စုရီ၏ ဓား။
Vol. 27 Ch. 317
စုရီသည် ကျောက်စိမ်းမြို့တော်တွင် ရှန်ရှင်းအဆင့်သို့ ဝင်ရောက်ကာ မြေကြီးအဆင့် အင်မော်တယ်များကို သတ်ပစ်ခဲ့သည်။
အလားတူပင် မဟာဝေ၏ နံပါတ်တစ်ဓားသမား ချိုးဟမ့်ခုန်ကို အနိုင်ယူခဲ့ သေး၏။
သို့သော် မည်သူမျှ မသိခဲ့သည်မှာ ထိုနောက်ဆုံးဓားသည် သူ့ခွန်အားအစစ်အမှန် မဟုတ်ကြောင်းကိုပင်။
ယခုမူ ကောင်းကင်မူလ အကယ်ဒမီ၌ ယင်ယန်ကိုးပါးဆေးပြားများ နေ့စဉ်သောက်ကာ ရှန်ရှင်းအဆင့်ကို ပြီးပြည့်စုံနေပြီဖြစ်သည်။
တာအိုမျိုးစေ့ကို ဖွဲ့စည်းထားရန် မလိုအပ်ပါက မူလတာအိုနယ်ပယ်သို့ ရောက်ပြီး ဖြစ်ပေမည်။
ထို့ကြောင့် သူသည် မြေကြီးအဆင့် အင်မော်တယ်များ ဝိုင်းရံခြင်းကို ရင်ဆိုင်နေရ သော်လည်း ထိတ်လန့်ခြင်းမရှိချေ။
ဆန့်ကျင်ဘက်အနေနှင့် ဤဝိုင်းရံမှုသည် သူ၏ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော တိုက်ပွဲဆန္ဒကို လောင်ကျွမ်းလာစေသည်။
ဤကမ္ဘကြီးတွင် သူ့ပြိုင်ဘက် ဖြစ်ထိုက်သူများရှာဖွေရန် ခက်ခဲသောကြောင့် အထီးကျန်နေသည်မှာ သဘာဝပေပင်။
“ ဝုန်း ... ။ ”
တိုက်ပွဲများ ပြင်းထန်လာ၏။ စုရီ တစ်ကိုယ်လုံး စွမ်းအင်များဖြင့် ပြည့်နှက် နေသည်။
ဤတိုက်ပွဲတွင် ကျင့်ကြံမှု၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားလုံး ဖြည်းညှင်းစွာ ပြောင်းလဲ နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။
ထိုခံစားချက်သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဝိုင်ထက်ပင် စိတ်လှုပ်ရှားဖွယ် ပိုကောင်းနေသည်။
တစ်ဖက်တွင် စုရီသည် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ပို၍ရဲရင့်လာသည်ကို သတိပြုမိနေသောကြောင့် လူအများခမျာ မျက်နှာများ ပြောင်းလဲကုန်သည်။
မူလနန်းတော်အဆင့် (၆)ယောက်နှင့် အတွင်းပိုင်း သန့်စင်ခြင်းအဆင့် (၁၂)ယောက် သည်ပင် နှိမ်နင်းရန် ပျက်ကွက်နေ၏။
အထူးသဖြင့် ချင်သွမ့်ရှသည် အထိတ်လန့်ဆုံးပေပင်။ စုရီပြသနေသော တိုက်ပွဲဝင်စွမ်းအားသည် ကောလဟာလ များထက် များစွာ သာလွန်းနေသည်။
“ ဒီလူယုတ်မာက ကောင်းကင်ဘုံက နတ်ဘုရားလား မဟုတ်ရင် ... ဒီကမ္ဘာမှာ ဒီလို ရှန်ရှင်းသိုင်းသမားမျိုး ဘယ်လိုများ ရှိနိုင်မှာလဲ။ ”
ထုံရှင်းဟိုင်နှင့် နတ်ဆိုးကျင့်ကြံသူ သုံးယောက်မှာ ထိတ်လန့်တကြား အော်ဟစ် ညည်းတွားကြလေသည်။ ဤသည်မှာ မယုံနိုင်စရာဖြစ်၏။
ယွင်ပိုင်၊ အားလင်၊ ဆေဘာဓားသမား၊ နင်ရှင်းခုန်နှင့် အခြားသော ခန္ဓာကိုယ် သိမ်းပိုက် သူများအားလုံး နှလုံးသားများ ကမောက်ကမ ဖြစ်လာကြသည်။
သူတို့သည် အခြားကမ္ဘာမှ လာခဲ့ကြပြီး မဟာတာအိုအပေါ် နားလည်မှုနှင့် သိမြင်မှုသည် ဤတိုက်ရှိ ကျင့်ကြံသူများထက် သာလွန်၏။
ထို့ကြောင့် သူတို့အားလုံးသည် မိမိကိုယ်ကိုမိမိ အထင်ကြီးကြပြီး ဤလောကရှိ လူများအပေါ် အရိုင်းအစိုင်းများဟု မှတ်ယူထားသည်။
ယခုမူ ဤဘီလူးသည် မည်သည့် အရပ်မှပေါ်လာသည်မှန်း မသိနိုင်တော့ချေ။ ကျိုးကြောင်းဆီလျော်မှု မရှိတော့ဘဲ မာနနှင့် ယုံကြည်မှုများ ကွဲအက်ကုန်သည်။
“ သတ် ... ။ ”
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လူတိုင်းတိုက်ပွဲအဟုန်ကို မြင့်တင်လိုက်သည်။ မဟုတ်သော် စုရီသည် သူတို့၏ ပိတ်ဆို့မှုများမှ လွတ်မြောက်ပေတော့မည်။
“ ဝုန်း ... ။ ”
“ ဂျိန်း ... ။ ”
လေနှင့် မိုးကြိုးများ တဟုန်းဟုန်း တောက်လျက် စွမ်းအင်လှိုင်းများ အရပ်ရပ်သို့ ပျံ့ကျဲကုန်သည်။
ပြင်ပကမ္ဘာတွင် ထိုသို့သောတိုက်ပွဲကြီး ဖြစ်ပွားခဲ့ပါက မှန်းဆမရသည့် အပျက်အစီးများ မလွဲမသွေဖြစ်ပေါ်လာပေလိမ့်မည်။
“ ချူရှ ... မင်းဘယ်လောက်ကြာကြာ ရပ်နေဦးမှာလဲ။ ”
တိုက်ပွဲအတွင်းမှ စုရီက အော်ဟစ် မေးမြန်းလိုက်သည်။
“ စိတ်မပူပါနဲ့ တာအိုစု ... ၊ မင်းဒီပိတ်ဆို့မှုကနေ လွတ်မြောက်ရင် ငါမင်းကို နောက်ထပ် အံ့သြစရာတစ်ခု ပေးပါ့မယ်။ ”
ချူရှမှ ပြန်ဖြေသည်။ တိုက်ပွဲအတွင်း ပါဝင်ရန် စိတ်ဝင်စားပုံမပြချေ။ တိုက်ပွဲအတွင်း ပြိုင်ဘက်များထံ ကြည့်လိုက်ပြီး စုရီခမျာ ပျင်းလာတော့သည်။
“ နှမျောစရာပဲ။ ”
ဤလူများ၏ ပူးပေါင်းတိုက်ခိုက်မှုသည် ပြင်းထန်သော ခြိမ်းခြောက်မှုမျိုး မခံစားလေရာ ၎င်းတို့အကူအညီဖြင့် မူလတာအိုနယ်ပယ်သို့ တက်ရောက်ရန် အခွင့်အရေး ဆုံးရှုံးသွား၏။
ထို့ကြောင့် တိုက်ပွဲဝင်လိုစိတ်များ ပျောက်ကွယ်သွားကာ ငြီးငွေ့လာသောကြောင့် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
“ သတ် ... ။ ”
ထိုအချိန်တွင် နင်ရှင်းခုန်မှ ပြေးလွှားလာ၏။ သူသည် အမည်မဲ့နဂါးတောင်တန်းခေါင်းဆောင် ဖြစ်သည်။ သူ့ကျင့်ကြံမှုသည် အမည်ခံ မူလနန်းတော် အဆင့် ဖြစ်၏။
“ ချွင် ... ။ ”
ဓားနှစ်လက်ကို လွှဲလိုက်သောအခါ တောင်ကြီးနှစ်လုံး မှောက်လှန်လိုက်သကဲ့သို့ အလွန်ပြင်းထန်လာသည်။
တူညီသောအဆင့်ရှိ ပြိုင်ဘက်များသည် ဤဓားကို မခံနိုင်ချေ။ သို့သော် ယခုအချိန်တွင် တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်နေခဲ့သော စုရီအတွက် စိတ်ကြိုက်ဖြစ်သွားသည်။
“ ..... ။ ”
နတ်ဘုရားတစ်ပါးသည် ကြီးမားလှသော ကျောက်ကြိတ်ဆုံကြီးကို လှည့်လည်နေသကဲ့သို့ မြည်သံများထွက်ပေါ်လာသည်။
“ ဝှီ ... ။ ”
ဤသည်မှာ ကြည်လင်ပြီး စစ်မှန်သော ကျောက်စိမ်းတုံးကြီးကဲ့သို့ လက်ဖဝါးတစ်ဖက် ကောင်းကင်မှ ကျဆင်းလာခြင်းပေပင်။
၎င်းပတ်ပတ်လည်တွင် ဒြပ်စင်ငါးပါး တာအိုအလင်းများနှင့် လျှို့ဝှက်ဆန်းကြယ်သော တာအိုတေးသွားများ ပြည့်နှက်နေ၏။
“ ချွင် ... ။ ”
ထိုလက်ဖဝါးရှေ့တွင် နင်ရှင်းခုန်၏ ဓားနှစ်လက်သည် သစ်သားတုတ်နှစ်ချောင်းနှင့် တူသွားသည်။
“ ကလန် ... ။ ”
စူးစူးဝါးဝါး ညည်းတွားသံများ ထုတ်ဖော်လာကာ ၎င်းလက်မှ အထိန်းအကွပ် မဲ့စွာ လွတ်ကျသွားတော့၏။
ကြည်လင်သော လက်ဖဝါးကြီး၏ ကျန်ရှိသောစွမ်းအားသည် နင်ရှင်းခုန်အပေါ် အတားအဆီးမဲ့ တိုးဝင်သွားသည်။
အသားနှင့် သွေးများ ပေါက်ကွဲကုန်ကာ အရွတ်နှင့်အရိုးများ အပိုင်းပိုင်း ကျိုးကျသွား၏။ တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်ခြင်း ပေပင်။
ထိုသို့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနှင့် ကြမ်းကြုတ်သောမြင်ကွင်းသည် ကျန်ရှိနေသော ပြိုင်ဘက်များအားလုံးကို အကြောအခြင်များ ချက်ချင်း တောင့်တင်းသွားစေသည်။
မူလနန်းတော်အဆင့် ကျွမ်းကျင်သူပင် ကြက်တစ်ကောင်ကဲ့သို့ အသေ အရိုက်ခံရလိုက် ရ၏။
အဝေးရှိ ချူရှတစ်ယောက် လက်သီးများ တင်းတင်းဆုပ်လိုက်သည်။ သို့တိုင် လှုပ်ရှားရန် သူ့တွင် ဆန္ဒမရှိသေးချေ။
“ ဝှစ် ... ။ ”
ရုတ်တရက် ကူချင်တုနှင့် ချင်သွမ့်ရှတို့ နှစ်ဦးသည် စုရီထံ တစ်ပြိုက်နက်တည်း ပြေးဝင် သွားကြသည်။
“ သေလိုက်တော့ ... ။ ”
ကူချင်တုက ပုစိန်ကြီးကို လွှဲလိုက်ရာ ကောင်းကင်အပြည့် ရွှေရောင် မိုးများရွာကျလာ စေခဲ့သည်။ ထက်ရှမှု အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ကောင်း၏။
ချင်သွမ့်ရှက ရှေးဟောင်း ကမ္ပည်းပြားနှစ်ချပ်ရှိတံဆိပ်ကို အသက်သွင်း လိုက်သည်။ ‘စိတ်ဝိညာဉ် ချိုးနှိမ်ခြင်း’ တံဆိပ်ဖြစ်၏။
တစ်ဖက်တွင် ချောင်ကျန်းသည် ပုတီးတစ်ကုံးကို ထုတ်ယူလျက် လေဟာနယ်ကို ရွှေအလင်းများဖြင့် ပိတ်ဆို့ထားလိုက်သည်။
သုံးယောက်သား ဤသို့ ပူးပေါင်း တိုက်ခိုက်မှုသည် အားလင်၊ ယွင်ပိုင်နှင့် ထုံရှင်းဟိုင်တို့ကို အခွင့်သာစေ၏။
လှိုင်းများနောက်မှ လှိုင်းလုံးများ ရိုက်ခတ်လာသလို ၎င်းတို့သည်လည်း လိုက်ပါ တိုက်ခိုက်လာခဲ့သည်။ နင်ရှင်းခုန် သေဆုံးမှုမှာ သူတို့ကို ပို၍ ပြင်းထန်ရက်စက်လာစေ၏။
ထိုတိုက်ခိုက်မှုများသည် အမြင်၌ ရက်စက်ပြင်းထန်နေသော်လည်း သတိထား ကြည့်ပါက ဘဝအတွက် ရုန်းကန်ခြင်းမျှသာ ဖြစ်ကြောင်း မြင်သာသည်။
ထိုသို့သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသော စုရီသည် စိတ်လှုပ်ရှားခြင်း အလျင်းမရှိချေ။ တည်ငြိမ်နေသေး၏။
သူ့ကိုဗဟိုပြုလျက် လောင်ကျွမ်းနေသည့် ကြယ်မြစ်ကြီး ရုတ်တရက် ထွက်ပေါ်လာသည်။ ကြယ်များအားလုံး ဓားရည်ရွယ်ချက်များဖြင့် ပြည့်နေ၏။
“ ဝုန်း ... ။ ”
“ ဝုန်း ... ။ ”
အရပ်ရပ်မှလာသော တိုက်ခိုက်မှုများ အားလုံး ကြယ်ဓားမြစ်၏ ပိတ်ဆို့ခံလိုက်ရပြီး ပေါက်ကွဲကုန်၏။
“ မင်းအလှည့် ... ။ ”
ဤအခွင့်အရေးကိုယူပြီး စုရီက ရှေ့တစ်လှမ်းတိုးကာ ကူချင်တုထံလက်သီးနှင့် ထိုးချပစ်လိုက်သည်။
“ ဖွင့် ... ။ ”
“ ဖရူး ... ။ ”
ကူချင်တုသည် သတိကြီးချေ၏။ ချက်ချင်းပင် ထီးတစ်လက်ဖွင့်ကာ ခုခံကာကွယ် လိုက်တော့သည်။
ထီးအရွက်ပေါ်တွင် အလင်းများ တဖျပ်ဖျပ်တောက်ပလျက် အဝါရောင် အလင်း ကိုးလွှာ ပေါ်လာသည်။
“ ဝုန်း ... ။ ”
သို့သော် စုရီလက်သီးချက်သည် ကြယ်ကြီးတစ်လုံး ကြွေကျလာသည့်အလား အလွန်ကြောက်စရာကောင်းကာ ထိုအလင်း လွှာများကို ပေါက်ကွဲသွားစေ၏။
အလင်းမှုန်များ တဖွဲဖွဲရွာကျကုန်ပြီး ကူချင်တုတစ်ယောက် ထိုအလင်းများနှင့်အတူ ပဲ့ကြွေ ပျောက်ကွယ်သွားတော့သည်။
“ ဓား ... ။ ”
သို့သော် စုရီက မျက်မှောင်ကြုတ် လိုက်သည်။ သတ်ဖြတ်မှုသည် လုံလောက်မှု မရှိဟု ခံစားနေရသဖြင့် အမှောင်နတ်ဓားကို ဆင့်ခေါ်လိုက်၏။
“ ရွှပ် ... ။ ”
ရောင်ဝါပြောင်းလဲသွားတော့သည်။ နတ်ဘုရားတစ်ပါးကဲ့သို့ စူးရှတောက်ပလာပြီး ဓားဖြင့် ကန့်လန့်ဖြတ်ခုတ်ပစ်လိုက်၏။
“ ချွင် ... ။ ”
ကြည်လင်သော ဓားမြည်သံနှင့်အတူ တာအိုတေးသံများ ပဲ့တင်ထပ်လာကာ လူတိုင်း ဆုတ်ခွာသွားလိုက်ရသည်။ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်းပေပင်။
“ အဟွတ် ... ဟွတ် ... ။ ”
ဤဓားအောက်တွင် မည်သူမဆို သွေးချောင်းဆိုးလျက် ဒဏ်ရာ ရရှိကုန်သည်မှာ ပုံမှန်ဖြစ်၏။
“ ဟိတ် ... ။ ”
ထိုအခွင့်အရေးကို အရယူပြီး စုရီက လေထဲပျံသန်းလျက် သုံးကြိမ်ခုတ်ချပစ်လိုက် လေသည်။ နေရာတိုင်းတွင် သွေးများဖျန်းကာ ခေါင်းသုံးလုံး ပျံတက်လာ၏။
နတ်ဆိုးကျင့်ကြံသူ နှစ်ဦးနှင့် ယွီချောင်ခုန်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များမှ တဆတ်ဆတ်တုန်လျက် ယိမ်းထိုးနေခဲ့ချေပြီ။
ယင်းသည် အဆုံးမဟုတ်သေးချေ။ ဦးခေါင်းသုံးလုံးနှင့် ခန္ဓာကိုယ်များအပေါ်သို့ ကြယ်ဓားမြစ်ကြီး ကျဆင်းလာပြီး အရာရာ ငြိမ်သက်သွားတော့၏။
မြေပြင်ပေါ်မကျခင် ကြယ်ဓားမြစ်ကြီး၏ တိုက်စားမှုကြောင့် သွေးမြူအဖြစ် လွင့်ပါးသွားရ ချေပြီ။
“ ဟမ့် ... ။ ”
စုရီက မရပ်ချေ။ သုံးပေအကွာမှ ချင်သွမ့်ရှလည်ပင်းကို ဓားဖြင့် လှမ်းထိုးလိုက် ပြန်သည်။ လျင်မြန်လွန်းသဖြင့် အေးစက်သော ခံစားချက်များသာ ရရှိလိုက်သည်။ မျက်လုံးများ ပြူးကျယ်သွားတော့၏။
မသေခင် မငြိမ်းချမ်းခဲ့ကြောင်း ထိုမျက်ဝန်းများက သက်သေခံနေသည်။ ဓားမှာ ဆက်သွားနေဆဲဖြစ်၏။
“ ဝုန်း ... ။ ”
“ ကလန် ... ။ ”
“ ဝှစ် ... ။ ”
ထိတ်လန့်စွာ ဆုတ်ခွာသွားသော အားလင်လက်ထဲရှိ ငွေလှံသည် နတ်တောင်ကြီး တစ်လုံး ထိမှန်လိုက်သကဲ့သို့ လွတ်ကျသွားရာ ရှောင်တိမ်းလိုက်ရသည်။
သို့သော် နောက်ကျနေသေး၏။ ဓားအလင်းသည် သူမအပေါ် ထက်ပိုင်းဖြတ် သွားကာ ကြေကွဲဖွယ် အဆုံးသတ်မျိုး ပေးစွမ်းလာခဲ့သည်။
“ ဟမ့် ... ။ ”
လင်းယွီပိုင်က လှည့်ပြေးတော့သည်။ ရက်စက်လွန်းသော ဤသတ်ဖြတ်မှုမြင်ကွင်းမှာ သူ့နှလုံးသားကို သည်းမခံနိုင်မှု ကုန်ဆုံးစေ၏။
သို့သော် ခြေလှမ်းသုံးလှမ်းမပြည့်ခင် သူ့အပေါ်ကျဆင်းလာသော ကြယ်ဓားမြစ်ကြီး တစ်စင်းကို မြင်လိုက်ရသည်။
ဤသည်မှာ သူ့အတွက် နောက်ဆုံး မြင်ကွင်းပေပင်။ အသွေးအသားများ တရွေ့ရွေ့ ပဲ့ကြွေလျက် ကြယ်ဓားမြစ်ကြီးအတွင်း လွင့်ပါး ပျောက်ကွယ် ကုန်တော့သည်။ ဝိညာဉ်သည်ပင် ကြွင်းကျန်ရစ်ခြင်း မရှိချေ။
လူရှစ်ယောက် သတ်ပြီးသည့်တိုင် အမှောင်နတ်ဓားသည် ကျေနပ်ခြင်းမျိုးမပြဘဲ ပို၍ ကြောက်စရာကောင်းသည့် ဆာလောင်မှုကို ပြသလာခဲ့သည်။
ချောင်ကျန်း၊ ရှန့်လောယွီ၊ ထုံရှင်းခုန်၊ ယွင်ပိုင်နှင့် ရို့ဟဲတို့သာ ကျန်ရှိတော့၏။ သူတို့ အားလုံး ကြောက်လန့်ပြီး ရှေ့မထွက်ရဲတော့ဘဲ အဝေးသို့ ထပ်မံဆုတ်ခွာကုန်သည်။
ဤသွေးထွက်သံယို မြင်ကွင်းများသည် သူတို့၏ ဝိညာဉ်များကိုပင် ထိတ်လန့်စေခဲ့၏။ ရက်စက် ကြမ်းကြုတ်လွန်းသော အမည်မသိ တစ်စုံတစ်ရာသည် သူတို့၏ဝိညာဉ်များကို ဝါးမျိုလိုကြောင်း ခံစားမိသည်။
ဟွာရှင်းဖန်ပင် တုန်လှုပ်သွားပြီး အသံတိတ်သွား၏။ စုရီသည် ဤမျှပြတ်သားပြီး ရက်စက်တတ်မှန်း မထင်ထားခဲ့ချေ။
အသွေးအသားနှင့် စိတ်ဝိညာဉ်ပါမချန် စားသုံးလိုသော ငရဲနတ်ဆိုးတစ်ပါးနှင့် တူနေ ခဲ့ချေသည်။ မြေကြီးအဆင့် အင်မော်တယ်များ အပေါ် ကြက်များ၊ ငှက်များကဲ့သို့ သတ်ဖြတ် နေတော့၏။
“ ဒီလိုအချိန်မျိုးမှာတောင် ... မင်းရဲ့ စိတ်တည်ငြိမ်မှုကို ဆက်ထိန်းထားနိုင်နေတာ နည်းနည်းတော့ အံ့သြစရာပဲ။ ”
စုရီက တိုက်ပွဲကို ခဏရပ်ကာ ချူရှထံ လှမ်းကြည့်ပြီး အနည်းငယ် မျက်ခုံးပင့်သွား၏။ ချူရှမှ အေးစက်စွာ သူ့ထံ ပြန်ကြည့်နေသည်။
သူ့လက်အောက်ငယ်သားများကို အခင်းဖြစ်ပွားရာနေရာ၌ သတ်ဖြတ်နေသော မြင်ကွင်းအပေါ် အမှုမထားသလို ပေပင်။
မည်သူမျှ အလောင်းပင် မကျန်ချေ။ ဤသည်မှာ သံသယဖြစ်ဖွယ် ပုံမှန်မဟုတ်သော တည်ငြိမ်လွန်းသည့် အပြုအမူမျိုးပေပင်။ ခံစားချက်မဲ့ လွန်းချေပြီ။
“ စိတ်ဝင်စားစရာပဲ။ ”
***