လင်းရီ သင်္ဂြိုဟ်ခံလိုက်ရပြီ
Vol. 123 Ch. 1835
“ ငါ ကြားဖူးတာ ဟွာရှမှာ လူတစ်ယောက် သေသွားခဲ့ပြီဆိုရင် သူတို့တွေက အစားအသောက်နဲ့ ဧည့်ခံပြီး ကူငွေတွေလည်း လက်ခံကြတယ်ဆို … မင်းရဲ့ ဒီသူငယ်ချင်းတွေက ဒီလာက်ချမ်းသာတာ မင်းဆို အနည်းဆုံး သန်း ဆယ်နဲ့ချီ ထောမယ်ထင်တယ်…”
“ ဟင်း … ဘယ်လိုပဲ ပြောပြော ခင်များက ကျွန်တော့်အဖေရဲ့ လက်အောက်ငယ်သားပဲလေ… တကယ်လို့ ရှေးခေတ်တုန်းကသာ ဖြစ်မယ်ဆိုရင် ကျုပ်က ခင်များရဲ့ သခင်လေးပဲ … ကျုပ်ကို ပိုပြီး လေးစားပေးလို့ မရဘူးလား … ကျုပ်က ဒီ သန်းဆယ်ဂဏန်းလောက်ကို မက်မောနေတဲ့ကောင်လား …”
“ ခြင်တစ်ကောင်ရဲ့ ခြေထောက်က ဘယ်လောက်ပဲသေးသေး အသားဖြစ်နေတုန်းပဲ …” စုန့်ကျင်းမင်သည် ပါးစပ်ထဲသို့ စီးကရက်ခဲလိုက်ပြီး “ ငါတို့ ခဏနေ ပွဲခံတဲ့ အခါကျရင် မင်းကို ဝက်ခြေထောက်ကျွေးမယ်…”
“ ပွဲခံမယ့် ကိစ္စတွေ လောလောဆယ် မေ့ထားလိုက် … အရေးကြီးတာတွေ အရင်ကိုင်တွယ်ကြတာပေါ့ …”
“ ကောင်းပြီလေ…”
လင်းရီ ညွှန်ကြားသည့်အတိုင်း စုန့်ကျင်းမင် ကားမောင်းသွားလိုက်၍ ရွှေကော်ထန်ချွမ်သို့ ရောက်ရှိလာသည်။
မီးသင်္ဂြိုဟ်ရုံတွင်တော့ ပြာများ စုဆောင်းပြီးနောက် ကျောက်ချွမ်ဖူသည် ၎င်းတို့ကို ကြွေအိုးတစ်လုံးနှင့်အတူ ပြန်သယ်ဆောင်လာခဲ့သည်။
ဤသို့ဖြင့် လင်းရီ၏ ဈာပနာကိစ္စတစ်ခုလုံး စီစဉ်ဆောင်ရွက်ပြီးသွားခဲ့လေပြီ။
ဧည့်ခံပွဲတွေ ၊ ကူငွေတွေ ကိစ္စကို သူတို့ အာရုံထားမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် အောက်မေ့ခြင်း အခမ်းအနားသို့ တက်ရောက်လာသူတိုင်းကလည်း လူကုံထံများဖြစ်ကြပြီး ပုံမှန် ထုံးတမ်းစဉ်လာတို့အား ကျော်ခွထားကြ၏။
သို့သော် ကျောက်ချွမ်းဖူနှင့် ဝမ်ချွေ့ပင်းတို့ကြောင့်မို့ ရောက်လာသူများထဲ၌ အာရုံရှိသူများ စားသောက်နိုင်ရန် အရသာ ရှိသည့် အစားအသောက် စားပွဲဝိုင်းတစ်ချို့နှင့် အရက်များကိုတော့ ထားထားပေးသည်။
မည်သို့ပင်ဆိုစေ နေ့လည်အချိန်သို့ပင် ကျရောက်တော့မည် ဖြစ်ပြီး လူတွေကလည်း စားဖို့သောက်ဖို့ လိုအပ်၏။
သို့သော် အရိုအသေပေးရန် ရောက်လာကြသူများကတော့ စားသောက်သွားဖို့ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ကြ၏။
မည်သူကမျှ ယခုလောလောဆယ် စားသောက်လိုစိတ် ရှိမနေကြချေ။
၎င်းကြောင့် … ဝမ်ချွေ့ပင်းတို့လည်း အတင်းအကြပ် မပြုလုပ်တော့ချေ။ မည်သို့ပင်ဖြစ်စေ သူတို့ထံ၌လည်း အဆိုပါ ကိစ္စများအား စီမံဆောင်ရွက်ရန် ခွန်အား ပိုလျှံမနေချေ။
လူတိုင်း ထွက်ခွာသွားခဲ့ပြီးနောက် မိသားစုဝင်များမှာ အဓိက ဝင်ပေါက်ဝ၌ ရပ်နေပြီး လာရောက်ပေးကြသည့် ဧည့်သည်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်စကားပြောသည်။ ရိုးရှင်းသော်လည်း မဖြစ်မနေ လိုအပ်သည့် လောကဝတ် တစ်ခုဖြစ်၏။
မီးသင်္ဂြိုဟ်ရုံထဲက ထွက်လာခဲ့ပြီးနောက် ကျီချင်းရန်နှင့် ကျန်သူများက ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
သူမ သင်္ဂြိုဟ်ရုံထဲကနေ ထွက်လာပြီးကတည်းက လင်းရီ၏ အရိုးပြာအိုးကို ပိုက်ထားပြီး လက်လွှတ်ပေးဖို့ ဆန္ဒမရှိ ဖြစ်နေသည်။
ကျောက်ချွမ်ဖူနှင့် ဝမ်ချွေ့ပင်းတို့က ပြာများကို ကျိုးဟိုင်တွင် ထားလိုသည်။ သို့သော် ကျီချင်းရန်က ငြင်းပယ်လိုက်၏။
လင်းရီ၏ မွေးရပ်မြေက ရန်ချိန်ပင်။ သေဆုံးပြီးနောက် မူလနေရာသို့ ပြန်သွားသည်က ပိုကောင်း၏။
စစ်တပ်ထဲရှိ ကျုံးဝေ့တပ်ဖွဲ့၏ အဆင့်အတန်းဖြင့် လင်းရီနှင့် ကျိုးလျန်တို့၏ အရိုးပြာများကို အာဇာနည်ဗိဗ္မာန်တွင် ထားသိုချင်ပါကလည်း ပြဿနာ မရှိချေ။
ဟိုတယ်တွင် ခဏနေထိုင်ပြီးနောက် လူတိုင်းမှာ အနည်းငယ် တည်ငြိမ်လာကြပြီး ရန်ချိန်သို့ ပြန်ရန် ပြင်ကြ ၊ ဆင်ကြ၏။
တစ်ချိန်တည်းတွင် လင်းရီနှင့် စုန့်ကျင်းမင်တို့မှာ ရေချိုးလို့ ပြီးသွားခဲ့ပြီး ဝန်ဆောင်မှုပေးမည့် ကျွမ်းကျင်ပညာရှင်ကို သီးသန့်ခန်းထဲတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
လင်းရီမှာ သူ့လက်များကို ဦးခေါင်းနောက်သို့ ခုထားပြီး မျက်နှာထက်တွင်လည်း အမူအရာ ကင်းမဲ့နေသည်။ သူ့မုဒ်မှာ ရှုပ်ထွေးနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် လမ်းတွင် ကြားလိုက်ရသည့် သတင်းတစ်ခုကြောင့် ဖြစ်၏။
သူနှင့် လျန်ရူရွှယ်ကြားရှီ ဆက်ဆံရေးက လူသိရှင်ကြား ဖော်ထုတ်ခံလိုက်ရသဖြင့် ကျီချင်းရန်လည်း ဤအကြောင်းကို သိပြီးလောက်ချေပြီ။
ယင်းအချက်က လင်းရီကို အချိန်အတော်ကြာသည်ထိတိုင် စိတ်မတည်ငြိမ်စေဘဲ ဖြစ်နေစေတော့သည်။
သူ့ဘက်က ဤကိစ္စကို ချိန်ခွင်လျှာ အညီအမျှဖြင့် ညီတူမျှတူ ဖြစ်အောင် ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားနေသော်လည်း … ယခု သူ့ဘက်က ဖြေရှင်းနည်းလမ်းကို မစဉ်းစားနိုင်သေးခင်တွင်ပင် အရင် ဖော်ထုတ်ခံလိုက်ရ၏။
ဤအကြောင်းကြောင့်ပဲ လင်းရီသည် ဝမ်မိသားစုက ယခု ဖြစ်ရပ် နောက်ကွယ်တွင် ရှိနေတာကို ပိုပြီး သေချာသွားခဲ့တော့သည်။
လူအများစုက သူ့နောက်ကွယ်တွင် သူနှင့် လျန်ရူရွှယ်ကို ဓာတ်ပုံခိုးရိုက်မှာ မဟုတ်သလို ရိုက်ဖို့ စဉ်းစားနေမှာလည်း မဟုတ်ချေ။ သို့သော် ဝမ်မိသားစုကတော့ အခြေအနေ အရပ်ရပ်တို့နှင့် ပြည့်စုံနေခဲ့၏။ သူ သေသွားခဲ့ပြီးသည့်နောက်တွင် သူတို့ဘက်က ဤကိစ္စကို ထုတ်ဖော်လိုက်ပြီး သူ၏ ဂုဏ်သတင်းကို ညစ်နွမ်းစေချင်သည်။
အတော်ကို ယုတ်မာရက်စက်သည့် အစီအစဉ်ပင်။
သူ ယခု ခဏတာ လွတ်မြောက်နေနိုင်သော်လည်း နောက်ရက်အနည်းငယ်ကြာတွင် ပြန်သွားဖို့ လိုအပ်၏။ ဤကိစ္စကို ဘယ်လို ရင်ဆိုင်ရမလဲ မသိတော့ချေ။ သို့မဟုတ် ကျီချင်းရန်နှင့် မည်သို့ မျက်နှာချင်းဆိုင်ရမလဲ ဆိုတာကိုပင်။
“ ရိုးရိုးသားသား ဝန်ခံရရင် မင်းက အဆက်အသွယ် တော်တော်များများတာကို ငါ အခုမှပဲ သတိပြုမိတော့တယ်… မင်းက နာမည်တော့ အတော်ကြီးသားကွ …”
အနှိပ်ခံနေစဉ် စုန့်ကျင်းမင်က အပြုံးဖေးဖြင့် ပြောလာခဲ့၏။
“ ဘာဖြစ်လို့လဲ …”
“ ဒါတစ်ချက်ကြည့်လိုက် … “
လင်းရီ စုန့်ကျင်းမင်၏ ဖုန်းကို လှမ်းယူကြည့်လိုက်ပြီး သူ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ရှုံ့မဲ့သွားခဲ့တော့၏။
“ လူကြီးမင်းလင်း .. ကျွန်မတို့တွေ ရှင့်ကို အကောင်းဆုံး ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်… ကျိုးဟိုင် ဟွာချင်း ရေကန်က ကျွမ်းကျင်ပညာရှင်တွေ အကုန်လုံးက ရှင့်ကို ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့ ဆန္ဒပြုပေးလိုက်ပါတယ်…”
“ ကောင်းကောင်းမွန်မွန် သွားပါ ဥက္ကဌလင်း … ကျွန်မ ရှင့်ကို အကောင်းဆုံး ဆုတောင်းပေးပါတယ်___ ကျိုးဟိုင် ရင်ကျွင်း ရေတံခွန်က ကျွမ်းကျင်ပညာရှင် နံပါတ် ၁၈ “
“ ကောင်းရာဘုံမှာ ငြိမ်းချမ်းစွာ အနားယူပါတော့ ဥက္ကဌလင်းရေ … ဥက္ကဌလင်းရဲ့ ဘုန်းတန်ခိုး အာနုဘော်ကလည်း အမြဲတမ်း တည်တံနေမှာပါ … ကျိုးဟိုင် ပင်လယ်ရေချိုးခန်း တောင်ကြားကနေပြီး ဆုတောင်းပေးလိုက်ပါတယ်… “
“ ကျွန်မကို အိမ်တစ်လုံး ပေးလို့ ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း … ဥက္ကဌလင်းရဲ့ မရှိတော့မှုကို ကျွန်မ အမြဲ အမှတ်ရနေမှာပါ .. ပြီးတော့ ကျွန်မတို့ အဖွဲ့သားတွေအားလုံးရဲ့ နှလုံးသားထဲမှာ ဥက္ကဌကြီးနဲ့ အမှတ်တရတွေကို အမြဲ သတိရနေမှာပါ … ကျိုးဟိုင် ‘ ပျော်ပျော်ရွှင်ရွှင် အနားယူမယ် ‘ ရေချိုးစင်တာက ကျွမ်းကျင်ပညာရှင်တွေ အားလုံးကနေပြီး စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်…”
ထိုစာများအား ဖတ်ရင်း လင်းရီ၏ အမူအရာမှာ ပိုပိုပြီး အကျည်းတန်လာနေသည်။ သူ အောက်သို့ ဆက်လက် ပွတ်ဆွဲကြည့်ရှုလိုက်ရာ ရေချိုးစင်တာ အခုနှစ်ဆယ်ကျော်က သက်ဆိုင်ရာ ဆုတောင်းစာများ တင်ထားကြသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီ ဘာပြောလို့ ပြောရမှန်းပင် မသိတော့ချေ။ သူ့ဘက်က ၎င်းတို့ကို ထောက်ပံ့အားပေးခဲ့သည်မှာ မှန်သည်။ သို့သော် ဤမျှလောက်တော့ ကြီးကြီးမားမား ဇာချဲ့နေဖို့ မလိုအပ်ပဲလေ။
ထို့ပြင် ဤဖြစ်ရပ်က ဝေ့ပေါ်၏ ရေပန်းစားမှု စာရင်းအတွင်း၌ပင် ပါဝင်သွားခဲ့၏။
“ ကျိုးဟိုင်ရဲ့ ဥက္ကဌလင်းက ဘယ်သူလဲ …”
အဆိုပါ ပို့စ်အောက်၌ အင်မတန် ရေပန်းစားသည့် ဆွေးနွေးမှု တစ်ခု ဖြစ်သွားခဲ့၏။
“ ကျေးဇူးပြုပြီး မေးပါရစေ … ဒီဥက္ကဌလင်းရဲ့ ကမ္ဘာကြီးထဲကနေ ထွက်ခွာသွားမှုက ကျိုးဟိုင်ရဲ့ ရေချိုးစင်တာ စီးပွားရေး နယ်ပယ်ကို ဘယ်လောက်တောင် ထိခိုက်သွားစေတာလဲ …”
“ ဖက်ခ်ပဲ … ဒီလူတွေ ငါ့ သိက္ခာဖျက်စီးရလောက်အောင် အတော်အားယားနေကြတယ်နဲ့တယ်…”
“ ကျိုးဟိုင်ရဲ့ ရေချိုးစင်တာ စီးပွားရေး နယ်ပယ်ကြီးက မင်းရဲ့ ပံ့ပိုးပေးမှုကြောင့်နဲ့ စည်ပင်နေတာပဲကွ ..” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ငါ မင်းကို စစချင်း တွေ့တုန်းက မင်းကို မြင်တော့ မျက်လုံးထဲ ဘာလို့ သဘောကျချင်စရာ ကောင်းလဲ တွေးမိနေတာမှတ်တယ် လက်စသတ်တော့ မင်းမှာလည်း ဒီလို ကြင်နာတတ်တဲ့ စိတ်ထားမျိုး ရှိမယ် ထင်မထားဘူး ….”
“ ကျုပ်တို့ချင်း အတူတူပါပဲ …”
…………..
ဝမ်မိသားစု ဗီလာထဲတွင် ဝမ်ထင်ရှန်းနှင့် ချိန်ချူဖုန်းတို့ နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး လက်ဖက်ရည် သောက်နေကြသည်။ ဝမ်ထင်ရှန်းက သူ့နာရီကို တစ်ချက်ငုံ့ကြည့်ပြီး “ ဒီခုလောက်ဆို ဈာပနာလည်း ပြီးရောပေါ့ …”
“ အင်း … ဒါက ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး … လင်းရီ သေတာနဲ့ ဒီကိစ္စက ပြီးသွားပြီ …” ချိန်ချူဖုန်း ပြောလိုက်သည်။ “ ဒါပေမယ့် နောက် သုံးလေးနှစ်လောက်အထိတော့ ဝမ်မိသားစုက သိုသိုသိပ်သိပ် နေသင့်တုန်းပဲ … ငါတို့ရဲ့ ခွန်အားကို သိုဝှက်ထားရမယ်… လုပေချိန် အသက်ရှိနေသေးသရွေ့တော့ ငါတို့ ကြီးကြီးမားမား လှုပ်ရှားလို့ ရဦးမှာ မဟုတ်ဘူး …”
ဝမ်ထင်ရှန်း ခေါင်းညိမ့်လိုက်သည်။ “ ဝမ်မိသားစု ဒီနေ့ ဒီလိုနေရာ ရောက်လာခဲ့တာလည်း လင်းရီ ကောင်းမှုကြောင့်ပဲ … ကျုပ် သူ့ကို စောစောလေး မသတ်ခဲ့လိုက်ရတာကိုပဲ နောင်တရမိတယ်…”
“ ကံကြမ္မာဆိုတာ သူ့အချိန်နဲ့သူ ရှိပြီးသား … ဖြစ်ချိန်တန်ရင် ဖြစ်မယ် … ပျက်ချိန်တန်ရန် ပျက်မယ်… မဖြစ်သင့်သေးတာကို အတင်းအကြပ် တွန်းအားပေးလို့ မရဘူး .. နောက်ကျတယ် ထင်ရပေမယ့် အကုန်လုံးက ကံစီမံရာရဲ့ တစ်စိတ်တစ်ပိုင်းတွေချည်းပဲ … ငါတို့က တည်ငြိမ်တဲ့ နှလုံးသားနဲ့ လက်ခံဖို့ပဲ လိုတယ်…”
“ မျက်နှာချင်းဆိုင် သတ်ရတော့ ပိုပြီး အရသာရှိတာပေါ့ …” ဝမ်မြန် ပြောလိုက်၏။
“ ကိစ္စကြီးတွေ လုပ်မယ့်လူက အသေးမွှားကိစ္စလေးတွေကို ချွေးထွက်မခံဘူး… ရလဒ်က မှန်ကန်နေဖို့ပဲ အရေးကြီးတယ်…”
“ နားလည်ပါပြီ အကြီးအကဲချိန် …”
Creak ….
သူတို့ သုံးယောက် စကားပြောနေစဉ်မှာပဲ အပြင်ဘက်က ကားဘရိတ်အုပ်သံ ကြားလိုက်ရပြီး လီမီ အရေးတကြီး ပြေးဝင်လာသည်။
“ သခင်ကြီး … ဈာပနာ အခမ်းအနားမှာ ပြဿနာ တစ်ခု ဖြစ်သွားတယ်… လင်းကျင်ကျန့် ပြန်ရောက်လာပြီ …”
“ မင်း ဘာပြောလိုက်တယ်… လင်းကျင်ကျန့် ပြန်လာပြီ ဟုတ်လား ….”
ဝမ်ထင်ရှန်း ထိုင်ခုံကနေ ဆတ်ကနဲ ကောက်ထလာခဲ့ပြီး ဒေါသစိုးမိုးနေသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။
အခြားတစ်ဖက်ရှိ ချိန်ချူဖုန်းကတော့ ဝမ်ထင်ရှန်းကဲ့သို့ မဖြစ်သွားသော်လည်း သူသည်လည်း မျက်နှာအမူအရာ မည်းမှောင်နေသည်။ လင်းကျင်ကျန့်ဟူသည့် နာမည်က တားမြစ်ထားသည့် အရာတစ်ခုကဲ့သို့ပင်။
အကယ်၍ လင်းကျင်ကျန့်ကြောင့်သာ မဟုတ်ပါက ရန်ကျင်း၏ လက်ရှိ ရေမျက်နှာပြင်မှာ ယခုလိုပုံစံမျိုး ဖြစ်နေခဲ့မှာ မဟုတ်ချေ။
“ လင်းရီက တကယ်ကြီး သူ့သားလား …”
လီမီ ခေါင်းညိမ့်ပြလိုက်သည်။
“ ချင်မိသားစု၊ ကျောက်မိသားစု၊ ကူမိသားစု၊ လုမိသားစုနဲ့ စွန်းမိသားစုက လူတွေ လင်းရီရဲ့ ဈာပနာပွဲကို ရောက်လာပြီး ပြဿနာ ရှာကြတယ်… ဒါပေမယ့် လင်းကျင်ကျန့် ထွက်လာပြီး မိသားစုကြီး ငါးခုလုံးကို ဖိနှိပ်ထားတာ သူတို့တွေ ခေါင်းတောင် မဖော်ရဲကြဘူး … သူတို့ကို နေရာမှာတင် ဦးညွှတ်ခိုင်းရုံတင် မကသေးဘူး … ချင်ရင်လုံကိုပါ ဒူးထောက်ကျသွားအောင် လုပ်ခဲ့သေးတယ်…”
ပြောပြနေသည့် လီမီ၏ လေသံမှာ တည်တည်ငြိမ်ငြိမ်ပင်။ အဘယ်ကြောင့်ဆိုသော် သူက ငယ်ရွယ်ပြီး ယခင်တစ်ချိန်က အဖြစ်အပျက်များအား သိရှိခြင်း မရှိသောကြောင့်ပင်။
သို့သော် ဝမ်ထင်ရှန်းနှင့် ချိန်ချူဖုန်းတို့ကတော့ ကွဲပြား၏။
အနှစ် ၂၀ ကျော်မျှ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ လွှမ်းမိုးသည့် အခိုက်အတန့်ကာလက သူတို့ရင်ဘက်ထဲက ယခုထက်ထိတိုင် မည်သည့်အရာနှင့်မျှ ချေဖျက် မရနိုင်ခဲ့သေးပေ….။