လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၂
Vol. 14 Ch. 195
“ချန်ရှောင်ဟူပါ”
“အင်း သားငယ်၅က မင်းကို အများကြီးယုံကြည်တာ သိသာပါတယ်။ ဒါပေမဲ့ မင်းရဲ့အင်အားက အရမ်းအားနည်းလွန်းတယ်။ မင်းပိုပြီး သန်မာလာချင်လား”
ချန်ရှောင်ဟူသည် အံ့အားသင့်သွားပြီး ထို့နောက် အမြန်ပြန်ဖြေသည်။
“ဟုတ်ကဲ့ ကျွန်တော်ဆန္ဒရှိပါတယ်”
ဖန်းရှစ်ကျုံးမှ လက်ကိုဝှေ့ယမ်းလိုက်ရာ လူတစ်ယောက် ချက်ချင်းရောက်လာသည်။ ထိုလူသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာထားတည်တင်းကာ အပြုံးအရယ်နည်းပါး၏။
ဤလူသည် ဖန်းရှစ်ကျုံး၏ သီးသန့်အစောင့်အရှောက်ဖြစ်သူ ဦးလေးဖူဖြစ်သည်။ ဖန်းရှစ်ကျုံး၏ အယုံကြည်ရဆုံးသူဖြစ်ပြီး ဖန်းရှစ်ကျုံး၏လုံခြုံရေးကို တာဝန်ယူသည်။
ငါးဖမ်းကုန်သည်အဖွဲ့တွင် ခြေကုပ်ရယူနိုင်ရန်အတွက် မည်သူပင်ဖြစ်စေ လူယုံတော်တစ်ယောက်၊ နှစ်ယောက်လိုအပ်ကြသည်ဖြစ်၏။ လူယုံတော်မရှိဘဲ တစ်ဦးတည်းရပ်တည်ပါက ခရီးသွားလာရေး အစောင့်အရှောက်၊ အစားအသောက်စစ်ဆေးခြင်း စသဖြင့် အကြောင်းအရာများစွာတို့၌ အဆင်မပြေဖြစ်နိုင်သည်။ လူတစ်ယောက်တွင် မိမိ၏ရည်မှန်းချက်များနှင့် အမှန်တကယ်ကိုက်ညီသည့် တစ်ယောက်ယောက်ရှိရန် လိုအပ်သည်။
“ဦးလေးဖူ၊ ဒီလူငယ်လေးက နောက်ရက်အနည်းငယ်အတွင်း ဦးလေးနောက် လိုက်လိမ့်မယ်။ သူ့ကို ကောင်းကောင်းသင်ပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”
ဖန်းရှစ်ကျုံးသည် ချန်ရှောင်ဟူ၏ ပခုံးကို ခပ်ဖွဖွပုတ်၍ ပြောသည်။
“ကောင်းကောင်းလေ့လာ။ ပြီးတော့ မှတ်ထား၊ ဒီလောကကြီးမှာ လူတစ်ယောက်က တစ်ယောက်တည်း မအောင်မြင်နိုင်ဘူး။ ကိုယ့်ကို ထောက်ပံ့အားပေးမယ့်သူ လိုအပ်တယ်။ ကျိုစစ် ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုတာ မင်းအတွက်လည်း အရေးကြီးတယ်။ နားလည်ရဲ့လား”
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”
ချန်ရှောင်ဟူမှ ပြန်တုံ့ပြန်သည်နှင့် ဖန်းရှစ်ကျုံးလည်း လှည့်ထွက်သွား၏။
ဦးလေးဖူမှ အနီးကပ်လာပြီး ပြောသည်။
“ငါနဲ့လိုက်ခဲ့”
ချန်ရှောင်ဟူသည် အမှောင်စွမ်းအင်အား နားလည်သိမြင်းခြင်းထဲတွင် နစ်မြုပ်နေဆဲဖြစ်သော ချန်ကျဲ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ဦးလေးဖူမှ ပြော၏။
“သူ့ကို အသိပေးမယ့် လူတစ်ယောက်ရှိပါလိမ့်မယ်။ ဒီနှစ်ရက်အတွင်း မင်း ငါနဲ့အတူ စံအိမ်ထဲမှာ နေရမယ်”
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ”
“ငါနဲ့လိုက်ခဲ့”
ထိုသို့ပြောပြီးနောက် ဦးလေးဖူသည် ရှောင်ဟူကို မနီးမဝေးရှိ ခြံဝင်းတစ်ခုထဲသို့ ခေါ်သွားခဲ့သည်။ ဖုန်းရှစ်ကျုံးတွင် သိမ်းငှက်၏ သတိနှင့် သစ္စာစောင့်သိမှုကို ဖော်ညွှန်းသည့် သိမ်းငှက်၁၂ကောင်ဟု အမည်ရသည့် အဖွဲ့သား၁၂ယောက်ပါရှိသော အစောင့်အရှောက်အဖွဲ့ရှိသည်။
ဖန်းရှစ်ကျုံးသည် အရင်က တံငါသည်တစ်ယောက်ဖြစ်ခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွင် ယခင်ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်းဟောင်း၏ တပည့်တစ်ယောက်ဖြစ်လာခဲ့ပြီး လက်ရှိအဆင့်အတန်းကို ရရှိခဲ့သည်။ ဖန်းရှစ်ကျုံးသည် သူ၏အစောင့်အရှောက်များကို သိမ်းငှက်ကဲ့သို့ သစ္စာစောင့်သိစေချင်သည်။ သူ၏အရေးကိစ္စများတွင် အကူအညီဖြစ်စေလိုသည်။ ထို့ကြောင့် အစောင့်အရှောက်၁၂ဦးအဖွဲ့ကို သိမ်းငှက်၁၂ကောင်ဟု ခေါ်ဆိုစေခဲ့ပြီး လင်းယုန်အစောင့်အရှောက်များဟုလည်း ခေါ်ဆိုကြသည်။
သူတို့သည် ဖန်းရှစ်ကျုံးမှ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားသူများဖြစ်ပြီး သူ၏သစ္စာအရှိဆုံး အစောင့်အရှောက်များလည်း ဖြစ်သည်။ အဖွဲ့သားတစ်ဦးစီတိုင်းသည် အမှောင်စွမ်းအင်အဆင့်ရှိကြ၏။ ဦးလေးဖူသည် အမှောင်စွမ်းအင်နှောင်းပိုင်းအဆင့်ဖြစ်သည်။ သို့သော် သူ၏အထုံပါရမီမှာ အားနည်းသောကြောင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ မတက်လှမ်းနိုင်ဘဲ ရှိနေသည်။
ဤနှစ်ပေါင်းများစွာအတွင်း၌ ဖန်းရှစ်ကျုံးသည် မြောက်များစွာသော လုပ်ကြံသတ်ဖြတ်မှုများကို ဖြတ်ကျော်ရှင်သန်နိုင်ခဲ့ခြင်းမှာ လင်းယုန်အစောင့်အရှောက်များကြောင့် ဖြစ်ပေသည်။
ဖန်းရှစ်ကျုံးသည် ရှောင်ဟူကို ဦးလေးဖူနှင့် အတူနေစေခြင်းမှာလည်း လေ့ကျင့်ပျိုးထောင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
သေချာပေါက်ပင် ဤသည်မှာ ရှောင်ဟူတစ်ယောက်တည်းအတွက် အထူးခံစားခွင့် မဟုတ်ပါချေ။ အရင်က ဖုန်းရွှမ်သည် သူ၏ယုံကြည်ရသော လူယုံနှစ်ဦးဖြစ်သည့် စစ်ရှီးနှင့် ဖချိုက်တို့ကို ပျိုးထောင်ခဲ့ဖူးသည်။
ကျန်းချွမ်သည်လည်း သူ၏ ယုံကြည်ရသောလူယုံဖြစ်သည့် ရှောင်သောက်ကို ပျိုးထောင်ဖူးသည်။
သို့သော် ညီ၃နှင့် ညီ၄တို့သည် သီးသန့်လူယုံများ လေ့ကျင့်ပျိုးထောင်ခြင်း မရှိပေ။ ယခု၌ မမျှော်လင့်စွာဖြင့် ချန်ကျဲ့သည် နှစ်ရက်အတွင်း နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရာ ဖန်းရှစ်ကျုံးအား ရှောင်ဟူကို လေ့ကျင့်ပျိုးထောင်ပေးရန် တိုက်တွန်းလှုံ့ဆော်မှု ဖြစ်စေခဲ့သည်။
လင်းယုန်အစောင့်အရှောက်တွေဆီကနေ သင်ကြားမှုကို ခံယူနိုင်မလားဆိုတာတော့ သူ့ရဲ့ကံကောင်းမှုအပေါ်မှာပဲ မူတည်တယ်။
ရှောင်ဟူသည် ဦးလေးဖူနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ချန်ကျဲ့သည် နေ့လယ်ခင်းရောက်မှသာ သိမြင်နားလည်ခြင်းအာရုံထဲမှ ဆာလောင်မှုနှင့်အတူ နိုးထလာခဲ့သည်။ ထို့နောက် အစောင့်တစ်ဦးသည် ချန်ကျဲ့အတွက် အစားအသောက်အချို့ ယူလာပေးပြီး ရှောင်ဟူသည် ခန်းမအရှင်သခင်၏ နှစ်ခြိုက်မှုကိုရရှိခဲ့ပြီး လက်ရှိတွင် ဦးလေးဖူထံတွင် သင်ယူနေကြောင်း အသိပေးလာသည်။
ချန်ကျဲ့သည် ဦးလေးဖူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိပေ။ သို့သော် အနီးရှိလူတစ်ယောက်မှ ပြုံးရယ်လျက် ပြော၏။
“ညီငယ်၅က တကယ့်ကို ကံကောင်းတာပဲ”
ချန်ကျဲ့ မော့ကြည့်လိုက်ရာ စာပေပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးသည် အပြုံးဖြင့် မိမိအနားသို့ ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရသည်။ ချန်ကျဲ့ ခဏတန့်သွားပြီးနောက် အမြန် အရိုအသေပြုလိုက်သည်။
“အစ်ကို၄”
ထိုအမျိုးသားမှာ ဖန်းရှစ်ကျုံး၏ လေးယောက်မြောက်မွေးစားသား တန်းကွမ်းမင်ဖြစ်သည်။
ထိုတန်းကွမ်းမင်၌ နောက်ထပ် အမည်ပြောင်တစ်မျိုး ရှိသေး၏။ ဝတ်ရုံဖြူစာပေပညာရှင် ဟူ၏။
တန်းကွမ်းမင်သည် စာပေပညာရှင်တစ်ဦးကဲ့သို့ အသွင်အပြင်ရှိသော်ငြား သားသတ်သမားတစ်ဦးဖြစ်သည်။ သို့သော် သူသည် စာပေလေ့လာရခြင်းကို နှစ်ခြိုက်သောကြောင့် ပညာဗဟုသုတရှိဟန်ဆောင်နေလေ့ရှိသည်။
ဤခေတ်ကာလ၌ စာပေပညာရှိများကို တန်ဖိုးမထားပေ။ တော်ဝင်နန်းတော်သည် အရာရှိရွေးချယ်ခြင်းအတွက် ခန့်ထားရန်အဆိုပြုခြင်းနည်းစနစ်ကို အသုံးပြုသည်။ ယခင် စုန့်မင်းဆက်ခေတ်၏ မြောက်များစွာသော စာပေပညာရှင်များသည် စားရမဲ့သောက်ရမဲ့ ဖြစ်လုနီးပါးအထိ ဆင်းရဲမွဲတေကုန်ကြသည်။ တန်းကွမ်းမင်သည် အသားများကို လူမသိအောင်ခိုးယူ၍ ရွာထဲရှိ စာပေပညာရှင်ဟောင်းများကို ကျွေးမွေးလေ့ရှိသည်။
စာပေပညာရှင်များသည် သူတို့ကို အသားကျွေးမွေးသည့် တန်းကွမ်းမင်ကို စာဖတ်နည်းသင်ပေးသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုမှတစ်ဆင့် သူ၏လက်ရှိပုံစံအထိ ဆင့်ကဲဖြစ်တည်လာခဲ့သည်။ ထိုစာပေပညာရှင်ကြီးများသည်လည်း တန်းကွမ်းမင်မှာ စာပေပညာရှင်တစ်ဦးအဖြစ် ပါရမီရှိသည်ဟု ဆိုကြသည်။
သို့ဖြင့် သိုင်းလောကသို့ ဝင်ရောက်ပြီးနောက်၌ တန်းကွမ်းမင်သည် မိမိကိုယ်ကိုယ် ဝတ်ရုံဖြူစာပေပညာရှင်ဟု ခေါ်ဆိုခဲ့သည်။
ချန်ကျဲ့သည် တန်းကွမ်းမင်နှင့် အပြန်အလှန် နှုတ်ဆက်လိုက်သည်။ တန်းကွမ်းမင်သည် အပြုံးဖြင့် ဆက်ပြော၏။
“ယဉ်ကျေးနေဖို့မလိုပါဘူး။ ညီငယ်၅ ဒီကိုရောက်နေတာ နှစ်ရက်ရှိနေပြီကို ငါတို့တွေ ထမင်းတစ်နပ် အတူမစားရသေးတာ ဒီအစ်ကို မကောင်းတာပါ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အစ်ကို၄ စိတ်ရှိတယ်ဆိုရင်ပဲ အသိအမှတ်ပြုနိုင်ပါပြီလေ။ တစ်နပ်လောက် လွဲချော်တာက ကိစ္စမရှိပါဘူးဗျာ”
သို့တိုင် တန်းကွမ်းမင်မှ ဆက်ပြောသည်။
“အာ ဒီလိုခမ်းနားထည်ဝါလှတဲ့ မျန့်ရွှေမြို့မှာ ဘယ်လိုများ ထမင်းတစ်နပ်ကို အတူမခံစားဘဲ နေသင့်ပါ့မလဲ။ ညီငယ်၅ မငြင်းပါနဲ့တော့။ မင်းဒီမှာစောင့်နေ၊ ငါ မွေးစားအဖေကို ကိစ္စတချို့ သွားတင်ပြပြီးရင် ဒီနေ့ည ညီငယ်၅အတွက် သေချာပေါက် တစ်ခုခုစီစဉ်ပေးမယ်”
“အာ ကျွန်တော် မိသားစုကို မပြောခဲ့ရသေးဘူး”
ထိုအခါ တန်းကွမ်းမင်မှ ပြောသည်။
“ကိစ္စမရှိပါဘူး။ ညီငယ်၅ရဲ့နေအိမ်က ငါ့ရဲ့အသီးအရွက်ဈေးကြီးမှာလေ။ ငါ လူတစ်ယောက်လွှတ်ပြီး ခယ်မလေးကို အကြောင်းကြားခိုင်းလိုက်မယ်”
“ငါ့ကိုစောင့်နေနော် သေချာပေါက် စောင့်နေနော်”
ထိုသို့ပြောလျက် တန်းကွမ်းမင်သည် သူ၏လူများကို ညွှန်ကြားလိုက်သည်။
“ညီငယ်၅ရဲ့ အိမ်ကိုသွားပြီး သခင်မကို ညီငယ်၅ ဒီနေ့ည အိမ်ပြန်နောက်ကျမယ်လို့ ပြောလိုက်ပါ။ ဒါမှမဟုတ် ဒီနေ့ည လုံးဝ အိမ်ပြန်မလာတာလည်း ဖြစ်နိုင်တယ်လို့။ သခင်မကို စိတ်မပူဖို့ သေချာလေး သွားပြောလိုက်”
“ဟုတ်ကဲ့”
အစ်ကို၄၏ လှိုက်လှဲစွာသော ဖိတ်ကြားမှုကို အတင်းအကျပ်ငြင်းဆန်ခြင်းသည် မလေးစားရာကျမည် စိုးသောကြောင့် အမှာစကားကို ခိုင်းစေလိုက်ချိန်တွင် ချန်ကျဲ့လည်း သူတို့ကို မဟန့်တားတော့ပေ။
နေ့လယ်ခင်းတွင် ချန်ကျဲ့သည် လုပ်စရာမရှိသောကြောင့် ခြံဝင်းထဲတွင် သိုင်းလေ့ကျင့်နေလိုက်သည်။ ညနေခင်းအစောပိုင်းတွင် သူ့ထံ အလျင်စလို ဦးတည်လာနေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုလူသည် ခြံဝင်းထဲသို့ ဝင်လာပြီး ချန်ကျဲ့ကို မြင်သောအခါ အော်ခေါ်သည်။
“ကျိုစစ်!”
ထိုလူမှာ ကျိုးချူဖြစ်၏။
ကျိုးချူသည် အားရပါးရရယ်မော၏။
“ကျိုစစ်ရေ ဟားဟား ငါနောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ။ ငါတို့ရဲ့ ဒုတိယသခင်မက တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေလို့လေ။ ငါတောင်းပန်တယ်ကွာ တကယ်တောင်းပန်တယ်”
ချန်ကျဲ့ တွန့်ဆုတ်နေခဲ့၏။
“ဒုတိယသခင်မကျိုး မင်းရဲ့ဇနီးက ဒုတိယသခင်မလား”
“အင်း သူက မိသားစုထဲမှာ ဒုတိယအကြီးဆုံးလေ.. ဆိုတော့ ဒုတိယသခင်မပေါ့။ အာ မင်းရဲ့အဲဒီမျက်နှာထားက ဘာကြီးတုန်း?”
ချန်ကျဲ့ ခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။
“ငါမင်းရဲ့ ယောက္ခမရဲ့မျိုးရိုးနာမည်ကို မေးကြည့်လို့ရမလား”
“မင်းငါ့ကို လာနောက်နေတာလား။ ငါ့အမှားပါ။ ငါမင်းကို ငါက ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း ခေါင်းဆောင်ဟောင်းစွင်းပုအာရဲ့ သားမက်ဆိုတာကို ဖုံးကွယ်မထားခဲ့သင့်ဘူး။ ဒါပေမဲ့ မင်းလည်း မမေးခဲ့ဘူးလေ ဟုတ်တယ်မလား။ မင်း အဲဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်လည်း အဲဒါက မင်းအမှားလည်း ပါတာပဲလေနော် ညီနောင်ရဲ့”
စာစဉ်ပြီး၏