သတ်ရန် ဓားငှားခြင်း။
Vol. 27 Ch. 314
ချူရှသည် ချင်သွမ့်ရှနှင့် အခြားသူများ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရ သဖြင့် ပြုံးလျက်၊
“ စိတ်မပူပါနဲ့၊ ငါက ပေါင်းသင်းရ အရမ်းလွယ်တဲ့လူမျိုးပါ ... မင်းတို့တွေ ငါ့ဆီမှာ အမှုထမ်းနေသရွေ့ ညီအစ်ကိုတွေလို ဆက်ဆံပါ့မယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
တစ်ဖက်တွင် ထုံရှင်းဟိုင်က လူအုပ်ကို ဝေ့ကြည့်ကာ၊
“ လူတိုင်း ... ဒါက မင်းတို့အတွက် ကောင်းချီးပါပဲ ... သာမာန်ကျင့်ကြံသူတွေဟာ ငါ့သခင်ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး။ ”
-ဟု ပြောကြားလာပြန်၏။
“ မင်းတို့ကို ရိုးရိုးသားသား ပြောရရင် သခင်က ဒီတန်ခိုးရှင် ဓားမျှော်စင်နန်းတော်ကို သိမ်းပိုက်ပြီး ကောင်းကင်နတ်ဘုရားဂိုဏ်းကို ...
... တည်ထောင်လိမ့်မယ် မင်းတို့သာ အစေခံရင် အနာဂတ်မှာ ... သခင်ရဲ့ညာလက်ရုံး ဖြစ်ဖို့ အခွင့်အလမ်းရှိတယ်။ ”
ကောင်းကင်မြွေနတ်ဆိုးသည်လည်း ပြုံးလျက် ဝင်ရောက်ပြောကြားလာလေသည်။ သူသည် ငွေရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ရွှေအိုရောင် မျက်လုံးများ ပိုင်ဆိုင်ထား၏။
“ ကောင်းကင်နတ်ဘုရားဂိုဏ်း ... ။”
ထိုနာမည်ကို ကြားလိုက်ရသောအခါ ဟွာရှင်းဖန်က မျက်ဝန်းများ တောက်ပသွား၏။ နတ်ဆိုးကျင့်ကြံသူများသည် တန်ခိုးရှင်များ၊ နတ်ဘုရားများ ဟူသော စကားလုံးများကို အလေးပေးကြောင်း စုရီပြောခဲ့ဖူးသည်။
ထို့ကြောင့် ချူရှတည်ထောင်လိုသော ဂိုဏ်းသည် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်း ဖြစ်မည်မှာ သေချာချေ၏။
ဟွာရှင်းဖန်မှ သက်ပြင်းချလိုက်သည်။ ပညာရှိတစ်ပါး၏ စကားကို ကြားနာခြင်းသည် ဆယ်နှစ်စာ အတွေ့အကြုံနှင့်ညီမျှ၏။
စုရီ၏ ပေါ့ပေါ့တန်တန်ပြောပြသော မှတ်ချက်အချို့သည် ဂိုဏ်းတစ်ဂိုဏ်း အမည်ကို ကြားရုံဖြင့် ကောက်ချက်ချနိုင်နေပြီဖြစ်သည်။ အဖိုးတန်လှချေပြီ။
ချူရှမှ ခေါင်းညိတ်လျက်၊
“ မင်းတို့တွေ စိတ်ထဲမှာ သံသယတွေ အများကြီးရှိနေမှန်း ငါသိပါတယ် ... ဒါပေမယ့် ကိစ္စမရှိပါဘူး မင်းတို့ငါ့အပေါ် သစ္စာရှိနေသရွေ့ ကိစ္စတိုင်းကို ဖြေရှင်းပေးသွားမှာပါ။ ”
“ ငါတို့သဘောမတူရင် ဘာဖြစ်မလဲ။ ”
ယွီချောင်ခုန်မှ အသက်ပြင်းပြင်းရှူပြီး မေးမြန်းလိုက်သည်။ ထုံရှင်းဟိုင်နှင့် ကျန်လူများ မျက်နှာတွင် လှောင်ပြုံးများပေါ်လာ၏။ ချူရှက လက်နှစ်ဖက်ကို နောက်ပို့လျက်၊
“ ဒါဆို တန်ခိုးရှင်ဓားမျှော်စင်က မင်းတို့ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။ ”
-ဟု ပြန်လည် ဖြေကြားလာသည်။။
ချင်သွမ့်ရှနှင့် အခြားသူများ၏ မျက်နှာများ ပြောင်းသွားသည်။ အေးစက်ပြီး သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တစ်ခု လေထဲ ပျံ့နှံ့လာသည်ကို သူတို့ခံစားမိ၏။
ချူရှက နင်ရှင်းခုန်ထံ လှမ်းကြည့်ကာ၊
“ မင်းလူမိုက် ... ဒီလောက်အချိန်တွေ ပေးထားတာတောင် သူတို့အပေါ် စည်းရုံးဖို့ ပျက်ကွက်နေသေးတယ်။ ”
-ဟု အော်ငေါက်လိုက်သည်။ လူတိုင်း တုန်လှုပ်သွားကြသည်။ အထူးသဖြင့် နင်ရှင်းခုန် ဖြစ်၏။ ၎င်းမှ တုန်ရင်စွာ လှမ်းထွက်လာပြီး၊
“ သခင် ... ငါတောင်းပန်ပါတယ် ... တောင်းပန်ပါတယ်၊ လူတိုင်း မင်းတို့တစ်သက် တစ်ကြိမ်ပဲရတဲ့ ဒီအခွင့်အရေးကို မြတ်နိုးပါ ...
... ငါ့သခင်ကို အစေခံနိုင်တဲ့သူတွေက ရွှေခေတ်ရောက်လာတဲ့အခါ ကောင်းကင်ပေါ် ပျံတက်ဖို့ အခွင့်အရေးရပါလိမ့်မယ်။ ”
-ဟု ချက်ချင်း သွေးဆောင်တော့သည်။
ဖျင်ကြမ်းအင်္ကျီဖြင့် နောက်ကျောတွင် ဓားနှစ်လက် လွယ်ထားသော သူ့အသွင်သည် လွန်စွာ သူရဲကောင်းဆန်လှသော်လည်း ယခုအချိန်၌ ရိုကျိုးလွန်းနေချေပြီ။
ထိုအသွင်ကြောင့် ချင်သွမ့်ရှနှင့် အဖွဲ့မှာ မျက်နှာပြောင်းသွားသည်။ ချောင်ကျန်းမှ သက်ပြင်းချလိုက်ပြီး၊
“ ငါတို့အားလုံးဟာ သစ္စဖောက် တစ်ယောက်ရဲ့ အရူးလုပ်တာကို ခံလိုက်ရပြီ ဒီနေရာဟာ သေသေချာချာ ပြင်ဆင်ထားတဲ့ ထောင်ချောက်တစ်ခုပါပဲ။ ”
-ဟု ညည်းတွားလိုက်တော့၏။
ချူရှုက သူ့စကားကို လျစ်လျူရှုလျက် မင်းသားချင်ဖူထံ လှမ်းကြည့်ပြီး၊
“ မင်းကော ဘယ်လိုလဲ၊ ငါ့ကို ပြောစရာ သတင်းကောင်းရှိလား။ ”
-ဟု မေးမြန်းလိုက်ပြန်သည်။
လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် မင်းသားချင်ဖူက လှမ်းထွက်လာပြီး ရိုသေစွာဦးညွှတ်၏။
“ သခင်၊ အမှောင်လမင်းဘုံကျောင်းရဲ့ မဟာအကြီးအကဲ ကူချင်းတုက ပူပေါင်းဖို့ ဆန္ဒရှိ ပါတယ်။ ”
သူ့စကားမဆုံးခင် ကူချင်တုက လှမ်းထွက်လျက် ဦးညွှတ်ကာ၊
“ ချင်ဖူဆီကနေ ... သခင်ရဲ့အကြောင်း ကြားပြီးထဲက သခင့်ကိုအစေခံဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။ ”
ဤမြင်ကွင်းသည် ချင်သွမ့်ရှကို များစွာ ဒေါသထွက်စေသည်။ မဟာချင်မှ မင်းသားသည် သစ္စာဖောက်ဝံ့သည်လော။
ပို၍သည်းမခံနိုင်စရာ ကောင်းသည်မှာ အမှောင်လမင်းကျောင်းတိုက် မဟာအကြီးအကဲ ကိုပင် ဖျားယောင်းထားချေပြီ။
“ ပညာရှိတဲ့ ငှက်တစ်ကောင်က လုံခြုံဖို့အတွက် ... ကောင်းမွန်တဲ့သစ်ပင်ကို ရွေးချယ်တယ် ... ကူချင်တု မင်းရွေးချယ်မှု ကောင်းကောင်း လုပ်ခဲ့တာပဲ။ ”
ချူရှက ပြုံးပြီး ခေါင်းညိတ်လျက် နှင်းဖြူကဲ့သို့ ဓားရှည်တစ်လက်ကို ထုတ်ယူကာ ကမ်းပေးလိုက်တော့သည်။
“ ဒီဓားကို အပျက်အစီးနယ်မြေထဲကနေ ငါရထားခဲ့တာပဲ မူလတာအိုအဆင့် ဝိညာဉ်ရေး ဓားတစ်လက်ပေမယ့် ဓားကိုသန့်စင်ထားတဲ့ နည်းပညာက ထိပ်တန်းပါ။ ”
ကူချင်တုခန္ဓာကိုယ်သည် ကြီးစွာ တုန်လှုပ်လျက် ဓားရှည်ကို လက်နှစ်ဘက်နှင့် ခံယူလိုက်လေသည်။
“ ဓားအတွက် ကျေးဇူးတင်ပါတယ် သခင်။ ”
ချင်သွမ့်ရှနှင့် အဖွဲ့ခမျာ မျက်နှာ မကောင်းတော့ချေ။ ဤပြကွက်သည် သူတို့ မြင်နိုင်အောင် လုပ်ပြနေခြင်း ဖြစ်ချေ၏။
“ ချင်ဖူ၊ မင်းက ချင်မင်းဆက်ရဲ့ ဆဋ္ဌမမြောက် မင်းသားပဲ၊ မင်းဘယ်လိုများ ဒီလိုမျိုး သစ္စာဖောက်ဝံ့တာလဲ။ ”
ချင်သွမ့်ရှတစ်ယောက် ဒေါသတကြီး မေးမြန်းလိုက်မိသည်။ ချင်ဖူမှ လှောင်ပြုံးဖြင့် ပြန်လှည့်ကြည့်ကာ၊
“ ချင်ဖူ သေသွားပြီ။ ”
-ဟု တုန့်ပြန်လိုက်၏။
ချင်သွမ့်ရှခမျာ အံ့အားသင့်သွားသည်။ တစ်ဖက်လူသည် ခန္ဓာကိုယ် သိမ်းပိုက်ထားသူ ဖြစ်နေချေပြီ။ ချင်ဖူက သူ့ကို လျစ်လျူရှုလျက် ချူရှထံ ပြန်ကြည့်ကာ၊
“ သခင် ... ငါ့မှာတောင်းဆိုစရာတစ်ခု ရှိပါတယ်။ ”
“ ပြောပါ ... ။ ”
ထို့နောက် စုရီထံ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး၊
“ ဒီလူက ... ငါ့ကို လူရှေ့သူရှေ့မှာ အရှက်ရစေပါတယ် ကျေးဇူးပြုပြီး ကိုယ်စား လက်စားချေပေးပါ သခင်။ ”
-ဟု မုန်းတီးမှုအပြည့်ဖြင့် တောင်းဆို လိုက်တော့သည်။ လူတိုင်း စုရီထံ လှည့်ကြည့် မိကုန်၏။ ချူရှမှ ပြုံးလျက်၊
“ ဟား ဟား ဟား ... မင်းရဲ့ ရုပ်ဖျက် နည်းစနစ်က တကယ်ကို ပြီးပြည့်စုံပါပေတယ် ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ... ငါမျက်လုံးတွေကို မလှည့်စားနိုင်ခဲ့ဘူး။ ”
“ မင်းလို ခန္ဓာကိုယ် လုယူထားသူက ငါရုပ်ဖျက်ထားတာကို မြင်နိုင်တာ မယုံနိုင်စရာ ပါပဲ။ ”
“ ဟမ့် ... ဟား ဟား ဟား ... မင်းရဲ့အမြင်အာရုံက အရမ်းကောင်းတယ် တာအိုမိတ်ဆွေ။ ”
သူတို့စကားဝိုင်းကြောင့် ချူရှဟူသည် ခန္ဓာကိုယ် သိမ်းပိုက်ထားသူမှန်း သိရှိသွားသလို စုရီသည် မူလအသွင်အပြင် မဟုတ်ကြောင်း နားလည်လိုက်တော့၏။
“ မင်းရဲ့ မျက်နှာအစစ်အမှန်ကို တခြားသူတွေမြင်မှာ ကြောက်နေတာလား ... ။ ”
“ ဟမ့် ... ဘာလို့ ကြောက်ရမှာလဲ။ ”
စုရီက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ခါလိုက်သောအခါ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။
“ မင်း ... ။ ”
နင်ရှင်းခုန်တစ်ယောက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤသည်မှာ မဟာကျိုး၏ ဧကရာဇ်ဥသျှောင်စုရီ ဖြစ်နေချေပြီ။
“ မှန်တယ် ... ငါစုရီ။ ”
ဤအမည်သည် ချင်သွမ့်ရှနှင့် တခြားသူများ၏ နားစည်သို့ မိုးခြိမ်းသံတစ်သံလို ပဲ့တင်ထပ်လာခဲ့သည်။
သူတို့အားလုံး စုစည်းရသည့် အကြောင်းရင်းသည် စုရီနှင့် ရင်ဆိုင်ရန် ဖြစ်၏။ သို့သော် တစ်ဖက်လူသည် သူတို့အနားတွင် တစ်ချိန်လုံး ရှိနေခဲ့ချေပြီ။
ထိုအသိများသည် ချင်သွမ့်ရှကို စိတ်ဓါတ်ကျသွားစေ၏။ သူ့မဟာမိတ်အဖွဲ့သည် သစ္စာဖောက်များ၊ ရန်သူများနှင့်သာ ပြည့်နှက်နေခဲ့ချေသည်။
အဝေးရှိ ကူချင်တု၊ ချင်ဖူနှင့် ရှန့်လောယွီတို့သည် မျက်ခုံးများပင့်လျက် စိတ်လှုပ်ရှားလာတော့၏။
“ ဒါဆို မင်းနာမည် စုရီပေါ့ ... မင်းအကြောင်းတွေ ငါကြားဖူးပါတယ် မင်းကို စိတ်ဝင်စားနေခဲ့တာ ကြာပြီ ... ငါတို့ ဒီမှာ ဆုံတွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး ... ဒါကံကြမ္မာပဲ။ ”
ချူရှမှ တောက်ပသော မျက်ဝန်းများဖြင့် ရှားပါးရတနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သကဲ့သို့ စုရီထံ ပြုံးရွှင်စွာ ကြည့်နေခဲ့လေသည်။
“ ကံကြမ္မာလား ... ။ ”
စုရီမှ ပြုံးပြီး၊
“ မှန်တယ် ... ဒါက ကံကြမ္မာပဲ ... မင်းလိုကမ္ဘာခြားဝိညာဉ်တွေကို ငါလည်းအရမ်း စိတ်ဝင်စားတယ်။ ”
“ ဟား ဟား ဟား ... ဒါဆို မင်းငါ့ကို အစေခံလိုက်ပါ ... မင်းသိချင်တာမှန်သမျှ ငါ ပြောပြနိုင်တယ်။ ”
“ မင်းအဆင့်နဲ့လား ... ။ ”
စုရီမေးခွန်းကြောင့် ထုံရှင်းဟိုင်နှင့် နောက်လိုက်တစ်စုမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာ တော့၏။
“ ဟမ့် ... ။ ”
“ မင်းဘယ်လို သတ္တိရှိလဲ။ ”
“ စုရီ ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ ... ငါ့သခင်ကို မင်းဘယ်လိုများ စော်ကားဝံ့တာလဲ။ ”
“ လုံလောက်ပြီ ... ။ ”
ချူရှက သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကို စကားမပြောရန် လက်ပြလိုက်တော့သည်။ ထို့နောက် ပြုံးလျက်၊
“ မင်းတို့တွေ ... နားမလည်ဘူးလား သူ့လိုလူကို အစေခံစေချင်ရင် လှည့်ကွက်လေး နည်းနည်းတော့ သုံးရလိမ့်မယ်။ ”
ထိုစကားကြောင့် ယွီချောင်ခုန်ခမျာ မျက်ဝန်းများ တောက်ပလာခဲ့ပြီး ခြေတစ်လှမ်း လှမ်းတက်ကာ၊
“ တာအိုမိတ်ဆွေ ... ၊ ဒီစုရီကို မင်းသတ်ပေးရင် ငါတို့အားလုံး မင်းလက်မှာ လိုလိုလားလား အညံ့ခံပါ့မယ်။ ”
-ဟု ကတိပေးလိုက်တော့၏။
ရုတ်တရက် ချင်သွမ့်ရှ၊ ချောင်ကျန်းနှင့် အခြားသူများ၏ အတွေးတွင် ဝါကျတစ်ကြောင်း ချက်ချင်း ပေါ်လာခဲ့သည်။
“ သတ်ရန် ဓားငှားခြင်း။ ”
***