← Chapters

စိတ်လွတ်သွားခြင်း

Vol. 123 Ch. 1837

စိတ်လွတ်သွားခြင်း

Vol. 123 Ch. 1837

ချိန်ချူဖုန်းမှာ ထိတ်လန့် ကြောက်လန့်လွန်း၍ ဒရောသောပါး နောက်ဆုတ်မိသွားခဲ့ပြီး ကြမ်းပြင်သို့ ဖင်ထိုင်လျက်သား လဲကျသွားခဲ့လေသည်။

ရင်ဘက်ကို လက်ဖြင့် ဖိနှိပ်ထားရပြီး အသက်ကိုလည်း အမောတကော ရှူနေရသည်။

“ လင်း … လင်းရီ ….”

ချိန်ချူဖုန်းမှာ ရှိသမျှ မွေးညှင်း အကုန်ထောင်သည်အထိ ကြောက်ရွံ့မိသွားခဲ့ပြီး လက်ညှိုးတထိုးထိုးဖြင့် ပြောလိုက်၏။ ဝမ်ထင်ရှန်းသည်လည်း သာ၍ ကောင်းမွန်မနေချေ။

လင်းရီ သေသွားခဲ့ပြီကို သူတို့ကိုယ်တိုင် အတည်ပြုထားခဲ့သည်။ သို့သော် အနှီ ရင်းနှီးနေသည့် မျက်နှာကြီးက သူတို့ အိမ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာနေသည်။

ဤသို့ ထူးဆန်းသည့် ဖြစ်ရပ်မျိုးကို သူတို့ မည်သို့ လက်ခံပေးရမည်နည်း။

“ ဘာလဲ … ကျုပ်ကို ဒီမှာ မြင်လိုက်ရတော့ အံ့ဩသွားလား …”

လင်းရီ အေးစက်စွာ ဆိုလိုက်သည်။

“ မင်း မင်း … လူလား သရဲလား … မင်း ဒီကို ဘာလို့ …. “

“ ခင်များတို့ ကျုပ်ကို သတ်ခဲ့တယ်… ဒီတော့ လက်စားပြန်ချေသင့်တာ သဘာဝပဲ မဟုတ်ဘူးလား ….”

“ ဒါ … ဒါတွေအားလုံး မင်းကြောင့်ပဲ …”

ဝမ်ထင်ရှန်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၍ “ ငါတို့ ဝမ်မိသားစုကို ဒီလို ဖြစ်အောင်လုပ်တဲ့ မင်းအမှားကြောင့်ပဲ … ပြီးတော့ မင်းက ငါ့သား ခြေထောက်တွေကိုလည်း ဒုက္ခိတ ဖြစ်အောင် လုပ်သွားသေးတယ်… ဒါတွေ အားလုံး မင်း တာဝန်ယူရမှာပဲ …”

“ ဆိုတော့ … ခင်များတို့က ဒီလို စီစဉ်ပြီး ကျုပ်ကို သတ်ဖို့ လုပ်တယ်ပေါ့ …”

“ မင်းက သေဖို့ တန် . . . . . . . “

ဝမ်ထင်ရှန်းသည် ပြောရင်းတန်းလန်း စကားတစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားခဲ့သည်။

တဒင်္ဂမျှ စိုးရိမ်ထိတ်လန့်သွားခဲ့ပြီးနောက် သူ၏ အသိစိတ်တို့ ပြန်လည် ကြည်လင်လာသည်။

အဘယ်ကြောင့်ဆိုသော် ကြမ်းပြင်တွင် လင်းရီ၏ အရိပ်ကို ဝမ်ထင်ရှန်း မြင်တွေ့လိုက်ရသောကြောင့်ပင်။

“ မင်း မသေဘူး …”

“ ခင်များက မပိန်းဘူးပဲ ..”

လင်းရီ အံ့အားသင့်သွားခဲ့ခြင်း မရှိချေ။ ဝမ်ထင်ရှန်းကဲ့သို့သော လူစားမျိုးကို သူလည်း သရဲယောင်ယောင်၊ ဘာယောင်ယောင် လုပ်၍ ခြိမ်းခြောက်လိုစိတ် မရှိပါချေ။

သို့သော် ဤမျှလောက်ကပင် မည်သူက လက်သည်တရားခံ ဖြစ်သည်ကို သိရဖို့ လုံလောက်ပြီး ဖြစ်၏။

“ မဖြစ်နိုင်တာ … မင်း ဖောက်ခွဲခံလိုက်ရပြီ မဟုတ်ဘူးလား … ဘယ်လိုလုပ် အသက်ပြန်ရှင်လာနိုင်မှာလဲ …”

“ ကျုပ်က ဒီတိုင်း အခြေအနေ အတော်ဆိုးနေလို့ သူများတွေက ကျုပ်ကို သေပြီ ထင်သွားရုံလေးပဲ ..” လင်းရီ ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။

“ အခု ကျုပ် ပြန်သက်သာလာပြီဆိုတော့ ခင်များတို့ဆီ လာပြီး စကားပြောလာတယ်လေ… မကြိုဆိုချင်ဘူးလား …”

ချွေးအေးတို့က ဝမ်ထင်ရှန်း၏ အင်္ကျီနောက်ကျောတစ်လျောက်သို့ ရွှဲနစ်သွားခဲ့သည်။ မကောင်းသည့် ခံစားချက်တို့က ရင်ဘက်ထဲ လှိုင်တက်လာလေသည်။

လင်းရီ သေသွားသည်ဟု လင်းကျင်ကျန့်နှင့် လုပေချိန်တို့ နှစ်ယောက်ပေါင်းပြီး ဇာတ်လမ်းရိုက်ကူးခဲ့ခြင်း ဖြစ်ရမည်။

ဆိုတော့ ငါက လှည့်စားခံခဲ့ရတာပဲ …

“ မင်း ပြန်ရှင်လာတော့ကော ဘာဖြစ်လဲ … ဒါက ဝမ်မိသားစုရဲ့ အိမ်ကွ … မင်း ဝင်လာပြီး လုပ်ချင်တိုင်း လုပ်လို့ ရမယ် ထင်နေလား …”

ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ ငါမင်းကို ဒီကနေ ထွက်သွားဖို့ အချိန် သုံးစက္ကန့်ပေးမယ်.. မဟုတ်ရင် မင်း ဒီကို လာခဲ့တဲ့ အကျိုးဆက်တွေကို ပြန်ပေးဆပ်စေရမယ်…”

“ အပြင်က အမှိုက်တွေက ကျုပ်ကို တားနိုင်မယ် ထင်နေရင် ကျုပ် ဒီအိမ်ထဲ ပေါ်လာနေဦးမယ် ထင်လား …”

“ မင်းးး … မင်း တကယ်ကြီး ….”

ဝမ်ထင်ရှန်း ခြေတစ်လှမ်း နောက်ဆုတ်မိသွားခဲ့၏။

“ လင်းရီ … မင်း အခု ဘာလုပ်မိနေလဲဆိုတာ မင်းကိုယ်မင်း သိစမ်း ... ငါ ဘယ်သူလဲ မင်းသိတယ်… လုပေချိန်တောင် ငါ့ကိုထိလို့ ဖြစ်လာမယ့် ပြစ်မှုကို ကြောက်ရတယ်ကွ …”

“ ကျုပ်က သေလူလေ… သေပြီးသားလူက ခင်များကို လာပြီး သတ်ပါတယ်လို့ ပြောရင် ဘယ်သူက ယုံမှာ ….”

“ မင်း …”

Splash … Splash … (ရေကျသံ )

ထိုအချိန်တွင် ရေချိူးခန်းထဲကနေ၍ ရေကျသံတို့ ထွက်ပေါ်လာသည်။

ရုတ်ချည်း ထွက်လာခဲ့သည့် ဤအသံက သူတို့နှစ်ဦးကို တုန်ယင်သွားစေခဲ့ပြီး စိတ်ထဲ၌ မခြောက်ခြားဘဲ မည်သို့မျှ မနေနိုင်ကြတော့ချေ။

“ အဆင့်သင့်ဖြစ်ပြီပဲ … ကောင်းပြီ … ခင်များတို့ကို သွားသင့်တဲ့ နေရာ ပို့ပေးဖို့ အချိန်တန်ပြီ….”

“ မင်း … မင်း ဘာလုပ်နေတာလဲ ….”

“ ခဏနေ အဖြေသိရမှာပေါ့ …”

လင်းရီ စကားဆုံးသည်နှင့် သူတို့နောက်ကျောဘက်တွင် အရိပ်နှစ်ခု ထွက်ပေါ်လာပြီး သူတို့၏ ပါးစပ်များကို အုပ်ကာ ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားခဲ့လေသည်။

မကြာမီ စုန့်ကျင်းမင်က ရေချိုးခန်းထဲကနေ ထွက်လာခဲ့သည်။

“ ခင်များ တွေ့ခဲ့လား …”

“ အကုန် ဒီမှာပဲ…”

စုန့်ကျင်းမင်က လက်အိတ်ဝတ်ထားပြီး လက်ထဲတွင် ဖုန်းသုံးလုံး ကိုင်ထားသည်။

“ ဝမ်ထင်ရှန်းရဲ့ ဖုန်းက တန်ဖိုး အကြီးဆုံး ဖြစ်မယ်… ဒီတော့ သူ့ဖုန်း အရင်ကြည့်ကြတာပေါ့ ….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကင်မရာဖန်ရှင်ကို ဖွင့်၍ ဖုန်းအဆက်အသွယ်စာရင်းထဲသို့ ဝင်ကြည့်လိုက်၏။

ရင်းနှီးနေသည့် နာမည်နှစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

ချိန်ကွမ်းကျဲ့ နှင့် ချောင်ကျားတု။

ရုတ်တရက် … ပြဿနာများအားလုံး ရှင်းသွားခဲ့ပြီ ဖြစ်၏။

ချောင်ကျားတုက ကျုံးဝေ့တပ်ဖွဲ့ထဲတွင် သူလျှို လုပ်နေခဲ့ပြီး အခြားတစ်ဖက်ရှိ ချိန်ကွမ်းကျဲ့ကတော့ နောက်ကွယ် အမှောင်ထဲကနေပြီး သူ့ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သူ ဖြစ်ရမည်။

လူနှစ်ယောက်၊ တစ်ဦးက အတွင်း၊ တစ်ဦးက အပြင် ၊ သူတို့၏ လှုပ်ရှားမှုများကို တင်းတင်းကြပ်ကြပ်ဖြင့် ထိန်းချုပ်ထား၏။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ပေးမှုအပြင် ဝမ်ထင်ရှန်း၏ အင်အားကိုပါ ပေါင်းစည်းလိုက်တော့ ဤကဲ့သို့သော အဆင်ချောသည့် အစီစဉ်တစ်ခုက အကောင်အထည် ပေါ်ပေါက်လာသည်။

လင်းရီ လေးပင်စွာ သက်ပြင်းမှုတ်ထုတ်လိုက်၏။ အမှန်တရားက နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ချေပြီ။

ထို့နောက် ဝမ်ထင်ရှန်းနှင့် ချိန်ချူဖုန်းတို့၏ အီးမေးလ်များကို ကူးယူလိုက်ရင်း ပဏာမ အလုပ်တစ်ခု ပြီးမြောက်သွားခဲ့၏။

“ ကျုပ် ဝမ်ထင်ရှန်းရဲ့ ဖုန်းကို ယူသွားချင်တယ်… ဒါက နောင်ကျ အသုံးဝင်လာနိုင်တယ်…”

စုန့်ကျင်းမင် ခေတ္တ တွေးတောလိုက်ပြီး ခေါင်းညိမ့်ပြလိုက်၏။

သာမန်လူဆိုပါက ထိုသို့ တုံ့ဆိုင်းနေမှာ မဟုတ်ချေ။ ဖုန်းလေးတစ်လုံးကို ပေးလိုက်ရ၍ ဘာများ ထူးခြားသွားနိုင်ပါမည်နည်း။

သို့သော် စုန့်ကျင်းမင်တို့ကဲ့သို့သော ကျွမ်းကျင်သူများကတော့ မတူညီချေ။

ယခု ပစ္စည်းများက သေသွားပြီးသည့် လူတစ်ယောက် ပိုင်ဆိုင်ထားသည့် ဖြစ်ပြီး တစ်စုံတစ်ရာ ပျောက်ဆုံးနေသည်က သံသယမျှင်များ ဖြစ်လာစေရန် ပြုလုပ်နိုင်သည်။

သူ၏ အစီအစဉ်ထဲတွင် ဤ ပစ္စည်းများက အခင်းနေရာကို ဖန်တီးရန် သက်သေများပင်။ အကယ်၍ ဝမ်ထင်ရှန်း၏ ဖုန်းက ပျောက်ဆုံးနေသည်ဆိုပါက ချို့ယွင်းချက် တစ်ခုကို ဖန်တီးစေသလို ဖြစ်သွားနိုင်သည်။ ထို့ကြောင့်ပဲ သူ တုံ့ဆိုင်းနေခဲ့ရတာ ဖြစ်၏။

“ သွားစို့ … သူတို့ကို အရင် ရှင်းလိုက်ကြစို့ …”

နောက်ဆက်တွဲ အစီအစဉ်များကို ဆွေးနွေးပြီးနောက် သူတို့နှစ်ယောက်မှာ ရေချိုးခန်းထဲ ဝင်သွားခဲ့ကြသည်။

ဝမ်ထင်ရှန်းနှင့် ချိန်ချူဖုန်းအပြင် ဝမ်မြန်လည်း ရှိနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။ သို့သော် သူ၏ ပါးစပ်က ပိတ်ဆို့ခံထားရပြီး ဝမ်ထင်ရှန်းနှင့် ချိန်ချူဖုန်းတို့ ခေါ်လာခံခဲ့ရသည်ကို မှင်သေသေ မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။

စုန့်ကျင်းမင် စီးကရက် မီးညှိလိုက်၏။

“ အချိန်ကျပြီ … အလုပ်စမယ်…”

ထို့နောက် … သူ့လူတစ်ယောက်ကနေပြီး ဆေးထိုးအပ် တစ်ခု ထုတ်ယူလာကာ ဝမ်ထင်ရှန်းကို သွင်းပေးလိုက်၏။

“ ဘာကြီးလဲ အဲ့တာက ..”

“ မူးယစ်ဆေး …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ဒီလိုနဲ့မှပဲ အာဏာပိုင်တွေကို ဒီကောင်တွေ ဆေးသုံးရင်းနဲ့ ကားမောင်းလို့ မြစ်ထဲ ပြုတ်ကျသွားတယ်ဆိုပြီး သက်သေဖန်တီးလို့ရမှာ … ကျိုးကြောင်းသင့်တင့်ပြီး ယုတ္တိရှိတယ်ဟုတ် ….”

လင်းရီ လက်မထောင်ပြလိုက်သည်။ “ ခင်များက ဒီလိုဟာမျိုးတွေတော့ အတော် တော်တဲ့လူပဲ … လေးစားမိပါတယ်…”

“ အတော်ဆုံးဆီကနေ သင်ယူထားလို့လေ…”

သုံးယောက်လုံးမှာ မျက်လုံးပြူး ၊ မျက်ဆံပြူးကြီးများဖြင့် ဖြစ်နေခဲ့ကြပြီး ပါးစပ်ကို တိပ်ကပ်ထားသောကြောင့် ဘာတစ်ခွန်းမျှလည်း မပြောနိုင်ခဲ့ချေ။ ကြောက်လန့်တကြား ညည်းသံတို့ကိုသာ ပြုနိုင်လေသည်။

လင်းရီ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဝမ်ထင်ရှန်းကို ကြည့်လိုက်သည်။

“ ကျုပ်အထင် ကျုပ်တို့တွေ ရန်သူ ဖြစ်လာတာ စီးပွားရေး ယှဉ်ပြိုင်မှုကနေ စခဲ့တာ ထင်တာပဲ … ခင်များက ကျုပ် ပြိုင်ဘက် မဟုတ်တော့ ကျုပ်ကို ရှုံးသွားတယ်.. ကျုပ်က အကြီးကြီးနိုင်သွားခဲ့တယ် ထင်ရပေမယ့် လင်းယွင်အုပ်စုလည်း တော်တော်ကြီး အထိနာသွားခဲ့တယ်… ဆိုတော့ အဲ့တာက အပေးအယူ ဖလှယ်မှု အခြေအနေပဲ … “

“ ဒါပေမယ့် မနှစ်ဆောင်းတွင်းတုန်းက … ကျုပ် ခင်များတို့ကို ဘာမှလည်း မလုပ်မိဘဲနဲ့ ကျုပ်ကို သတ်ဖို့ဆိုပြီး စွန်းမန်လုံကို လျှို့ဝှက်စေခိုင်းခဲ့တယ်… အဲ့ဒီဖြစ်ရပ်က စီးပွားရေး ယှဉ်ပြိုင်သလို အေးအေးဆေးဆေး ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး … အဲ့ဒီတော့ ကျုပ် ခင်များသားရဲ့ ခြေထောက်တွေကို ချိုးခဲ့တယ်…. ခင်များရဲ့ ကျုပ် အပေါ် အမုန်းတရားတွေကို ပိုပြီး နက်ရှိုင်းသွားအောင် လုပ်မိရင်းပေါ့ ….”

“ ဆိုရိုးတွေအတိုင်းပဲ စစ်သူကြီး တစ်ယောက်ရဲ့ အောင်မြင်မှုက အလောင်းတွေပေါ်မှာ တည်ဆောက်ထာတးယ်… ကျုပ် သေမှာကို ခင်များလိုချင်တာ နားလည်တယ်.. ဒါပေမယ့် ခင်များတို့လုပ်ရပ်ကြောင့် ကျုပ်ရဲ့ ရဲဘော်တစ်ယောက် သေသွားခဲ့တာကို သိလား …”

လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ကြမ်းကြုတ်ရက်စက်သည့် သားရိုင်းကောင်ကြီးကဲ့သို့ ဖြစ်လာခဲ့ပြီး ဝမ်ထင်ရှန်း၏ ဆံပင်ကို ဆွဲကာ ခေါင်းအား အပေါ်သို့‌ မော့လှန်လိုက်၏။

“ သူ့ ခြေတွေ လက်တွေ အကုန်ရိုက်ချိုးခံခဲ့ရတယ်… သူ့ လက်သည်းခွံတွေ … သူ့ရဲ့ သွားတွေ … အကုန် ဆွဲချွတ်ခံခဲ့ရတယ်.. ခင်များ စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ သူ နှိပ်စက်ခံခဲ့ရတယ်…”

စုန့်ကျင်းမင်မှာ ဘေးတွင် ရပ်နေပြီး တုတ်တုတ်မျှ မလှုပ်ချေ။ လင်းရီ၏ အသံက ပြောရင်းပြောရင်းဖြင့် ဖြည်းဖြည်းချင်း တိမ်ဝင်လာသည်ကို သူ ကြားနေရလေသည်။

“ သူ ကျုပ်ကို အဖော်လုပ်ပေးရင်း အဲ့ကို ရောက်လာခဲ့တာ … ဒါက ကျုံးဝေ့တပ်ဖွဲ့ရဲ့ မစ်ရှင်မဟုတ်ဘူး … သူ ပနားမားမှာ သေသွားခဲ့ရတာ ကျုပ်ကြောင့်နဲ့ပဲ … ဒုန်း ဒုန်း ဒုန်း ….”

လင်းရီသည် ဝမ်ထင်ရှန်း၏ ဦးခေါင်းကို ဆွဲ၍ နောက်ရှိ နံရံနှင့် သုံးလေးကြိမ် ဆောင့်လိုက်သည်။ ရင်ထဲ ဖိနှိပ်ထားခဲ့ရသည့် ဒေါသတို့က မီးတောင် ပေါက်ကွဲထွက်သကဲ့သို့ ပေါက်ကွဲထွက်လာခဲ့တော့၏။

သူ စိတ်လွတ်သွားခဲ့ကာ သူ၏ စိတ်ခံစားချက်တို့အား မည်သို့မျှ ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။

“ သူ့ အသက်က ၂၅ ပဲ ရှိသေးတာကို ခင်များသိလား … သူ့မိဘ‌တွေမှာ သားဆိုလို့ သူတစ်ယောက် ရှိတာ … ကျုပ် သူ့မိဘတွေကို ဘယ်လို မျက်နှာပြရမလဲ … ကျုပ်ကို ဘယ်လို မျက်နှာပြစေချင်တာလဲ …”

All Chapters