← Chapters

ရန်သူကို နုပ်နုပ်စဉ်းခြင်း။

Vol. 27 Ch. 319

ရန်သူကို နုပ်နုပ်စဉ်းခြင်း။

Vol. 27 Ch. 319

သွေးလောင်ကျွမ်းခြင်း အစီရင်သည် တန်ခိုးရှင် ဓားမျှော်စင်၏ တတိယမျိုးဆက် ပိုင်ချန်ဟန်မှ ခင်းကျင်းထားသော အစီရင်ဖြစ်၏။

အကယ်၍သာ နတ်သားရဲတစ်ကောင်၏ သွေးအနှစ်သာရကို အသုံးပြုသော် အစွမ်းသည် ဧကရာဇ်နယ်ပယ်အောက်ရှိ ရန်သူတိုင်းကို သတ်ရန် လုံလောက်ပေလိမ့်မည်။

ချူရှလက်တွင် ထိုအဆင့်စွမ်းအားဖြင့် ဝေးနေသေးသော်လည်း မူလတာအိုနယ်ပယ်မှ ကျွမ်းကျင်သူများ စိတ်ပျက်အားငယ်သွားစေ လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

သို့သော် ယခုအချိန်တွင် စုရီသည် ဓားတစ်ချက်တည်းဖြင့် နတ်ဆိုးတစ်ကောင်ကို သတ်ပစ်လိုက်၏။ မယုံနိုင်စရာပေပင်။

“ ဟိတ် ... ။ ”

စုရီက ဓားကို ဆက်တိုက်ခုတ်လွှဲ ပစ်တော့၏။ ရွှေတံခါးထံမှ တားမြစ်စွမ်းအင် များသည် ကြိုးမျှင်များအလား သူ့ခန္ဓာကိုယ်ကို တွယ်ငင်လျက် အားဖြည့်ပေးနေသည်။

ကျန်ရှိနေသော ‌ကျောက်ရုပ်တု (၁၇)ခုတို့သည် ပူဖောင်းများကဲ့သို့ ကွဲသွားကာ အမှုန်များအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

စွမ်းအားနှင့် အကြွင်းအကျန် အဖျက်စွမ်းအင်လှိုင်းများသည် မုန်တိုင်းတစ်စင်း အလားပျံ့နှံ့သွား၏။

“ မြန်မြန် ... ။ ”

လူတိုင်း လွတ်ရာသို့ ဆုတ်ခွာကုန်သည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”

ဤအခိုက်တွင် နန်းတော်တံခါး၌ စုရီရေးထွင်းခဲ့သော တံဆိပ်သည် အစီရင်ကို ချိုးဖျက်ခြင်းမဟုတ်ဘဲ ထိန်းချုပ်နိုင်မည့် သော့တစ်လက်ဖြစ်မှန်း နားလည်လိုက် ကြသည်။

“ နတ်ဆိုးဧကရာဇ်ထားခဲ့တဲ့ ... အကြွင်းမဲ့ကောင်းကင်ဘုံကိုးပါး တံဆိပ်ကို မင်းတကယ် အသုံးချနိုင်တာလား။ ”

ချူရှတစ်ယောက် လုံးဝ မတည်ငြိမ် နိုင်တော့ချေ။ ဤအစီရင်သည် သူ့ဝှက်ဖဲဖြစ်ကာ ပြိုင်ဘက်အားလုံးကို ချေမှုန်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။

“ ငါ့ကို လူမိုက်လို့ မင်းထင်နေလား ... ဒီရုပ်တုတွေကိုမြင်ထဲက တစ်ခုခု မှားနေပြီ ဆိုတာ ငါသိတယ် ...

... ဒါကြောင့် ချက်ချင်း ဖျက်ဆီးဖို့ စဉ်းစားမိပေမယ့် နန်းတော်တံခါးရဲ့ အစီရင်က ငါ့ကို စိတ်ပြောင်းစေခဲ့တယ်။ ”

“ ဟမ့် ... အဓိပ္ပါယ်မရှိဘူး တန်ခိုးရှင် ဓားမျှော်စင်ရဲ့ မှတ်တမ်းတွေအရ ဒီနန်းတော်က နတ်ဆိုးဧကရာဇ်ရဲ့ တားမြစ်နန်းတော်ပဲ မင်းဘယ်လိုလုပ် နားလည်နိုင်မှာလဲ ...

... ပြီးတော့ ဒီဝင်္ကပါကို အကြွင်းမဲ့ ကောင်းကင်ဘုံ ကိုးပါးတံဆိပ်လို့ ခေါ်တယ် သူ့ကိုဖွင့်ဖို့ သွေးဓားက သော့ချက်ပဲ။ ”

ချူရှခမျာ အမှန်ပင် တုန်လှုပ်နေ၏။ ဤနန်းတော်ရှိ အကြွင်းမဲ့ကောင်းကင်ဘုံကိုးပါး တံဆိပ်သည် ဧကရာဇ်အဆင့် သတ်ဖြတ်ခြင်း ဝင်္ကပါဖြစ်သည်။

နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် စွမ်းအားအများစုသည် ပျောက်ကွယ်သွားခဲ့ပြီး ဝင်္ကပါဗဟိုချက်၌ ပါးလွှာသော အရင်းအမြစ် တစ်ခုသာ ကျန်ရှိတော့၏။

ဆိုလိုသည်မှာ ဤဝင်္ကပါအပေါ် မြင်နိုင်သရွေ့ မည်သူမဆို စွမ်းအင်များကို အလွယ်တကူ ထုတ်ယူ နိုင်ပေမည်။

အရေးကြီးသည်မှာ မြင်နိုင်စွမ်းဖြစ်၏။ ယင်းသည် ရှန်ရှင်းအဆင့်မှ တစ်စုံတစ်ယောက် နားလည်နိုင်သော အရာမျိုးမဟုတ်ချေ။

“ ရွှပ် ... ။ ”

ထိုစဉ် စုရီမှ ဓားဖြင့် ခုတ်ချလာ၏။ တားမြစ်စွမ်းအင်များက လေဟာနယ်အပေါ် ကန့်သတ်လျက် လိုက်ပါလာသည်။

ချူရှတစ်ယောက် သတိဝင်လာချိန်၌ ဓားရောင်ဝါသည် သူ့အပေါ် အုပ်စိုးသွားပြီး ဖြစ်ချေပြီ။

“ စုရီ ... မင်းငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ပြီ အနာဂါတ်မှာ ငါနဲ့မတွေ့ဖို့ ဆုတောင်းနေပါ။ ”

ထို့နောက် ချူရှက နားမလည်နိုင်စွာ ပြုံးလျက် ရှောင်တိမ်းခြင်း မပြုတော့ဘဲ ဓားကို ခံယူလိုက်လေသည်။

တောက်ပသောအလင်းများ ပြိုကျလျက် အစိမ်းရောင် မျက်ဝန်းတစ်စုံကိုသာ ပျပျလေး မြင်လိုက်ရ၏။

“ ဝှစ် ... ။ ”

အလင်းများ လွင့်ပါးသွားချိန်တွင် လက်လှိုင်းဖြင့် အစိတ်စိတ်အမွှာမွှာ ပဲ့ကြွေ နေသော အမှုန်များကို ဖမ်းယူကာ၊

“ ဟမ့် ... ရုပ်သေးတစ်ရုပ်လား။ ”

-ဟု မှတ်ချက် ပေးလိုက်သည်။ ချူရှသည် အစမှအဆုံးတိုင် လှုပ်ရှားရန် ဆန္ဒမရှိသည်မှာ အံ့သြစရာ မရှိတော့ချေ။

“ ဟမ့် ... ဒီလိုသက်ရှိလူသားက ဘယ်လိုလုပ်ပြီး ရုပ်သေး ဖြစ်နေရတာလဲ။ ”

ဟွာရှင်းဖန်မှ နားရှုပ်သွား၏။

“ ဒီလိုရုပ်သေးမျိုးကို ... မှော်ရုပ်သေး လို့ခေါ်တယ် နတ်ဆိုးဂိုဏ်းရဲ့ လျှို့ဝှက်သန့်စင် နည်းစနစ်ပဲ ... သက်ရှိလူသားရဲ့ အရေခွံ၊ အသား၊ အရိုးတွေကို ဖယ်ထုတ်ပြီး ...

... လူသားအသွင် ပြန်လည် သန့်စင်ထားခဲ့တာ ထိန်းချုပ်ဖို့ အတွက်ကတော့ ဝိညာဉ်အပိုင်းအစ ထည့်သွင်းထားတယ် ဒီလိုနည်းလမ်းမျိုးနဲ့ ရုပ်သေးဟာ ...

... မင်းရဲ့ကိုယ်ပွားတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးနဲ့ အသက်စွမ်းအားကို ရရှိလိမ့်မယ်။ ”

ဟွာရှင်းဖန်တစ်ယောက် မျက်ခုံးပင့် လိုက်သည်။ ထိုကဲ့သို့သော ရုပ်သေးရုပ်မျိုးကို တစ်ခါမျှ မကြားဖူးချေ။ သို့သော် စုရီသည် ကောင်းစွာ သိရှိနေ၏။

“ ဟမ့် ... ။ ”

ထိုစဉ် ဆေဘာဓားသမားနှင့် ယွင်ပိုင်သည် ရုတ်ချည်း ထွက်ပြေးသဖြင့် စုရီမှ လှည့်ကြည့်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

တားမြစ်စွမ်းအားက ပိုက်ကွန်ကြီးကဲ့သို့ ပျံဝဲလျက် ၎င်းတို့အပေါ် ချက်ချင်းဖုံးအုပ်ကာ စုရီရှေ့သို့ ပြန်၍ဆွဲငင်ပေးတော့၏။

ထိုမြင်ကွင်းကြောင့် ထုံရှင်းဟိုင်၊ ချောင်ကျန်းနှင့် ထွက်ပြေးရန် စီစဉ်နေသူများမှာ စိတ်ပျက်သွားကြလေသည်။

“ မင်းတို့နှစ်ယောက်က ... ခန္ဓာကိုယ် သိမ်းပိုက်ထားသူတွေ ဖြစ်တာတောင် ချူရှကို အစေခံနေတယ် ... မင်းတို့တွေ တစ်ကမ္ဘာတည်း လာခဲ့တာ မဟုတ်လား။ ”

စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် မြေပြင်အပေါ် ဖိနှိမ်ထားသော လူနှစ်ယောက်ထံ ငုံ့ကြည့်လိုက်၏။ ယွင်ပိုင်မှ ကြောက်ရွံ့လာပြီး၊

“ စုရီ ... ၊ ငါ့သခင်ရဲ့ ခန္ဓာကိုယ် အစစ်အမှန်ရောက်မလာခင် ငါတို့ကို လွှတ်ဖို့ အကြံပေးချင်တယ် ... မဟုတ်ရင် ... အဟွတ် အဟွတ် ... ”

သူ့စကားမဆုံးခင် ဆေဘာဓားသမား နှင့်အတူ လဲကျ သေဆုံးသွားချေပြီ။ ရုတ်တရက် လူတိုင်း ထိတ်လန့်ကုန်၏။ စုရီမှ မျက်ခုံးပင့် လိုက်သည်။

“ တားမြစ်အမိန့်ကို စိတ်ဝိညာဉ်ပေါ် တံဆိပ်ခတ်ထားတာလား ဒီချူရှက တကယ် လိမ္မာပါးနပ်လွန်းတယ်။ ”

မူလက သူသည် ဤလူနှစ်ဦး၏ ဝိညာဉ်များကို ထုတ်ယူပြီး ၎င်းတို့၏ ဇစ်မြစ်ကို လေ့လာရန် စီစဉ်ခဲ့သည်။ ယခုမူကား လက်လျှော့လိုက်ရချေပြီ။

ထို့နောက် ထုံရှင်းဟိုင်၊ ချောင်ကျန်း၊ ရှန့်လောယွီနှင့် အခြားသူများထံ လှည့်ကြည့် လိုက်တော့၏။

“ တာအိုစု၊ မင်းနဲ့ငါ ရန်ငြိုးတွေ မရှိပါဘူး အရင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက ... အမိန့်အတိုင်း ဆောင်ရွက်ရတာပါ ... မင်းငါ့ကိုလွှတ်ပေးဖို့ ဆန္ဒရှိရင် ... ငါမင်းကို အသက်ထက်ဆုံး အစေခံပါ့မယ်။ ”

ထုံရှင်းဟိုင်မှ အသက်ပြင်းပြင်းရှူပြီး ဦးညွှတ်လိုက်သည်။ ကောင်းကင်မြွေနတ်ဆိုး သည်လည်း ခေါင်းငုံ့လျက်၊

“ ငါလည်း တာအိုစုကို ... သခင်အဖြစ် ထမ်းဆောင်ရန် ဆန္ဒရှိပါတယ် ငါ့အသက်ကို နှမျောပေးပါ။ ”

-ဟု ဝင်ရောက် တောင်းပန်တော့၏။

“ မင်းတို့မှာ အရည်အချင်းမရှိဘူး။ ”

စကားဆုံးသည်နှင့် ထုံရှင်းဟိုင်နဖူးတွင် သွေးနီတစ်စက်ပေါ်လာပြီး ဦးခေါင်းအနောက်မှ ဓားအလင်း ဖောက်ထွက်သွားသည်။

ထိုမြင်ကွင်းကြောင့် ကောင်းကင် မြွေနတ်ဆိုးမှ ချက်ချင်းထွက်ပြေး၏။ စူးရှသော လေခွင်းသံနှင့်အတူ နှလုံးသားအတွင်း အေးစက်မှုကို ခံစားလိုက်ရသည်။

“ ရွှပ် ... ။ ”

ဓားအလင်းတစ်လက် ကျောပြင်ထံ ထိုးဖောက်ကာ နှလုံးသားကို ဖြတ်ပြီး ရင်ဘတ်မှ ပြန်လည် ပြေးထွက်သွား၏။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသည် ချောင်ကျန်းနှင့် ကျန်လူများကို ကူကယ်ရာမဲ့သွားစေသည်။

“ မင်းတို့ကော ဘာပြောစရာ ရှိသေးလဲ။ ”

စုရီမှ တချက်ကြည့်ကာ မေးလိုက်သည်။ ချောင်ကျန်းက အံကြိတ်လျက်၊

“ တာအိုစု၊ မင်းရဲ့ သားသတ်ဓားကို ချလိုက်ဖို့သာ ဆန္ဒရှိတယ်ဆိုရင် အခုချိန်မှစပြီး ရှန့်လင်ဘုံကျောင်းဟာ ... မင်းနဲ့ ရန်ငြိုးမဖွဲ့ တော့ပါဘူး။ ”

“ ဟမ့် ... မင်းရဲ့ ရှန့်လင်ဘုံကျောင်းကို ဂရုစိုက်ရမှာလား အသတ်ခံရမှာကို မကြောက် သရွေ့ ... ငါ့ဆီလာနိုင်တယ်။ ”

သူ့စကားဆုံးသည်နှင့် ကောင်းကင်မှ သက်တံကြီးကဲ့သို့ တားမြစ်စွမ်းအင်များ ပြိုကျ သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချောင်ကျန်းတစ်ယောက် ကြက်သွန်မြိတ်ကဲ့သို့ နုပ်နုပ်စဉ်းခံလိုက်ရ၏။ အဆုံးတွင် ရှန့်လောယွီ တစ်ယောက်သာ ရပ်လျက် ကျန်ခဲ့ချေပြီ။

သူမ၏ မျက်နှာသည် ဖြူဖျော့နေကာ မျက်လုံးများ၌ ကြောက်ရွံ့များဖြင့် ပြည့်နှက်နေ ခဲ့၏။ မာနနှင့် မောက်မာမှုမျိုး မရှိတော့ချေ။

သူမ နောက်‌ကျောရှိ ရှေးဟောင်း ဓားပြားကြီးသည် ခြိမ်းခြောက်မှုကို ခံစားလိုက်ရ သကဲ့သို့ တုန်ခါသွား၏။ သို့မှသာ ချက်ချင်း သတိဝင်လာပြီး၊

“ စုရီ၊ အရင်က နင့်ကို စော်ကားခဲ့တာ ဝန်ခံပါတယ် ... ဒါပေမယ့်လူငယ်တစ်ယောက်ရဲ့ မာနပါ ... နင်နဲ့ငါ့ကြားမှာ ကြီးမားတဲ့ ရန်ငြိုး မရှိဘူး နင်ဘာလို့ လွှတ်မထားနိုင်ရမှာလဲ။ ”

***

All Chapters