ယုတ္တိအားလုံးကို လွန်ဆန်၍ ပြန်လည်ရှင်သန်ခြင်း
Vol. 123 Ch. 1831
မိသားစုကြီး ငါးခုက ထွက်ခွာသွားတော့မည့် အချိန်မှာပဲ သူတို့တွေ ထူးဆန်းသည့် အသံကို ကြားလိုက်ကြရပြီး မသိစိတ်အလျောက် လှမ်းလတ္တံ့ခြေလှမ်းတို့အား အလိုလို ရပ်မိသွားခဲ့ကြသည်။ ထို့နောက် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
လူအုပ်ကြီးက ဘေးသို့ ကျဲပေးနေသည်ကို သူတို့တွေ မြင်တွေ့လိုက်ရသည်။
ထို့နောက် … ထောင့်တစ်နေရာတွင် ထိုင်နေသည့် လူကို မြင်တွေ့သွားခဲ့သည်။ ထိုလူက ဆံပင်အတိုနှင့်ဖြစ်ပြီး အသားအရေကတော့ အနည်းငယ် ညိုသည်။ ထိုလူ့ကို သေချာလေး ဂရုတစိုက် ကြည့်ရှုလိုက်သော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို သူတို့တွေ မမှတ်မိကြချေ။
သို့သော် သူတို့တွေ အမှုမထားဘဲ မနေဝံ့ပါချေ။ အကြောင်းမူကား လျန်ချွင်းရှောင်က သူ့ဘေးနားတွင် ရပ်နေသောကြောင့် ဖြစ်သည်။
ဤအသေးစိတ် အချက်အလက်လေးကို မိသားစုကြီး ငါးခုလုံးရှိ လူများက သတိထားမိသွားခဲ့ကြ၏။
လျန်ချွင်းရှောင်ဆိုတာ ဘယ်သူလဲ …
သူက စစ်တပ်ထဲမှာ တကယ့်ကို ဖြုံလောက် ၊ ရှိန်လောက်တဲ့ ရာထူးကြီးကြီး တစ်ခု ရထားတဲ့လူလေ။
ရှေးခေတ်အချိန်တွင် ဖြစ်မည်ဆိုပါက စစ်သည်တစ်သိန်း အင်အားနှင့် ညီမျှသည့် ချိန်ချင်ကျစ်း ဖြစ်ပြီး မော်ဒန်ခေတ်တွင်တော့ ရိုသေလေးမှုနှင့် ကြောက်ရွံ့မှုကို အမိန့်ပေးသည့် သူရဲကောင်းပုံရိပ်က လျန်ချွင်းရှောင်ပင် ဖြစ်သည်။
သို့သော် ယခု ထိုကဲ့သို့သော လူက တကယ်ကြီး အနှီ လူ၏ ဘေးတွင် မတ်တပ်နေခဲ့သည်။ ထိုလူက မည်သူ ဖြစ်နိုင်မည်နည်း။
ဒီလူကရော လျန်ချွင်းရှောင် ရှေ့မှာ ဘယ်လို သတ္တိတွေနဲ့ ထိုင်ဝံ့နေတာ။
ဟိုက မတ်တပ်ရပ်နေတာကိုလေ။
“ မင်းက ဘယ်သူလဲ … ဒီကို ဘာလာလုပ်တာလဲ …”
“ မင်းတို့က ငါ့သားကို အရိုအသေ လာပေးကြတယ်ဆိုတော့ အဖေ တစ်ယောက်အနေနဲ့ ငါက ထွက်လာပြီး စကားတစ်ချို့ ပြောသင့်တာ ပုံမှန်ပဲ မဟုတ်ဘူးလား … ငါသာ ဧည့်သည်တွေ အပေါ် ဧည့်ဝတ် မကျေပွန်ဘူးဆိုရင် ရိုင်းပြရာ ကျတာပေါ့ …”
“ သား ….”
ချင်ရင်လုံ၊ ကူဖန့်နှင့် ကျန်သူများ အားလုံး၏ မျက်နှာအမူအရာသည် အလွန်အမင်း အကျည်းတန်သွားခဲ့တော့သည်။
သူတို့ အားလုံး ယခင်တစ်ချိန်က ရန်ကျင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သိကြသည်။ မြို့တော်၏ အလှလေး ချင်ရင်ယွဲ့က လင်းကျင်ကျန့်နှင့်အတူ ရန်ကျင်းကနေ ထွက်ပြေးသွားခဲ့၏။
နှစ်ပေါင်း ၂၀ ကျော် ကြာပြီးသည့်နောက် သူတို့အားလုံး တွေးထားခဲ့ကြသည်မှာ လင်းကျင်ကျန့်က စစ်မြေပြင်တွင် သေရင်သေ ၊ သို့မဟုတ် သာမန်လူတစ်ယောက် သွင်ပြင်ဖြင့် ခြေငြိမ်နေပြီဟုသာ တွေးထင်ထားခဲ့ကြသည်။
သို့သော် … အနှီ ရန်ကျင်းမြို့ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် ပြုလုပ်ခဲ့သည့် ထိုလူက ယခု တကယ်ကြီး ပြန်ရောက်လာခဲ့လိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
လင်းကျင်ကျန့်သည် ထိုင်နေရာမှ ထ၍ ချင်ရင်လုံနှင့် ကျန်သူများထံ လျှောက်လှမ်းလာခဲ့သည်။
သို့ပေမယ့်လည်း ၎င်းလှမ်းနေသည့် ခြေလှမ်းတိုင်းက သူတို့၏ နှလုံးသားကို တက်နင်းချေနေသကဲ့သို့ တစ်လှမ်းချင်းစီတိုင်းတွင် သိမ့်ကနဲ တုန်တက်သွားခဲ့ကြလေသည်။
ဤသည်က အထူးသဖြင့် ချင်းရန်ဖူ နှင့် ချင်းရန်လင်တို့ အတွက်ဆို ပိုမှန်သည်။ သူတို့က တန်းထျန်ထဲမှနေပြီး အတွင်းအား ထုတ်သည့် နည်းလမ်းကို တတ်မြောက်ထားကြရာ လင်းကျင်ကျန့်၏ ခန္ဓာကိုယ်က ထုတ်လွှတ်နေသည့် ဧရာမဖိအားကြီးအား ချက်ချင်းခံစားမိသွားခဲ့ကြ၏။ ထိုဖိအားက သူတို့နှစ်ဦးကို ဖိန့်ဖိန့်တုန်အောင် တုန်လှုပ်စေသည့် အဆင့်သို့တိုင် ရောက်ရှိနေပြီး ဖြစ်သည်။
“ လင်းကျင်ကျန့် … တကယ်ကြီး မင်းပဲ ..”
“ ဘာလဲ … ငါ့ကို မြင်လိုက်ရတော့ အံ့ဩသွားသလား … အကုန်လုံးက မိတ်ဟောင်းဆွေဟောင်းတွေကိုပဲ ငါ့ကို တကယ်ကြီး အပြင်မှာ သေသွားဖို့ မျှော်လင့်ထားကြတာတော့ မဟုတ်ဘူးမလား …”
“ ဆိုတော့ မင်း ပြန်လာတော့ကော ဘာအရေးလဲ … ချင်မိသားစု မင်းကြောင့် ဒီနေ့လို အခြေအနေမျိုး ရောက်သွားခဲ့တာ … မင်းကို တစ်သက်လုံး ခွင့်လွှတ်မပေးနိုင်ဘူး ဟေ့ကောင် ….”
“ အဲ့တုန်းက မင်းတို့တွေ အကုန်လုံး ငါ့လက်ချက်နဲ့ ခေါင်းတောင် မဖော်နိုင်အောင် အရိုက်ခံခဲ့ရတယ်… ငါ ဒီဒေသက ထွက်သွားတော့မှ ခြေကုပ်ယူနိုင်ကြတဲ့ ကောင်တွေကများ …”
“ ဒါပေမယ့် ဒီလောက်နှစ်တွေ ကြာပြီးတာတောင် မင်းရဲ့သားကလည်း အဲ့ဒီတုန်းက မင်းလို စိတ်ပျက်စရာကောင်းနေတုန်းပါလား … ပြန်တောင် မလှန်ရဲတော့တဲ့အထိကို ငါ့သားရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ်… အခု ငါ့သား မရှိတော့မှ မင်းက လူတွေ ခေါ်လာပြီး ဟောင်ဖွာဟောင်ဖွာ လာလုပ်ပြရဲနေတယ် … ငါသာ ရှိမနေဘူးဆိုရင် မင်းတို့ အကုန်လုံးက ရင်ယွဲ့ကိုတောင် အနိုင်ကျင့်ကြဦးမယ်…”
“ ဒါတွေအားလုံးက မင်းအမှားကြောင့်ပဲ … ဒီအကြွေးကို မင်း ပြန်ပေးဆပ်ရမယ်…”
“ ဟက် …”
လင်းကျင်ကျန့် ပြုံးလိုက်ပြီး “ ရန်ကျင်းမှာ ရှိခဲ့တဲ့ အချိန်တုန်းကရော … နိုင်ငံခြားမှာ နေနေတုန်းက အချိန်ကရော … ဘယ်သူကမှ ငါ့ဆီ အကြွေးလာမတောင်းရဲသေးဘူး …”
လင်းကျင်ကျန့်သည် ချင်ရင်လုံ၏ ပခုံးကို ပုတ်လိုက်သည်။ သူ အားအများကြီး အသုံးမပြုထားပေ။ သို့တိုင် ချင်ရင်လုံမှာ ခပ်အုပ်အုပ် အသံတစ်ခုနှင့်အတူ အတင်းအကြပ် ဒူးထောက်လျက်သား ဖြစ်သွားခဲ့လေသည်။
“ အဖေ….”
“ ငါတို့ သခင်ကြီးကို လွှတ်လိုက်စမ်း …”
ချင်ရင်လုံ အနောက်ရှိ ဘော်ဒီဂတ်များက ရှေ့သို့ ပြေးတက်လာကြသည်။ သို့သော် ထိုအချိန်မှာပဲ သေနတ်မောင်းချိန်သံတို့က လေထုထဲ ပြည့်နှက်သွားခဲ့ပြီး အနက်ရောင် ပစ်စတို လေးလက်က ချင်မိသားစု အဖွဲ့ဝင်များသို့ ချက်ချင်း ချိန်ရွယ်ထားပြီး ဖြစ်နေသည်။
စုန့်ကျင်းမင်မှာ စိတ်မရှည်ပုံ ပေါက်နေပြီး “ မင်းတို့ကိုယ် မင်းတို့ ထင်နေတာ ဒါက ဟွာရှမှာမို့လို့ မင်းတို့ကို မသတ်ရဲဘူးလို့ ထင်နေတာလား ဟုတ်လား …”
ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုက ချင်မိသားစုကို ချက်ချင်းလွှမ်းခြုံသွားခဲ့ပြီး သူတို့၏ ခြေထောက်များကို ကြောက်ရွံ့မှုကြောင့် အားနည်းချိနဲ့သွားစေသည်။
ထိုအခါမှပဲ အဘယ်ကြောင့် လျန်ချွင်းရှောင်ကဲ့သို့သော လူပုဂ္ဂိုလ်မျိုးက ထိုလူအနားတွင် မတ်တပ်ရပ်နေလဲဆိုတာ နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
“ တော်ပြီ .. လုံလောက်ပြီ … ဆက် အကျယ်မချဲ့ကြနဲ့တော့ …” လုပေချိန် ပြောလိုက်၏။
လင်းကျင်ကျန့် လက်ဟန်ပြလိုက်ပြီး စုန့်ကျင်းမင်နှင့် ကျန်သူများလည်း သူတို့၏ သေနတ်များကို ပြန်ရုတ်သိမ်းကာ ဘေးကပ် ရပ်နေလိုက်သည်။
သို့တိုင် … ချင်ရင်လုံသည် တုတ်တုတ်လှုပ်ဝံ့ခြင်း မရှိသေးချေ။ သူ၏ နောက်ကျောတစ်ပြင်လုံးက ချွေးအေးတို့ဖြင့် ရွှဲနစ်နေလေသည်။
လင်းကျင်ကျန့် ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ အကြည့်က မိသားစုကြီး လေးခုသို့ ယှက်သန်းသွားခဲ့၏။
“ ဘာတွေပဲ ဖြစ်နေပါစေ ငါတို့ချင်းက အနှစ် ၂၀ ကျော် ၃၀ လောက် သိခဲ့တဲ့ လူဟောင်းတွေချည်းပဲ … ဒီလို ပုံစံမျိုးနဲ့ ငါ့သားရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးတယ်ဆိုတာ အတော်လေး မသင့်လျော်ဘူးလို့ မင်းတို့ ကိုယ့်ကိုယ်ကို မထင်ဘူးလား …”
လင်းကျင်ကျန့်သည် ဖိတ်မန္တပြုသည့် အမူအရာ ပြုလုပ်လိုက်ပြီး “ အနည်းဆုံးတော့ မင်းတို့တွေ ထွက်မသွားခင် အရိုအသေ ပေးသွားသင့်တယ် မဟုတ်လား …”
မသိစိတ်အလျောက် ကူဖန့်နှင့် ကျန်သူများအားလုံး ခက်ခက်ခဲခဲ တံတွေးမျိုချမိသွားခဲ့ကြသည်။
သူတို့တွေ ယနေ့ ရောက်လာခဲ့သည်မှာ အနိုင်ကျင့်ဖို့ ဖြစ်ပြီး လင်းရီကို သေသွားခဲ့လျှင်ပင် အေးအေးချမ်းချမ်း ထွက်မသွားနိုင်စေဖို့ ရည်ရွယ်သည်။ သို့သော် လင်းကျင်ကျန့်ဟူသည် သူတို့တွေ ထင်မှတ်မထားသော ဖြုံလောက်စရာကောင်းသည့် လူကြီးက အတည်ကြီး ပြန်ရောက်နေခဲ့လေသည်။
လေးလံနေသည့် လေထုက မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေပြီး လင်းကျင်ကျန့်သည် နေရာ၌ သာမန်လျှံကာ ရပ်နေလျက်ရှိသည်။ သို့သော် မိသားစုကြီး လေးခုအဖို့တော့ အတော်လေး မသက်မသာ ခံစားနေခဲ့ရ၏။
အဆုံးတွင် ကူဖန့်မှနေ၍ “ မင်းတို့ မပြန်ခင် ဦးတစ်ချက် ညွှတ်လိုက် … ဒါက သေလူကို အရိုအသေပေးတဲ့ ထုံးတမ်းစဉ်လာပဲ ..”
ကျောက်မိုနှင့် ကျန်သူများကတော့ ဘာဖြစ်နေလဲဆိုတာ နားမလည်ကြတော့ချေ။ သူတို့အားလုံး၏ စိတ်ထဲတွင် မေးခွန်း သင်္ကေတများဖြင့် ပြည့်နှက်နေဲ့၏။ ဤ လင်းကျင်ကျန့်ဆိုသည့် လူက မည်သူမည်ဝါလဲဆိုတာကို သူတို့တွေ ဆိုးဆိုးရွားရွားကြီး သိချင်စိတ် ပြင်းပြနေမိတော့သည်။
အဲ့လူက ဘာကြောင့်မို့ သတ္တိတွေ ဒီလောက် ကောင်းနေရတာလဲ …
မိသားစုကြီး လေးခုက နှစ်တန်း အစီအရီ ရပ်လိုက်ကြပြီး လင်းရီ၏ ရုပ်အလောင်းကို အရိုအသေပေးလိုက်ကြသည်။
ချင်းဟန်နှင့် ကျန်နှစ်ယောက်မှာတော့ ဘေးတွင် မတ်တပ်ရပ်နေရင်း တိတ်တဆိတ် အံ့အားသင့်မိသွားခဲ့လေသည်။
လင်းရီရဲ့ ဖားသားကြီးက တကယ်ပဲ ဘယ်သူကြီးလဲ …
သူ့လက်အောက်ငယ်သားတွေက ဒီလောက် အရေးကြီး ပုဂ္ဂိုလ်တွေ အများကြီး ရှိနေတဲ့ နေရာမျိုးမှာတောင် သေနတ် ဆွဲထုတ်ဝံ့နေတယ်…
ဒါကြီးကတော့ ရူးလောက်စရာပဲ …
အထင်ကြီးမိပြီ …
“ ဒီလိုကမှ မိသားစုကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီသွားတာ … မဟုတ်ရင် နိုင်ငံကြီးသား ဘယ်ပီသတော့မှာ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ အခု မင်းတို့နဲ့ မဆိုင်တော့ဘူး … မင်းတို့ လူတွေ ခေါ်ပြီး ဒီက ထွက်သွားလိုက်တော့ … မှတ်ထား … ငါ လင်းကျင်ကျန့် အရှင်လတ်လတ်ကြီး ရှိနေသေးတုန်းပဲ ….”
မိသားစုကြီး ငါးခု၏ မိသားစုဝင်များမှာ မတူကွဲပြားသည့် အမူအရာ အမျိုးမျိုးဖြင့် ဖြစ်နေကြလေသည်။ သူတို့တွေ သောင်းသောင်းဖြဖြ ၊ စတိုင်အပြည့်နှင့် ရောက်ချလာခဲ့ကြသော်လည်း ယခုတွင်တော့ သူတို့ဦးခေါင်းတွေကို ငုံ့ပြီး ပြန်ထွက်သွားနေရလေသည်။
အပြင်ဘက်ရှိ နေရောင်ခြည်ပင် သူတို့အဖို့ ယခင်ကလောက် ကြည်နူးဖို့ မကောင်းတော့သလို ခံစားနေရတော့သည်။
လင်းကျင်ကျန့်သည် သူ၏ ဦးခေါင်းအား အနည်းငယ် ငုံ့လိုက်ရင်း လျိုဟုန်အနားသို့ ရောက်လာခဲ့ပြီး “ ကျန်တဲ့ လိုအပ်တာတွေ ဆက်လုပ်မယ်… နေ့လည် မတိုင်ခင် ပြီးပါစေ … အဲ့အချိန် ကျော်သွားရင် ကောင်းတော့မှာ မဟုတ်ဘူး …”
လျိုဟုန် ခေါင်းညိမ့်လိုက်သည်။ သူသည်လည်း လင်းကျင်ကျန့်၏ အရှိန်အဝါကြောင့် အံ့အားသင့်နေခဲ့မိ၏။
သူတို့ချင်း ဤနေရာမှာ ဆုံတွေ့သည်က ကံကောင်းသည်လို့ ပြော၍ရသည်။ အကယ်၍ တိလိရာ့ကျွန်းတွင်သာ တွေ့ခဲ့မည်ဆိုပါက ထိုကဲ့သို့သော လူစားမျိုးက ရှေးဟောင်းသားရိုင်း ဒီရေလှိုင်းကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ကျုံးဝေ့တပ်ဖွဲ့က ဤသို့သော လူစားမျိုးကို မည်သို့ ဆန့်ကျင်နိုင်ပါလိမ့်နည်း။
သူ၏ အတွေးများအား ရှင်းထုတ်ရန်အတွက် လျိုဟုန်သည် ခေါင်းအနည်းငယ် ခါရမ်းလိုက်ပြီး မျက်မှောက် ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ကာ ဈာပနာ အခမ်းအနား၏ နောက်ဆက်တွဲ အရေးကြီးသည့် တစ်စိတ်အတစ်ပိုင်းဖြစ်သည့် ကွယ်လွယ်သူအား နှုတ်ဆက်ခြင်း အခမ်းအနားကို ဆက်လက် လုပ်ဆောင်သည်။
လူတိုင်းက အတန်းလိုက် စီစီရီရီ ရပ်၍ ရုပ်အလောင်းနှစ်ခုကို ဝန်းရံလိုက်ကြသည်။
ယခင် ရပ်တန့်နေခဲ့သည့် ဝမ်းနည်းမှုနှင့် မျက်ရည်တို့က ဖန်သား အခေါင်းထဲရှိ လင်းရီကို မြင်တော့ ချက်ချင်း တစ်ဖန် လှိုင်းပုတ်လာခဲ့ပြန်သည်။ လူတိုင်း တိတ်ဆိတ်စွာ ငိုကြွေးရင်း လင်းရီအား နှုတ်ဆက်နေခဲ့ကြ၏။
လီချူးဟန်မှာ သူမ၏ မျက်ရည်များကို မငိုမိအောင် အနိုင်နိုင် သိမ်းဆည်းထားရင်း နံရံကို မှီလျက် နေဝင်ချိန် နီးနေသည့် လူအိုကြီး တစ်ယောက်သဖွယ် ဖြစ်နေခဲ့သည်။ ထို့နောက် သူမ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်သွားခဲ့ပြီး လူတိုင်း၏ မြင်ကွင်းထဲက ပျောက်ကွယ်သွားခဲ့၏။ ချောင်ရှင်းသည်ပင် ထွက်ခွာသွားခဲ့သည့် သူမကို သတိမထားမိလိုက်ချေ။
ဒုတ် ဒုတ် ဒုတ် …
ပူဆွေးမှုတို့က လွမ်းဆွေးနှုတ်ဆက်ခြင်း အခန်းတစ်ခုလုံးသို့တိုင် ဖုံးလွှမ်းနေခဲ့ပြီး ထိုအထဲ ကြားနိုင်ရုံမျှသာ ရှိသည့် နှလုံးခုန်သံလည်း အပါအဝင်ပင်။
ဖန်အခေါင်းတလားထဲတွင် လင်းရီ၏ လက်ချောင်းတို့က ညင်သာစွာ လှုပ်ရှားသွားခဲ့၏။ သို့သော် ထိုအသေးမွှားလေးကို မည်သူကမျှ သတိမပြုမိခဲ့ကြချေ။
သူ့ကိုယ်သူ ထူးဆန်းသည့် ကမ္ဘာကြီးထဲ ဝင်ရောက်နေခဲ့သည်ဟု လင်းရီ ခံစားနေရသည်။ သူ့ ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်မှောင်မည်းနေခဲ့၏။ သို့သော် သူ၏ ရင်ဘက်တွင် အလင်းတစ်ခုက စတင်ထွက်ပေါ်လာကာ တစ်ကိုယ်လုံးသို့ မြင်သာနိုင်သည့် အမြန်နှုန်းဖြင့် စတင်ပျံ့နှံ့လာသည်။
“ ငါ သေသွားပြီလား ……”
ထူးဆန်းသည့် ကမ္ဘာကြီး အတွင်း၌ လင်းရီ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
[အင်း …. ]
အဖြေပေးလာခဲ့သူကတော့ သူ ရင်းနှီးနေခဲ့သည့် စနစ်သည်ပင်။
“ ဖူး …. “ လင်းရီ ခါးသီးစွာ ရယ်မောလိုက်မိ၏။ “ ငါ ဒီလို နည်းလမ်းနဲ့ သေသွားခဲ့မယ်လို့ တကယ်ကြီး ကိုယ့်ကိုယ်ကို ထင်မထားခဲ့ဘူး … ဒါပေမယ့် တန်ပါတယ်… ငါ မင်းနဲ့ သိလာတာ ၂ နှစ်ကျော် ကြာခဲ့ပြီ … ငါ့ကိုလည်း ဆင်းရဲတဲ့ အရှုံးသမားဘဝကနေ လူချမ်းသာ တစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးခဲ့တယ်… မင်းနဲ့သာ မတွေ့ဖြစ်ခဲ့ရင် ဒီခုချိန်လောက်ဆို ငါ ဘာဖြစ်နေမလဲ ဘယ်သူက သိနိုင်မှာ... ပုံမှန်ဆို ငါမင်းကို ဆဲဆို ကြိမ်းမောင်းနေတယ် ဆိုပေမယ့် … ငါမင်းကို စိတ်ထဲ အရမ်း ကျေးဇူးတင်မိနေတုန်းပဲသိလား …. ”
လင်းရီ မူလတုန်းက တွေးထားခဲ့သည်မှာ စနစ်က သူ့အား နွေးထားသည့် စကားလုံးတစ်ချို့ ပြောလာခဲ့လိမ့်မည်ဟူ၍ပင်။ သို့သော် တခြား အဖြေတစ်ခု ပေးလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
[ ယုတ္တိအားလုံးကို လွန်ဆန်၍ ပြန်လည်ရှင်သန်ခြင်း ၊ အသက်သွင်းပြီးပါပြီ ]