← Chapters

မင်းတို့တွေ အတူတူသွားသင့်ပြီ ... ။

Vol. 27 Ch. 315

မင်းတို့တွေ အတူတူသွားသင့်ပြီ ... ။

Vol. 27 Ch. 315

“ မှန်တယ် ... မင်း စုရီကို ငါတို့အတွက်သတ်ပေးရင် မင်းနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်။ ”

ချင်သွမ့်ရှက အသက်ပြင်းပြင်းရှူပြီး တည်ပြုပေးလိုက်၏။ ဟွာရှင်းဖန် တစ်ယောက် အနည်းငယ် စိုးထိတ်လာသည်။

မူလက သိုးအုပ်အတွင်းဝင်ကာ ဝံပုလွေတစ်ကောင်ကဲ့သို့ ဤလူများအပေါ် ဖြုတ်ချရန် ကြံစည်ထား၏။

ယခုမူ မြေကြီးအဆင့် အင်မော်တယ်များစွာ၏ ပစ်မှတ်ထားခြင်း ခံနေရချေပြီ။

“ ဟား ဟား ဟား ... ။ ”

ချူရှမှ ကျယ်လောင်စွာ ရယ်မောလျက်၊

“ မင်းတို့ ... ဘာတွေ တွေးနေတာလဲ ... ငါသိတယ် စိတ်မပူနဲ့ မင်းတို့ရဲ့သဘောထားကို ထုတ်ပြပြီးပြီဆိုတော့ ခဏစောင့်ပါ။ ”

-ဟု ဆိုကာ စုရီထံ လှမ်းကြည့်လိုက်သည်။

“ တာအိုစု ... မင်းငါ့ကို လက်တွဲဖို့ ဆန္ဒရှိတယ်ဆိုရင် သူတို့အားလုံးကို ငါသတ်ပစ်ဖို့ ကတိပေးနိုင်တယ်။ ”

ထိုစကားကြောင့် ချင်သွမ့်ရှနှင့် မဟာမိတ်အဖွဲ့ခမျာ မျက်နှာအမူအရာများ ပြောင်းသွားတော့သည်။

“ မင်းမှာ နောက်ထပ်ရှိသေးလား။ ”

စုရီမှ ပြုံးပြီး ချူရှဘေးမှ နောက်လိုက်များထံ ကြည့်ကာမေးသည်။

“ မရှိတော့ဘူး ... ဒါပေမယ့် မင်းကိုသတ်ဖို့အတွက် လုံလောက်နေပါပြီ။ ”

“ အိုး ... ဟုတ်လား ဒါဆို ဘာရပ်လုပ် နေကြတာလဲ ... ။ ”

စုရီမှ လှောင်ပြုံးဖြင့် မေးဆက်ပြလိုက်၏။ ချူရှတစ်ယောက် သက်ပြင်းချလေသည်။

“ မင်းဟာ ရှားရှားပါးပါး ပါရမီရှင် တစ်ယောက်ပါပဲ မင်းအပေါ် လမ်းညွှန်ပေးပြီး ငါ့ဘေးမှာ ထားချင်နေခဲ့တာ ... မင်းငြင်းမယ်လို့ မထင်ခဲ့မိဘူး ... မင်းလိုလူကို အသုံးမချနိုင်မှ ဖျက်ဆီးပစ်ရမှာပဲ။ ”

စုရီသည် မျက်ခုံးပင့်လျက် ချူရှထံ ကြည့်နေလိုက်သည်။ စကားပြောရန် ပျင်းရိသွား ချေ၏။ ချူရှက၊

“ အားလင် ... ၊ ငါတို့တာအိုစုရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ မင်းကိုပဲ နှောက်ယှက် ရတော့မယ်။ ”

“ ဟုတ်ကဲ့ပါ သခင် ... ။ ”

ငွေလှံကိုင်ဆောင်ထားသော အမျိုးသမီး လှမ်းထွက်လာသည်။ ဂျုံနုရောင် ရှည်လျားသော ဆံနွယ်ကို မြင်းမြီးအသွင် ချည်နှောင်ထား၏။

လှပပြီး သွယ်လျလွန်းသော ကောက်ကြောင်းပေါ်လွင်စေသည့် အနက်ရောင် ချပ်ဝတ်ဖြင့် ဆွဲဆောင်နိုင်လွန်းချေပြီ။

“ တာအိုစု ... အားလင်က ငါ့လိုပဲ ... ဒီမိုးပြာတိုက်ကြီးက မဟုတ်ဘူး ... အတွင်းပိုင်း သန့်စင်ခြင်း ဆိုပေမယ့် သူ့ကို အထင်မသေးနဲ့ ...

... မင်းသတ်ခဲ့တဲ့ မူလနန်းတော် အဆင့် အမည်မဲ့နဂါး ကျိုးချန်ယီထက် ပိုပြီးအစွမ်းထက် ပါတယ် ... သူ့ကို ဆယ်ကြိမ်အတွင်း အနိုင်ယူနိုင်ရင် ...

... မင်းရဲ့ စော်ကားမှုတွေကို ငါခွင့်လွှတ်လိုက်မယ် ... မင်းကို စိတ်ပြောင်းဖို့ အခွင့်အရေးတောင် ပေးနိုင်တယ်။ ”

ချူရှမှ လက်နှစ်ဖက် နောက်ပို့လျက် ပြောကြားလာခဲ့သည်။ စုရီက ခေါင်းယမ်းပြပြီး၊

“ မင်းတို့အားလုံး အတူတူလာသင့်တယ် မဟုတ်ရင် ငါ့ရဲ့ခြေနင်းတုံးဖြစ်ဖို့တောင် မင်းတို့ အရည်အချင်းရှိမှာ မဟုတ်ဘူး။ ”

“ ဟမ့် ... လေထွားတဲ့ ကောင်လေး။ ”

အားလင်က မြေပြင်ပေါ်ပုတ်ကာ လျှပ်စီးကဲ့သို့ရွေ့လျားပြီး ငွေလှံဖြင့် ထိုးညွှန် လိုက်တော့သည်။

“ ဝှစ် ... ။ ”

လေဟာနယ်သည် တဟုန်ထိုး မြည်ဟည်းလျက် လှံဖြတ်သန်းရာ လမ်းတွင် နှင်းလွှာများလိုက်ပါ အေးခဲလာ၏။

အေးစက်လွန်းသဖြင့် စုရီအဝတ်အစားများ အပေါ်၌ပင် အပြာရောင်ဖျော့ဖျော့ နှင်းလွှာများ ဖြစ်တည်လာသည်။ သူ့ကို ရေခဲရုပ်တုအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားပုံပေပင်။

ဤလှံကို ကောင်းကင်နှင်းဟု ခေါ်၏။ သူမကျွမ်းကျင်သော ဖျက်ဆီးခြင်း ရေခဲဝိညာဉ် ကျမ်းဖြင့် ခွန်အားပေးကာ တာအို ကျက်သရေများ ဖြန့်ကျက်ခဲ့သည်။

ထို့ကြောင့် မူလနန်းတော်အဆင့် ကျွမ်းကျင်သူကိုပင် သတ်ရန် လုံလောက်ချေပြီ။ အဝေးမှ ကြည့်နေသူများခမျာ အရေပြားအတွင်း စိမ့်ဝင်လာသော အေးစက်မှုကို ခံစားရ၏။

အထက်ပါ အချင်းအရာများအပေါ် ဤသို့ရှင်းပြနေခြင်းသည်သာ အချိန်ကြာခြင်း ဖြစ်သည်။

အမှန်တွင် ငွေလှံသည် မျက်စိတမှိတ် အတွင်းမှာပင် စုရီထံသို့ ရောက်ရှိနေပြီ ဖြစ်၏။ သုံးပေမျှ အလိုတွင် စုရီက လှံဖျားကို ဖမ်းဆုပ် လိုက်တော့သည်။

“ ခရစ် ... ။ ”

အေးခဲနေသော လေဟာနယ်သည် ပင့်ကူအိမ်သဖွယ် ကွဲထွက်သွားပြီးနောက် အရပ်ရပ်သို့ ပြန့်ကျဲသွား၏။

“ ဂျွတ် ... ။ ”

မုန်တိုင်းမိနေသော လှေတစ်စင်းကဲ့သို့ အားလင်ခမျာ လေထုအလယ် ယိမ်းထိုးလျက် လက်ကောက်ဝတ်ရိုး ကျိုးသွားခဲ့သည်။

နတ်တောင်ကြီးတစ်လုံး သူမကို လက်ကိုတိုက်မိသွားသလို ပေပင်။ နောက်ပြန် လွင့်စဉ်လျက် မူလ သူမရပ်နေသည့် အရပ်သို့ ပြန်၍ပြုတ်ကျသွား၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ စုရီသည် ကောလဟာလများထက် ပို၍ သန်မာလှချေပြီ။

“ အရမ်း သန်မာတယ်။ ”

ထုံရှင်းဟိုင်နှင့် နတ်ဆိုးကျင့်ကြံသူများမှာ တုန်လှုပ်သွားသည်။ အားလင်ပြသထားခဲ့သော ခွန်အားသည် မူလနန်းတော်အဆင့် ကျွမ်းကျင်သူကို ခြိမ်းခြောက်နိုင်၏။

ခရမ်းရောင်အင်္ကျီ ၀တ်ဆင်ထားသော ဆေဘာဓားလူငယ်နှင့် အဖိုးအိုက မျက်ဝန်းများ မှေးစင်းသွားလေသည်။

“ ဟမ့် ... ဒါပဲလား ဟားဟားဟား ... သခင်လေး ဒီလူပြက်တစ်အုပ်က ... မင်းကို စိတ်ပျက်စေမိပြီ။ ”

ဟွာရှင်းဖန်မှ ကျယ်လောင်စွာဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။ သူမတွင် ဤမျှ သတ္တိမရှိချေ။

သို့သော် လက်ရှိ အခြေအနေအရ အကြောက်တရားသည် သူမကို ပို၍ရဲဝံ့လာ စေ၏။ စုရီမှ သူမထံ ခေါင်းညိတ်ပြပြီး၊

“ ခွေး‌လေးတစ်ကောင် ခုန်ပေါက်ပြီး ... ဖုန်ထသလောက်ပါပဲ ဒါကြောင့် အစတည်းက မျှော်လင့်မထားတာမို့ စိတ်မပျက်ပါဘူး။ ”

-ဟု ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူရှနှင့် သူ့နောက်လိုက်များမှာ မျက်နှာရှုံမဲ့ကုန်‌တော့၏။ မောက်မာလွန်းချေပြီ။ ထိုအချိန်တွင် ချူရှမှ သဘောကျစွာ ရယ်မောလေသည်။

“ ဟား ဟား ဟား ... တာအိုစု၊ မင်းက အများကြီး သန်မာလာတာပဲ ... ငါမမှားရင် မင်း မူလတာအိုနယ်ပယ်ကို ‌ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် မဟုတ်လား။ ”

“ မင်း စကားအရမ်းများတယ်။ ”

စုရီက ပြတ်ပြတ်သားသားပင် သူ့လက်ချောင်းများကို ဓားတစ်လက်အသွင် လေထဲ ခုတ်ချပစ်လိုက်သည်။

“ ရွှပ် ... ။ ”

သိပ်သည်းထက်ရှသော ဓားရည်ရွယ်ချက် လေဟာနယ်အတွင်းတိုးဝင်လျက် ချူရှအနား၌ ပြန်ပေါ်လာသည်။

“ မင်း ... သေချင်နေတာပဲ။ ”

ခရမ်းရောင်လူငယ်က ချက်ချင်း လှမ်းတက်လာပြီး ဆေဘာဓားကို ဆွဲထုတ်ကာ ကြားဖြတ်ဟန့်တားတော့၏။

အနီရောင် ဆေဘာဓားအလင်းတစ်လက် ဒေါသတကြီး ပြေးထွက်လာကာ ဓားအလင်းနှင့် ထိမှန်သွားသည်။

“ ထန် ... ထန် ... ။ ”

ဆေဘာနှင့်ဓားတို့ ထိပ်တိုက်တွေ့ပြီး ဓားရည်ရွယ်ချက်များ လှိုင်းထပြန့်ကျဲကုန်သည်။ စုရီ၏ တိုက်ခိုက်မှုမှာ လေထဲပျက်ပြယ်သွား၏။

ရလာဒ်အနေဖြင့် ခရမ်းရောင်ဝတ် လူရွယ်သည် မျက်နှာဖြူဖျော့လျက် နောက်သို့ ပြန်ဆုတ်သွားသည်။ ရှည်လျားပြီး ပါးလွှာသော ဆေဘာဓားသည် သူ့လက်၌ တုန်ခါနေချေ၏။

ချူရှ၏ အပြုံးများ မှေးမှိန်သွားခဲ့သည်။ ၎င်းက သူ့ဘေးရှိ အဘိုးအိုထံ လှည့်ကြည့်ကာ၊

“ လူအိုကြီးယွင်၊ မင်းတို့သုံးယောက် အတူတူတိုက်သင့်ပြီ ... မဟုတ်ရင် တာအိုစုက စိတ်ပျက်သွားလိမ့်မယ် ... ။ ”

-ဟု အမိန့်ပေးလိုက်တော့၏။

ထိုသို့တည်ငြိမ်လွန်းသော အသွင်ကြောင့် နောက်လိုက်များမှာ အနည်းငယ် ငြိမ်သက်သွား ချေပြီ။ သူတို့သခင်သည် စုရီအပေါ် ကိုယ်တိုင် လှုပ်ရှားရန်ပင် ဆန္ဒမရှိသေးချေ။

အဖိုးအိုက ခေါင်းညိတ်လျက် လှမ်းထွက်လာပြန်၏။ နောက်ထပ် စမ်းသပ်မှု တစ်ခုပေပင်။

“ ဟမ့် ... ။ ”

တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေသော ထိုမြင်ကွင်းကြောင့် စုရီမှ သည်းမခံနိုင် ဖြစ်လာတော့၏။

***

All Chapters