ချူးဟန် အဆုံးစီရင်သွားတယ်
Vol. 123 Ch. 1841
ဝမ်ထင်ရှန်း၏ ဖုန်းကို မြင်တော့ သူတို့၏ အမူအရာမှာ ဆက်ပြီး မတည်ငြိမ်ကြတော့ချေ။
သူတို့တွေ တွေးထင်ထားခဲ့ကြသည်မှာ ဝမ်ထင်ရှန်းသည် လင်းကျင်ကျန့် သတ်ဖြတ်တာ ခံလိုက်ရသည် ဟူ၍ပင်။ သို့ပေမယ့် ဖုန်းမှာ ယူဆောင်သွားခြင်း ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ဖုန်းအတွင်း၌ သူတို့တွေ စကားပြောထားသည့် မှတ်တမ်းမှတ်ရာတို့ ရှိနေသောကြောင့် ဖြစ်လေသည်။
ရလဒ်အနေဖြင့် … သူတို့တွေ လုပ်ခဲ့သမျှ အမှုတိုင်းသည် ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်၏။
လင်းရီသည် ထိုင်ခုံ လက်တင်သည့် နေရာကို တတက်တက် ခေါက်လိုက်ရင်း “ ဒီအခြေအနေထိ ရောက်ပြီးမှတော့ ဖုံးကွယ်နေစရာ မလိုတော့ဘူး ဟုတ်တယ်မလား … ခင်များက ကျုံးဝေ့တပ်ဖွဲ့ဆီကနေ နောက်ဆုံးရသတင်းတွေကို ဝမ်ထင်ရှန်းဆီ ပို့တယ်… ပြီးတော့ ချိန်ကွမ်းကျဲ့က ရှေ့တန်းကနေ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကျုပ် သေတာကို သေချာအောင် အတည်ပြုဖို့ လုပ်တယ်… မသေရင် သေအောင် သတ်ဖို့ပေါ့ ..
လင်းရီ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူတို့နှစ်ယောက်ထံ လျှောက်လာခဲ့သည်။
“ အမှန်အတိုင်း ပြောရရင် ခင်များတို့ နှစ်ယောက်ကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် ဒီလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်သလို ကျိုးလျန်လည်း သေသွားခဲ့မှာ မဟုတ်ဘူး .. အဲ့တာတွေအားလုံး ခင်များတို့ကြောင့်ပဲ ….”
လင်းရီ ခြေထောက်မြှောက်၍ ချောင်ကျားတုကို ကန်လိုက်သည်။
“ ခင်များကိုယ်ခင်များ ဘယ်သူဆိုတာ သိလား …”
ချောင်ကျားတုမှာ အကန်ခံလိုက်ရ၍ လဲကျသွားခဲ့လေသည်။ သို့တိုင် သူ ပြန်ပြီး မတိုက်ဝံ့ချေ။ မဟုတ်သေး။ သူ့မှာ ပြန်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်လေးပင် မရှိချေ။
ဤသည်က ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက် စခန်း ဖြစ်၏။ သူသာ လုပ်လိုက်မည် ဆိုပါက ထွက်သွားနိုင်တော့မှာ မဟုတ်ချေ။
“ ဟမ့် … “
ထိုအချိန် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ချိန်ကွမ်းကျဲ့ နှာမှုတ်လိုက်၏။
“ ငါက အစကတည်းကရင် ဝမ်မိသားစုနဲ့ ဆက်နွယ်မှု ရှိထားတဲ့လူပဲ … ဖုန်းပြောမှတ်တမ်းတွေ ရှိတော့ရော ဘာဖြစ်လဲ … ဒါက ဘာကို သက်သေပြနိုင်မှာ …”
“ ဟုတ်တယ်… မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်…" လင်းရီ ဖျော့တော့စွာ ပြော၍ “ ဒါပေမယ့် ငါ ပြဿနာ တက်နေတုန်းက မင်းရဲ့ အသင်း ၄ က တိလိရာ့ကျွန်းမှာ မစ်ရှင် လုပ်နေရမှာ … ဒါပေမယ့် မင်းက အဲ့ဒီမှာ ရှိမနေဘူး .. အဲ့တာကို ဘယ်လို ရှင်းမလဲ …”
“ ငါ တိလိ့ရာ့ကျွန်းပေါ် တစ်ခါမှ မရောက်ဖူးဘူး ဆိုပေမယ့် စည်းမျဉ်းတွေကိုတော့ သိတယ်… အဝင်အထွက်တိုင်းကို ကျုံးတေ့တပ်ဖွဲ့က မှတ်တမ်းယူထားတယ်… ပြီးတော့ မင်းမှာ အဲ့လို မှတ်တမ်းမျိုး မရှိဘူး … မင်းငါ့ကို ဒီအတွက် ကျိုးကြောင်းသင့်တင့်တဲ့ ရှင်းပြချက် ပေးစမ်း …” လင်းရီ မေးလိုက်သည်။
“ မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ … ငါက မင်းကို ဘာကိစ္စ အကြောင်းပြချက် ပေးနေရမှာ …” ချိန်ကွမ်းကျဲ့ ပြန်ချေပလိုက်သည်။
“ မင်း ဘယ်သူ့ကို သတင်းပို့လဲ အရေးမကြီးဘူး … ငါက အမှန်တရားကိုပဲ လိုအပ်တယ်…” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ ဒါပေါ့ … တကယ်လို့သာ မင်း ရှင်းမပြပေးနိုင်ဘူးဆိုရင် ဒီကိစ္စကို စေ့စေ့ပေါက်ပေါက် စုံစမ်းစစ်ဆေးဖို့ လိုမယ်.. မင်းရဲ့ လုပ်ရပ်က နိုင်ငံတော် သစ္စာဖောက်မှုတောင် ဖြစ်သွားနိုင်တယ်… မင်းရဲ့ လုပ်ရပ်နဲ့ အကျိုးဆက်တွေ အတွက် စဉ်းစားဖို့ အချိန် နည်းနည်းရမယ်… မင်းကိုယ်မင်း ရှင်းမပြနိုင်ရင် အကျိုးဆက်က ဘာဖြစ်မလဲဆိုတာ ငါ့ထက်ပိုပြီး သိမှာပါ …”
သူ့ လက်ရှိအခြေအနေ၏ အန္တရာယ်များမှုကို တွေးမြင်မိတော့ ချိန်ကွမ်းကျဲ့၏ မျက်နှာ အရောင် ပြောင်းလဲသွားသည်။
အကယ်၍ သူသာ သင့်လျော်သည့် အကြောင်းပြချက် ရှာမတွေ့ခဲ့ဘူးဆိုပါက ညှိနှိုင်းဆွေးနွေးဖို့ အခန်း ကဏ္ဍရှိတော့မှာ မဟုတ်ချေ။ ထိုသို့ မပြုနိုင်ခဲ့ပါဘူးဆိုပါက လင်းရီသည် သူ့ကို အမှုပေါင်းစုံ တပ်၍ ကြိုက်သလို ကြိုးဆွဲတော့မှာ ဖြစ်၏။
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ … ငါ့ကို ဒီတိုင်း စွပ်စွဲပြီး မင်းကြိုက်တဲ့ အမှုကို ခေါင်းစဉ်တပ်လို့ ရမယ်များ ထင်နေလား .. ငါက အသင်း ၄ ခေါင်းဆောင်ပါကွ ….” ချိန်ကွမ်းကျဲ့ ပက်ကနဲ ပြန်ပြောလိုက်သည်။
“ မင်းက ဒီလို ပြောလာတော့ ငါလည်း မေးပါဦးမယ်… မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ …” လင်းရီ အေးတိအေးစက် တုံ့ပြန်လိုက်ပြီး “ မင်းက ဝမ်မိသားစုရဲ့ အဖွဲ့ဝင် တစ်ယေက် .. ဝမ်မိသားစု ကျဆင်းသွားခဲ့တဲ့ အချိန်ကဆင်းပြီး မင်းက ငါတို့ ဖယ်ရှားရှင်းလင်းမယ့် စာရင်းထဲမှာ ရှိပြီးသား … မင်းထင်နေတာ မင်း လုပ်ပေးခဲ့တဲ့ အဲ့ဒီ အကျိုးဆောင်မှုတွေက ကင်းလွတ်အောင် လုပ်ပေးနိုင်မယ် ထင်လား … ငါတို့ အားလုံးက ခွေးသွားစိပ်လေးတွေပါပဲ … မကောင်းတော့ရင် အစားထိုးခံရမယ်… မင်းကိုယ်မင်း တအားတွေ အရေးပါနေတဲ့လူလို့ ထင်မနေနဲ့ …”
ချိန်ကွမ်းကျဲ့နှင့် ချောင်ကျားတုတို့ နှစ်ယောက်လုံး ငြိမ်ကျသွားခဲ့ကြသည်။
သူတို့၏ ခန္ဓာကိုယ်မှာ စတင် တုန်ယင်လာနေပြီး သူတို့လုပ်ခဲ့သည့် မှားယွင်းသည့် လုပ်ရပ်ကို သွယ်ဝိုက်ပြီး ဝန်ခံနေသည်။
“ လင်းရီ …… ငါ ခေတ္တ အမြင်ကန်းပြီး လမ်းပျောက်သွားခဲ့တာကြောင့်ဆိုတာ ဝန်ခံတယ်… မင်း ကျေးဇူးပြုပြီး ခေါင်းဆောင်ကြီးကို အသနားခံပေးပြီး ငါ့ကို နောက်ထပ် အခွင့်အရေး တစ်ခါလောက် တောင်းပေးပါလား …” ချောင်ကျားတုသည် လင်းရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားရင်း မျက်ရည်ပေါက်ကြီးငယ်တို့ ကျဆင်းလာကာ တောင်းဆိုလိုက်သည်။
“ ငါ အားလုံး ပေးအပ်ပါ့မယ်… ကျေးဇူးပြုပြီး ငါ့ကို သေဒဏ်တော့ မစီရင်လိုက်ပါနဲ့ .. အခွင့်အရေး နောက်တစ်ကြိမ်လေးပဲ … ငါ တောင်းဆိုပါတယ်ကွာ ….”
အဆုံးသတ်၌ .. ချောင်ကျားတုသည် ကြမ်းပြင်သို့ ဒူးထောက်လိုက်ကာ လင်းရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားရင်း အသနားခံသည့် မျက်ဝန်းတို့ဖြင့် မိကျောင်းမျက်ရေ ကျပြနေတော့သည်။
ဖြောင်း ….
လင်းရီ ချောင်ကျားတု၏ မျက်နှာကို ဖြတ်ရိုက်၍ အော်ငေါက်လိုက်၏။
“ ကျုပ် ခင်များကို အသက်ချမ်းသာပေးလိုက်လို့ ရတယ်… ဒါပေမယ့် သေသွားတဲ့ ကျုပ်ရဲဘော်ကျတော့ကော .. သူ အသက်ပြန်ရှင်လာနိုင်သေးလား …”
ချောင်ကျားတုသည် ချက်ချင်းဆိုသလို အသိစိတ် ပြန်ဝင်သွားခဲ့ပြီး သူ၏ မျက်ဝန်းတို့ မည်းမှောင်သွားခဲ့၏။
ကျုံးဝေ့တပ်ဖွဲ့၏ အရာရှိ တစ်ဦးအနေဖြင့် သူ၏ လုပ်ရပ်က ခွင့်လွှတ်ပေးရက်စရာ မရှိသည်ကို နားလည်သည်။ အခက်မသင့်ပါက သူ၏ မိသားစုပါ ယခုကိစ္စထဲ ပါဝင်ညှိစွန်းလာနိုင်လေသည်။
လင်းရီ ဖုန်းထုတ်၍ လျိုဟုန်ကို ဆက်သွယ်လိုက်သည်။
မကြာမီ သူ့လူများနှင့် ရောက်ရှိလာခဲ့ပြီး ချောင်ကျားတုနှင့် ချိန်ကွမ်းကျဲ့ကို ခေါ်ဆောင်သွားကြတော့၏။
ရုံးခန်းမှာ တိတ်ဆိတ်သွားခဲ့သည်။
လင်းရီသည် ထိုင်ခုံပေါ်သို့ ချိနဲ့စွာ ထိုင်ချလိုက်ရင်း သူ၏ မျက်မှောင်ကြုတ်လျက် မျက်လုံးကို တင်းကြပ်စွာ မှိတ်ထား၏။ ဝမ်ထင်ရှန်းနှင့် ကျုံးဝေ့တပ်ဖွဲ့ထဲရှိ သူလျှိုအကြီးစားကို ကိုင်တွယ်ဖို့က သူ ပြန်နိုးထလာပြီးနောက်တွင် ပြုလုပ်ချင်သည့် အကြီးမားဆုံးသော ဆာလောင်မှုပင်။
ယခု … ဝမ်ထင်ရှန်းကား သေပြီ။ ချောင်ကျားတုနှင့် ချိန်ကွမ်းကျဲ့တို့ကလည်း ဖမ်းဆီးခံလိုက်ရပြီ ဖြစ်၏။
သို့တိုင် … သူ မည်သည်ကိုမျှ ခံစားမနေရချေ။ သူတို့နှစ်ယောက် သေဒဏ်စီရင်ခံရလည်း သူဂရုမစိုက်။ သူတို့တွေ ဘယ်လိုပဲဖြစ်သွားခဲ့ပါစေ၊ သေပြီးသည့် လူတစ်ယောက်တော့ အသက် ပြန်ရှင်လာခဲ့မှာ မဟုတ်ချေ။
မျက်လုံးထောင့်စွန်းကနေ၍ မျက်ရည်တို့ ကျဆင်းလာခဲ့၏။ အကယ်၍ သူသာ တစ်ခါတည်း သေသွားခဲ့လျှင် ကောင်းမည်ဟုတောင် အတွေးဝင်မိသွားခဲ့သည်။
ရုတ်ချည်းဆိုသလို လင်းရီ သူ့ မျက်နှာထက်တွင် အေးစက်မှု တစ်ခုကို ခံစားလိုက်ရ၏။
သူ မျက်လုံးဖွင့်လိုက်တော့ ဘေးတွင် နင်ချဲ့ကို မြင်တွေ့လိုက်ရပြီး သူ့ထံ တစ်သျှူးကမ်းပေးနေသည်။
“ သေလူက အသက် ပြန်မရှင်နိုင်ဘူး … အခု ကိစ္စတွေက ဒီအခြေအနေထိတောင် ရောက်လာပြီပဲဟာ နင် ဝမ်းနည်းနေလည်း အပိုပဲ … ငါတို့ လုပ်နိုင်တာ အကုန်လုံး လုပ်ပြီးပြီလေ… ကိုယ့်အသက်ကိုယ်ရင်းပြီး သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အသင်းခေါင်းဆောင် တစ်ယောက် ရှိခဲ့တာကို သိရင် ကျိုးလျန်လည်း တမလွန်မှာ ဝမ်းသာနေမှာပါ …”
“ ကိစ္စတွေက မပြီးသေးဘူး …”
လင်းရီသည် ထိုင်ခုံတွင် ထိုင်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။
“ ကျိုးလျန်ကို နှိပ်စက်ခဲ့တဲ့ လူတွေက မြွေနက် အဖွဲ့အစည်းကပဲ .. သူတို့ မသေသေးသရွေ့ ဒီကိစ္စ မပြီးသေးဘူး …”
“ မရဘူး …” နင်ချဲ့ ချက်ချင်း ငြင်းဆန်လိုက်ပြီး “ အရင်ရက်တွေတုန်းက ငါ အနက်ရောင်မြွေ အဖွဲ့အစည်းကို စုံစမ်းပြီးပြီ … သူတို့က ကမ္ဘာ့ အမည်မည်းစာရင်းထဲမှာ နံပါတ် ၁၆ ရှိတဲ့လူတွေပဲ .. သူတို့ရဲ့ ဘက်ပေါင်းစုံက အင်အားက ငါတို့ ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး … ငါတို့ ဒီကိစ္စကို မလုပ်ခင် အချိန်ယူပြီး အသေးစိတ် စဉ်းစားဖို့လိုတယ်…”
“ အချိန်ယူမှာလား …” လင်းရီ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ဒါဆို ငါတို့ ဘယ်အချိန်လောက်ထိ စောင့်ရမလဲ …”
“ အဲ့တာက ….”
နင်ချဲ့ ပြောစရာ စကား ကင်းမဲ့သွားခဲ့၏။ ဤ ကိစ္စကို လင်းရီအား မည်သို့ ပြန်ဖြေပေးရမှန်း သူမ မသိတော့ချေ။
အနက်ရောင်မြွေ အဖွဲ့အစည်းက ပုံမှန် တိုက်ခိုက်ရေး အင်အစားစုကလွဲ၍ ၎င်းတို့၏ သာမန် စစ်သည်နီးပါးတိုင်းက အတွင်းအားသုံးသည့် နည်းလမ်းကို တတ်မြောက်ထားကြသူများ ဖြစ်ကြသည်။ သူတို့ အကုန်လုံးက အင်မတန် သန်မာကြ၏။
ထို့ပြင် ၎င်းတို့က ကျွန်းပေါ်၌ တစ်နှစ်ပတ်လုံး တက်ကြွ လှုပ်ရှားကြပြီး ၎င်းတို့၏ တိုက်ပွဲ အတွေ့အကြုံနှင့် ဗဟုသုတတို့က ရွှေနက် ကော်ပိုရေးရှင်းနှင့် အခြားသူများက ယှဉ်သာနိုင်သည့် အရာ မဟုတ်ချေ။
အကယ်၍ သူတို့သာ မဆင်မခြင် လှုပ်ရှားခဲ့မည်ဆိုပါက ကောင်းကျိုးထက် ဆိုးကျိုးကပဲ များလိမ့်မည်။
“ ဒါပေမယ့် နင် ဒီတိုင်း ဘုရင့်နောင်ဖောင်ဖျက် လုပ်လို့မှ မရတာ …”
လင်းရီ တိတ်ဆိတ်လျက်သာ ရှိနေသည်။
သူမ ပြောသည့် စကားကို လင်းရီ တစ်လုံးမျှ နားထောင်နေမှာ မဟုတ်ကြောင်း နင်ချဲ့သိသည်။ သူ့တွင် သူ့ပုံစံနှင့်သူ ရှိပြီး သူ့အကန့်နှင့်သူရှိသည်။ တစ်စုံတစ်ယောက်က ထိုအကန့်များကို ချိုးဖောက်လာမည်ဆိုပါက ဘာကိုမျှ ဂရုစိုက်နေမှာ မဟုတ်ဘဲ သူ့နည်း သူ့ဟန်ဖြင့် ကိုင်တွယ်လှုပ်ရှားပေလိမ့်မည်။
ဟင်း …
နင်ချဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ လင်းရီကို ဖြောင်းဖျဖို့ မဖြစ်နိုင်ကြောင်း သူမ သိလေသည်။ ထို့ကြောင့် လင်းရီကို ကူညီနိုင်မည့် နည်းလမ်းအား သူမ စဉ်းစားရလိမ့်မည်။
သူမ၏ အတွေးများကတော့ လင်းရီ ဤတစ်ကြိမ်၌ မည်သည့်အရာတွေပဲ ပြုလုပ်ပါစေ သူ့အနောက်က လိုက်ပါလာမည်။
အဆိုးဆုံး ဖြစ်လာလျှင်လည်း သေခြင်းတရားပင်။ ချီပိုပါတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်မျိုး တစ်ဖန် တစ်ပတ်လည်လာမည်ကို သူမ မလိုချင်ပေ။
အချိန်က ရေအသွင်ဖြင့် ဖြည်းညင်းစွာ စီးဆင်းသွားခဲ့သည်။
နင်ချဲ့သည် လင်းရီကို အဖော်ပြုပေးရင်း ရုံးခန်း အတွင်း၌ ရှိနေသည်။ ဤအတောအတွင်း လျိုဟုန် တစ်ကြိမ် ရောက်လာခဲ့၏။ သူတို့ နှစ်ယောက် ဤနေရာတွင် ရှိနေသည်ကို မြင်တော့ ဘာစကားမျှ မပြောဘဲ ပြန်ထွက်သွားခဲ့သည်။
နေ့လည်ခင်းတွင် လင်းရီ ထ၍ ကိုယ်ညောင်းဆန့်လိုက်သည်။ နင်ချဲ့လည်း မတ်တပ်ရပ်ပြီး “ နေ့လည်တောင် ရောက်ပြီ … တစ်ခုခု သွားစားကြစို့ …”
“ အင်း သွားစို့ …”
“ ငါ ယွီလော့ကို ခေါ်လိုက်ဦးမယ်…” နင်ချဲ့ ဖုန်းကိုင်ရင်း ပြောလိုက်သည်။
“ သူ ဘာတွေ လုပ်နေတာ …”
“ ဆေးရုံသွားပြီး နင့်ဖို့ စာရွက်စာတမ်းတွေ လုပ်နေတာလေ….”
“ ဟင် … ဘာစာရွက်မို့ …”
“ နင့် သေစာရင်း စာရွက် .. နင့် အခု အထောက်အားက သေလူလေ… ဒီတော့ စာရင်းတင်ဖို့ လိုတာပေါ့ …”
“ ကိုယ်တိုင် သွားလုပ်စရာ လိုလို့လား .. အဘိုးကြီးလု စကားတစ်ခွန်း ပြောလိုက်ရင် ပြီးနေမယ့်ကိစ္စကိုပဲ ….”
“ အဘိုးကြီးလုကို အဲ့လောက်အားနေတယ်လို့ နင်ထင်လား …. ဒီလို အသေးမွှား ကိစ္စလေးလောက်ကတော့ သူတစ်ယောက်တည်းလည်း ရတယ်…”
ကလင် ကလင် ကလင် ….
နင်ချဲ့ ဖုန်းခေါ်တော့မည့် အချိန်မှာပဲ လင်းရီ၏ ဖုန်းသံက မြည်ဟည်းလာသည်။
“ ဟယ်လို …”
“ နင် လီချူးဟန်ကို သိလား …”
ချိုးယွီလော့၏ မေးခွန်းက သူ့ကို အံ့အားသင့်သွားစေခဲ့၏။
“ အင်း … ဘာလို့လဲ ..”
ဖုန်းတစ်ဖက်ခြမ်းတွင် ချိုးယွီလော့မှာ အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး သက်ပြင်းချသော လေသံဖြင့် ပြောသည်။
“ သူ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်….”