အခန်း (၁၃၄)
Vol. 10 Ch. 134
သစ်တောအစွန်အဖျားတွင် အကြီးအကဲများ၏ အစည်းအဝေးတစ်ခု ကျင်းပနေခဲ့သည်။ နန်းတော်တွင် ယခင်ရှိခဲ့သည့် အကြီးအကဲများ အားလုံး စုဝေးရောက်ရှိနေခြင်း မဟုတ်သော်လည်း ပြင်ပတပည့်အသစ်များထဲမှ တပည့်လက်ခံလိုသူများ စုရုံးနေကြခြင်း ဖြစ်သည်။
"သတင်းကြားပြီးပြီလား"
"ဟုတ်တယ်၊ အဲဒီ ကောင်လေးလုံက အရည်အချင်းစစ် စာမေးပွဲက ကောင်လေးနဲ့ တိုက်ပွဲဝင်နေတယ်တဲ့"
"အွန်း သူတို့နှစ်ယောက် ကျန်းမာတဲ့ ပြိုင်ဘက်မှုတစ်ခုကို တည်ဆောက်နိုင်ရင် ကောင်းမယ်လို့ ထင်တယ်"
"မှန်တယ် လုံမျိုးနွယ်စုက ငါတို့လောက် သြဇာအာဏာ မရှိပေမယ့် သူတို့က ကြီးလေးကြီးမျိုးနွယ်စုရဲ့ ထိပ်ပိုင်းနားမှာ ရှိတယ်။ သူတို့နဲ့ ဆက်ဆံရေး တည်ဆောက်တာ ငါတို့အတွက် မဆိုးပါဘူး"
"အတိအကျပဲ အကယ်၍ ကောင်လေးလုံက ဂိုဏ်းထဲမှာ ပြိုင်ဘက်တစ်ဦးကို ရှာတွေ့ခဲ့ရင် သူတို့ရဲ့ မျိုးနွယ်စုက ငါတို့တပည့်တွေအပေါ် ပိုပြီးကောင်းမွန်တဲ့ သဘောထားမျိုး ရှိလာလိမ့်မယ်"
ထိုသို့စကားစမြည်ပြောဆိုနေကြရင်း တစ်စုံတစ်ဦးက စိုးရိမ်မှုတစ်ခုကို တင်ပြခဲ့သည်။
"သူတို့ရဲ့ စစ်ထိုးပွဲကို ငါတို့ စောင့်ကြည့်သင့်တယ် မဟုတ်လား။ သူတို့နှစ်ဦးထဲက ဘယ်သူမှ ဒဏ်ရာအများကြီး ရတာမျိုး၊ ဒါမှမဟုတ် ပိုဆိုးတာက ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာမျိုး မဖြစ်စေရဘူးလေ"
"သူတို့နှစ်ယောက်စလုံးက ငါတို့ဂိုဏ်းအတွက် အကျိုးများစေမယ့် ထိပ်တန်းပါရမီရှင်တွေပဲ။ ဒါကြောင့် သဘာဝအတိုင်း အဲဒီလိုဖြစ်ခွင့်မပြုနိုင်ဘူး။ ဒါပေမယ့် ငါတို့ စိတ်ပူစရာမလိုဘူး။ အဘိုးကြီးက အဲဒါကို စီစဉ်ပြီးသား။"
"သူကိုယ်တိုင် ရွှေ့သွားတာလား။ သူတို့နှစ်ယောက်ထဲက ဘယ်သူက သူ့စိတ်ဝင်စားမှုကို ဖမ်းစားလိုက်လဲ မသိဘူး"
သူတို့က သူ့ကို ရိုးရိုးရှင်းရှင်း ပြောဆိုနေကြသော်လည်း ဒီ ဂိုဏ်းအကြီးအကဲများက အဘိုးကြီး အကြောင်း ပြောဆိုသောအခါ သူတို့၏လေသံများတွင် လေးစားမှုနှင့် နှစ်သက်မြတ်နိုးမှုများကို ခံစားနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ၊ လုံခြုံရေးကို စီစဉ်ပြီးသားဖြစ်ကြောင်း သိရှိပြီးနောက် ဂိုဏ်းအကြီးအကဲများ သည် သူတို့၏ စကားပြောဆိုမှုများကို ပြန်လည်စတင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဒေမီယန်နှင့် လုံချန် တို့၏ တိုက်ပွဲသည် အလွန်ပြင်းထန်လာခဲ့သည်။ ယခင်က တိုက်ခိုက်မှုများနှင့်မတူဘဲ သူတို့နှစ်ဦးစလုံး၏ မျက်နှာများတွင် အလေးအနက်ထားသည့် အမူအရာများ ထင်ရှားနေခဲ့သည်။
သူတို့ပတ်လည်ရှိ ကီလိုမီတာ ၅၀ ပတ်လည် စိမ်းလန်းစိုပြည်သော မြင်ကွင်းက ပျက်စီးနေကာ မြေပြင်မှာ အက်ကွဲနေပြီး ပတ်ဝန်းကျင်ရှိ အပင်အများအပြားမှာ မီးလောင်ကျွမ်းခြင်း သို့မဟုတ် ပြာဖြစ်သွားခဲ့သည်။
တိုက်ပွဲအား အနီးကပ်ရပ်ကြည့်နိုင်သည့် အဆင့်ကို ကျော်လွန်သွားသောကြောင့် ပရိသတ်အုပ်စုက ဖရိုဖရဲ ပြန့်ကျဲသွားခဲ့ရသည်။ တချို့က ဒီအချိန်အတွင်း ပြိုင်ဘက်များကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ကြသောကြောင့် ထိုနေရာတွင် တိုက်ခိုက်မှုငယ်များစွာ ဖြစ်ပွားနေခဲ့သည်။
ချွင်….
ဓားများ အချင်းချင်း ထိမှန်သံကို တစ်ဖန်ပြန်ကြားရပြန်ပြီ။ သို့သော် ဒီတစ်ကြိမ်တော့ ရိုးရှင်းခြင်းမရှိတော့။ လျှပ်စီးလှိုင်းတစ်ခုသည် လုံချန်ကို ဝင်တိုက်ကာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ဒေမီယန်နှင့်လည်း ထိုအတိုင်းပင်။
အမှန်တကယ်တွင် လုံချန်၌လည်း လျှပ်စီးဓာတ်တူညီမှု ရှိနေသည်။ ထို့ကြောင့် နာရီပေါင်းများစွာကြာပြီးနောက် သူတို့နှစ်ဦးသည် ဘယ်သူ့လျှပ်စီးက ပိုကောင်းလဲဆိုတာကို ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဒေမီယန်၏ ကွဲအက်နေသော အနက်ရောင်လျှပ်စီးတွင် ဖျက်ဆီးခြင်းဆိုင်ရာ ဂုဏ်သတ္တိများ ပါဝင်ပြီး လုံချန်၏ ရွှေရောင်လျှပ်စီးမှာမူ ပိုမိုစင်ကြယ်ပြီး ဩဇာတိက္ကမ ပိုရှိပုံရသည်။
လျှပ်စီးလှိုင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံသောအခါ သူတို့ပတ်လည် ကီလိုမီတာ ၅၀ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး သူတို့နှစ်ဦးစလုံးကို နောက်သို့ တွန်းပို့လိုက်သည်။
သူ့ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရင်း ဒေမီယန်က သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။ သူတို့၏ တိုက်ပွဲသည် ပိုမိုမတည်မငြိမ် ဖြစ်လာသောကြောင့် ဒဏ်ရာမရဘဲ နေရန် မည်သို့မျှ မဖြစ်နိုင်တော့ပေ။
'အနည်းဆုံးတော့ ပင်လယ်နဂါးလောက်တော့ မဆိုးဘူး'
ထိုသို့စဉ်းစားရင်း ဒေမီယန်က အတွေးတစ်ခု ရလိုက်သည်။ သူ၏ စွမ်းရည်အသစ်ကို မည်သည့်ပြိုင်ဘက်များအပေါ်တွင်မျှ မကြာသေးမီက စမ်းသပ်နိုင်ခဲ့ခြင်း မရှိသေးပေ။
"လုံချန် ငါတို့ တိကျတဲ့ အနိုင်ရသူမရှိဘဲ နာရီပေါင်းများစွာ တိုက်ခိုက်ပြီးပြီ။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုမှာ ဒါကို အဆုံးသတ်ကြစို့"
လုံချန်သည် ဒေမီယန်နှင့် အလားတူ အခြေအနေတွင် ရှိနေပြီး သူ၏ ဒဏ်ရာများလည်း လျင်မြန်စွာ ပျောက်ကင်းနေသော်လည်း သူ၏ ပြန်လည်ကောင်းမွန်နှုန်းက သူ၏ ပြိုင်ဘက်ထက် မထင်ရှားခဲ့ပေ။
‘ငါနိုင်မယ့် နည်းလမ်းမရှိဘူးလား’
ဤတိုက်ပွဲထဲသို့ ဝင်လာစဉ်က စိန်ခေါ်မှုကို မျှော်လင့်ခဲ့သော်လည်း ဤကဲ့သို့သော ပုံစံမျိုးကို မဟုတ်ခဲ့ပေ။ ရုပ်ကြမ်းအား နှိုင်းယှဉ်ချက်အရ ဒေမီယန်သည် သူ့ထက်သာလွန်သော်လည်း နည်းစနစ်ပိုင်းတွင်မူ သူ အနိုင်ရရှိခဲ့သည်။
တစ်ဦးစီ၌ ကိုယ်ပိုင်ထူးခြားသော စွမ်းရည်များ ရှိကြသည့်အတွက် သူတို့၏ တိုက်ပွဲသည် ဤမျှကြာအောင် ရပ်တန့်နေခြင်းဖြစ်သည်။ လုံချန်က သူ့ဉာဏ်ဖြင့် ဒေမီယန်အား အရေးကြီးသော ထိမှန်မှုများ လုပ်ဆောင်တိုင်း ဒေမီယန်က နေရာကို ပြိုလဲစေခြင်း သို့မဟုတ် သူ့၏ထူးဆန်းသော မမြင်နိုင်သည့် ဓားချက်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။
'နေရာကျင့်ကြံသူတွေက တကယ်ကို ကြောက်စရာကောင်းတယ်'
လုံချန်၏ အကဲဖြတ်မှုအရ ၎င်းသည် အသက်နှင့်သေခြင်း တိုက်ပွဲဖြစ်ပါက ဒေမီယန်၏ နေရာဓာတ် သက်သက်ကြောင့်ပင် သူ ရှုံးနိမ့်မည်ကို သူသိသည်။ မည်သို့ပင်ဖြစ်စေ ဒေမီယန်၌ သူလိုချင်သည့်အချိန် မည်သည့်အချိန်မဆို ထွက်ပြေးပြီး အင်အားဖြည့်တင်းနိုင်သည့် စွမ်းရည်ရှိသည်။ လုံချန် တွင်မူ ထိုသို့သော စွမ်းရည်မျိုး မရှိပေ။
သူ့မိသားစု ပေးထားသည့် အသက်ကယ်အဆောင်များ သုံးလျှင်ပင် သူတို့သည် အကန့်အသတ်ရှိသော အရာများသာ ဖြစ်သည်။ ဒေမီယန်ကမူ မာနာသာ လိုအပ်ခြင်းနှင့် မတူပေ။
အသက်ပြင်းပြင်းရှူနေသော်လည်း ပုံမှန်အားဖြင့် ကောင်းမွန်သည့်ပုံစံရှိနေသော သူ့ပြိုင်ဘက်ကို ကြည့်ရင်း လုံချန်က သူ့၏ အခြေအနေကို စစ်ဆေးလိုက်သည်။
'နာရီပေါင်းများစွာ ဆက်တိုက်ခိုက်နိုင်သေးတယ်။ ငါ့ မာနာစွမ်းရည် (mana capacity) ကလည်း ၃/၄ ပုံ အပြည့်ရှိနေသေးတယ်။ ဒါပေမယ့် ငါတို့ ထာဝရတိုက်ခိုက်နေလို့မရဘူး။'
"ကောင်းပြီ၊ နောက်ဆုံးလှုပ်ရှားမှုက အဆုံးသတ်ပဲ"
သူတို့ ဒီမှာ အဆုံးသတ်တော့မည်ဖြစ်သည့်အတွက် သူ အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်းက ပိုမိုကောင်းမွန်မည်ဟု လုံချန်က တွေးခဲ့သည်။ သူသည် သူ၏ Trump Card ကို အသုံးပြုချင်သည် မဟုတ်သော်လည်း ဤထိပ်တိုက်ရင်ဆိုင်မှုအတွက် အသင့်တော်ဆုံး တိုက်ခိုက်မှု သူ့တွင်ရှိနေသည်ဟု ခံစားခဲ့ရသည်။
တိုက်ခိုက်သူနှစ်ဦးစလုံး အချင်းချင်း သဘောတူညီမှုဖြင့် ခေါင်းညိတ်ပြပြီးနောက် သူတို့၏ သဘာဝစွမ်းအင်များ တောက်လောင်လာခဲ့သည်။ သူတို့၏ မာနာများကို မယုံကြည်နိုင်လောက်အောင် လျင်မြန်သည့်နှုန်းဖြင့် ထုတ်ဖော်ခဲ့ပြီး သူတို့၏ နောက်ဆုံးတိုက်ခိုက်မှုများထဲသို့ အရာအားလုံးကို ထည့်သွင်းခဲ့ကြသည်။
'ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်တဲ့ မာနာ ပဲ ချန်ထားခဲ့'
ဤသည်မှာ သူတို့နှစ်ဦး၏ စိတ်ထဲတွင် ပြေးလွှားနေသော အတွေးပင်။
ဒေမီယန်၏ ခေါင်းပေါ်တွင် ကောင်းကင်က တစ်ဖန်ပြန်လည် ဒေါသထွက်လာခဲ့သည်။ မိုးခြိမ်းသံများမှာ အလွန်ကျယ်လောင်လှသဖြင့် သစ်တောအစွန်အဖျားရှိ အကြီးအကဲများ ပင်လျှင် ကြားနိုင်ခဲ့ပြီး စုဝေးလာသော မုန်တိုင်းတိမ်တိုက်များကြားတွင် အနက်ရောင်လျှပ်စီးများ တဖြန်းဖြန်းကွဲကျ နေခဲ့သည်။
၎င်းသည် ကောင်းကင်ဘေးနှင့် တူသော်လည်း ပို၍ ဖျက်ဆီးနိုင်သော စွမ်းအားရှိသည်။ သို့သော် ဒေမီယန်က ပြီးဆုံးခြင်း မရှိသေးပေ။ သူအစွမ်းကုန် ထုတ်ဖော်မည်ဆိုလျှင် တကယ်ကို အစွမ်းကုန် ထုတ်ဖော်မည်ပင်။ သူ၏ လည်ချောင်းတွင် သေးငယ်သော အနက်ရောင်အစက်လေးတစ်ခု ဖြစ်ပေါ်လာသည်နှင့်အမျှ သူဖြည်းဖြည်းချင်း အသက်ရှူသွင်းလာခဲ့သည်။
လုံချန်ဘက်တွင်လည်း အလားတူ ကပ်ဆိုးကြီးတစ်ရပ် ဖြစ်ပေါ်နေခဲ့သည်။ ကောင်းကင်နှင့် မြေကြီးသည် တုန်ဟည်းနေပြီး တိုင်များသည် နှစ်ဖက်စလုံးမှ ပစ်ချလာကာ အလယ်တွင် ပြင်းထန်သော အားဖြင့် ဆက်သွယ်မိရာ သေးငယ်သော နေရာကွဲကြောင်းများပင် ဖြစ်ပေါ်လာသည်။
ဤတိုင်များသည် လုံးဝရွှေရောင်ရှိပြီး လုံချန်ပတ်လည်တွင် ရွှေရောင်နန်းတော်ပုံရိပ် တစ်ခုကို ဖန်တီးခဲ့သည်။ သူသည် ဓားထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ မြေကြီး ကွဲအက်သွားပြီး အတွင်းမှ ပူပြင်းသော ချော်ရည်များ ထွက်ပေါ်လာကာ ဘုရင်ကို ကာကွယ်ပေးသည့် ရွှံ့စေးလူများကို ဖန်တီးခဲ့သည်။
ကောင်းကင်သည် ကြည်လင်လာပြီး မှောင်မိုက်သော တိမ်တိုက်များကြားမှ နေရောင်ခြည် ထိုးဖောက်ဝင်ရောက်လာကာ လုံချန်၏ ပုံရိပ်ကို လူ့လောကသို့ ဆင်းသက်လာသော ကောင်းကင်နတ် တစ်ပါးကဲ့သို့ လင်းထိန်စေခဲ့သည်။
ဒေမီယန်၏ မျက်လုံးများ ဖြည်းဖြည်းချင်း လုံးဝအနီရောင်သို့ ပြောင်းလဲသွားခဲ့ပြီး လုံချန်၏ မျက်လုံးများမှာမူ တွားသွားသတ္တဝါတစ်ကောင်၏ ဒေါင်လိုက်အမြှောင်းများကဲ့သို့ ဖြစ်လာခဲ့သည်။ တစ်ဦးကိုတစ်ဦး ကြည့်ရင်း သူတို့နှစ်ဦးစလုံး အသံကုန် အော်ဟစ်လိုက်ကြသည်။
"ကောင်းကင်နဂါးဘုရား ဆင်းသက်ခြင်း"
"မုန်တိုင်းနဂါး၏ ဒေါသ"
ဒေမီယန် ဘက်တွင် သစ်ပင်ပင်စည်ထက် ပိုထူသော ဖျက်ဆီးတတ်သည့် အနက်ရောင်အလင်းတန်းတစ်ခုသည် သူ့ပါးစပ်မှ ထွက်ပေါ်လာပြီး မုန်တိုင်းတိမ်တိုက်များထဲသို့ ဝင်ရောက်ကာ သူတို့၏ စွမ်းအားကို တိုးပွားစေခဲ့သည်။
မကြာမီတွင် တုန်ဟည်းနေသော တိမ်တိုက်များသည် မဲမှောင်သွားပြီး တိုက်ပွဲနယ်ပယ်အပေါ်ရှိ နေရာလွတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်သွားခဲ့သည်။ ဤအပေါက်မှ အဆောက်အအုံတစ်ခု၏ အထူမျှရှိသော ပို၍ကြီးမားသည့် အလင်းတန်းတစ်ခုသည် လုံချန်၏ ထိုင်ခုံဆီသို့ ထိုးထွက်လာခဲ့သည်။
သို့သော် ထိုအလင်းတန်းသည် ပိတ်ဆို့ခံရရန် ကံကြမ္မာပါခဲ့သည်။ လုံချန်ကို ကာကွယ်နေသော မီးရည်ရွှံ့စေးလူများနှင့် ပေါင်းစပ်သွားကာ အရည်ပျော်ကျောက်သားဖြင့် လုံးလုံးလျားလျား ဖန်တီးထားသော ကြီးမားသည့် နဂါးတစ်ကောင် ဖြစ်လာခဲ့သည်။
နန်းတော်၏ ပုံစံကို ဖန်တီးနေသော ရွှေရောင်အလင်းတန်းများသည် ၎င်းတို့၏ ပစ်မှတ်ကို ပြောင်းလဲကာ မီးရည်နဂါး၏ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်ပြီး အလင်းဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ နောက်ဆုံးတွင် တောက်ပနေသော နေရောင်ခြည်သည် ပေါင်းစည်းကာ အရှည်မီတာရာပေါင်းများစွာရှိသော ရွှေရောင်နဂါးတစ်ကောင်ကို ဖန်တီးခဲ့သည်။
နဂါးသည် သူ၏ ကြီးမားသော ပါးစပ်ကို ဖွင့်ကာ ဒေမီယန်၏ အလင်းတန်းနှင့် အနည်းငယ်မျှပင် မလျော့သော အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
သစ်တောအနီးရှိ မည်သူမဆို ဖျက်ဆီးမှုမြင်ကွင်းကို မြင်တွေ့နိုင်ခဲ့သည်။ တစ်ခုက မဲမှောင်နေပြီး နောက်တစ်ခုက ရွှေရောင်ရှိသော အလင်းတန်းနှစ်ခုသည် ကောင်းမွန်ခြင်းနှင့် မကောင်းဆိုးဝါးကြားက ကြီးကျယ်ခမ်းနားသော ထိပ်တိုက်တွေ့ဆုံမှုကဲ့သို့ တိုက်မိခဲ့ကြသည်။
သို့သော် ၎င်းဖြစ်ပေါ်စေသော ဖျက်ဆီးမှုတွင် ကိုယ်ကျင့်တရားမရှိခဲ့ပေ။ ကမ္ဘာကြီးသည် ၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို မျိုချသည့် အလင်းဖြင့် လွှမ်းခြုံသွားခဲ့ပြီး ဒေမီယန်နှင့် လုံချန် တို့လည်း ပါဝင်ခဲ့သည်။
အလင်းသည် အရာအားလုံးကို မီးလောင်တိုက်သွင်းခဲ့သည်။ အလွန်နီးစပ်လွန်းသော တတိယအဆင့်ပြိုင်ဘက်များပင် ချက်ချင်းပြာဖြစ်သွားခဲ့သည်။ ၎င်းသည် ဒေမီယန်နှင့် လုံချန် တို့၏ စွမ်းအားပေါင်းစပ်မှု၏ ရလဒ်ပင်။
သူတို့နှစ်ဦး အသက်ရှင်နိုင်မလားဆိုတာကတော့ လုံးဝမသိရသေးပေ။