၀န်ခံခြင်း
Vol. 123 Ch. 1840
“ ငါ့အထင် အတွင်း အစည်းအဝေးပွဲဆိုတာ ဗန်းပြလောက်ပဲ ဖြစ်မယ်… အဓိက အကြောင်းအရာက လင်းရီအတွက် လက်စားချေဖို့ပဲ ဖြစ်မှာ …”
ချောင်ကျားတု ပြောလိုက်သည်။
ချိန်ကွမ်းကျဲ့ ခေါင်းညိမ့်လိုက်ပြီး ချောင်ကျားတု၏ စကားကို သဘောတူလိုက်သည်။
“ လုပေချိန် အဘိုးကြီးက အဲ့ကောင်ကို တော်တော် သဘောကျတာပဲ … သူ့ ဈာပနာကို တက်ရုံတင် မကသေးဘူး.. လက်စားချေပေးဖို့ အထိပါ လုပ်ပေးနေလိုက်သေးတယ်… ဒါ နည်းနည်း မျက်နှာလိုက်လွန်းသွားပြီ မဟုတ်ဘူးလား …”
“ အဲ့ဒီတုန်းက ဝမ်မြန် နှုတ်ထွက်မယ်ဆိုတော့ လိုက်လိုက်လျောလျောကြီးကို ပေးနှုတ်ထွက်ခဲ့တာ …. သူ လင်းရီကို ဘယ်လောက်ထိ သဘောကျနေလဲဆိုတာ အသိသာကြီးပဲ …” ချောင်ကျားတု ပြောလိုက်သည်။ “ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ရင် ဝမ်မိသားစုက ခုလိုမျိုး ကျဆင်းသွားမှာတောင် မဟုတ်ဘူး … အဘိုးကြီး ဒီလိုတွေ လုပ်နေတယ် ဆိုတာလည်း သူ့ လောင်းကြေးတွေ အကုန်လုံးကို လင်းရီ အပေါ်မှာ စုပြုံထားလို့ပဲ .. အခု … သူ့ ဆက်ခံသူ အဖြစ် ပျိုးထောင်ပေးနေတဲ့ လူက ဒီလိုပုံစံမျိုးနဲ့ သေသွားခဲ့ပြီ ဆိုတော့ ဒီကိစ္စကို လွယ်လွယ်လေးနဲ့ လက်မလွှတ်နိုင်တာ ထုံးစံပါပဲ …”
“ တကယ်တမ်းကျတော့ ကျုပ်တို့ လုပေချိန်ကို ကြောက်နေစရာ ဘာအကြောင်းပြချက်မှ ရှိမနေဘူး … ကျုပ်တို့တွေ သိုသိုသိပ်သိပ်လေးပဲ လှုပ်ရှားခဲ့ကြတာ မဟုတ်ဘူးလား … ဘယ်သူမှလည်း ဒီအကြောင်း မသိဘူး … ပြီးတော့ ကျုပ်တို့နဲ့ ဆိုင်လည်း မဆိုင်ဘူး … ဒါပေမယ့် လင်းကျင်ကျန့်နဲ့ဆိုရင်တော့ ဘာတွေ ဖြစ်မလဲ ပြောရခက်တယ်… ကျုပ်တို့ သတိထားကာမှ တော်ရာကျမှာပဲ …”
“ ငါတော့ လင်းကျင်ကျန့်လည်း ဂရုစိုက်နေစရာ မလိုဘူးလို့ ထင်တယ်… သူ ဘယ်လိုပဲ အင်အားကြီးနေပါစေ လူတစ်ယောက်ကို ဘလိုင်းကြီး သတ်လို့တော့ ဘယ်ရမှာလဲ ဟုတ်တယ်မလား …” ချောင်ကျားတု ပြောလိုက်ပြီး “ ဒီကိစ္စက ဘယ်လိုပဲကြည့်ကြည့်ကွာ … သူငါတို့ကို သံသယဝင်မိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ဒီလိုကိစ္စမျိုးတွေက ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး …”
“ ခင်များပြောတာ မှန်တယ်…” ချိန်ကွမ်းကျဲ့ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး “ သွားပြီး တစ်ချက် ကြည့်ကြတာပေါ့ … အဘိုးကြီး ဘာတွေ ပြောချင်နေလဲလို့ ….”
နှစ်ယောက်မှာ အခြေစိုက်စခန်း အဆောက်အဦး၏ တတိယလွှာသို့ ရောက်ရှိလာသည်။ သို့သော် သူတို့ အထဲဝင်လာသည့် အကြည့်၌ လျိုဟုန်၏ ရုံးခန်းတံခါးက ဖွင့်လျက်သား ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
လျိုဟုန်သာလျှင် မကဘဲ ချိုးယွီလော့နှင့် နင်ချဲ့တို့ပါ ဤနေရာ၌ ရှိနေသည်ကို သတိပြုမိလိုက်လေသည်။
“ လောင်လျို … ခေါင်းဆောင်ကြီးက ဘာအစီအစဉ်တွေ ရှိထားလို့လဲတဲ့ကွ …”
လျိုဟုန်ကို မြင်တော့ ချောင်ကျားတုသည် ရယ်ရယ်မောမောဖြင့် မေးမြန်းလိုက်သည်။ သူတို့နှစ်ဦးက ဆယ်စုနှစ် တစ်ခုလောက်ကြာသည်အထိ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြသဖြင့် နှစ်ဦးသား ဆက်ဆံရေးက အလွန်အမင်း ကောင်းမွန်လေသည်။
သူ၏ လက်ရှိသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် မည်သူကမျှ သူတို့ တပ်ဖွဲ့ကို တိတ်တိတ်လေး သစ္စာဖောက်နေသူ ဖြစ်ကြောင်းကို ပြောနိုင်မှာ မဟုတ်ချေ။
အတော် သရုပ်ဆောင်ကောင်းသည့် အဘိုးကြီးပင်။
လျိုဟုန် ကြိတ်ပြီး လေးစားသွားခဲ့ရ၏။ သို့သော်လည်းပဲ တစ်ချိန်တည်း၌ လျိုဟုန်သည် သူနှင့် နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့သည့် ဤမိတ်ဆွေဟောင်းကြီးအား ကြည့်ရင်း အနည်းငယ် စိတ်မကောင်း ဖြစ်မိသလို ခံစားလိုက်ရ၏။
လင်းရီက ချိန်ကွမ်းကျဲ့နှင့် ချောင်ကျားတုတို့က သစ္စာဖောက်များ ဖြစ်သည်ဟု တိတိကျကျ သက်သေမပြခဲ့သော်လည်း အထက်အကြီးအကဲက အမိန့်ပေးလာခဲ့သဖြင့် ဤကိစ္စတွင် အမှားအယွင်း ရှိနိုင်လိမ့်မည်လို့ သူ မယုံကြည်ချေ။
“ အဓိကက လက်ရှိ စစ်ဆင်ရေးအကြောင်းပါကွာ .. သူတို့တွေ ရုံးခန်းထဲ စောင့်နေကြတယ်… မင်းတို့ကောင်တွေ မြန်မြန်သွားကြ …”
“ ကောင်းပြီ … ငါတို့ အခုပဲ သွားတော့မယ်… နောက်မှ စကားပြောကြတာပေါ့ …”
ချိန်ကွမ်းကျဲ့နှင့် လျိုဟုန်တို့နှစ်ဦးမှာ ဆက်ဆံရေး သိပ်မကောင်းလှသဖြင့် နှစ်ဦးမှာ ဘာစကားမျှ မဆိုကြချေ။
ခေတ္တစကားဝင်ပြောပြီးနောက် ချောင်ကျားတုတို့နှစ်ယေက် ရုံးခန်းထဲသို့ ဦးတည်သွားကြလေသည်။
တတိယအလွှာ၏ စင်္ကြံလမ်းအဆုံးကို ရောက်တော့ ချောင်ကျားတု တံခါးတစ်ချက်ကို တွန်းဖွင့်လိုက်သည်။ သူတို့ တစ်ယောက်ပြီး တစ်ယောက် အထဲသို့ ဝင်၍ တံခါးကို ပြန်ပိတ်လိုက်၏။
ရုံးခန်းထဲရှိ စားပွဲတွင် တစ်စုံတစ်ယောက် ထိုင်နေသည်။ သို့သော် ခုံက ကျောပေးထားလျက် ရှိသဖြင့် သူတို့မှာ ခေါင်းထိပ်ပိုင်းမျှလောက်ကိုသာ မြင်တွေ့နေရသည်။ သို့သော် ထိုင်ခုံတွင် ရှိနေသည့် လူက လုပေချိန် မဟုတ်သည်မှာတော့ သေချာသည်။
နက်မှောင်နေသည့် ဆံပင်တို့အရ လူငယ် တစ်ယောက်ဖြစ်၏။
နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြပြီး အခြေအနေက ထူးဆန်းနေသည်ကို တွေ့ရှိသွားခဲ့သည်။
ကျုံးဝေ့ တပ်ဖွဲ့ တစ်ခုလုံး၌ ယခုလို ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် သူတို့ကို နောက်ကျောပေးပြီး စကားပြောနိုင်သည့် အခွင့်အာဏာနှင့် ပုဂ္ဂိုလ် မမွေးထုတ်ပေးနိုင်သေးသကဲ့သို့ ရှိခဲ့လျှင်လည်း သူတို့ကို ယခုလို ပုံစံမျိုးဖြင့် စကားပြောမှာ မဟုတ်ချေ။
“ မင်း ဘယ်သူလဲ …” ချိန်ကွမ်းကျဲ့ လှမ်းမေးလိုက်သည်။
“ ကျုပ် ဘယ်သူလဲက အရေးမကြီးဘူး … အရေးကြီးတာက ကျုပ် ဘယ်သူလဲဆိုတာ အတည်ပြုဖို့ပဲ …”
ပြောရင်းဖြင့် လင်းရီသည် ရှေ့သို့ လှည့်လာခဲ့ကာ အေးဆေးတည်ငြိမ်နေသည့် လူနှစ်ယောက်ကို နေရာမှာတင် အေးခဲသွားစေခဲ့၏။
အထူးသဖြင့် ချောင်ကျားတုကိုပင်။ သူ နောက်သို့ ဖင်ထိုင်ပြုတ်ကျ၍ ဒရောသောပါး နောက်ဆုတ်မိသွားခဲ့ကာ တံခါးပေါက်ဝနား အထိပင် ရောက်ရှိသွားခဲ့တော့သည်။
“ မဖြစ်နိုင်တာ … မင်း သေသွားခဲ့ပြီ မဟုတ်လား …”
ချောင်ကျားတုကို မဆိုထားနှင့်၊ ချိန်ကွမ်းကျဲ့သည်ပင် မျက်ဝန်းကြီး ပြူးကျယ်နေပြီး အချိန်အတော်ကြာအောင် စကားပြောဖို့ မေ့လျော့နေသည်။
“ ယုတ္တိရှိရှိ ပြောကြေးဆိုရင်တော့ … ကျုပ် သေခဲ့သင့်ပြီ .. ဒါပေမယ့် ကောင်းကင်က သဘောကောင်းပြီး ကျုပ်ကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးခဲ့တယ်လေ…”
လင်းရီသည် ခြေတင်ချိတ် ထိုင်နေလျက် သူတို့နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ ပြုံးနေသည့် သူ၏ နှုတ်ခမ်းတို့က ချောင်ကျားတုနှင့် ချိန်ကွမ်းကျဲ့တို့ နှစ်ယောက်အဖို့တော့ အိမ်မက်ဆိုးကြီးသဖွယ် ကြောက်လန့်တုန်လှုပ်နေမိတော့သည်။
သူတို့တွေ လင်းရီ သေသွားခဲ့ပြီ ဟူသည့် သတင်းကို လက်ခံရရှိခဲ့သည်မှာ အသေအချာကြီးပင်။ ထို့ပြင် မီးသင်္ဂြိုဟ်သည့် အခမ်းအနားလည်း ပြီးမြောက်သွားခဲ့ပြီး .. သို့သော် ယခု သူတို့ သေပြီဟု ယုံကြည်ထားခဲ့သည့်လူက သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့ပြီး သူတို့အား ပြုံးပြလျက် စကားပြောဆိုနေသည်။
“ လုပ်စမ်းပါ .... ဘာလို့ အဲ့လို အမူအရာကြီးတွေနဲ့ ဖြစ်နေတာ .. ကျုပ်တို့ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲ မဟုတ်ဘူးလား .. ဒီကြားထဲ သိပ်မရင်းနှီးခဲ့ဖူးဆိုရင် ကျုပ် မသေတာကို အနည်းဆုံးတော့ ဝမ်းသာပေးသင့်တာပေါ့ … ဟုတ်တယ်မလား …”
“ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်…. ငါ ဝမ်းသာတာပေါ့ ….”
ချောင်ကျားတု အလျင်အမြန် သဘောတူလိုက်သည်။ သို့သော် နဖူးထက်၌ ချွေးအေးတို့က စီးကျလာနေသည်မှာ မရပ်တန့်တော့ချေ။
“ မင်း တကယ် တော်တဲ့ကောင် … ငါတို့ကို လုံးဝ စိတ်မပျက်စေဘူးပဲ … အဲ့လို အခြေအနေတွေ အောက်မှာတောင် အသက်ရှင်နိုင်ခဲ့သေးတယ်ဆိုတော့ အကြီးအကဲလုကိုယ်တိုင် မြှောက်စားရတဲ့ လူကတော့ ထင်ထားတဲ့အတိုင်းပဲ … ကျုံးဝေ့တပ်ဖွဲ့ရဲ့ အနာဂတ်က အခု မင်းအပေါ်မှာပဲ မူတည်နေပြီနော်…”
“ နားထောင်လို့တော့ ကောင်းသားပဲ … ဒါပေမယ့် ခင်များတို့ ကျုပ်ကို မြင်လိုက်ရတော့ စိတ်ပျက်သွားကြတယ်ဆိုတာ သေချာပါတယ်…”
သူတို့တွေ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားခဲ့ကြပြီး လင်းရီကို စူးစမ်းအကဲခတ်လိုသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
“ ငါတို့က ဘာကိစ္စ စိတ်ပျက်ရမှာ … ရုတ်တရက်ကြီး ပျော်လွန်းလို့ လန့်သွားတာပါကွာ …”
“ ကျုပ်တော့ မထင်ဘူး … တကယ်လို့ ခင်များတို့နှစ်ကောင်ကြောင့်မို့သာ မဟုတ်ရင် ကျုပ်နဲ့ ကျိုးလျန် အဲ့လို အခြေအနေထဲ ရောက်ခဲ့မှာတောင် မဟုတ်ဘူး … ဒီလို အချိန်တောင် ရောက်လာနေပြီ… ဘာလို့ ဆက်ပြီး ဖုံးကွယ်ထားနေတော့မှာ …”
“ မင်း ဘာတွေ ပြောနေလဲ ငါ နားမလည်ဘူး ….” ချောင်ကျားတု တည်ငြိမ်ချင်ယောင်ဆောင်၍ “ မင်းက ကျုံးဝေ့ တပ်ဖွဲ့ အာရုံစိုက်ပြီး ပျိုးထောင်ပေးနေတဲ့လူလေ … မင်း ဘေးအန္တရာယ် ကင်းကင်းနဲ့ ပြန်ရောက်လာမှာကို ငါတို့လည်း လိုချင်တာပေါ့ .. ဘာကြောင့်မို့ ငါတို့ကပဲ မင်းကို သတ်ချင်နေသလိုလို လေသံနဲ့ လာပြောနေရတာလဲ ….”
လင်းရီ တည်ငြိမ်စွာ ပြုံးလိုက်သည်။ အေးစက်စက် အပြုံးပင်။
သူ အလျင်မလိုချေ။
“ ကျုပ် ချူလန်ကို ရောက်တုန်းက အကြောင်းတော့ မပြောတော့ဘူး .. ဒါပေမယ့် ကျုပ်တို့ စန်တာ ကလယ်ရာကို ရောက်တဲ့အချိန် နောက်က လိုက်နေတဲ့ကောင်တွေ အဲ့ဒီကို ရောက်လာဖို့ ဘယ်လောက်မှ မကြာလိုက်ဘူး … အဲ့ကိစ္စ ခင်များတို့ ဘယ်လိုရှင်းမလဲ …”
“ ရှင်းရမယ် ဟုတ်လား … မင်းက ဘာကို ရှင်းပြပေးစေချင်တာ …” ချောင်ကျားတု ပြောလိုက်ပြီး “ အဲ့လူတွေက သတင်းစုံတယ်လေ… သတင်းရပြီးတာနဲ့ မင်းနောက်ကို လိုက်လာခဲ့တာ ဘာရှင်းပြစရာ လိုလို့ ….”
“ ရန်သူက သတင်းစုံတယ် ခင်များပြောမှတော့ ကျုပ် မေးပါဦးမယ်… ကျုပ် ခေါင်းဆောင်လုကို စန်တို့စ်ဆီ သွားနေတဲ့ အကြောင်း သတင်းပို့တော့ အဲ့ဒီကောင်တွေကလည်း ဘာလို့ စန်တို့စ်ဆီ ဦးတည်သွားလဲ …” လင်းရီ စိတ်ရှည်ရှည်နှင့် မေးမြန်းလိုက်၏။
“ သူတို့ရဲ့ ထောက်လှမ်းရေးက ကောင်းလွန်းနေတယ်ဆိုရင် သတင်းအမှားကြီးရပြီး ဘာလို့ စန်တို့စ်ဆီ ရောက်သွားခဲ့လဲ …”
ချောင်ကျားတု၏ အမူအရာမှာ ဂနာမငြိမ်တော့ပေ။ လက်ရှိ ပြဿနာကို သူ ကောင်းကောင်းကြီး သတိပြုမိသွားခဲ့ပြီ။
လင်းရီသည် သူ စန်တို့စ် ရောက်နေသည်ဟု သတင်းပို့ခဲ့သည်က တည်ကြက်ဆင်၍ ရန်သူအား လမ်းလွှဲရန်ပင်။ တစ်နည်းဆိုရသော် ထိုအချိန်ကတည်းက ကျုံးဝေ့တပ်ဖွဲ့မှာ သတင်းပေး တစ်ယောက်ယောက် ရှိနေပြီကို သူ သတိပြုမိခဲ့ပြီး ဖြစ်ရမည်။
ထို့ကြောင့်ပဲ သူ၏ သီအိုရီကို စစ်ဆေးရန်အတွက် ထိုကဲ့သို့ သတင်းအမှားကို တင်ပြခဲ့ခြင်း ဖြစ်၏။
“ အဲ့တာတွေ ငါမသိဘူး …” ချောင်ကျားတု ပြော၍ လင်းရီကို ကြည့်ရင်း “ မင်း ငါ့ကို ဒါတွေ ဘာလို့ လာမေးနေတာ … မင်း ငါ့ကို သစ္စာဖောက်ဆိုပြီး သံသယ ရှိနေတယ်တော့ မပြောနဲ့ …”
“ ခင်များကရော မဟုတ်လို့လား …”
“ ဟာသပဲ …” ချောင်ကျားတု စွပ်စွဲခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး “ လျိုဟုန်နဲ့ ငါ ရဲဘော်ရဲဘက်တွေ ဖြစ်လာတာ ဘယ်နှနှစ် ရှိပြီလဲ … ငါက အဲ့လိုလုပ်ရပ်မျိုး ဘာလို့ လုပ်ရမှာ … မင်း ပေါက်တတ်ကရတွေ မပြောနဲ့ … ဒါငါ့ သိက္ခာကို စော်ကားလိုက်တာပဲကွ …”
“ ခင်များလို လူစားမျိုးတွေက အခေါင်းမြင်မှ ငိုပြမယ့် ကောင်တွေ …. နံရံကို မမြင်မချင်း နောက်ပြန်မလှည့်ဘူး … ကျုပ်မှာသာ သက်သေ အတိအကျ မရှိရင် ဘာလို့ ခင်များတို့ဆီ လာရှာနေမှာလဲ …”
ပြောပြီးနောက် လင်းရီသည် ဝမ်ထင်ရှန်း၏ ဖုန်းကို လှမ်းပစ်ပေးလိုက်သည်။
“ ခင်များတို့ စကားပြောထားတဲ့ ဖုန်းမှတ်တမ်းတွေ အဲ့ထဲမှာ ရှိတယ်… အဲ့တာအပြင်ကို ကျုပ် တခြား အချက်အလက်တွေလည်း ရှာတွေ့ထားသေးတယ်… ကြည့်ရင် တွေ့မှာပါ … အားလုံးက အရိပ်ပြ အကောင်မြင်တဲ့ လူတွေပဲဟာ … စကားလုံးတွေနဲ့ အကျယ်ကြီး ထုတ်ပြောနေစရာ မလိုပါဘူး .. အချိန်ဖြုန်းရာ ကျတယ်ဟုတ် ….”