လက်ပူးလက်ကြပ်
Vol. 123 Ch. 1838
“ ဝူး ဝူး ဝူး …”
ဝမ်ထင်ရှန်း ညှာတာခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်သည်။ သို့သော် ပါးစပ်ပိတ်ခံထား၍ ဘာစကားတစ်ခွန်းမျှ မပြောဆိုနိုင်ခဲ့ချေ။
ထိုစဉ် … လင်းရီသည် သူ့ကို လွှတ်ပေးလိုက်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိချေ။
“ လင်းရီ …”
အခြေအနေ မဟန်တော့သည်ကို မြင်တော့ လျန်ကျင်းမင် ရှေ့တက်လာပြီး လင်းရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားလိုက်၏။ ဤကောင်က စိတ်ခံစားချက်တို့၏ ဝါးမျိုးခြင်းကို ခံစားနေရ၏။ အကယ်၍ ဤအတိုင်းဆက်သွားနေမည်ဆိုပါက သုံးယောက်လုံး ဤနေရာမှာတင် အသတ်ခံလိုက်ရတော့မည်။
“ ကျုပ်ကိုလွှတ် …”
ဒုတ်…
စုန့်ကျင်းမင်သည် လက်ဝါးဇောင်းဖြင့် လင်းရီ၏ လည်ပင်းကို ခုတ်ကာ သတိလစ်စေလိုက်သည်။ ထို့နောက် ဗီလာသည်လည်း ပြန်လည်တိတ်ဆိတ်သွားခဲ့တော့၏။
“ အလုပ်ဆက်လုပ်မယ်… ငါတို့ထပ်ပြီး အချိန်ဆွဲနေရင် နောက်ကျကုန်တော့မှာ … ခဏနေ ထွက်လာခဲ့ရင် သူတို့ ဖုန်းတွေကိုပါ ယူခဲ့ဖို့ မမေ့နဲ့ ..”
……….
လင်းရီ ပြန်နိုးလာသည့် အချိန်၌ မနက် ရှစ်နာရီထိုးနေချေပြီ။
စုန့်ကျင်းမင် သူ့ကို လက်သံပြောင်ပြောင်ဖြင့် တွယ်သွားခဲ့သည်မှာ အသိသာကြီးပင်။ သို့သော် သူနိုးလာသည့်အခါ၌ ဘေးတွင် ထိုင်နေသူက စုန့်ကျင်းမင် မဟုတ်။ လုပေချိန်ဖြစ်၏။
“ အကြီးအကဲလု … အား … ကျွတ် ကျွတ် ကျွတ် ..”
လင်းရီသည် လည်ပင်းကို ပွတ်သပ်လိုက်ရင်း ကားနှင့် တက်ကြိတ်ခံထားရသကဲ့သို့ ခံစားနေရလေသည်။
“ ဖြည်းဖြည်း … ဝမ်မိသားစု ကိစ္စကိုက ကိုင်တွယ်ပြီးပြီ .. အာဏာပိုင်တွေကလည်း ဒီကိစ္စကို သိပ်အများကြီး အရေးတယူလုပ်မနေဘဲ ရှည်ရှည်ဝေးဝေး စုံစမ်းတာတွေ မလုပ်တော့ဘူး …”
“ မူးယစ်ဆေးကြောင့်လား …”
လုပေချိန် ခေါင်းညိမ့်လိုက်သည်။
“ ဝမ်မိသားစုကတော့ သူတို့တွေ ဒီကိစ္စကို စုံစမ်းမယ် ကြေညာတာပေါ့ … ဒါပေမယ့် ဝမ်ထင်ရှန်း မရှိတော့ဘူးဆိုတော့ ကျန်တဲ့လူတွေကလည်း ပြဿနာ ရှာဝံ့ကြမှာ မဟုတ်ဘူး …”
အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက် လင်းရီ ကျေးဇူးတင်စွာ ပြောလိုက်၏။
“ အကြီးအကဲလု .. ကျေးဇူးတင်ပါတယ်…”
ဤကိစ္စ အုတ်အောသောင်းနင်း သိပ်မဖြစ်ခဲ့သည်က သူတို့တွေ သိုသိပ်လွန်းသောကြောင့် မဟုတ်ဘဲ လုပေချိန်က အမှောင်ထဲမှနေ၍ ကိုင်တွယ်ပေးနေသောကြောင့်ဆိုတာကို လင်းရီသိသည်။
ဝမ်ထင်ရှန်းကဲ့သို့သော မိသားစုကြီး တစ်ခု၏ မိသားစုခေါင်းဆောင် သေဆုံးသွားခဲ့သည်မှာ မဖြစ်ပျက်သွားဘူးဆိုလျှင်ပင် ကသောင်းကနင်း အနည်းငယ်တော့ ဖြစ်သွားနိုင်သည်။
အကယ်၍ လုပေချိန်ကြောင့်သာ မဟုတ်ပါက ဤကိစ္စက ဤမျှ တိတ်ဆိတ်နေလျက်ရှိမှာ မဟုတ်တာကို လင်းရီ သိသည်။
“ တကယ်တမ်းကျတော့ ငါတောင် ဘာမှ သိပ်မလုပ်လိုက်ရပါဘူးကွာ … အဓိကက မင်းတို့ လုပ်သွားတာတွေ သပ်ရပ်လို့ … ဘာ ခြေရာလက်ရာမှ မချန်ထားခဲ့ဘူ … သူတို့တွေ စုံစမ်း စစ်ဆေးချင်ရင်တောင် ဘာမှ ရှာလို့ တွေ့မှာ မဟုတ်ဘူး … “ လုပေချိန် အပြုံးလေးဖြင့် “ မျက်မြင်သက်သေတွေ ရှင်းထုတ်တဲ့နေရာမှာတော့ မင်းက မင်းအဖေနှင့် ယှဉ်ရင် လိုနေသေးတုန်းပဲ …”
“ သူက မော်ကွန်းထဲတောင် ရေးပြီး မှတ်တမ်းထင်ထားရမယ့် လူဆိုးကြီးလေ… ကျုပ်က ဒီတိုင်း ရိုးရိုးသားသား စီးပွားရေး သမားလေးကို ကျုပ်တို့ချင်း ယှဉ်လို့ ဘယ်ရမှာ …”
လုပေချိန် ဝါးလုံးကွဲ ရယ်မောလိုက်မိသည်။ “ အခုစကားတွေသာ သူကြားသွားရင် မင်းကို လာပြီး ဆော်ပလော်တီးလောက်တယ်…”
လင်းရီလည်း ရယ်မောလိုက်၏။ လေထုက သိသိသာသာကို ပေါ့ပါးသွားခဲ့လေသည်။ ထိုအချိန်မှာပဲ သူ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သတိရသွားခဲ့ကာ အိတ်ထောင်ထဲက ဖုန်းကို ထုတ်ပေးလိုက်၏။
“ ဒါကို တစ်ချက်ကြည့်ဦး …”
“ ဘာကြီးလဲ …”
လင်းရီ၏ ဖုန်းကို ယူပြီးနောက် လုပေချိန်သည် အတွင်းရှိ အကြောင်းအရာများကို မြင်တွေ့သွားခဲ့ပြီး သူ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။
သူ၏ အတွေးတို့က လင်းရီနှင့် ထပ်တူကျနေသည်။
“ သူတို့ ဒီလိုအရာမျိုး လုပ်လိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားဘူး ..”
“ အကြီးအကဲ ခန့်မှန်းမိမယ်လို့ ထင်ပြီးသားပါ …”
“ ငါ ချိန်ကွမ်းကျဲ့ကိုပဲ သံသယ ရှိခဲ့တာ .. ဒါပေမယ့် ချောင်ကျားတုကိုတော့ တကယ်ထင်မထားတာ … ငါ အတော်လေးတောင် အံ့အားမိတယ်… ဒါ ငါ့ရဲ့ ပေါ့ဆမှုပဲ …”
လုပေချိန်ကား မိမိကိုယ်ကို ဂုဏ်ယူတတ်သည့် လူတစ်ယောက်ပင်။ သူ၏ ရာထူးသက်တမ်းအတွင်း ယခုလို ကိစ္စမျိုး ဖြစ်ပွားခဲ့သည်က သူ၏ ညံ့ဖျင်းသည့် လုပ်ရည်ကိုင်ရည်များကို ပြသပေးသလို ဖြစ်နေလေသည်။
“ ချိန်ကွမ်းကျဲ့ အခု ဘယ်မှာ … သူ တိလိရာ့ကျွန်းမှာလား …”
“ ကျုံးဝေ့တပ်ဖွဲ့ ပေးတဲ့ မစ်ရှင်တွေ အတိုင်းဆိုရင် သူ ဒီအချိန် တိလိရာ့ကျွန်းပေါ်မှာ ရှိနေသင့်တယ်… ဒါပေမယ့် ဒီခုလို ကိစ္စတွေ ဖြစ်ထားတယ်ဆိုတော့ သူ ဘယ်မှာ ရှိလဲ သေချာပြောလို့ မရဘူး … ဒါပေမယ့် သူ ဒီကို မကြာခင် ပြန်လာမယ်ဆိုတာတော့ ယုံကြည်တယ်… ”
လင်းရီ ခေါင်းညိမ့်လိုက်၏။ သူလည်း ထိုကိစ္စကို တွေးမိသည်။
ချိန်ကွမ်းကျဲ့က ဝမ်မိသားစုနှင့် ခွဲခြား၍ မရအောင်ကို ဆက်နွယ်နေသည်။ ထို့ကြောင့် ဝမ်ထင်ရှန်း၏ ဈာပနာကိုတော့ ရောက်အောင် လာမှာ ဖြစ်၏။
လင်းရီ သိပ်အများကြီး လုပ်စရာမလိုပေ။ သူ လုပ်ဖို့လိုအပ်သည်က အလိုက်သင့်လေး ထိုင်စောင့်နေရုံပင်။
ဝမ်ထင်ရှန်း၏ ဖုန်းအတွက်ကတော့ … ဤသည်က အရေးကြီးသည့် သက်သေ ပစ္စည်းတစ်ခုပင်။
အကယ်၍ သူသာ ဖုန်းအတွင်း နိုင်ငံခြားသားများနှင့် ဆက်သွယ်ထားသည့် မှတ်တမ်းများကို ရှာတွေ့နိုင်ခဲ့မည်ဆိုပါက စီရင်မည့် ပြစ်ဒဏ်သည်လည်း ပိုမိုကြီးမားသွားနိုင်သည်။
နောက်ထပ် ဆယ်နာရီကျော် ကြာသည့်တိုင်အောင် လင်းရီ မည်သည့်နေရာသို့မျှ မသွားခဲ့ချေ။ ကျုံးဝေ့ တပ်ဖွဲ့ အခြေစိုက် စခန်း အတွင်း၌သာ ရှိနေခဲ့၏။
တစ်ချိန်လုံး ဖင်ငြိမ်စွာ မနေနိုင်သောကြောင့် တစ်ခါတစ်ရံတော့ အပြင်ထွက်တတ်၏။ သို့သော် အခြားသူများ မမှတ်မိအောင် ရုပ်ဖျက်ထားခဲ့လေသည်။
နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီ ဝန်းကျင်လောက်တွင် ရေချိုးစင်တာ၌ တစ်ညလုံး အချိန်ဖြုန်းနေခဲ့သည့် လင်းရီသည် လုပေချိန်ထံက ချိန်ကွမ်းကျဲ့ ရန်ကျင်းသို့ ပြန်ရောက်လာပြီ ဖြစ်သည့် သတင်းကို လက်ခံရရှိလိုက်သည်။ ထို့ကြောင့် ယခုက ကျုံးဝေ့ တပ်ဖွဲ့အခြေစိုက် စခန်းသို့ ပြန်ရတော့မည့် အချိန်ပင်။
ကိုယ်အညောင်းအညာ ဆန့်လိုက်ရင်း လင်းရီ ရေတစ်ခွက်သောက်၍ စခန်းသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။
ကျုံးဝေ့တပ်ဖွဲ့သို့ တက္ကစီဖြင့် ပြန်လာခဲ့ပြီးနောက် လင်းရီသည် ကင်မရာများ၏ မျက်ကွယ်ထောင့်မှနေ၍ နံရံပေါ်သို့ ခုန်ကျော်လိုက်သည်။
ကျုံးဝေ့တပ်ဖွဲ့ကဲ့သို့သော နေရာမျိုး၌ ကင်မရာ မျက်ကွယ်နေရာဟူသည် မည်သို့ ရှိနိုင်လိမ့်မည်နည်း။ သို့သော် တစ်စုံတစ်ယောက်က ကင်မရာများအား ရည်ရွယ်ချက် ရှိရှိ လှည့်ထားကာ နှစ်မီတာ ကျယ်ဝန်းသည့် ကင်မရာ မျက်ကွယ်နေရာတစ်ခု ထွက်ပေါ်လာပြီး သူ့အား လူမသိ သူမသိ အထဲသို့ ဝင်ရောက်လာစေသည်။
“ မလှုပ်နဲ့ …”
လင်းရီ နံရံကို ကျော်ခွဖို့ လုပ်နေတုန်းမှာပဲ ရုတ်ချည်းဆိုသလို အနောက်မှ အမိန့်ပေးသံ တစ်သံကို ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်တော့ ပြောလိုက်သူက ချိုးယွီလော့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။ သူမ ဘေးတွင်တော့ လျိုဟုန်နှင့် နင်ချဲ့တို့က ကပ်လျက်ရှိနေသည်။
ဈာပနာ အခမ်းအနားပြီးနောက် လျိုဟုန်နှင့် ချိုးယွီလော့တို့က ချွမ်ရှန်းသို့ ထွက်သွားခဲ့စဉ် နင်ချဲ့က သူ၏ အရိုးပြာကို လိုက်ပို့ပေးရန် ရန်ချိန်သို့ ထွက်သွားခဲ့သည်။
သို့ပေမယ့် ချွမ်ရှန်းရှိ ကိစ္စအဝဝကို စီစဉ်ဆောင်ရွက်ပြီးနောက် လျိုဟုန်နှင့် ချိုးယွီလော့တို့မှာ ရန်ချိန်တို့ ဦးတည်လာခဲ့ကြလေသည်။ သူတို့တွေ လင်းရီ၏ အုတ်ဂူရှေ့၌ ပန်းစည်းများ ချရင်း လင်းရီကို နောက်ဆုံးအကြိမ် ကြည့်ရှုလိုက်ကြသည်။
ပြီးနောက် … လေယာဉ်ဖြင့် သုံးယောက်အတူ ရန်ကျင်းသို့ ပြန်လာခဲ့လေသည်။
ပထမ တစ်ချက် အနေဖြင့် ဤကိစ္စက ဖြေရှင်းပြီ ဖြစ်သောကြောင့် ရန်ချိန်၌ ဆက်လက်နေထိုင်ဖို့ အကြောင်းမရှိတော့ချေ။
ဒုတိယက ဝမ်ထင်ရှန်းနှင့် ဝမ်မြန်၏ သေဆုံးမှုက အတော်လေး ရုတ်တရက် ဆန်လှကာ သူမတို့တွေကို အရေးတကြီး ပြန်လာစေသည့် အကြောင်းအရင်း တစ်ရပ် ဖြစ်စေခဲ့၏။
သို့သော် … ပိုပြီး စိတ်ဝင်စားဖို့ကောင်းသည်က သူတို့တွေ အခြေစိုက် စခန်းသို့ ရောက်သည်နှင့် တစ်စုံတစ်ယောက်က နံရံကို ကျော်ခွဖို့ ကြိုးစားနေတာကို မြင်တွေ့လိုက်ရခြင်းပင်။ ထို့ပြင် ထိုလူက မျက်နှာကိုလည်း ဖုံးအုပ်ထားသေး၏။ လူကောင်း သူကောင်း တစ်ယောက် မဖြစ်နိုင်ပေ။
ဤကိစ္စက အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေချေပြီဟု သုံးယောက်လုံး ခံစားလိုက်ကြရသည်။ ဤမျှ နှစ်တွေ ကြာပြီးသည့်တိုင် တစ်စုံတစ်ယောက်က ကျုံးဝေ့တပ်ဖွဲ့၏ နံရံကို ကျော်၍ အထဲဝင်ရန် ကြိုးပမ်းနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဤလူက အပြင်ထမင်းဟင်းများ စားရ ငြီးငွေ့လွန်းသဖြင့် ထောင်ထမင်းဟင်းများ ပြောင်းစားချင်နေသည်လား မပြောတတ်ပေ။
လင်းရီ မသိစိတ်အလျောက် ခေါင်းကုတ်မိလိုက်ရင်း လျိုဟုန်နှင့် ချိုးယွီလော့တို့အား ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်မိသည်။
သူက ယခု သေလူတစ်ယောက်ပင်။ သို့သော် ယခုလို နေရာမျိုး၌ သုံးယောက်လုံးနှင့် လာတွေ့နေရပြီး အတော်လေး ကိုးရို့ကားယား နိုင်လှ၏။
“ ဒီမှာဟေ့ကောင် .. ဒါ စစ်တပ်ကွ … မင်းရဲ့ ဥပဒေ ချိုးဖောက်လိုက်တဲ့ ဒီလုပ်ရပ်လေးက မင်းကို အနည်းဆုံး ထောင် ဆယ်နှစ်လောက် ကျသွားစေဖို့ လုံလောက်တာကို မင်းသိလား … မင်း အခု ထွက်ပြေးဖို့ အခါနှောင်းသွားပြီ … နေကာမျက်မှန်နဲ့ အဲ့မာ့စ်ကို ချွတ်လိုက် … ငါတို့ ကိုယ်တိုင် မလုပ်ရစေန့ …” လျိုဟုန် လှမ်းငေါက်လိုက်၏။
“ ဒါက နားလည်မှု လွဲသွားတာပါ … ငါ အခုသွားတော့မယ်… ဘိုင့် …”
“ ထွက်ပြေးချင်တယ်ပေါ့ …”
ချိုးယွီလော့ မျက်ခုံးပင့်လိုက်ပြီး “ နင် ထင်နေတာ ဒီနေရာကို နင် လာချင်တိုင်းလာပြီး သွားချင်တိုင်း သွားလို့ ရတဲ့ ဇရပ်များ ထင်နေလား … နာနာခံခံနဲ့ ပူးပေါင်းပေးလိုက် .. မဟုတ်ရင် အကျိုးဆက်တွေက ထင်ထားတာထက် ပို ပြင်းထန်သွားလိမ့်မယ်…”
“ အမ် …….. မင်းတို့ငါ့ကို ဒါတွေ ချွတ်စေချင်တာ သေချာလား …”
“ မဟုတ်တော့ရော … ငါတို့ ကိုယ်တိုင် ချွတ်ပေးစေချင်တာလား ဟုတ်လား …”
သူ့ကို လက်ပူးလက်ကြပ် မိထား၍ ဤသုံးယောက် လက်ထဲကနေ ထွက်ပြေးဖို့ မဖြစ်နိုင်ကြောင်းကို လင်းရီသိသည်။ ထို့ကြောင့် သူ ရုန်းကန်ဖို့ ကြိုးစားနေသည်များအား ရပ်တန့်လိုက်တော့၏။
သို့နှင့် ..
လင်းရီသည် ဖြည်းညင်းစွာဖြင့် သူ၏ နေကာမျက်မှန်နှင့် မာ့စ်ကို ချွတ်လိုက်တော့သည်။