တိတ်ဆိတ်ခြင်း ... ။
Vol. 27 Ch. 322
နန်းတော်အတွင်း အလွန်ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှ၏။ ကျောက်တိုင်(၃၆)တိုင်မှ ထောက်ပံ့ပေးထားသည်။
နံရံလေးဘက်တွင် နှစ်များစွာတိုင်အောင် တောက်လောင်နေသည့် ကြေးမီးအိမ်များစွာကို ထွန်းညှိထားချေပြီ။
ခန်းမအဆုံးတွင် ကိုးဆင့်ကျောက်စိမ်း စင်မြင့်ကြီးတစ်ခုရှိပြီး ၎င်းပေါ်၌ တရားထိုင်ဖျာ တစ်ချပ် ရှိနေ၏။
“ ကောင်းကင်ဘုံတစ်ခုက လှေကားထစ် တစ်ခုလား ... လှေကားကိုးထစ်ကို ကျော်ပြီးရင် ကောင်းကင်အထက်မှာ ရပ်နေရတဲ့ ခံစားချက် ပေးနိုင်မယ် ... စိတ်ဝင်စားစရာပဲ။ ”
လှေကားထစ်များရှိ အစီရင်များထံ ကြည့်ကာ စုရီမှရေရွတ်လိုက်သည်။ ယင်းသည် ဧကရာဇ်တစ်ပါး ခင်းကျင်းထားသည့် အတားအဆီးဝင်္ကပါတစ်ခုဖြစ်၏။
သို့သော်လည်း အချိန်ကာလ၏ တိုက်စားမှုနောက်တွင် စွမ်းအားများကုန်ဆုံးကာ ဖိအားအချို့သာ ပေးစွမ်းတော့၏။
“ ကြည့်စမ်း သခင်လေး ... အဲဒီမှာ ကျောက်စိမ်း သေတ္တာတစ်လုံး ရှိနေတယ်။ ”
ဟွာရှင်းဖန်က စိတ်လှုပ်ရှားစွာ ပြောကြားပြီးနောက် လှေကားထစ်များအပေါ် လှမ်းတက်လိုက်သည်။
“ နေဦး ... ။ ”
သို့သော် စုရီက သူမကို ချက်ချင်း ဖမ်းဆွဲလိုက်၏။
“ ဒီခြေလှမ်းက မင်းရဲ့ဝိညာဉ်က ချက်ခြင်းနုတ်ယူသွားမှာ ငါကြောက်မိတယ်။ ”
ဟွာရှင်းဖန်မှ ထိတ်လန့်သွားပြီး အေးစက်သော ချွေးများ စီးထွက်လာကာ၊
“ ဒီကျောက်လှေကားပေါ်မှာ တားမြစ်အစီရင် ရှိနေတာလား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်သည်။
“ ဟုတ်တယ်၊ ငါမမှားရင် တန်ခိုးရှင် ဓားမျှော်စင်ကို တည်ထောင်သူ ကိုယ်တိုင် ခင်းကျင်းထားတာပဲ ...
... စွမ်းအားက ပျောက်ကွယ်လုနီးပါး ဖြစ်နေပေမဲ့ ဝိညာဉ်တာအိုနယ်ပယ် အောက်က ဘယ်သူ့ကိုမဆို သတ်ဖို့ လွယ်သေးတယ်။ ”
စုရီက ပြန်လည် ဖြေကြားလိုက်သည်။ ဟွာရှင်းဖန်တစ်ယောက် အသက်ပြင်းပြင်းရှူပြီး ငရဲတံခါးမှ ဖြတ်လျှောက်မိလိုက်သည်ကို နားလည်သွား၏။
ထို့နောက် စုရီလက်ဆယ်ချောင်း၌ အလင်းရောင်များ လင်းလက်ထွက်ပေါ်လာပြီး လေဟာနယ်အတွင်း တံဆိပ်တစ်ခု ရေးဆွဲ လိုက်တော့၏။
ချက်ခြင်းပင် လေဟာနယ်အတွင်း၌ ထူးဆန်းပြီး မထင်မရှားသောရူရ်များ ပေါ်လာ လေသည်။
၎င်းတို့က ကျောက်လှေကားထစ်များ အပေါ်သို့ ကူးစက်ကုန်ကာ ပန်းချီကားချပ်ပုံစံ ဝင်္ကပါတစ်ခု ထွက်ပေါ်လာ၏။
၎င်းထွက်ပေါ်လာသည်နှင့် စုရီက ကျောက်လှေကားထစ်ပေါ် ခြေတစ်လှမ်းချ ကြည့်လိုက်သည်။
“ ဟမ့် ... ။ ”
ခြေတစ်လှမ်းမျှသာ ဖြစ်သော်လည်း ကောင်းကင်ဘုံပေါ် တက်လှမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
ဟွာရှင်းဖန်မှ မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ ခြေတစ်လှမ်းမျှသာ ဖြစ်သော်လည်း စုရီသည် ကောင်းကင်ဘုံပေါ် ရောက်ရှိသွား သကဲ့သို့ သူမနှင့် ဝေးကွာသွား၏။
များမကြာမီ ကျောက်စင်မြင့်ပေါ်သို့ စုရီရောက်ရှိသွား၏။ ဟွာရှင်းဖန် အတွက်မူ လက်လှမ်းမမီနိုင်အောင် ဝေးကွာနေချေပြီ။
ကောင်းကင်ဘုံပြင်ပသို့ စုရီရောက်ရှိ သွားသည်ဟု ထင်မှားမိလေသည်။ သာလွန်ပြီး မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားရစေတော့၏။
စုရီမှ တရားထိုင်ဖျာကို ငုံ့ကြည့်လိုက်သည်။ ဤသည်မှာ ရတနာတစ်ပါးဖြစ်၏။ ကောင်းကင် ဝိညာဉ်ပိုးချည်ဖြင့် ယှက်လုပ်ပြီး မဟာတာအိုကို ခံစားနိုင်ရန် ကောင်းချီးပေးသည်။
အရိုင်းမြေကိုးပါး၌ပင် အဖိုးမဖြတ်နိုင်သော ရတနာဖြစ်၏။ သို့သော် အချိန်ကာလယန္တရား၏ တိုက်စားခံရပြီးနောက် မြင့်မြတ်သော ရောင်ဝါ သည်လည်း ပျောက်ကွယ်သွားသည်။
“ နှမျောစရာပဲ ... ။ ”
၎င်းကို ပြုပြင်ရန် မဖြစ်နိုင်တော့ချေ။ သို့သော် ကောင်းကင် ဝိညာဉ် ပိုးချည်များသည် ရတနာများအရည်အသွေးကို မြှင့်တင်နိုင်၏။
ထို့ကြောင့် သိမ်းဆည်းလိုက်ပြီး အကြည့်များသည် ကျောက်စိမ်းသေတ္တာထံသို့ ရွေ့လျားသွားတော့သည်။
ယင်းသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး ဖောက်ထွင်းမြင်ရသည့် အရာဝတ္ထုဖြင့် ရိုးရှင်းစွာ ပြုလုပ်ထား၏။
အထဲတွင် မဟူရာ ရွှေကျောက်စိမ်းတုံး တစ်တုံးနှင့် အရိုးဖြူတံဆိပ်တစ်ခု ရှိနေသည်ကို ဖောက်ထွင်းမြင်နေရသည်။
“ ကျွီ ... ။ ”
သေတ္တာကို ဖွင့်လိုက်သောအခါတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါ တစ်ခု ချက်ချင်း ပျံ့နှံ့လာ၏။
ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလျက် ကျောက်တိုင်(၃၆)တိုင်သည်လည်း ချွင်းချက်မရှိ ကြချေ။ တစ်ဆက်တည်းမှာပင် ထူးဆန်းသော လှိုင်းလုံးများ ရိုက်ခတ်သွား၏။
ထို့နောက် နန်းတော် အပြင်ဘက်ရှိ ကျောက်လှေကား (၃၃)ထစ်နှင့် လှေကားထစ် နှစ်ဖက်ရှိ ကျောက်ရုပ်တုများသည်ပင် တုန်လှုပ်ကုန်သည်။
အဆုံးတွင် တန်ခိုးရှင်ဓားမျှော်စင် အပျက်အစီးနယ်မြေ တစ်ခုလုံး တဟုန်ထိုး တုန်ခါလာတော့၏။ နှစ်ပေါင်းများစွာ အိပ်ပျော် နေရာမှ ရုတ်တရက် နိုးထလာသကဲ့သို့ပင်။
***
ပြင်ပကမ္ဘာတွင် တန်ခိုးရှင်ဓားမျှော်စင်၏ အပျက်အစီးနယ်မြေကြီး ပျက်ပြယ်နေသည်ကို မြင်နေရသည်။
ထောင်ပေါင်းများစွာသော အလင်းမျှင်များသည် ပန်းဝတ်ရည်များကဲ့သို့ ၎င်းထံသို့စုစည်းလာနေ၏။
ကောင်းကင်ဘုံနန်းတော်လို အသွင်သဏ္ဍာန်ရှိနေသော ရောင်စုံအလင်းပုံရိပ် ကြီးသည်ပင် ရုတ်တရက် ကျုံ့သွားကာ ထိုအလင်းမြစ်ထဲ စီးဝင်လာသည်။
“ ဒါ ... ။ ”
ပင်လယ်ကြမ်းပြင်အောက်ရှိ ကောချင်တစ်ယောက် ထိုမြင်ကွင်းများကြောင့် မျက်မှောင်ကြုတ်လျက် တုန်လှုပ်သွား၏။
ထိုစဉ်ကြယ်လှေပေါ်မှ ပုံရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာပြီး အဆိုပါအပြောင်းအလဲ များထံ စိုက်ကြည့်နေခဲ့သည်။
၎င်းသည် သူ့တစ်ကိုယ်လုံးအပေါ် ကြယ်ရောင်များ လွှမ်းခြုံကာ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။
ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားကဲ့သို ထင်မှားစေ၏။ သူ့အနားရှိ ပင်လယ်ရေ မျက်နှာပြင်သည်ပင် အရောင် ပြောင်းနေခဲ့သည်။
သို့သော် ယင်းသည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ပြီး ကြယ်သံကြိုးတစ်ချောင်းက ၎င်းကို လှေအပေါ် ပြန်လည်ဆွဲငင်လျက် ချက်ချင်း ပျောက်ကွယ်သွားစေခဲ့သည်။
ဆိုလိုသည်မှာ ၎င်းရောင်ဝါသည် အလွန် ကြောက်မက်ဖွယ် အစွမ်းထက်နေသော်လည်း အကျဉ်းသားတစ်ဦးမျှသာ ဖြစ်နေ၏။
ကြယ်လှေပေါ်ရှိ ထိုကြယ်သံကြိုးကို မည်သို့သော တည်ရှိမှုမျိုးမှ ချန်ထားခဲ့ကြောင်း ၎င်းသာသိပေမည်။
“ ဟား ဟား ဟား ... ရှေးဦး အမှောင်ခေတ်ကြီးရဲ့ နှစ်ပေါင်း(၃)သောင်းက ငါတို့ကို တကယ်မထားခဲ့ဖူးပဲ ...
... အချိန်မတိုင်ခင် တားမြစ်ချက်ကို ချိုးဖောက်ပစ်ရင် ပျက်စီးခြင်းကို ရောက်ကြမှာ အမှန်ပါပဲ။ ”
ပြန်လမ်းမဲ့ကျွန်းထံမှ အမျိုးသမီးကဲ့သို့ ရယ်မော လှောင်ပြောင်သံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထို့နောက် ကျွန်းအထက် လေထုအလယ် အစိမ်းရောင် မီးတောက်နှစ်လုံး လွင့်မျောလျက် ကြယ်လှေထံ လှည့်ကြည့်သည်။
“ ဟမ့် ... ဘာလို့ စကားမပြောတာလဲ ဒီကာလတွေအတွင်းမှာ အသက်ရှင်ကျန်ခဲ့တာ ဆိုလို့ ငါတို့လေးယောက်ပဲ ရှိပါတော့တယ် ...
... အမှောင်ခေတ်မကုန်ခင် ကြယ်တွေထူထပ်တဲ့ ကောင်းကင်ကြီးအပေါ် တက်ပြေးကြတဲ့ ... သူတို့တွေ အသက်ရှင် နေသေးလားဆိုတာ သိချင်တယ် ...
... ဒါမှမဟုတ် အမှောင်ခေတ် တားမြစ်ထားတဲ့တန်ခိုးတော်ကြောင့် သူတို့တွေ ယို့ယွင်းပျက်စီးကုန်ပြီလား ...
... သေချာတာတော့ ဒီပင်လယ်ကြီးမှာ ငါတို့လေးယောက်ပဲရှိတယ် ... အမှောင်တားမြစ် စွမ်းအင်အပေါ် တားမြစ်ချက်တွေကို ချိုးဖျက်ပြီး ဘာလို့အတူတူ အုပ်စိုးဖို့ စိတ်ကူးမရှိရတာလဲ။ ”
ကြယ်လှေမှ တုံ့ပြန်မှု မရှိချေ။ တိတ်ဆိတ်နေဆဲဖြစ်၏။ မျောက်ဝံဖြူကြီးပေါ်ရှိ အမျိုးသမီးခမျာ ထိတ်လန့်တကြား ဖြစ်သွားသည်။
“ တကယ်ပဲ ပြန်လမ်းမဲ့ကျွန်းမှာ ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ယောက် ပုန်းအောင်းနေတာလား။ ”
ထိုမြင်ကွင်းကြောင့် မျောက်ဝံဖြူပေါ်မှ အမျိုးသမီးမျက်နှာသည် အနည်းငယ် တုန်ယင် နေခဲ့သည်။
ဤမတိုင်မီ ပြန်လမ်းမဲ့ကျွန်းတွင် အသက်စွမ်းအင်တစ်ခုကို သူမ ခံစားခဲ့ရသည်။ လက်ရှိမြင်ကွင်းက ထိုထင်ကြေးကို အတည်ပြုနေ၏။
“ ချုံးယန် ... အနှစ်(၃)သောင်း ရှေးဦးအမှောင်ခေတ်က ဘာကိုဆိုလိုတာလဲ။ ”
သူမ ဤဝေါဟာရကို မကြားဖူးသည်မှာ သဘာဝ ပေပင်။ သို့သော် ပြန်လမ်းမဲ့ကျွန်းကဲ့သို့ အရိုးဖြူဘုံကျောင်း၊ ဝိညာဉ်သင်္ချိုင်းတောင်နှင့် ကြယ်လှေတို့သည် ကြောက်စရာကောင်းသော တည်ရှိမှုများဖြစ်ကြောင်းကိုမူ သူမ သိ၏။
ဤလေးပါးသည် အမှောင်ခေတ်ထံမှ တစ်စုံတစ်ရာဖြစ်ပြီး ၎င်းတို့၏ အမှောင်တားမြစ် စွမ်းအားကို ဖိနှိပ်ထားခြင်း ခံခဲ့ရချေသည်။
သို့တိုင် နှစ်ပေါင်းမရေမတွက်နိုင်သော ဖြတ်သန်းကာ ယနေ့အချိန်အထိ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေမည်။
ပြန်လမ်းမဲ့ကျွန်း၏ စကားများအရ ဤနှစ်ပေါင်း (၃)သောင်း ကျော်လွန်သောအခါ သူတို့အပေါ် ကန့်သတ်ထားသည့် တံဆိပ်များကို ချိုးဖြတ်ကာ ပြန်လည် ကြီးစိုးမည်ဖြစ်သည်။
“ ဟမ့် ... ပူးပေါင်းပြီး ကမ္ဘာကြီးကို အုပ်စိုးချင်တာလား ဒီမှာဒုက္ခတွေကနေတောင် မလွတ်မြောက်နိုင်သေးတာ နင်ဘယ်လိုများ စိတ်ကူးယဉ်နေတာလဲ မီးမိစ္ဆာလီဟော်။ ”
သွေးမြူများရစ်သိုင်းနေသော အရိုးဖြူဘုံကျောင်းမှ အေးစက်စွာ ရုတ်တရက် တုန့်ပြန်လာ၏။
“ ဒီမိုးပြာတိုက်ကြီးမှာ ... ငါတို့လေးယောက်ဟာ အမှောင်ခေတ်ကနေ ကြွင်းကျန်ရစ်ခဲ့တဲ့ ဘိုးဘေးတွေပဲ ...
... ကြိုပြီး ပြင်ဆင်မှု လုပ်မထားရင် မိုးပြာမူလ အရင်းအမြစ်ကို သိမ်းပိုက်ချင်ကြတဲ့ လူတွေဆင်းလာတဲ့အခါ ခက်လိမ့်မယ်။ ”
မီးမိစ္ဆာလီဟော်မှ ပြောကြားလိုက်သည်။
“ ဟမ့် ... ပါးစပ်ပိတ်ထား၊ မီးမိစ္ဆာလီဟော် ... နင်သေချင်နေတာလား ဒီကိစ္စကို ဘယ်လိုများ သတ္တိရှိရှိထုတ်ဖော်ပြောဝံ့ ရတာလဲ။ ”
ထိုစဉ် ပြန်လမ်းမဲ့ကျွန်းလီဟော်ကို အဝေးမှအော်ငေါက် ဟန့်တားသံကြီး ထွက်ပေါ် လာသည်။
ကောင်းကင်ဘုံကိုးပါးမှ ဒေါသများ ထွက်နေသကဲ့သို့ တုန်ဟည်းကာ ပင်လယ်ကြီး ရုတ်တရက် လှုပ်ခတ်သွား၏။
မျောက်ဝံဖြူ၏ နားစည်သည် စူးရှ နာကျင်လာကာ စိတ်ဝိညာဉ် ပြိုလဲလုနီးပါး တုန်ယင်နေခဲ့ချေပြီ။
သူ့ပခုံးအပေါ်တွင် ထိုင်နေသည့် အမျိုးသမီးသည်လည်း တဆတ်ဆတ်တုန်ကာ ကြယ်ပွင့်များ အမြင်အာရုံထဲပေါ်လာသည်။
ချက်ချင်းပင် မျက်နှာပြောင်းလျက် ထိုသက်ရောက်မှုလှိုင်းကို ချေဖျက်ရန် ခွန်အား ရှိသမျှကို အသုံးပြုလိုက်ရ၏။
“ အစ်ကိုကျိရန် ... မင်းဘာလို့ စိတ်ဆိုးနေရတာလဲ အမှောင်တွေအားနည်းပြီး နှစ်အနည်းငယ်အကြာမှာ လုံးလုံး ပျောက်ကွယ် သွားတော့မယ် ... ဒါဆို ငါတို့ဘာလို့ သူတို့ကို ကြောက်ရမှာလဲ ...
... တစ်ချိန်က မိုးပြာတိုက်ကြီးကို ... စိုးမိုးခဲ့တဲ့ မိုးကြိုးဘုရင်ကျိရန်ဆိုတာ ပြသရမယ် မဟုတ်လား ... မင်းဒဏ်ရာကနေ မသက်သာ သေးတာများလား။ ”
မီးမိစ္ဆာလီဟော်မှ တုန့်ပြန်၏။
“ မိုက်မဲတဲ့စကားတွေကို ရပ်လိုက်စမ်း ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ် ချန်ရစ်ခဲ့တဲ့ မွေးရာပါအရိုးဟာ အချိန်မတိုင်ခင် ပေါ်လာပြီ ...
... မင်းငါ့ကိုပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဒုက္ခကြုံလာတဲ့အခါ မင်းကိုကူညီဖို့ ငါစဉ်းစား ပေးနိုင်တယ်။ ”
ဝိညာဉ်သင်္ချိုင်း တောင်ကုန်းကြီးက အော်ဟစ်လာသည်။ သူ့အမည်မှာ မိုးကြိုးဘုရင် ကျိရန်လဲ့ ဖြစ်၏။
“ ဟား ဟား ဟား ... ငါပေးချင်ပါတယ် ဒါပေမယ့် အရိုးစားအဖိုးကြီးက သဘောမတူမှာ ကြောက်မိပါတယ်။ ”
ပြန်လမ်းမဲ့ကျွန်းလီဟော်မှ ပြန်ပြောသည်။ ထိုစကားကြောင့် သွေးမြူများ ရစ်သိုင်းနေသော အရိုးဖြူဘုံကျောင်းက၊
“ မင်းငါ့ကိုပေးရင် ဘာလို့ ငါသဘော မတူရမှာလဲ။ ”
-ဟု ချက်ချင်းတုန့်ပြန်၏။
“ ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်ရဲ့ အရိုးက တစ်ခုပဲရှိတယ် ... ငါပေးချင်ရင်တောင် ကြယ်အလင်းက သဘောတူမယ် မထင်ဘူး သူဒီမှာ ရှိနေတာကို မမေ့နဲ့။ ”
သူမ စကားကြောင့် ချက်ချင်း တိတ်ဆိတ်ကုန်တော့သည်။ ပင်လယ်လေပြေ များပင် ချွင်းချက်မရှိချေ။
၎င်းတို့ကြားတွင် မျောက်ဝံဖြူပေါ်ရှိ အမျိုးသမီးသည် အသက်အောင့်လျက် အဝေးမှ ကြယ်လှေထံ ခိုးကြည့်လိုက်၏။
ဤသည်မှာ ပြန်လမ်းမဲ့ကျွန်းလီဟော်မှ ရည်ညွှန်းနေခဲ့သော ကြယ်အလင်း ဖြစ်ပေမည်။ သူမ၊ အရိုးစားအဖိုးကြီးနှင့် မိုးကြိုးဘုရင်သည် ကြယ်လှေကို ကြောက်ပုံရ၏။
“ ငါ့အမြင်အရ မွေးရာပါအရိုးကို မျှဝေသင့်တယ် ... မဟုတ်ရင် နှစ်ဖက်စလုံး နာကျင်ရလိမ့်မယ်။ ”
လီဟော်မှ အကြံပြုပြောကြားလိုက်သည်။
“ ဒါက မင်းတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်။ ”
ဤအခိုက်တွင် ကြယ်လှေထံမှ အေးစက်ပြီးမောက်မာသော အသံ ထွက်ပေါ် လာလေသည်။ မီးမိစ္ဆာလီဟော်စကားများကို သဘောမတူချေ။
ထိုစကားလုံးလေးလုံးသည် အလွန် ကြောက်မက်ဖွယ် စွမ်းအားများ ပါရှိနေသကဲ့သို့ ကျန်သုံးယောက်ခမျာ တိတ်ဆိတ်တော့၏။
မျောက်ဝံဖြူပေါ်မှ အမျိုးသမီးက ချက်ချင်းစိတ်ဓာတ်ကျသွားသည်။ တန်ခိုးရှင် ဓားမျှော်စင်မှ ကျန်ရစ်ခဲ့သော ရတနာသည် ကမ္ဘာကြီး၏ အာရုံကိုဆွဲဆောင်နိုင်၏။
ကျွမ်းကျင်သူ အများအပြားသည် ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားကြ သကဲ့သို့ သူမသည်လည်း ခြွင်းချက်မရှိချေ။
သို့သော် ဤတားမြစ်ဇုန်လေးပါးမှ ထိုနည်းတူစွာပင် စောင့်မျှော်နေလိမ့်မည်ဟု မထင်ထားချေ။ တစ်စုံတစ်ဦးသာ လက်ဝယ် ရရှိခဲ့သော် ၎င်းတို့မှ သတ်ပေလိမ့်မည်။
ထိုအတွေးက ထွက်ပြေးချင်စိတ်များ ဝင်ရောက်လာစေ၏။ တစ်ဖက်ရှိ ကြောက်စရာ ကောင်းသော တားမြစ်ဇုန်လေးရပ်သည် သူမကိုမြင်ပြီးဖြစ်သည်။
သူမ ဟူသည် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူများကိုပင် ခေါင်းငုံ့စေနိုင်သော တည်ရှိမှုမျိုးဖြစ်သည်။
သို့သော် ဤလေးပါးအမြင်တွင် အရေးမပါသော ပိုးမွှာတစ်ကောင်အဖြစ်သာ လျစ်လျူရှု ခံထားရသည်။
လူတိုင်းသည် အတွေးကိုယ်စီဖြင့် ထိတ်လန့်စရာ ကောင်းလောက်အောင် ချက်ချင်း တိတ်ဆိတ်သွားတော့၏။
***