← Chapters

ချူရှ ... ။

Vol. 27 Ch. 313

ချူရှ ... ။

Vol. 27 Ch. 313

ထို့နောက် စုရီ၏ အကြည့်များသည် နဂါးများရစ်ခွေထားသည့် ကျောက်တိုင်ထံ ရောက်ရှိသွားကာ မျက်ခုံးပင့်လျက်၊

“ ဒီလူက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ”

-ဟု ရေရွတ်လိုက်လေသည်။

“ သခင်လေး ... မင်းတစ်ခုခု တွေ့ထားလား။ ”

ဟွာရှင်းဖန်မှ သတိဝင်လာပြီး မေးသည်။ ကျောက်တိုင်ပေါ်ရှိ ဤစာလုံးများသည် တစ်စုံ တစ်ရာကို ဖုံးကွယ်ထားသည်လော။

“ မဟုတ်ဘူး ... ဒါက မဟာတာအို အယူအဆကို ပြသထားတဲ့ ဝါကျတစ်​​ကြောင်းပဲ၊ တန်ခိုးရှင်ဓားစံအိမ်ကို တည်ထောင်သူ ချန်ထားခဲ့တာ ဖြစ်မယ်။ ”

စကားပြောနေစဉ် စုရီသည် ကျောက်တိုင်ပေါ်ရှိ ဝါကျများကို ဖတ်​ပြလိုက် လေသည်။

“ အ​နောက်​ဘက် ကောင်းကင်ကြီးမှာ ငါအိပ်နေ​တယ် အတိတ်​နဲ့ ပစ္စုပ္ပန်ကို ရယ်မော ပစ်ပြီး၊ အရှေ့၊အ​နောက်​၊ ​တောင်​၊ ​မြောက်ကို ခရီးနှင်မယ် ကမ္ဘာကြီးက ကျယ်ပြောတယ် ...

... ငါတစ်ယောက်တည်း မြင့်မြတ်မြေမှာ အိပ်ပျော်သွားတယ် သတိရလို့ ပြန်ကြည့်တော့ ကောင်းကင်၊ မြေကြီး၊ နေနဲ့ လကိုပဲ မြင်ရတယ် နှစ်တွေဘယ်လောက်ကုန်လွန်နေပြီလဲ။ ”

“ နားမလည်ဘူး ... ။ ”

စုရီ၏ ရွတ်ဖတ်သံဆုံးချိန်၌ ဟွာရှင်းဖန်တစ်ယောက် ရိုးရှင်းစွာ ခေါင်းယမ်း ပြလိုက်လေသည်။

“ မှန်တယ် ... မင်း သူ့အဆင့်ကို မရောက်သေးရင် ဒီအဓိပ္ပါယ်ကို နားလည်နိုင်မှာ မဟုတ်ဘူး ... ဒီစာသားပိုင်ရှင်ရဲ့ နှလုံးသားက ...

... နွေဦးပေါက်ရာသီမှာ ဝင်းပနေတဲ့ ... လပြည့်ညကြီးနဲ့တူတယ် ... ဧကရာဇ်အဆင့် တန်ခိုးရှင်တစ်ပါးပဲ။ ”

“ ဧကရာဇ်နယ်ပယ်လား ... ။ ”

ဟွာရှင်းဖန်းမှ အေးစက်သောလေကို ရှုရှိုက်လိုက်ရသည်။ ဝါကျနှစ်ကြောင်း မြင်ရုံဖြင့် ဤမျှသော ကောက်ချက်ချနိုင်သည်လော။

တစ်ဖက်လူ၏ မြင်နိုင်စွမ်းသည် များစွာ ကြောက်စရာကောင်းပေမည်။ သူတို့နှစ်ယောက် စကားစမြည် ပြောနေကြစဉ် ချင်သွမ့်ရှနှင့် အဖွဲ့က ကျောက်လှေကားထစ်များပေါ် ခုန်တက်သွားကြပြီဖြစ်သည်။

ကျောက်လှေကားထစ်များသည် ကိုးပေမြင့်၏။ သာမာန်လူများအတွက်မူ တွယ်တက်ရန် လိုအပ်သော်လည်း ကျင့်ကြံသူ များမှာ ခုန်လိုက်ရုံဖြင့် တက်နိုင်မည်။

ကျောက်လှေကား အစွန်းနှစ်ဖက်တွင် နေရာယူသော ကျောက်ရုပ်ထုများထံ စုရီ၏ အကြည့်များ ရောက်ရှိသွားသည်။

ထူးဆန်းပြီး အနည်းငယ် ကြောက်စရာ အသွင်အပြင်မျိုး ဖြစ်ချေ၏။ ကြည့်နေလျက်မှ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားသည်။

များမကြာခင် ကျောက်လှေကားထစ် အဆုံးသို့ ရောက်ရှိလာသည်။ ထိုနေရာသည် တံခါးတစ်ချပ် ရှိနေ၏။

တံခါးရှေ့ရင်ပြင်သည် အမည်မသိ ကျောက်ပြားများ ခင်းထားသည်။ မှန်ကဲ့သို့ ချောမွေ့ပြီး ရပ်နေရုံဖြင့် တိမ်ပင်လယ်အတွင်း ရောက်ရှိနေသလို ခံစားရစေ၏။

တံခါးများသည် နန်းတော်အတွင်းဝင်ရန် တစ်ခုတည်းသော အပေါက်ဖြစ်ပြီး တင်းကျပ်စွာ ပိတ်ထားပြီး တံခါးရွက်များသည် အမြင့်ကိုးပေ ရှိကာ နတ်ရွှေဖြင့် ပြုလုပ်ထားသည်။

မျက်နှာပြင်ပေါ်တွင် ကောင်းကင်ယံ၌ ပျံသန်းနေသော နတ်ငှက်များ၊ တောင်များနှင့် မြစ်များကို ထွင်းထုထား၏။

ကောင်းကင်ထိတိုင် ထိုးတက်နေသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နှင့် ယဇ်ပလ္လင် တစ်လုံးလည်းရှိသည်။

ရှေ့တွင်လည်း လူသားများသည် နတ်ဆိုးနှင့်တူသော သတ္တဝါများကို ဦးညွှတ် တွားသွားနေသည့် မြင်ကွင်းများ ရေးထိုးထား၏။

“ တကယ်ပဲ နတ်ဆိုးဂိုဏ်းကိုး။ ”

စုရီမှ မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုးကျင့်ကြံသူများသည် လူသားများကို အထင်သေးကာ ကျွန်ပြုလိုကြ၏။

ထိုနည်းတူပင် လူသားများသည်လည်း နတ်ဆိုးကျင့်ကြံသူများကို ရှုံ့ချကြပြီး သတ်ဖြတ် လိုချေပြီ။

ထို့ကြောင့် နတ်ဆိုး ကျင့်ကြံသူများနှင့် လူသားကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် နှိမ့်ချဆက်ဆံကြသည်မှာ သဘာဝပေပင်။

စုရီအတွက်မူ သန်မာသူကိုသာ လေးစားမည်ဖြစ်သည်။ ထိုစဉ် ချင်သွမ့်ရှသည် ရွှေတံခါးကြီးကိုဖွင့်ရန် ကြိုးစားတော့၏။

“ ထန် ... ။ ”

သို့သော် တံခါးရွက်ထံမှ အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး သူ့စွမ်းအားကို ချေဖျက်သွား တော့သည်။

အကျိုးဆက်အနေဖြင့် တုန်ရင်လျက် လှေကားထစ်များမှ ပြုတ်ကျလုနီးပါးပေပင်။

“ ငါ စမ်းကြည့်ပါရစေ ... ။ ”

ချောင်ကျန်းက ရှေ့သို့ တိုးလာကာ လက်အုပ်ချီလျက် ဗုဒ္ဓဘာသာကျမ်းများကို ရွတ်ဆိုတော့သည်။

“ ရွှပ် ... ။ ”

ရုတ်တရက် ၎င်းခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေကြာပန်းအဖြစ် ဖွဲ့တည်ကာ တံခါးရွက်ထံ ပြေးဝင်သွားသည်။

“ ဝုန်း ... ။ ”

ဤတစ်ကြိမ်တွင်လည်း အလင်းများ တောက်ပလျက် ရွှေကြာပန်းသည် စက္ကူကဲ့သို့ ပေါက်ကွဲသွား၏။

ချောင်ကျန်းခမျာ ဆယ်လှမ်းထက်မနည်း ယိမ်းယိုင်ဆုတ်ခွာလိုက်ရပြီး တဆတ်ဆတ် တုန်ရင် နေခဲ့လေသည်။

လူတိုင်း၏ နှလုံးသားများ လေးလံသွား၏။ ဤချောင်ကျန်းသည် ရှန့်လင်ကျမ်းစာတိုက်၏ မဟာအကြီးအကဲဖြစ်ကာ မူလနန်းတော်အဆင့် သုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

သို့တိုင် သူ့လုပ်ရပ်သည် သစ်ပင်ကို လှုပ်ခါရန်ကြိုးစားမိသော ပုရွက်ဆိတ်လေးနှင့် မခြားခဲ့ချေ။

“ ဝုန်း ... ။ ”

“ ဝုန်း ... ။ ”

ထို့နောက် ယွီချောင်ခုန်၊ ကူချင်းတုနှင့် အခြားသူများသည်လည်း အလှည့်ကျ စမ်းသပ် ကြည့်ကြသော်လည်း ခြွင်းချက်မရှိ ဆုတ်ခွာ ပေးလိုက်ရသည်။

“ မင်း ... ဘာလို့ မစမ်းကြည့်ရတာလဲ အစ်ကိုကျိုး။ ”

ထိုစဉ် ရှန့်လောယွီမှ ရုတ်​တရက် သတိရလာပြီး စုရီထံလှည့်ကြည့်၏။ လူတိုင်းက ခေါင်းခါလိုက်ကြသည်။

မူလနန်းတော် ဖွင့်လှစ်ထားသူများပင် မလုပ်ဆောင်နိုင်သောအရာကို ရှန်ရှင်းအဆင့်မှ ဤလူငယ်သည် မည်သို့လုပ်ဆောင်နိုင် မည်နည်း။

“ ကောင်းပြီ ... ။ ”

သို့သော် စုရီမှ ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းညိတ်လျက် ရှေ့သို့ လှမ်းတက်လာသဖြင့် စိတ်ဝင်စားသွားကြသည်။

သူ့လက်ချောင်းထိပ်တွင် ကြည်လင်သော အလင်းတန်းတစ်ခု ပေါ်လာပြီး စုတ်တံကဲ့သို့ နန်းတော်တံခါး၌ ရေးဆွဲလိုက်၏။

မျက်စိတစ်မှိတ်အတွင်း လျှို့ဝှက်ဆန်းကြယ်သော အစီရင်တစ်ခု ပုံစံ တံခါးရွက်ကြီး၌ ထွက်ပေါ်လာသည်။

၎င်းအစီရင် ထွက်ပေါ်လာသောအခါ တံခါးကို ချိပ်ပိတ်ထားသော စွမ်းအားများသည် လှိုင်းဂယက်အသွင် ပြိုးပြက်ကုန်လျက် လာရောက်ပေါင်းစပ်သွား၏။

“ ဒါ ... ။ ”

ချင်သွမ့်ရှနှင့် အခြားလူများခမျာ မျက်လုံးများ ပြူးလျက် အသက်မရှူဝံ့တော့ချေ။ သို့သော် များကြာမီ ထိူလှိုင်းဂယက်များသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။

“ မအောင်မြင်ဘူးလား ... ။ ”

တံခါးရွက်ကြီးများသည် ယခင်နှင့်မခြား မလှုပ်မယှက် ပိတ်နေဆဲပေပင်။ နှလုံးသားထဲ ပေါက်ဖွားလာသော မျှော်လင့်ချက်များသည် တရိပ်ရိပ် ပျောက်ကွယ်သွားတော့၏။

“ အစ်ကိုကျိုးကို မဟာရှကနေလာပြီး စာရွက်တွေထဲကနေ ဒီရွှေကျောက်စိမ်းတုံးကို ရှာတွေ့နိုင်ခဲ့လို့ ... ငါအထင်ကြီးခဲ့တယ် ...

... ဒါကြောင့် နန်းတော်တံခါးရဲ့ ချိပ်ပိတ်ထားတဲ့ စွမ်းအားကိုလည်း ချေဖျက်နိုင် လိမ့်မယ်လို့ ငါထင်ထားခဲ့မိတာ ... အခုတော့ အများကြီး စဉ်းစားနေမိပြီထင်တယ်။ ”

ရှန့်လောယွီမှ အလွန်စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။ ထိုအသွင်အပြင်ကြောင့် ဟွာရှင်းဖန်တစ်ယောက် ဒေါသထွက်လာပြီး သူမကို ပါးရိုက်ချင်သွားသည်။ မုန်းစရာ ကောင်းလွန်းချေ၏။

စုရီက လျစ်လျူရှုထားသည်။ သူ့မျက်လုံးထဲတွင် ရှန့်လောယွီဟူသည် သေလူ တစ်ယောက်သာ ဖြစ်၏။

“ ဟမ့် ... မဟာချင်မင်းဆက်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ... တွေ့ရတာ ဝမ်းသာပါတယ် ဒါပေမယ့် မင်းတို့ ဒီတံခါးကို မဖွင့်နိုင်တာ ... ပုံမှန်ပါပဲ တကယ်တော့ ဒီနန်းတော်ဟာ ...

... တန်ခိုးရှင်ဓားမျှော်စင် တည်ထောင်သူ ကောင်းကင်ဘုံ နတ်ဆိုး ဧကရာဇ်ရဲ့ ကျင့်ကြံရာ အရပ်ပဲ ... ဘယ်သူမဆို ဖွင့်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ ”

ရုတ်တရက် အေးစက်သောလေသံဖြင့် လူတစ်စုထွက်ပေါ်လာ၏။ ခေါင်းဆောင်သည် အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်သည်။

ဖြူဖွေးသောအသားအရည်၊ အစိမ်းရောင်မျက်လုံးများနှင့် ခါး၌ကြာပွတ်နီကို ချိတ်ဆွဲထား၏။

သူ့နောက်တွင် ယောက်ျား၊ မိန်းမ ခုနစ်ယောက်ခန့် ပါရှိပြီး သိပ်သည်းသော ရောင်ဝါများ ထုတ်ဖော်ထား၏။

“ ဒါဆို သူပဲ ... ။ ”

ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်စဉ် မှော်သင်္ဘောကို တစ္ဆေမျက်နှာ ပျားမိစ္ဆာများဖြင့် တိုက်ခိုက်ခဲ့သည်မှာ ဤလူဖြစ်ကြောင်း စုရီမှ မှတ်မိသွားသည်။

ချင်သွမ့်ရှနှင့်အဖွဲ့သည် ထိုအမျိုးသားကို မသိသော်လည်း ၎င်းနောက်လိုက်များထဲတွင် သူတို့သိသော လူအချို့ ပါရှိနေသဖြင့် လေးနက်လာတော့သည်။

မိစ္ဆာကျင့်ကြံသူ လေးဦး၊ ငွေလှံကိုင် အမျိုးသမီးတစ်ဦး၊ ဆေဘာဓားကိုင်ထားသည့် ခရမ်းရောင် လူငယ်တစ်ဦးနှင့် အဘိုးအို တစ်ဦးတို့ ဖြစ်သည်။

နတ်ဆိုး ကျင့်ကြံသူများသည် မရဏတံခါးဂိုဏ်းချုပ် ထုံရှင်းဟိုင်နှင့်အဖွဲ့ဖြစ်ပြီး မျက်နှာစိမ်းသုံးယောက်သည် အတွင်းပိုင်း သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်၏။

သို့တိုင် ၎င်းတို့၏ ရောင်ဝါသည် ထုံရှင်းဟိုင်ကဲ့သို့သော နတ်ဆိုးကျင့်ကြံသူများ ထက်ပင် ပို၍အားကောင်းနေချေပြီ။

“ ဟား ဟား ဟား ... မတွေ့တာကြီပြီနော် တာအိုမိတ်ဆွေ။ ”

မရဏတံခါးဂိုဏ်းချုပ် ထုံရှင်းဟိုင်မှ အပြုံးဖြင့် နှုတ်ဆက်သည်။ သူ့မျက်နှာသည် နွေဦးလေပြေကဲ့သို့ နူးညံ့နေချေ၏။

“ ဒါဆို လျူမိုဟန်၊ မိုဟန်ဇီ၊ လောတုနဲ့ တုံမိုချူတို့ကို မင်းသတ်ခဲ့တာလား။ ”

“ မှန်တယ် ... ။ ”

ချောင်ကျန်းက မျက်မှောင်ကြုတ်ပြီး ထုံရှင်းဟိုင်ထံ မေးမြန်းလိုက်သည်။ သို့သော် အဖွဲ့ကို ဦးဆောင်နေသော အနက်ရောင်ဝတ် လူရွယ်မှ ထုံရှင်းဟိုင်အစား ပြန်ဖြေ၏။

“ ငါ ... သူတို့ကို အမှုထမ်းဖို့ အခွင့်အရေး ပေးခဲ့ပါတယ် ဒါပေမယ့် သူတို့မှာ ဆန္ဒမရှိတဲ့ အတွက် စိတ်မကောင်းပါဘူး။ ”

“ ဟမ့် ... မင်းက ဘယ်သူလဲ။ ”

အနက်ဝတ် လူရွယ်၏ ပေါ့ပေါ့ပါးပါး အဖြေကြောင့် ချောင်ကျန်းမှ အေးစက်စွာဖြင့် လှည့်ကြည့်ကာ မေးမြန်းလိုက်တော့သည်။ အနက်ဝတ်လူရွယ်က ပြုံးပြီး၊

“ ငါ့နာမည်က ချူရှပါ ... သာမန် ကျင့်ကြံသူတစ်ယောက်ပဲ သူတို့ကတော့ ငါ့ကို လေးစားပြီး သခင်အဖြစ် အသိအမှတ်ပြုထား ကြပါတယ် ... ဒီအတွက်လည်း လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြန်ဖြေလာလေသည်။

“ သခင် ... မင်းက ကျိုးနွံလွန်းပါတယ် ... ငါတို့ရဲ့နှလုံးသားထဲမှာ ... မင်းနဲ့ယှဉ်နိုင်တဲ့လူ မရှိတော့မှာ ကြောက်မိပါတယ်။ ”

လူရွယ်ဟကားကြောင့် ထုံရှင်းဟိုင်နှင့် အဖွဲ့သည် ချက်ချင်း ဦးညွှတ်လိုက်တော့သည်။ ဤမြင်ကွင်းက ချင်သွမ့်ရှတို့ကို ထိတ်လန့် သွားစေ၏။

ရက်စက်ကြမ်းကြုတ်လှသော ဤလူတစ်စုသည် ချူရှဆိုသူကို ကြောက်ရွံ့ပြီး လေးစားနေချေပြီ။ ထိုသူသည် မည်သူနည်း။

***

All Chapters