ပြီး၏။

All Chapters