လူတွေက စကားကို ပေါက်ကရ မပြောသင့်ဘူး
Vol. 123 Ch. 1834
“ ကျွန်တော့်ကို ဒီသယ်လာခဲ့တာက ဒါမှ တခြားလူတွေကို ခြောက်လှန့်သလို ဖြစ်မသွားမှာ ဟုတ်တယ်မလား …”
လုပေချိန်သည် လင်းကျင်ကျန့်ကို ကြည့်လိုက်၏။ ဤသည်ကလည်း သူ မေးချင်နေသည့် အရာပင်။
စောနတုန်းက လင်းရီ၏ သေဆုံးမှုကို အတုပြုလုပ်ချင်သည်ဟု ပြောခဲ့ဖူးသည်။ အဘယ်ကြောင့်လဲဆိုတာကို လုပေချိန် သိချင်နေသည်။
လင်းကျင်ကျန့် ထိုင်ခုံတစ်လုံး လှမ်းဆွဲယူ၍ စီးကရက် တစ်လိပ်ကို အေးဆေး မီးညှိလိုက်သည်။
“ မင်းက ဒီဖြစ်ရပ်မှာ တိုက်ရိုက် ပါဝင်နေတဲ့လူပဲ … လူသတ်သမားက ဘယ်သူလဲ မင်းသိလား …”
လင်းရီ ပခုံးတွန့်ပြလိုက်သည်။ “ ကျွန်တော် မသိဘူး … ဒါပေမယ့် ဝမ်မိသားစုလို့တော့ သံသယ ရှိတယ်….”
“ အရင်ဦးဆုံး နိုင်ငံပြင်ပမှာ ကျွန်တော်နဲ့ ရန်ငြိုးရန်စ ရှိထားတဲ့လူတွေ ဘယ်သူမှ မရှိဘူး … ဒီတော့ နောက်ကွယ်ကလူက နိုင်ငံထဲကပဲ ဖြစ်ရမယ်…”
“ ဒုတိယ တစ်ချက် အနေနဲ့ ဝမ်မိသားစုကလွဲရင် ဒီလောက် သတ္တုရိုင်းတွေ အများကြီး ရအောင် လုပ်နိုင်တဲ့ အစွမ်းအစ ရှိတဲ့ မိသားစုကြီးတစ်ခုမှ မစဉ်းစားမိဘူး …”
“ တတိယကတော့ ဒီကိစ္စက လုံးဝကို အနုစိတ် စီစဉ်ထားတဲ့ စီမံကိန်း အကြီးစားပဲ ….. သူတို့ ဆောင်ရွက်နေတာ လမနည်းလောက်ဘူး … ကျွန်တော်ကတော့ ဝမ်ထင်ရှန်းကပဲ ဒီလို လုပ်နိုင်မယ့်၊ လုပ်နိုင်တဲ့ အစွမ်းအစ ရှိတယ်လို့ ထင်တယ်….”
“ နောက် စတုတ္ထတစ်ချက်က တစ်ဖက်လူက ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သူလျှိုတွေ သွင်းထားတယ်… တော်ရုံလူတွေက ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး .. ပြီးတော့ ကျွန်တော်က သူတို့တွေနဲ့ ရန်ငြိုး ရှိနေတယ်… ဒီ အချက်တွေ အများကြီးကို ပေါင်းစည်းလိုက်ရင် ညွှန်ပြနေတာက ဝမ်မိသားစုကိုပဲ … ဒါပေမယ့် တိကျတဲ့ သက်သေအချက်အလက်တော့ ကျွန်တော့်မှာ မရှိဘူး …”
လင်းကျင်ကျန့် ဘာမျှ မဆိုချေ။ သူ လုပေချိန်ကိုသာ လှမ်းကြည့်လိုက်သည်။ တစ်ဖက်သူမှာ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီးနောက်
“ မင်း သူ့ရဲ့ သေဆုံးမှုကို အတုလုပ်ချင်တာက ဝမ်မိသားစုအပေါ် တိတ်တိတ်လေး လက်စားချေချင်လို့လား …”
လင်းကျင်ကျန့်နှင့် လုပေချိန်တို့သည်လည်း လင်းရီ၏ ထင်ကြေးကို မကန့်ကွက်ကြချေ။ သူတို့လည်း ထိုနည်းတူ စဉ်းစားမိနေကြ၏။
သို့သော် လုပေချိန်မှာ လင်းကျင်ကျန့်၏ ရည်ရွယ်ချက်ကို လျင်လျင်မြန်မြန်ဖြင့် ရိပ်စားမိသွားခဲ့လေသည်။
“ အဲ့လိုမျိုးပဲ … ဒီလောက်ကြီးတဲ့ ကိစ္စကြီး ဖြစ်သွားတာ လက်သည်တရားခံကိုတော့ တွေ့အောင် ရှာရမှာပေါ့ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ စစချင်းတုန်းကတော့ ကျုပ်ဘာကျုပ် ကိုင်တွယ်မလို့ပဲ .. ဒါပေမယ့် သူက ရုတ်တရက်ကြီး ပြန်ရှင်လာတယ်ဆိုတော့ ဒီကိစ္စကို သူကိုယ်တိုင် လုပ်တာထက် ပိုပြီး သင့်လျော်တဲ့လူ မရှိတော့ဘူး …”
“ ဝမ်မိသားစုကို အထင်သွားမသေးနဲ့ … တစ်ခုခုသား မှားယွင်းသွားခဲ့ရင် ငါတောင် သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး …” လုပေချိန် သတိချပ်လျက် ပြောလိုက်သည်။
“ အဲ့ဒါ ကိစ္စကြီး မဟုတ်ဘူး … အန်ကယ်လု လုပ်ပေးဖို့ လိုအပ်တာက အခု လောလောဆယ် ဖြစ်နေတဲ့ ကိစ္စကို ဖုံးထားပေးဖို့ပဲ … ကျန်တာကို ကျုပ်တို့ ကိုင်တွယ်လိုက်မယ်…” လင်းကျင်ကျန့် တုံ့ပြန်လိုက်သည်။
“ စိတ်အေးလက်အေး ထားပြီး အေးဆေးမှ လုပ်ကြပါလား မင်းတို့တွေရာ … ဒီကိစ္စက အသေးအမွှားလေး မဟုတ်ဘူးကွ …”
ဤမျှ အချိန်ကြာအောင် နေထိုင်လာသည့် သက်တမ်းတွင် လုပေချိန်သည် များများစားစား မကြောက်ရွံ့ခဲ့ဖူးချေ။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ အမှန်တကယ်ကို စိုးရိမ်ကြောင့်ကြနေခဲ့၏။
သားအဖနှစ်ယောက် ၊ သူတို့နည်း သူတို့ဟန်ဖြင့် မှန်ပြီး အကြောက်အရွံ့ကင်းနေကြသည့် လူနှစ်ယောက်က ယခု ဤဖြစ်ရပ်ကို ကိုင်တွယ်ရန် ပူးပေါင်းနေကြသည်။
လုပေချိန် မနေနိုင်ဘဲ ကြောက်လန့်မှုကြောင့် ရုတ်ချည်းအေးစိမ့်လာသည်ဟုပင် ခံစားနေရသည်။
မီးသင်္ဂြိုဟ်နေစဉ်အတွင်း လူတစ်ယောက်က မီးသင်္ဂြိုဟ်သည့် လုပ်ငန်းစဉ်အတွက် တာဝန်ယူပြီး ကျန်သည့် ဆွေမျိုးမိတ်ဆွေ သင်္ဂဟတို့ကတော့ အပြင်ဘက်တွင် စုဝေးစောင့်ဆိုင်းနေကြ၏။ အရိုးပြာများ ထုတ်ယူလာသည့်အခါမှသာ ဤကိစ္စကို ပြီးဆုံးပြီဟု သတ်မှတ်နိုင်မည်။
ထိုအခိုက်အတန့်တွင် လျိုဟုန်နှင့် ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၁ အဖွဲ့ဝင်များက ကျိုးမိသားစု ဘက်ခြမ်းသို့ သွားပြီး သူတို့အား ဖြောင်းဖျနှစ်သိမ့်ပေးစကား ပြောသည်။
အလောင်းခွဲစိတ်စဉ်၌ ကျိုးလျန်၏ အခြေအနေက မည်မျှဆိုးရွားနေခဲ့လဲဆိုတာကို သူတို့တွေ သိထားပြီးဖြစ်သည်။
လင်းရီရဲ့ အခြေအနေက အမှန်ပင် ဆိုးရွားခဲ့သော်လည်း ကျိုးလျန်နှင့် နှိုင်းယှဉ်လိုက်မည် ဆိုလျှင်တော့ မပြောပလောက်တော့ချေ။
တစ်ချိန်တည်း၌ … မီးသင်္ဂြိုဟ်ရုံ၏ ထောင့်တစ်နေရာတွင် ချင်ရင်ယွဲ့သည် ကျီချင်းရန်နှင့် လျန်ရူရွှယ်ကို ဘေးသို့ ခေါ်သွား၏။
သူမတို့နှစ်ဦးမှာ အလွန်ဆိုးရွားသည့် အခြေအနေသို့ ကျရောက်နေသော်လည်းပဲ ဖြည်းညင်းစွာဖြင့် အမှန်တရားကို လက်ခံလာနေလေသည်။ သေခြင်းတရားက ပြန်ကယ်ဆယ်၍ ရသည့် အရာ မဟုတ်ချေ။ သူမတို့ လက်မခံချင်လျှင်ပင် အခြား ရွေးချယ်စရာ နည်းလမ်း မရှိချေ။
ချင်ရင်ယွဲ့သည် မျက်နှာချောင်ကျသွားခဲ့သည့် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့နှစ်ဦး၏ မျက်နှာကို သေချာကြည့်လိုက်မိသည်။
သူမ တစ်စုံတစ်ရာကို ပြောလိုက်ချင်သည်။ သို့သော် တုံ့ဆိုင်းနေမိ၏။ ပြောစရာ စကားတွေက များလွန်းနေသဖြင့် မည်သည့်နေရာက စကားစရမှန်း မသိ ဖြစ်နေခဲ့သည်။
သူမသားက ဤမိန်းကလေးနှစ်ယောက်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားနေရ၏။
“ အန်တီ… ပြောစရာ ရှိတယ်ဆိုလည်း ပြောလိုက်ပါ … သမီးတို့ကြားမှာ ဘာမှ ပြောင်းလဲမသွားပါဘူး …” ကျီချင်းရန် ပြောလိုက်သည်။
“ အန်တီ သမီးတို့ သုံးယောက် ဘာတွေ ဖြစ်ခဲ့ကြလဲဆိုတာ သိထားပြီးပြီ … ဒါ အန်တီ့သားရဲ့ အမှားပါကွယ်… သူ သမီးလေးတို့ကို စိတ်ပျက်အောင် လုပ်ခဲ့တယ်… အမေတစ်ယောက်အနေနဲ့ ကိုယ့်သားကိုယ် ကောင်းကောင်း မဆုံးမနိုင်ဘဲ သမီးတို့ကို ထိခိုက်ခံစားရအောင် လုပ်ခဲ့မိတယ်….”
ချင်ရင်ယွဲ့ ပြောရင်းဆိုရင်းဖြင့် မိန်းကလေးနှစ်ဦးအား ဦးညွှတ်လိုက်သည်။ ဤသည်က ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကို မြှောက်ပင့်သည်နှယ် ခံစားသွားစေခဲ့ရပြီး ကိုယ်ကို ပြန်မတ်ဖို့ အလျင်အမြန် လက်များ ဆန့်ထုတ်လိုက်ကြ၏။
သို့သော် ဤသို့ ဖြစ်စဉ်အတွင်း သူတို့၏ လက်အချင်းချင်းက ထိတွေ့မိသွားခဲ့ကြရာ လျှပ်စစ်လိုက်သကဲ့သို့ အနောက်သို့ ပြန်ဆုတ်သွားခဲ့စေသည်။
“ အန်တီရယ် .. ဒီလိုတွေ လုပ်စရာ မလိုပါဘူး … ဒါ သမီးတို့ သုံးဦးကြား ကိစ္စ သပ်သပ်ပါပဲ .. အန်တီနဲ့ မဆိုင်ပါဘူး …” ကျီချင်းရန် ပြောလိုက်သည်။
“ ဒါပေမယ့် အန်တီ့သားက သမီးလေးတို့ကို စိတ်ပျက်စေခဲ့တာတော့ အမှန်ပဲလေ… အန်တီ သူ့ကိုယ်စား တောင်းပန်ပါရစေ …” ချင်ရင်ယွဲ့ ကြေကွဲဝမ်းနည်းစွာ ပြောလိုက်၏။
“ အခု သူက ဒီလိုဖြစ်သွားခဲ့ပြီ … ဒါတောင် အန်တီက အရှက်မရှိ သမီးတို့ နှစ်ယောက်လုံးကို ခေါ်ပြီး သူ့အပေါ် ရန်ငြိုးတွေ မထားဖို့ ပြောနေလိုက်သေးတယ်… ဒါပေမယ့် အဲ့တာကိုတော့ အန်တီ တကယ် မျှော်လင့်မိတာ … ဘာပဲဆိုဆို သူက မရှိတော့ပဲလေ…”
“ မဟုတ်တာ .. သမီးတို့ မထားပါဘူး … မထားပါဘူး ….”
သူက မရှိတော့ဘူး …
ထိုစကားလုံးများက အမျိုးသမီး နှစ်ယောက်၏ ရင်ဘက်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားခဲ့၏။
ကျီချင်းရန်မှာ လင်းရီ ယခုလို ဖြစ်သွားခဲ့သည့် သတင်း ကြားစဉ်ကတည်းကရင် သူမ၏ မကျေမချမ်း ဖြစ်မှုများအားလုံးကို လက်လွှတ်လိုက်ပြီ ဖြစ်သည်။
သို့သော် သူမ ထိုအကြောင်း တွေးမိသည့်အကြိမ်တိုင်းလည်း ရင်ကွဲပက်လက် ခံစားနေရကာ မျက်ရည်တို့က မကုန်မခမ်းနိုင် အမြဲကျဆင်းလာနေသည်။
လင်းရီ အခြား မိန်းမတစ်ယောက်ကြောင့်အတွက် သူမကို ပစ်သွားခဲ့သည်အား ကျီချင်းရန် လက်ခံပေးဖို့ ကြိုးစားပေးနိုင်သည်။
သို့သော် ယခု … သူမ၏ ချစ်ခြင်း၊ မုန်းခြင်းနှင့် ချစ်ခြင်းနှင့် မုန်းခြင်းကြားရှိ ခံစားချက်များ အားလုံးကို ရင်ဘက်ထဲ၌ မျိုသိပ်ထားရုံသာ တတ်နိုင်တော့၏။ မည်သို့ပင် ဖြစ်စေ သူမသည် သူ့ကို ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်ချေ။
သူမ နစ်နစ်ကာကာ ချစ်ခဲ့သည်။ စိတ်ရင်း အစစ်အမှန်နှင့် ချစ်ခဲ့သည်။
သို့ပေမယ့် အဆုံးသတ်၌ … သူမ သူ့အား ပိုင်ဆိုင်ခွင့် မရခဲ့ပေ။
“ သမီးတို့ ဒီလိုပြောလာတော့ အန်တီလည်း အများကြီး စိတ်သက်သာ ရသွားပြီ…”
ချင်ရင်ယွဲ့ သူမတို့နှစ်ယောက်လုံးကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ရင်း မျက်ရည်တို့က စီးဆင်းလာခဲ့၏။
တစ်ချိန်တည်းတွင် တက္ကစီသုံးစင်းက အပြင်ကနေ ရောက်ရှိလို့လာသည်။
ချီရှန်းကျောက် ၊ ထျန်းရန် ၊ ရန်စီနှင့် လင်းယွင် အုပ်စု၏ အမှုဆောင် အဖွဲ့ဝင် အများအပြားက ကားထဲမှနေ၍ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြကာ ဟော်ယွမ်ယွမ်ထံသို့ ပြေးလွှားလာခဲ့ကြသည်။
“ ယွမ်ယွမ် … ဘာတွေ ဖြစ်နေတာလဲ … ဥက္ကဌလင်း တစ်ခုခု ဖြစ်သွားတယ်ဆို ဟုတ်လား …”
လင်းရီ သေသွားသည့် သတင်းကို လူသိရှင်ကြား မကြေညာရသေးချေ။ ထိုအစား ဝမ်မိသားစုကသာ တိတ်တိတ်လေး လိုင်းပေါ် ဖြန့်နေပြီး လူထုကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့စေသည်။
ထိုအခါမှပဲ ချီရှန်းကျောက်နှင့် တခြားသူတို့မှာ ဤကိစ္စကို သိရှိသွားခဲ့တော့သည်။
စစချင်းတုန်းကတော့ သူတို့တွေ မယုံကြည်ကြချေ။ ထို့ကြောင့် ဟော်ယွမ်ယွမ်ထံ ဖုန်းဆက်ကြည့်လိုက်တော့ သူမထံကနေ အတည်ပြုစကားကို ကြားလိုက်ရလေသည်။ ထို့ကြောင့်ပဲ သူတို့တွေ လေယာဉ်ဖြင့် ရန်ကျင်းသို့ ချက်ချင်း ပြေးလာခဲ့ကြ၏။
ချီရှန်းကျောက်အတွက်မူကား … ရန်ကျင်းသို့ ပြေးလာသည့် အချိန်၌ သူ့ခြေထောက်မှာ ကျောက်ပတ်တီးနှင့်သာ ရှိသေးသည်။
ရန်စီကတော့ သူတို့နှစ်ဦးမှာ ယခင်က အတူ အလုပ်လုပ်ခဲ့ဖူးသဖြင့် သတင်းကြားပြီးနောက် ချီရှန်းကျောက်ထံသို့ ဖုန်းခေါ်လိုက်သည်။ အတည်ပြု သတင်းကို ကြားလိုက်ရတော့ သူမလည်း တူညီသည့် လေယာဉ်ဖြင့် ရန်ကျင်း ပြေးလာခဲ့လေသည်။
“ အစ်ကိုချီ…..”
ချီရှန်းကျောက်ကို မြင်တော့ ဟော်ယွမ်ယွမ်မှာ သူ့ရှပ်ထောင့်စွန်းကို ဆွဲပြီး တစ်ဖန်ပြန်၍ ငိုကြွေးတော့သည်။
သူမ ဘာတစ်ခုမျှ မဆိုချေ။ ဆက်လက် ငိုကြွေးလျက်သာ နေရင်း ကိုယ့်ကိုယ်ကိုယ် ထိန်းမချုပ်နိုင် ဖြစ်နေခဲ့၏။
ချီရှန်းကျောက်နှင့် တခြားသူများမှာ သူတို့ရှေ့ရှိ မီးသင်္ဂြိုဟ်ရုံကြီးကို ကြည့်ရင်း မလှုပ်မယှက် ငူငူငိုင်ငိုင်ကြီးတွေ ဖြစ်နေခဲ့ကြသည်။ သူတို့လည်း အချိန်အတော်ကြာသည့်တိုင်အောင် စကားမဆိုဘဲ အသံတိတ် ငိုကြွေးနေခဲ့ကြ၏။
တခြားသော ထောင့်တစ်နေရာ၌ ဝမ်ရင်းသည် နေကာမျက်မှန်နှင့် မာ့စ်တပ်ထားသည်။ သူမက ကျီချင်းရန်၏ သတိထားမိခြင်းကို မခံရဘဲ လူအုပ်ကြီးအတွင်း၌ ရောနှောလျက် ရှိနေသည်။
သူမလည်း အွန်လိုင်းပေါ်၌ သတင်းကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ၏ အလုပ်များ အကုန်လုံးကို ဘေးချိတ်ထားပြီး ဤနေရာသို့ အပြေးအလွှား ရောက်လာခဲ့၏။
လင်းရီ သေသွားခဲ့သည့် ကိစ္စကို မည်သူကမျှ သူမထံ တကူးတက ပြောပြမနေကြချေ။ သို့ပေမယ့် ကျီချင်းရန်၏ မျက်ရည်တို့က အမှန်တရားအား လှစ်ဟာပြထားပြီး ဖြစ်၏။
ဝမ်ရင်းသည် မည်သူမျှ မရှိသည့် ထောင့်တစ်နေရာသို့ သွား၍ နံရံကိုမှီလျက် ထိုင်လိုက်ပြီး ခေါင်းကို ခြေထောက်နှစ်ခုအတွင်း၌ မြုပ်နှံထားလိုက်သည်။ သူမ၏ ကြေကွဲဝမ်းနည်းသည့် စိတ်ခံစားချက်တို့က ကျိုးပေါက်နေသည့် ဆည်က လျှံထွက်လာနေသည့် တာရေကဲ့သို့ သူမကို ချက်ချင်းလက်ငင်းပဲ နစ်မွှန်းသွားစေခဲ့၏။
မကြာမီ အဆောက်အဦးထဲက လူတစ်ဘောက် ထွက်လာပြီး လင်းရီ၏ မိသားစုကို မီးသင်္ဂြိုဟ်ခြင်း ပြီးဆုံးပြီ ဖြစ်ကြောင်း အသိပေးသည်။ ယခုက ပြာများအား ထုတ်ယူရမည့် အချိန်ပင်။
အကယ်၍ သာမန်လူများသာ ဖြစ်မည်ဆိုပါက ဤ အဆင့်တွင် သူတို့၌ ရွေးချယ်စရာ အနည်းငယ်သာရှိသည်။ ဝန်ထမ်းက ကောက်ယူ ရွေးချယ်ပြီး ကျန်သည်ကိုပဲ မိသားစုထံ ကမ်းပေးလိုက်မည်။
သို့သော် လင်းရီကတော့ မတူညီချေ။ ရွေးချယ်သည့် လုပ်ငန်းစဉ် တစ်ရပ်လုံးက မိသားစု စိတ်ဆန္ဒရှိသည့် အတိုင်းပင်။
ထိုအချိန်တွင် အနက်ရောင် အက်ကော့တစ်စင်းက သင်္ဂြိုဟ်ရုံထဲက မောင်းထွက်လာခဲ့၏။
“ ဘယ်လို ခံစားရလဲ …”
ကားမောင်းနေသည့် စုန့်ကျင်းမင်က မေးလိုက်၏။
“ လူတွေက တအား ပေါက်ကရတွေ မပြောသင့်ဘူး .. ဟိုလူ့ကို သင်္ဂြိုဟ်ရုံမှာ လက်မှတ်ဖြတ်ထား ၊ ဒီလူ့ကို သင်္ဂြိုဟ်ရုံမှာ လက်မှတ်ဖြတ်ထား … အဲ့လိုတွေ မပြောသင့်ဘူး … အခုကြည့် .. ဘယ်သူမှ ဘာမှ မဖြစ်သေးခင် ကျုပ်ကိုယ်တိုင်က ဒီအရင် ရောက်လာခဲ့တာပဲ ….”