လက်နက်ဝိညာဉ်။
Vol. 27 Ch. 320
ရှန့်လောယွီမှ ဤသို့ တောင်းပန်လာလိမ့်မည်ဟု မထင်ထားသဖြင့် ဟွာရှင်းဖန်တစ်ယောက် အံ့အားသင့်သွား၏။
“ မင်းအခု ဒူးထောက်ပြီး ကိုယ့်ကိုကိုယ် ပါးရိုက်ရင် သခင်လေးကို ငါအသနားခံပေးမယ် အနည်းဆုံးတော့ မင်းသေတဲ့အခါ ပိုပြီး သက်တောင့်သက်သာ သေနိုင်မယ်။ ”
ထိုစကားကြောင့် ရှန့်လောယွီမှ အံကြိတ်လျက် မျက်နှာဖြူဖျော့သွားကာ ဟွာရှင်းဖန်ကို လျစ်လျူရှုလိုက်သည်။
တစ်ဖက်လူသည် အရှက်ခွဲရန် ကြံစည်နေခြင်း ဖြစ်သည်။ ဆုံးဖြတ်ချက်ချမည့် သူမှာ စုရီပေပင်။
“ ငါမင်းကို ရွေးချယ်ခွင့်ပေးမယ် ... သေမလား ... မင်းရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပြီး ရှေးဟောင်းဓား ငါ့ပေးမလား ... ရွေးပါ။ ”
ထိုစကားကြောင့် ရှန့်လောယွီခမျာ အနည်းငယ် တုန်ယင်သွားပြီး တစ်ခုခုပြောရန် ပြင်တော့သည်။ စုရီမှ ခွင့်မပြုချေ။
“ တခြားစကားတွေ မင်းဆက်ပြောနေရင်တော့ ငါသတ်ပစ်မယ်။ ”
ဟွာရှင်းဖန်က လက်ပိုက်လျက် ထိုမြင်ကွင်းကို ကြည့်နေသည်။ စုရီပေးသော ရွေးချယ်မှုသည် ရက်စက်ချေ၏။
ဒုတိယအခြေနေကို ရွေးချယ်ခြင်းသည် သေခြင်းထက်ပို၏။ ရှန့်လောယွီသည် မဟာချင် မျိုးဆက်တွင် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ကျင့်ကြံမှုဆုံးရှုံးသော် သေခြင်းထက် ဆိုးပေမည်။
ထို့ကြောင့် ရှန့်လောယွီ အကြည့်များတွင် အမုန်းတရားများ ပြည့်နှက်လာကာ၊
“ မင်းငါ့ကို အတင်းအကြပ် တွန်းပို့လိုက်တာပဲ။ ”
-ဟု ဟစ်အော်လိုက်သည်။
“ ဝှစ် ... ။ ”
တဆက်တည်းမှာပင် သူမနောက်ကျောမှ ဓားပြားကြီးသည် ရုတ်တရက် ပျံထွက်လာခဲ့၏။ ၎င်းထွက်ပေါ်လာသည်နှင့် အလွန်များပြားသော အနက်ရောင်မြူများ ကြောက်မက်ဖွယ် ကောင်းစွာ ပျံ့နှံ့သွားသည်။
အနီးကပ်ကြည့်သော် ဒဏ္ဍာရီလာသားရဲ ရှဲ့ကျစ်ပုံစံကို ဓားပေါ်တွင် ရေးထွင်းထားသည်။ အစွယ်နှင့် ခြေသည်းများ နီရဲလျက် ဆာလောင်မှုကို ပြသနေသည်။
( ရှဲ့ကျစ်ဟူသည် နဖူး၌ ဦးချိုတစ်ချောင်းပါရှိသော နွားလိုလို ဆိတ်လိုလို ခြင်္သေ့လိုလို သားရဲ။ )
“ မျှော်လင့်ထားတဲ့အတိုင်း ဒါက ဝိညာဉ်ခန္ဓာကို မွေးဖွားပေးနိုင်တဲ့ ဝိညာဉ်အဆင့် လက်နက်တစ်ခုပဲ။ ”
စုရီမျက်လုံးများ လင်းလက်သွား၏။ ရှန့်လောယွီကို ပထမဆုံးအကြိမ် မြင်လိုက်စဉ်၌ ဤဓား မရိုးရှင်းကြောင်း သိထားသည်။
ဓားတွင်ပါရှိသော ဝိညာဉ်အပိုင်းအစသည် ဤအမျိုးသမီး၏ ခန္ဓာကိုယ်၌ ကပ်ပါးပိုးသဖွယ် ရှိနေသည်ဟု အကြမ်းဖျင်း တွက်ဆခဲ့သည်။
ဧရာမဓားကြီးသည် ကောင်းကင်ပေါ် ပျံတက်လာပြီး အော်ဟစ်သံပြုလျက် စုရီထံသို့ ပြုတ်ကျလာ၏။
အနက်ရောင် အငွေ့အသက်များ ကောင်းကင်အနှံ့ ဖုံးအုပ်သွားကာ မကောင်းမြင် ဆန္ဒများ ဝင်ရောက်လာသည်။
“ ဟိတ် ... ။ ”
တစ်ချိန်တည်းမှာပင် ရှန့်လောယွီ သည်လည်း စတင်လှုပ်ရှားလာ၏။ ပစ်မှတ်သည် စုရီမဟုတ်ဘဲ ဟွာရှင်းဖန်ဖြစ်နေသည်။
သို့သော် စုရီက လှောင်ပြုံးဖြင့် လျစ်လျူရှုလိုက်၏။ သူ့လက်ကို ဝှေ့ယမ်းလျက် တားမြစ်စွမ်းအင်များက နဂါးငွေ့တန်းကြီး တစ်ခုလို ပြေးထွက်သွားသည်။
“ ဝုန်း ... ။ ”
ကောင်းကင်ဘုံ ရှဲ့ကျစ်ဓားသည် အမှန်ပင်ထူးကဲပြီး အစွမ်းထက်လှသော်လည်း အကြွင်းမဲ့ ကောင်းကင်ဘုံ ကိုးပါးတံဆိပ်ကို မယှဉ်နိုင်ခဲ့ချေ။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာကာ ကောင်းကင်ဘုံရှဲ့ရှစ်ဓားထံမှ ငိုကြွေးထွက်လာ၏။ တားမြစ်စွမ်းအင် အောက်၌ ဖိနှိပ်ချုပ်ချယ်ခံရပြီး မည်မျှပင် ရုန်းကန်နေကာမူ အသုံးမဝင်ခဲ့ချေ။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် ရှန့်လောယွီသည် ဟွာရှင်းဖန်ရှေ့ ပေါ်လာကာ အနက်ရောင် ဓားမြှောင်ဖြင့် ထိုးသွင်းလိုက်သည်။
“ သေလိုက်တော့ ... ။ ”
သည့်နောက်ပြုံးလျက် စုရီထံ လှည့်ကြည့်လိုက်သည်။ သေရမည်ဆိုပါသော် ဤမိန်းမကို အတူ ခေါ်သွားရပေမည်။
သို့မှသာ သူ့မျက်စိအောက်တွင် အမျိုးသမီးတစ်ယောက် အသတ်ခံရသည့်အပေါ် စုရီသည် တစ်သက်လုံး နောင်တရသွားမည် ဖြစ်သည်။
သူမအတွေးကို စုရီမှ သိမြင်နေဟန်ဖြင့်၊
“ အဆင်ပြေပါတယ်။ ”
-ဟု တုန့်ပြန်လာသည်။
ဤအမူအရာကြောင့် ရှန်လောယွီခမျာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိပြီး ဟွာရှင်းဖန်ထံ ပြန်လှည့် ကြည့်လိုက်၏။
“ ဟမ့် ... ။ ”
ဦးခေါင်းကို တိုက်ရိုက် ထိုးသွင်းခံရသော တစ်ဖက်အမျိုးသမီးသည် စက္ကူစများအလား ပဲ့ကြွေနေချေပြီ။
( သခင်မလေး ... မင်းဖျက်ဆီးလိုက်တာ အစားထိုး ကိုယ်ပွားတစ်ခုပဲ။ )
ရုတ်တရက် အသိစိတ်ပင်လယ်အတွင်းမှ ကလေးတစ်ယောက်အသံ ထွက်ပေါ်လာသည်။
“ ဟမ့် ... အစားထိုးကိုယ်ပွားလား။ ”
တစ်ချိန်တည်းမှာပင် ဝေးကွာလှသော အရပ်တွင် ပုံရိပ်တစ်ရိပ်ဖြည်းညှင်းစွာ ထွက်ပေါ် လာနေသည်ကို မြင်လိုက်ရသည်။
ဤသည်မှာ ဟွာရှင်းဖန်ဖြစ်၏။ နဖူးရှိ အေးစက်နေသော ချွေးများကို ကြောက်လန့်စွာ သုတ်နေခဲ့ချေပြီ။
တစ်ဖက်တွင် ရှန့်လောယွီသည် ဤတိုက်ခိုက်မှုအပေါ် သူမ၏ သက်စောင့် ခွန်အားကိုပင် အသုံးပြုထားခဲ့၏။ ထို့ကြောင့် လွဲချော်ခဲ့သည့်အပေါ် စိတ်ပျက်သွားသည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် စုရီက လှုပ်ရှားမှုကို ပြုလုပ်လာခဲ့သည်။ တားမြစ်စွမ်းအားများသည် ရှန့်လောယွီအပေါ် ချက်ချင်း ဖုံးလွှမ်းသွား၏။
“ သွား ... ။ ”
ရှန့်လောယွီက ကျင့်ကြံမှုခွန်အားကို ကန့်သတ်ချက်အထိတွန်းထုတ်ပြီး ဘဝအတွက် တားမြစ်နည်းစနစ် အသုံးပြုလိုက်ရသည်။
သွေးနှင့်ချီ တောက်လောင်လျက် မကြုံစဖူးသော စွမ်းအားများ ထွက်ပေါ်လာ၏။ သို့သော် မအောင်မြင်ချေ။
သူမ တားမြစ်စွမ်းအားသည် အကြွင်းမဲ့ ကောင်းကင်ဘုံကိုးပါးအစီရင် ဖိနှိပ်မှုအောက်၌ ရထားလုံးကို ရပ်တန့်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်ကဲ့သို့ ခွန်အားမဲ့နေသည်။
“ ရှဲ့လင် ... ငါ့ကို ကူညီဦး။ ”
အဆုံးတွင် အံကြိတ်လျက် အော်ဟစ် လိုက်ရသည်။ အနက်ရောင် အရိပ်ငယ်တစ်ရိပ် သူမထံမှ အပြေးထွက်သွားပြီး နတ်ဆိုး ရောင်ဝါကို ဖွင့်ထုတ်လိုက်၏။
“ ခရစ် ... ။ ”
သို့သော် သူမသည်လည်း အကြွင်းမဲ့ ကောင်းကင်ဘုံကိုးပါး၏ တားမြစ်တန်ခိုးကို တွန်းလှန်ရန် ပျက်ကွက်သွားသည်။
“ အား ... ။ ”
မျက်လုံးတစ်မှိတ်အတွင်း နာကျင်စွာ အော်ဟစ်တွန့်ကွေးလျက် တုန်ရင်နေတော့၏။ အဆုံးတွင် တားမြစ်စွမ်းအင်သည် နဂါးငွေ့တန်း ကဲ့သို့ သူမအပေါ် ပြိုကျလာသည်။
“ ဝှစ် ... ။ ”
စုရီက လက်ဆန့်ပြီး ကောင်မလေးကို ဆွဲယူလိုက်၏။ အထိန်းအကွပ်မဲ့စွာ သူ့ရှေ့သို့ လွင့်ပျံလာသည်။
သူမသည် အသက်ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့်သာ ရှိပုံရပြီး ခေါင်းပေါ်တွင် ဆံပင်တိုတိုများ ချည်နှောင်ထား၏။
နှင်းဖြူရောင် အသားအရည်နှင့် ချစ်စဖွယ်နူးညံသော အသွင်အပြင်မျိုးရှိကာ အလွန်တုန်လှုပ်နေသည်။
“ ဟမ့် ... မင်းက မွေးကင်းစ လက်နက်ဝိညာဉ်ကိုး အရမ်းအားနည်းနေတာ အံ့သြစရာ မရှိတော့ပါဘူး။ ”
စုရီက တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ခဲ့၏။ ဝိညာဉ်တာအို လက်နက်များကို အဆက်မပြတ် ကျွေးမွေးပြီးနောက် ‘ဝိညာဉ်နိုးကြားခြင်း’ ရရှိနိုင်ပေမည်။
စုဟုန်လီ၏ ခန္ဓာကိုယ်အပေါ် သိမ်းပိုက်ခဲ့သော မကောင်းဆိုးဝါးဝိညာဉ်သည် ငရဲမိုးကြိုးခေါင်းလောင်းမှ မွေးဖွားလာသော ဝိညာဉ်ရေး အသိစိတ်မျှသာ ဖြစ်၏။
အကယ်၍သာ ထိုဝိညာဉ်နိုးထခြင်းမှ နောက်တစ်ဆင့် တက်လှမ်းနိုင်သော် ဝိညာဉ်နှင့် အသိဉာဏ်ပါရှိသော ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ပေမည်။
သို့သော် လက်နက်ဝိညာဉ်တစ်ခု မွေးဖွားနိုင်ရန် တစ်သန်းတွင် တစ်ပုံမျှသာ အခွင့်အရေးရှိသည်။
ထိုလက်နက်ဝိညာဉ်များ ကြီးပြင်းလာသောအခါ ရတနာဝိညာဉ်အဆင့် ရောက်ရှိပေမည်။
ဓားဝိညာဉ်၊ လှံဝိညာဉ်နှင့် ဆေဘာဓား ဝိညာဉ်တို့ပါရှိသော လက်နက်များသည် အလွန် ရှားပါးချေ၏။
၎င်းတို့၏စွမ်းအားသည် အလွန် ကြောက်စရာကောင်းကာ သာမန်ဝိညာဉ်ရေး လက်နက်များ လက်လှမ်း မမီနိုင်အောင် ဝေးကွာချေသည်။
အလားအလာအရ လက်နက်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်သောကြောင့် ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများအပေါ် ရူးသွပ်စေကာ ဧကရာဇ်များကို စိတ်လှုပ်ရှားစေမည်။
နှိုင်းယှဉ်ရမည်ဆိုသော သူ့ရှေ့ရှိ ဤကလေးမလေးသည် စုဟောင်လီခန္ဓာကိုယ်ရှိ နတ်ဆိုးဝိညာဉ်ထက် သာလွန်ကောင်းမွန်သော အဆင့် လက်နက်ဝိညာဉ် ဖြစ်သည်။
သူမသည် ရတနာဝိညာဉ်အဖြစ် ကြီးထွားလာရန် အလားအလာရှိ၏။ မွေးဖွားခဲ့ သည်မှာ ကြာပုံမရသေးချေ။ အလွန်အားနည်း နေသေးသည်။
ဤသည်မှာ ရှန့်လောယွီတစ်ယောက် သူမအပေါ် ဤဝိညာဉ် လွှမ်းမိုးခံရခြင်းအတွက် မစိုးရိမ်ရသည့် အကြောင်းရင်းလည်း ဖြစ်၏။
စုရီ၏ အကြည့် စူးစူးကြောင့် ကောင်မလေးခမျာ တုန်ရင်လာပြီး မသက်မသာ ဖြစ်နေတော့သည်။
“ ဝှစ် ... ။ ”
စုရီက ကောင်းကင်ဘုံ ရှဲ့ကျစ်ဓားကို လှမ်းယူကာ ကောင်မလေးထံ လှမ်းကြည့်လျက် ‘နာခံမှုရှိရှိနဲ့ ပြန်လာ’-ဟု ဆိုလိုက်၏။
ကောင်မလေးမှ ငြင်းဝံ့ခြင်း မရှိချေ။ အလင်းတန်းအသွင် ကောင်းကင်ဘုံရှဲ့ရှစ်ထဲသို့ ဝင်ရောက် ပေါင်းစည်းသွားသည်။
“ ဖြန်း ... ။ ”
ရုတ်တရက် ကျယ်လောင်သော ပါးရိုက်သံကြီး ထွက်ပေါ်လာ၏။ ဟွာရှင်းဖန်မှ ရှန့်လောယွီအနား ရောက်ရှိလာခြင်းပေပင်။
“ ဒီရိုက်ချက်က မင်းမျက်စိကွယ်နေလို့ပဲ။ ”
ရှန့်လောယွီခမျာ မျက်နှာနီမြန်းလျက်၊
“ မင်းသတ္တိရှိရင် ငါ့ကိုသတ်လိုက်။ ”
-ဟု အော်ဟစ်လိုက်၏။
“ ဖြန်း ... ။ ”
“ အခုချိန်အထိ မင်းအတွက် ဘာကောင်းမှန်း မသိသေးဘူးလား။ ”
“ နင် ... ။ ”
“ ဖြန်း ... ဖြန်း ... ဖြန်း ... ။ ”
ထို့နောက် ဒေါသနှင့် ပြည့်နှက်နေသည့် ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ရှန့်လောယွီခမျာ ဆံပင်များပြန့်ကျဲလျက် ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းလာတော့၏။
အမျိုးသမီးများ ဒေါသထွက်သော် အမျိုးသားများထက် ပိုရက်စက်ချေပြီ။ စုရီက ခေါင်းယမ်းလျက်၊
“ သတ်ပစ်လိုက်တော့။ ”
-ဟု ပြောကြားလိုက်ရသည်။
***