သေလိုစိတ် ပြင်းပြနေသူ
Vol. 123 Ch. 1842
“ မင်း ဘာပြောလိုက်တယ်…”
လင်းရီ ခန္ဓာကိုယ်မှာ လျှပ်စစ်အတို့ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်တက်သွားခဲ့သည်။ ခန္ဓာကိုယ်ရှိ မွေးညှင်းပေါက်တို့ အကုန် ထောင်ထနေပြီး ချွေးအေးတို့က ချက်ချင်းဆိုသလို နောက်ကျော၌ ရွှဲနစ်လာသည်။ သူ့ တစ်ကိုယ်လုံး အေးခဲသွားခဲ့၏။
“ ငါလည်း ဒီကိစ္စ ဆေးရုံရောက်မှ သိလိုက်ရတာပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ ငါကြားမိတာ နင့်ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်တဲ့ အချိန်တုန်းက တိတ်တိတ်လေး ကားထဲပြန်ပြီး အိပ်ဆေး နှစ်ဘူးလုံး အကုန်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ပြောတယ် …”
“ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်….”
လင်းရီ၏ မျက်ဝန်းတို့က အသက်ဝိဉာဏ် ကင်းမဲ့လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း မရပ်မနား တုန်ယင်နေသည်။ လီချူးဟန်၏ ပုံရိပ်တို့က စိတ်အတွင်း တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့၏။
စကား အများကြီး ပြောရတာကို မနှစ်သက်သည့် ကြင်နာသည့် နှလုံးသား ပိုင်ရှင် ထိုမိန်းကလေး ….
အထီးကျန်ပြီး အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့သည့် လူတစ်ယောက် …
လင်းရီ၏ ရင်ဘက်တစ်ခုလုံး ဆိုးဆိုးရွားရွား နာကျင်ကိုက်ခဲလာခဲ့၏။ မမြင်နိုင်သည့် လက်တစ်စုံက သူ၏ နှလုံးသားကို ဖျစ်ညှစ်ထားသည့်နှယ် အသက်ရှူရ ခက်ခဲလာသည်။
“ ဟဲ့ ဟဲ့ ဟဲ့ … နင် အဲ့တာ ဘာလုပ်နေတာလဲ …”
လင်းရီ ဘာကိုမျှ ဂရုမစိုက်ဘဲ ပြတင်းပေါက်ကနေ ခုန်ချသွားသည်ကို မြင်တော့ နင်ချဲ့ ရှော့ခ်ရသွားခဲ့လေသည်။
သို့သော် သူက အပြင်ဘက်ရှိ အဲကွန်းကတဆင့် ပထမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။ ဘာဖြစ်သွားခဲ့လဲ နင်ချဲ့ မသိပေ။ သို့သော် ထိန်းချုပ်မရသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သွားမှာကိုတော့ သူမ စိုးရိမ်သည်။ ထို့ကြောင့် လင်းရီနောက်မှလိုက်ပြီး ပြတင်းပေါက်ကနေတဆင့် ခုန်ချလိုက်၏။
“ ငါ့ကို စောင့်ဦး …”
နင်ချဲ့ သူ့နောက်က ပြေးလိုက်လာပြီး လင်းရီ ကား စက်နှိုးလိုက်သည့် အချိန်မှာပဲ ဘေးရှိ ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်ကာ ထိုင်ခုံ ခါးပတ် ပတ်လိုက်သည်။
“ ဘာဖြစ်တာလဲ အမြန်ပြောစမ်းပါ …” နင်ချဲ့ စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလိုက်၏။
“ လီချူးဟန် ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတယ်…”
“ လီချူးဟန် ….”
နင်ချဲ့ ထိုအမျိုးသမီးကို မှတ်မိသည်။
သူမက လင်းရီနှင့် ဆက်နွယ်နေသောကြောင့် သိရှိနေတာပင်။ ထိုအမျိုးသမီးက အင်မတန် တော်သည့် နှလုံးခွဲစိတ်ဆရာဝန်တစ်လက်ပင်။
၎င်းအပြင် လင်းရီ မတော်တဆ ဖြစ်သည့် ည၌ သူမမှာ လင်းရီ၏ ပုံစံကို မြင်တွေ့ပြီး သတိလစ်သွားခဲ့သေးသည်။
ထိုကဲ့သို့ စိတ်ခံစားချက် အတက်အကျ ကြီးကြီးမားမား ဖြစ်ပျက်သွားခဲ့သည်က ၎င်းတို့နှစ်ဦးကြားတွင် တမူထူးခြားသည့် ပတ်သက်ဆက်နွယ်မှုတို့ ရှိနေသည်ကို ဆိုလိုနေခြင်းပင်။
ထို့ပြင် ယခုလိုအချိန်မျိုး၌ သူမက ကိုယ့်ကိုယ်ကို သတ်သေဖို့ကို ရွေးချယ်သွားခဲ့သည်က သူမ၏ လင်းရီအပေါ်သို့ ခံစားချက်တို့က မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း သိသာလှသည်။
လင်းရီသည် ကားကို အလျင်အမြန် မောင်းလာခဲ့ပြီး နာရီဝက်ကြာပြီးနောက် ဆေးရုံသို့ ရောက်ရှိလာသည်။
မလိုလားအပ်သည့် ပြဿနာများကို ရှောင်ကြဉ်နိုင်ရန်အတွက် နင်ချဲ့သည် လင်းရီကို ကားထဲက မထွက်မီ နေကာမျက်မှန်နှင့် မာ့စ်တပ်ဖို့ ပြောလိုက်သည်။ ပြီးနောက် .. ၂၂ လွှာရှိ တတိယမြောက် အတွင်းလူနာဌာသို့ ဦးတည်လာခဲ့ကြ၏။
လီချူးဟန်၏ အထောက်အထား ဖြစ်စေ၊ မြောင်ကော်ဖုန်း၏ အဆက်အသွယ်ပင် ဖြစ်စေ ၊ လီချူးဟန်ကို ဤနေရာ၌ ဆေးကုသမှု ခံယူဖို့ မလုံလောက်ချေ။
သို့သော်လည်းပဲ လင်းရီနှင့် တမူထူးခြားသည့် ပတ်သက်ဆက်နွယ်မှုတို့ ရှိနေသည့် အတွက်ကြောင့်သာ ဆေးရုံက သူမကို ဤနေရာ၌ ဆေးကုသပေးဖို့ စီစဉ်လိုက်ခြင်း ဖြစ်၏။
သူတို့တွေ ဓာတ်လှေကားထဲက ထွက်လာတော့ ချိုးယွီလော့က တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ သူ ဘယ်လိုနေသေးလဲ …”
“ အထဲမှာ … သတိမေ့နေတာ နာရီ အတော်ကြာပြီ … အခြေအနေကတော့ သိပ်မကောင်းဘူး …” ချိုးယွီလော့ ကရုဏာသက်စွာ ပြောလိုက်ပြီး “ နင် အထဲဝင်ကြည့်ကြည့်လိုက် …”
အရေးပေါ် အခန်းတံခါးကို တွန်းဖွင့်ရင်း လင်းရီသည် အဝတ်အစားပင် မလဲတော့ဘဲ ချက်ချင်း ဝင်ရောက်သွားခဲ့၏။
“ ဟေ့ ဟေ့ ရပ်စမ်း … လူနာခန်းထဲ ဒီလိုမျိုး ဝင်လို့ မရဘူး ..”
အရေးပေါ်လူနာခန်းထဲရှိ နာ့စ်က တားမြစ်ဖို့ လုပ်လေသည်။
“ ဘေးဖယ်နေ…”
နင်ချဲ့ သူ၏ အိုင်ဒီကတ်ကို ပြ၍ “ ဒါက စစ်တပ်နဲ့ ဆိုင်တဲ့ ကိစ္စပဲ … မဆိုင်တဲ့လူတွေ ဘေးထွက်နေ …”
အိုင်ဒီကတ်ကို မြင်တော့ နာ့စ်မှာ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
“ နင် ဒီမှာ စောင့်နေခဲ့လိုက် … ငါ တခြား ကိစ္စတွေ သွားလုပ်လိုက်ဦးမယ်…”
“ အင်း …”
၂၂ လွှာရှိ အရေးပေါ်ခန်းက ထိပ်သီး ခေါင်းဆောင်ကြီးများအတွက် သီးသန့် ဖယ်ထားပေးခြင်း ဖြစ်သဖြင့် လူတစ်ချို့သာလျှင် အသုံးပြုပိုင်ခွင့် ရှိသည်။ ထိုအချိန်၌ လီချူးဟန်မှာ ဤနေရာရှိ တစ်ဦးတည်းသော လူနာဖြစ်ပြီး သူမဘေးတွင်တော့ ချောင်ရှင်း ရှိနေသည်။
“ ရှင်က …. “
လူစိမ်းတစ်ယောက် အခန်းထဲ ဝင်လာသည်ကို မြင်တော့ ချောင်ရှင်း ထရပ်လိုက်ပြီး ဂရုတစိုက်နှင့် မေးမြန်းလိုက်သည်။ ထို့ပြင် ဤလူက မည်သည့် PPE ဝတ်စုံမျှလည်း ဝတ်ဆင်ထားခြင်း မရှိပေ။
ရက်အနည်းငယ် ကြာပြီးနောက် ချောင်ရှင်းမှာ အတော်လေး ဝိတ်ကျသွားခဲ့ပြီး အအိပ်ပျက်၊ အစားပျက်နှင့် မျက်တွင်းတို့ ချောင်ကျနေကာ မျက်တောင့်တို့လည်း နီရဲနေသည်။
သို့တိုင် သူမ တောင့်ခံထားဆဲဖြစ်ပြီး လဲကျမသွားသေးချေ။
လင်းရီသည် ချောင်ရှင်းကို ကျော်၍ ကုတင်ရှေ့တွင် ရပ်တန့်လိုက်၏။ ချောင်ရှင်းက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အောက်ဆီဂျင်စက် ပေးထားရသည်။
မျက်ရည်တို့က သူ့ မျက်လုံးထောင့်စွန်းကနေ စီးကျလာသည်။
ယခုမတိုင်ခင်က သူ ထင်ထားခဲ့သည်မှာ သူ စိတ်ပျက်အောင် လုပ်ခဲ့မိဆုံးက ကျီချင်းရန် ဖြစ်လိမ့်မည် ဟူ၍ပင်။ သို့သော် ယခုအချိန်၌ သူ စိတ်ပျက်အောင် လုပ်ခဲ့မိဆုံးက လီချူးဟန်ဆိုတာကို သိလိုက်ရချေပြီ။
သူ မရှိတော့သည့် အခါ၌ .. ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့မှာ ကိုယ်စီ မိသားစုတို့ ရှိနေသေးသည်။
တစ်ယောက်ယောက်က သူမတို့ကို နောက်ကနေ ပံ့ပိုးထားပေးနိုင်သည်။ သို့သော် လီချူးဟန်တွင်မူကား သူမကိုယ်သူမမှလွဲ၍ မည်သူမျှ မရှိခဲ့ချေ။
သူ မျက်လုံးကိုတင်းကြပ်စွာ မှိတ်ထားပြီး မချိတင်ကဲ ဝမ်းနည်းမျက်ရည်တို့က မျက်နှာထက် စီးကျလာသည်။ လီချူးဟန်၏ အားကိုးရာမဲ့သွားသည့် သူ မြင်ယောင်ကြည့်၍ ရသည်။
ငါက နေရောင်ချည်ကို မမြင်ရဘူးဆိုရင်တောင် အမှောင်ထဲမှာ ကြံ့ကြံ့ခံနိုင်သေးတယ်…
အတိတ်ကာလတွင်တုန်းက လင်းရီ သူမ ဘဝထဲသို့ မရောက်လာသေးမီတွင် လီချူးဟန်သည် ဘဝကို ရိုးရှင်းစွာဖြင့်သာ အချိန်ကုန်ဆုံးရင်း နေထိုင်ခဲ့သည်။
လင်းရီနှင့် ဆုံတွေ့ခဲ့ပြီးနောက် သူမ၏ ဘဝကြီးမှာ ကပြောင်းကပြန် ဖြစ်သွားခဲ့ပြီး တိတ်ဆိတ်နေသည့် သူမ နှလုံးသားထဲတွင် အရောင်တို့ စုံလင်လာသည်။
ထိုနေ့ .. ကောင်းကင်က တောက်ပလာပြီး လင်းရီက သူမ၏ ဆန္ဒများနှင့် စိတ်ကူးအိပ်မက်တို့အား ဖြည်းဆည်းပေးခဲ့သည်။
သို့သော် လင်းရီ သေသွားခြင်းနှင့်အတူ သူမ စိတ်ကူးယဉ်ခဲ့ရသည့် အရာအားလုံး ၊ သူမ အိပ်မက်မက်နေခဲ့သည့် အရာအားလုံး ၊ မျှော်လင့်ချက် အလုံးစုံတို့သည် တဒင်္ဂအတွင်း ဖျက်ဆီးခြင်း ခံလိုက်ရ၏။
သူမ ဆက်လက် တောင့်မခံနိုင်တော့ချေ။ သူမ စိတ်ဝိဉာဏ်လောက၏ ထောက်တိုင်ကြီး ပြိုလဲသွားသည့်အခါ၌ သူမ မည်သို့မျှ တောင့်မခံနိုင်တော့ချေ။
ဤနည်းလမ်းဖြင့် ရှင်သန်နေရသည့် ဘဝကို အဆုံးသတ်ဖို့ သူမ ရွေးချယ်ခဲ့၏။
အနာဂတ်ရဲ့လမ်းက ဘာပဲ ဖြစ်နေပါစေ ၊ ဒါမှမဟုတ် ဘယ်လို တံတားမျိုးကိုပဲ ဖြစ်ပါစေ ၊ မင်းနဲ့အတူ လျှောက်လှမ်းဖို့ ဆန္ဒရှိတယ်။
ဖြည်းညင်းစွာဖြင့် ... လင်းရီသည် သူ၏ တုန်ယင်နေသည့် လက်ဖြင့် လီချူးဟန်၏ မျက်နှာကို ထိတွေ့လိုက်သည်။
သူမ မျက်မှောင်ကြုတ်သွားသည့် ပုံရိပ်များနှင့် အပြုံးပုံရိပ်တို့က စိတ်အတွင်း၌ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး မျက်ရည်တစ်စက်က မာ့စ်မှတဆင့် စောင်အထက်သို့ ကျဆင်းသွားခဲ့လေသည်။
ထိုအချိန်၌ အသက် ငါးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဝင်လာခဲ့၏။ ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း ဘေးတွင် ပါလာသည်။
“ ဒါက ဒါရိုက်တာလီကို ကုသပေးဖို့ တာဝန်ယူထားတဲ့ ပြည်ထောင်စု ကောလိပ် ဆေးရုံရဲ့ ဒါရိုက်တာ မာရှောင်ယန်ပဲ …” ချိုးယွီလော့ မိတ်ဆက်ပေးလိုက်သည်။
“ ခု အခြေအနေ ဘယ်လိုရှိလဲ ဒေါက်တာ …” လင်းရီ သူ၏ မျက်ရည်များအား မကျဆင်းအောင် ဆက်လက် ထိန်းသိမ်းလိုက်ရင်း အသံအက်ရှရှဖြင့် မေးလိုက်သည်။
“ အခြေအနေကတော့ သိပ်မကောင်းဘူး … ကျုပ်တို့ တတ်နိုင်တာ အကောင်းဆုံး ကြိုးစားပေးခဲ့ပြီးပြီ … အတော်လေး ဖြစ်နိုင်တာက . . . . . “
မာရှောင်ယန် စကားစကို ဖြတ်၍ ခေတ္တရပ်တန့်ထားသည်။ တစ်ဖက်သူက သူဆိုလိုချင်တာကို သဘောပေါက်လိမ့်မည်ဟု ယုံကြည်ပါသည်။
“ အိပ်ဆေး နှစ်ဘူးဆိုတာ တကယ် နည်းတဲ့ ပမာဏ မဟုတ်ဘူး … ဒါပေမယ့် ဆေးရုံကို အချိန်မီရောက်လာတော့ ဒီက ဆေးပစ္စည်းကိရိယာတွေနဲ့ ကုသဖို့ မခဲယဉ်းဘူး …”
“ ပုံမှန်ဆိုရင် လူနာရဲ့ အခြေအနေက အခုလောက်ဆို တိုးတက်လာနေသင့်ပြီ … ဒါပေမယ့် သမားတော်လီရဲ့ အခြေအနေက နည်းနည်းထူးဆန်းတယ်… မတိုးတက်လာရုံတင် မကဘူး … ပိုပိုပြီးတောင် ဆုတ်ယုတ်သွားသေးတယ်… ဆေးပညာမှာ ဒီလိုဖြစ်တာက လုံးဝ ပုံမှန် မဟုတ်ဘူး …”
“ ခင်များ အတွေ့အကြုံတွေ အရဆိုရင် ဒါက တစ်ခုခုကြောင့် ဖြစ်နိုင်မလား …”
“ ဟင်း ….”
မာရှောင်ယန် သက်ပြင်းချပြီး ကုတင်ပေါ် လဲလျောင်းနေသည့် လီချူးဟန်ကို ကြည့်လိုက်သည်။ သူ ဝမ်းနည်းစွာ ပြောလိုက်၏။
“ တကယ်တော့ အရင်ကလည်း ဒီလို အဖြစ်မျိုး တစ်ခါ ဖြစ်ခဲ့ဖူးတယ်… အဲ့တာလည်း အမျိုးသမီး တစ်ယောက်ပဲ … သူ့အခြေအနေက သမားတော်လီနဲ့ အတော်လေး ဆင်တယ်… သူ ဒီကို ရောက်လာတုန်းက ကျုပ်တို့ ဆေးရုံရဲ့ အစွမ်းအစနဲ့ အဲ့လူနာကို ကယ်တင်ဖို့ ကျုပ်တို့ ၉၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်… ဒါပေမယ့် အဆုံးသတ်ကျတော့ သေသွားခဲ့တာပဲ …”
မာရှောင်ယန် ခေတ္တရပ်တန့်၍ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ အဆုံးသတ်ကျ ကျုပ်တို့တွေ အကြောင်းအရင်းကို ပြန်ပြီး ဆင်ခြင်သုံးသပ်ကြည့်တော့ ရလဒ် တစ်ခု ထွက်လာတယ်… အဲ့တာ လူနာကိုယ်တိုင်ကိုက လက်လျော့ပြီး သေဖို့ ဆန္ဒက သိပ်ပြင်းပြနေခဲ့လို့ပဲ …”
“ သေဖို့ ပြင်းပြတယ်လား …” နင်ချဲ့ ရေရွတ်လိုက်သည်။
“ အမှန်တော့ လူတစ်ယောက်က ဦးနှောက် မသေသေးသရွေ့ ဦးနှောက်မှာ အသိစိတ်ရှိတယ်.. ဒီတိုင်း မပြနိုင်ရုံပဲ … ဒါရိုက်တာလီက အသိစိတ်ကင်းမဲ့နေတယ်ဆိုရင်တောင် သူ့ရဲ့ အတွင်းစိတ်က အလုပ်လုပ်နေတုန်းပဲ … ဆက်ပြီး ဆေးကုသမှု မခံယူဖို့ကို တဖွဖွ သတိပေးနေတဲ့ စိတ်ပေါ့ …” မာရှောင်ယန် ဝမ်နည်းပူဆွေးစွာ ပြောလိုက်ပြီး “ တစ်နည်းပြောရရင် ဒီလို အခြေအနေမျိုးဖြစ်အောင် ဖန်တီးနေတာက သမားတော်လီ ကိုယ်တိုင်ကပဲ … သူက အသက်ရှင်ဖို့ကို လက်လျော့လိုက်ပြီ… ကျုပ်တို့လည်း သေချင်နေတဲ့ လူတစ်ယောက်ကို ကယ်တင်ပေးဖို့က မဖြစ်နိုင်ဘူး …”
“ သူက သေချင်နေတယ်…”
မာရှောင်ယန်၏ စကားလုံးတို့က လင်းရီ၏ နားထဲ၌ မိုးကြိုးပစ်ခွင်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့သည်။ သူ ပြောပြ၍ မရနိုင်လောက်အောင် စိတ်မသက်မသာ ခံစားသွားခဲ့ရသည်။
သူ တိတ်ဆိတ်စွာဖြင့် လီချူးဟန်ကို ငေးကြည့်နေခဲ့မိ၏။
ဘေးတွင် ရပ်နေသည့် နင်ချဲ့သည်လည်း စိတ်ထဲ ဖော်မပြနိုင်လောက်အောင် မသက်မသာ ဖြစ်သွားခဲ့လေသည်။
သူမ ရုပ်ရှင် ဇာတ်လမ်းတစ်ပုဒ်ပင် စိတ်အတွင်း ရိုက်ကူးပြီး ဖြစ်၏။
လင်းရီ၏ ဘဝထဲတွင် သူမက တစ်ယောက်သောသူ မဟုတ်သော်ငြား သူမ၏ ဘဝတွင်တော့ လင်းရီက တစ်ယောက်သောသူပင်။
လင်းရီက ဤအမျိုးသမီး အတွက် အရာအားလုံးပင် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သူမ၏ နေ၊ သူမ၏ လ၊ သူမ၏ ကြယ်တာရာ။
ဤသို့သော နည်းလမ်းသုံး၍ သူမကိုယ်သူမ အဆုံးစီရင်လိုက်သည်က သူမအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေခဲ့သည်။
ချိုးယွီလော့သည် မာရှောင်ယန်၏ ပခုံးကို ပုတ်လိုက်၏။
သူပြောဖို့ လိုအပ်သည်များအားလုံး ပြောပြီးသွားခဲ့ပြီ ဖြစ်သည်။ တခြား ဘာမျှ ပြောစရာ မကျန်တော့ပေ။
လူနာ၏ အခြေအနေကို ရှင်းပြပြီးနောက် မာရှောင်ယန်သည် သူ့တွင် ဘာလုပ်စရာ ကိစ္စမျှ မရှိတော့သည်ကို နားလည်သည်။ ထို့ကြောင့် လူနာခန်းထဲက ထွက်ခွာသွားခဲ့တော့၏။
တစ်ချိန်တည်းတွင် ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း ထွက်ခွာသွားခဲ့ကြသည်။
ယခုအချိန်၌ အရေးပေါ်လူနာခန်းအတွင်း၌ လင်းရီ၊ လီချူးဟန်နှင့် ချိုးယွီလော့တို့သာလျှင် ကျန်သည်။
ချောင်ရှင်းမှာ သူ့ရှေ့ရှိ ဤလူကို ကြည့်ရင်း တစ်နည်းတစ်ဖုံ ရင်းနှီးနေသယောင် ခံစားလိုက်ရ၏။
သူ့အသံက အစ်ကိုရီ၏ အသံနှင့် အတော်လေး ဆင်တူနေသည်။
စူးစမ်းလိုစိတ် ပြင်းပြစွာဖြင့် ချောင်ရှင်း အနားသို့ ကပ်လာပြီး လင်းရီ ဟုတ်မဟုတ် အတည်ပြုချင်နေသည်။ လင်းရီ ဘာမျှ ပြောမနေဘဲ သူ၏ မာ့စ်နှင့် နေကာ မျက်မှန်ကို ချွတ်လိုက်သည်။
“ အစ်ကိုရီ ….”
ချောင်ရှင်း အော်ဟစ်လိုက်ပြီး ကြမ်းပြင်သို့ ရှော့ခ်ရစွာ လဲကျသွားခဲ့၏။
“ စိတ်အေးအေးထား … ငါ မသေဘူး …” လင်းရီ ပြောလိုက်သည်။
“ အရင်က ဖြစ်ခဲ့တာ အကုန်လုံးက နားလည်မှု လွဲသွားတာပဲ …”
“ ဒါပေမယ့် ဆေးရုံကတောင် . . . . . . .”
“ အဲ့ဒီတုန်းကလည်း ငါ့အခြေအနေက သေတာနဲ့ မခြားဘဲ … မီးသင်္ဂြိုဟ်ခံရခါနီးလေးမှ ပြန်ပြီး သတိလည်လာတာ …”
လင်းရီ၏ အသံက တည်ငြိမ်နေပြီး စိတ်ခံစားချက်တို့ ကင်းမဲ့နေသည်။ သူ ပြောနေရင်းဖြင့် မျက်လုံးတို့က လီချူးဟန်ထံ၌သာ ကပ်ညှိနေလျက် ရှိသည်။
သူ၏ အတွေများအားလုံးက လီချူးဟန် အပေါ်၌သာ စူးစိုက်တည်ရှိနေပြီး အခြားလူများ၏ အရေးကိစ္စကို ဂရုစိုက်နေဖို့ အချိန်ရှိမနေချေ။
ခေတ္တကြာပြီးနောက် ချောင်ရှင်း ထလာပြီး လင်းရီကို တင်းကြပ်စွာ ပွေ့ဖက်ထားကာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။
“ အစ်ကိုရီ … အစ်မလီက အခု ဒီလို ဖြစ်သွားပြီ… ညီမတို့ ဘယ်လိုလုပ်ကြမလဲ …”
လင်းရီ ပြန်ရှင်လာသည့် ကိစ္စကို သူမ ဆက်ပြီး ဂရုစိုက်နေခြင်း မရှိတော့ချေ။ သူမ လီချူးဟန်ကို ကယ်တင်ချင်တာပဲ သိ၏။
လင်းရီ သူမ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ အင်ပြေသွားမှာပါ .. မင်းလည်း ဒီရက်ထဲ သူ့ကို စောင့်ပေးနေတာ ပင်ပန်းသွားပြီ … ငါ အပြင်ကလူတွေကို မင်းနားဖို့ နေရာ စီစဉ်ပေးဖို့ ပြောလိုက်မယ်… ခဏလောက် နားလိုက် … မင်း ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး …”
“ ဒါပေမယ့် အစ်မလီ ဒီလိုဖြစ်နေတာကို ညီမက ဘယ်လို အနားယူဖို့ စိတ်ရှိနိုင်မှာလဲ …”
“ ငါ ရှိတယ်… သူ မသေစေရဘူး … သွားပြီး ငါ့ဆီက သတင်းကို စောင့်နေလိုက် …”
“ တကယ်ပဲ အဆင်ပြေမှာပါနော်…”
လင်းရီ၏ စကားကို ကြားတော့ ချောင်ရှင်း၏ မျက်လုံးတို့ အရောင်လက်လာခဲ့လေသည်။
သူမ၏ မျက်လုံးထဲတွင် လင်းရီက အရာရာကို စွမ်းဆောင်နိုင်သည့် လူတစ်ယောက် ဖြစ်ပြီး သူက ယခုလို ပြောလာခဲ့ရာ သေချာပေါက် မည်သည့်ပြဿနာမျှ ရှိတော့မှာ မဟုတ်ချေ။
လင်းရီ သူမ၏ ပခုံးကို တစ်ဖန် ပုတ်ပေးလိုက်၏။
“ သွားတော့ … အဆင်ပြေသွားလိမ့်မယ်…”
“ ဒါဆိုညီမ အရင်သွားတော့မယ်… ခဏကျ ပြန်လာခဲ့မယ်…”
“ သွားပြီး ကောင်းကောင်းအိပ်လိုက် .. ပြန်မလာခင် တစ်ခုခုလည်း စားခဲ့ဦး …”
“ ဟုတ် အစ်ကိုရီ …”
ချောင်ရှင်း ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီနှင့် လီချူးဟန်တို့ နှစ်ဦးတည်းသာလျှင် လူနာခန်းထဲ ကျန်ရစ်တော့သည်။
လင်းရီ သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ထားလိုက်၏။
“ မင်း ဘာလို့ ဒီလောက်တောင် ရူးမိုက်ရတာလဲ …” လင်းရီ ညင်သာစွာ ဆိုလိုက်သည်။
“ ကိုယ် သေသွားခဲ့တယ်ဆိုရင်တောင် မင်းကတော့ ကောင်းကောင်းမွန်မွန် နေထိုင်ရဦးမယ်လေ… ကိုယ့်လို လူတစ်ယောက်အတွက်နဲ့ ဒီလိုမျိုး ရူးမိုက်တာဟာ မတန်ပါဘူ …”
လင်းရီ နူးညံ့ပျော့ပြောင်းစွာ ပြောဆိုနေခဲ့သည်။
လီချူးဟန်မှာ တုံ့ပြန်မလာသော်လည်း သူ့စိတ်ထဲရှိသည့် အရာများကို ဤအမျိုးသမီးလေးအား ပြောပြချင်ပါသည်။
သူမ တစ်နည်းနည်းနှင့် ကြားနိုင်ဖို့ကိုတော့ သူ မျှော်လင့်မိသည်။
လီချူးဟန် နိုးလာခြင်း ရှိမရှိက မသေချာသည့်အတွက် လင်းရီသည် စိတ်အတွင်း၌ သူမ အဆင်ပြေပါစေဟုသာ ဆုတောင်းပေးရုံ တတ်နိုင်လေသည်။
“ ကိုယ် မင်းအတွက် သီချင်း တစ်ပုဒ် ဆိုပြမယ်… မင်း ဘာမှ ပြန်ပြောပေးစရာ မလိုဘူး … ဒီတိုင်းလေးပဲ နားထောင် …”
“ အရင်က ကိုယ့်ရဲ့ အချိန်အများစု ၊ ကိုယ့်ရဲ့ အာရုံစူးစိုက်မှုတွေကို တခြားသူတွေဆီမှာပဲ ကုန်ဆုံးနေခဲ့မိတယ်.. မင်း အနားမှာ ဘယ်တုန်းကမှ မနေပေးခဲ့မိဘူး … ကိုယ်နောက်ဆုံး သတိပြုမိလိုက်တဲ့အချိန်ကျတော့လည်း ဒီလိုကိစ္စတွေ ဖြစ်လာနေတယ်… ကိုယ်မင်းကို ဘယ်လိုတောင်းပန်ရပါ့မလဲ …”
လင်းရီသည် ကျဆင်းလာသည့် မျက်ရည်များကို မကျဆင်းဖို့ အတန်တန် ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ပေ။ ကူကယ်ရာမဲ့စွာဖြင့် … မျက်ရည်တို့က အဖြူရောင် အိပ်ရာခင်းထက်သို့သာ တစ်စက်ပြီး တစ်စက် ကျဆင်းသွားခဲ့လေသည်။
“ အရင်က မင်းကို အဖော်ပြုပေးဖို့ အချိန်မရှိခဲ့ဘူး .. မင်းကလည်း မင်းနဲ့ အဖော်ပြုပေးဖို့ မတောင်းဆိုခဲ့သလို ကိုယ့်အချိန်တွေကို မင်းအပေါ် မဖြုန်းပစ်ဖို့တောင် ပြောခဲ့တယ်… ဒါပေမယ့် ကိုယ် အခု သိပ် နောင်တရမိတယ် သိလား .... ကိုယ့်အချိန်တွေကို မင်းနဲ့ အတူ ကုန်ဆုံးချင်တယ်… မင်း အနားမှာ အတူ ရှိနေချင်တယ်… နောက်တစ်ကြိမ် အခွင့်အရေးလေး ပေးဖို့ပဲ ကိုယ်တောင်းဆိုပါရစေ …”
“ ဟင်း …”
လင်းရီ သူ၏ မျက်ရည်များအား လက်ဖြင့် သပ်လိုက်၏။ “ ကဲပါ … အဲ့ဒီ ဝမ်းနည်းစရာ ကိစ္စတွေကို ထပ်မပြောတော့ဘူး … မင်းဖို့ သီချင်းတစ်ပုဒ်ဆိုပြမယ်… အရင်ကတော့ တစ်ခါမှ ဆိုပြဖို့ အခွင့်အရေး မရခဲ့ပေမယ့် … မင်း ကြားနိုင်ဖို့ မျှော်လင့်တာပဲ …”
လင်းရီ၏ အသံက အမျှင်မပြတ်သွားဘဲ သံစဉ်တစ်ခုကို ညည်းလိုက်သည်။ လီချူးဟန် ဘာမျှ မကြားနိုင်လင့်ကစား သီချင်းတစ်ပုဒ်ကို ဆက်လက် သီဆိုနေလေသည်။
သူ ဤအတိုင်း သူမနှင့် စကားတွေ အများကြီး ပြောချင်ရုံမျှပင်။ အဘယ်ကြောင့်ဆိုသော် သူသည် သူမအပေါ်၌ အကြွေးတွေ အများကြီး တင်နေသည်။
ယခင်က သူမမှာ ဘာကိုမျှ အထူးတလည် တောင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။ လင်းရီ သူမကို တစ်ခါတစ်ရံ လာကြည့်ပြီး မက်ဆေ့ချ်စာတို အနည်းငယ် ပြောပေးသည်နှင့် သူမမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေတတ်လေသည်။
သို့ပေမယ့် ထိုအချင်းအရာကပဲ သူမ အပေါ် သူ၏ အကြီးမားဆုံးသော တာဝန်မကျေပွန်မှုကြီး တစ်ခု ဖြစ်၏။
ယခင်က နေ့ရက်တစ်ချို့၌ လင်းရီ စွဲစွဲမြဲမြဲ ယုံကြည်ထားခဲ့သည်မှာ လီချူးဟန်အပေါ် အချိန်အများကြီး မပေးနိုင်သော်လည်း သူ၏ ရင်ဘက်ထဲ၌ အရေးကြီးဆုံးသော နေရာတစ်ခု၌ ရှိထားသည် ဟူ၍ပင်။
အချိန်လွန်တော့မှ သူ သိလိုက်သည့် အရာကား ..
မိမိ သူ့ကို ပေးဖို့ ပျက်ကွက်ခဲ့သည်က …
လုံလောက်သည့် အချိန်နှင့် အဖော်ပြုပေးမှုတို့လည်း မဟုတ်၊
လုံလောက်သည့် ချစ်ခြင်းမေတ္တာပင်။
လူ့သဘာဝက အမြဲ ဤအတိုင်းပင်။ တန်ဖိုးရှိသည့် အရာရာတိုင်းကို နေ့ရက်တိုင်း၌ ပိုင်ဆိုင်နေကြပါသော်လည်း ဆုံးရှုံးပြီးသည့် တစ်ကာလ နောက်တွင်မှသာ ထိုအရာ၏ တန်ဖိုးကို နားလည်သဘောပေါက်လာခဲ့ကြသည်။
ဘဝသည်ကား ထိုကဲ့သို့ပင်။
နောင်တတစ်ချို့က အမှားပြုသူအတွက် အတွေ့အကြုံတစ်ချို့ ဖြစ်စေပြီး တန်ဖိုးမထားခဲ့မိသည့် အခွင့်အရေးတစ်ချို့တို့က အတွေ့အကြုံ ရှိပြီးသူများကို နောင်တများ ဖြစ်ပေါ်စေသည်။