← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?

Vol. 14 Ch. 194

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?

Vol. 14 Ch. 194

မနက်စောစောတွင် ချန်ကျဲ့နှင့် ရှောင်ဟူတို့နှစ်ဦးသည် မနက်စာစားရန် အပြင်ထွက်လာခဲ့ကြသည်။

တို့ဟူးဆိုင်၏ စီးပွားရေးလုပ်ငန်းမှာ စည်ကားနေဆဲပင်။

ခေါက်ဆွဲပူပူကို စားသောက်ပြီးနောက်၌ သူတို့နှစ်ဦးသည် အိမ်အတွက် ပေါက်စီအချို့ ဝယ်ယူခဲ့သည်။ ထိုအချိန်တွင် စူးယွင်ကျင်းမှာ နိုးနေလေပြီ။ သူတို့နှစ်ဦး မနက်စာဝယ်ယူရန် ထပ်မံ၍ ထွက်ခွာသွားခဲ့ပြန်သည်ကို မြင်သောအခါ စူးယွင်ကျင်းမှ ပြောသည်။

“နောက်ကို မဝယ်နဲ့တော့။ ကျွန်မ ရှင်တို့အတွက် စောစောထပြီး ချက်ပေးပါ့မယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အဲဒါဆို မင်းအတွက် ပင်ပန်းမှာပေါ့”

“ဟုတ်တယ် မရီး၊ မရီးအတွက် ဒုက္ခများပါတယ်”

ရှောင်ဟူလည်း ပြောလာရာ စူးယွင်ကျင်းမှ ပြောသည်။

“ကျွန်မတို့က အခုမှ မြို့ကိုရောက်လာတာ၊ လက်ထဲမှာလည်း ပိုက်ဆံက အများကြီးရှိတာမဟုတ်ဘူး။ အဲဒါကြောင့် ကျွန်မတို့ ပိုက်ဆံကို စုဆောင်းထားဖို့လိုတယ်။ ကိုယ်တိုင်ချက်တာက ပိုအကုန်အကျသက်သာတယ်လေ”

“မလိုပါဘူး မရီးရဲ့၊ ကျွန်တော့်မှာ ပိုက်ဆံရှိ…”

ရှောင်ဟူ၏စကား မဆုံးမီ၌ပင် စူးယွင်ကျင်းမှ ကြားဖြတ်ပြောသည်။

“ဟူဇစ် မင်းက အိမ်ထောင်မပြုရသေးဘူး။ မင်းက ပိုလို့တောင် ပိုက်ဆံစုဆောင်းထားဖို့ လိုအပ်သေးတယ်။ ကိုယ်ပိုင်မိသားစုတစ်ခု ထူထောင်တဲ့အခါကျ သုံးစွဲကုန်ကျစရာတွေ အများကြီးရှိလာမှာ”

ရှောင်ဟူမှ ပြန်ပြောချင်သော်ငြား ချန်ကျဲ့က သူ့ကိုတားလိုက်ပြီး ပြောသည်။

“ကောင်းပြီလေ ရှင်မ၊ ဒါဆိုရင်တော့ ကိုယ်တို့ မင်းကိုပဲ ဒုက္ခများစေရတော့မယ်”

“ဒုက္ခမများပါဘူး။ ချက်ပြုတ်တာက ကျွန်မတို့အမျိုးသမီးတွေ လုပ်သင့်တာပဲလေ”

ရွေ့ရွေ့သည် ဝက်သားပေါက်စီကြီးကိုကြည့်လျက် ပြောလာသည်။

“မမ.. မမ ချက်ပေးမှာဆိုရင် ရွေ့ရွေ့တို့ အသားစားရဦးမှာလား”

“ဘယ်လိုမိသားစုမျိုးက နေ့တိုင်း အသားစားလို့လဲ။ ကိုယ့်ပေါက်စီပဲ စား‌နေစမ်းပါ”

“အွန်း”

ရွေ့ရွေ့သည် မတရားဟု ခံစားနေရသော်ငြား ဘာမှထပ်မပြောရဲပေ။

ချန်ကျဲ့သည် လွန်စွာမှ ဝမ်းနည်းသွားသော်ငြား ဘာမျှမပြောသည့် အစားပုပ်ကလေးကို ကြည့်နေခဲ့သည်။ မနက်စာစားပြီးနောက်တွင် ချန်ကျဲ့သည် စူးယွင်ကျင်းကိုခေါ်၍ ငွေဆယ်တုံးပေးလိုက်သည်။

“ရှင်မ ဒီပိုက်ဆံကို ယူထားလိုက်။ အခုကစပြီး မင်း လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့အတွက် လိုအပ်လိမ့်မှာ”

စူးယွင်ကျင်းသည် နားထောင်ပြီးနောက် ပြောသည်။

“ယောက်ျား ဒီပမာဏက များလွန်းတယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အဲဒီလောက်တော့ လိုအပ်တယ် ရှင်မရဲ့။ နားထောင်နော် နေ့တိုင်း အသားနည်းနည်း ဝယ်လိုက်ပါ။ ရွေ့ရွေ့က ကြီးထွားနေတဲ့အချိန်လေ။ ပြီးတော့ ဟူဇစ်နဲ့ ကိုယ်ကလည်း သိုင်းပညာလေ့ကျင့်နေကြတဲ့သူတွေလေ။ ငါတို့က အများကြီးစားကြတယ်။ ငါတို့မှာ အားအင်ဖြည့်တင်းဖို့အတွက် အသားမစားရရင် ငါတို့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ထိုအခါ စူးယွင်ကျင်းသည် တိတ်ဆိတ်သွား၏။ ထို့နောက် ချန်ကျဲ့မှ ဆက်ပြောသည်။

“ပြီးတော့လည်း ပြောင်းဆန် ဒါမှမဟုတ် လေးလံတဲ့ပစ္စည်းတွေ ဝယ်ရမယ်ဆိုရင် ကိုယ်နဲ့ ဟူဇစ် ပြန်လာတာ‌ကို စောင့်ပါ။ မင်းတစ်ယောက်တည်း သယ်နိုင်မှာမဟုတ်ဘူး”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အင်း ကျွန်မ နားလည်ပါတယ်”

ထိုအချိန်တွင် ချန်ကျဲ့သည် ဇနီးဖြစ်သူ၏ အရိုးမရှိသည့်အလား နူးညံ့သည့် လက်ကလေးကိုကိုင်၍ ပြောသည်။

“ရှင်မ ကိုယ်တို့ရဲ့လက်ရှိဘဝက ရွာတုန်းကနဲ့ မတူတော့ဘူး။ မင်းအနေနဲ့ အိမ်တွင်း၊ အိမ်ပြင်ကိစ္စအားလုံးကို စီမံခန့်ခွဲရမှာ။ မင်းပင်ပန်းရလိမ့်မယ်”

“အင်း! အဆင်ပြေပါတယ်။ ကျွန်မ လုပ်နိုင်ပါတယ်”

စူးယွင်ကျင်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်သည်။ သူမသည်လည်း ခင်ပွန်းသည်အတွက် အထောက်အပံ့ကောင်းဖြစ်ပေးနိုင်သည့် ဇနီးတစ်ယောက်ဖြစ်လာရန် ကြိုးစားလိုသည်။

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ရှောင်ဟူကိုခေါ်၍ ကျားဖြူခန်းမသို့ ထွက်လာခဲ့သည်။

ကျားဖြူခန်းမသို့ရောက်သောအခါ ခန်းမတွင် အနီရောင်မီးပုံးများ၊ စာတန်းပါအလံများဖြင့် စတင်အလှဆင်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ အလွန်တရာ ပွဲတော်ဆန်ပေသည်။

ဖန်းရှစ်ကျုံးမှ သားမွေးစားတော့မည်ဖြစ်ရာ ၎င်းသည် သေချာပေါက် ပွဲတော်ကျင်းပသင့်သည့် အကြောင်းအရာဖြစ်ပေသည်။

ချန်ကျဲ့ရောက်သောအခါ လျော့ရဲရဲဝတ်ရုံကို ဝတ်ဆင်ထားပြီး နောက်မှီကုလားထိုင်တွင် ပျင်းရိပျင်းတွဲထိုင်နေသည့် ဖန်းရှစ်ကျုံးကို မြင်တွေ့ရသည်။ ဖန်းရှစ်ကျုံးသည် လက်တွင် ခရမ်းရောင် သဲလက်ဖက်ရည်အိုးကို ကိုင်ထားပြီး လက်ဖက်ရည်အိုးကို နှုတ်ခမ်း‌တေ့၍ တစ်ငုံချင်း သောက်နေသည်။ သူ၏ဘေးတွင် အစိမ်းရောင်သာလိကာထည့်ထားသည့် လှောင်အိမ်တစ်ခု ချထား၏။

သိုင်းလောကရှိ သူဌေးကြီးများ၏ဘဝသည် လူတို့စိတ်ကူးထားသကဲ့သို့ တိုက်ခိုက်သတ်ဖြတ်ခြင်းများသာ ရှိနေသည် မဟုတ်ပေ။ မိမိဘာသာ တစ်ဦးတည်းမွေ့လျော်ရင်းဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိကြသည်။

“မွေးစားအဖေကို ဂါရဝပြုပါတယ်”

ချန်ကျဲ့ ဖန်းရှစ်ကျုံးကို အရိုအသေပြုလိုက်သည်။ ဖန်းရှစ်ကျုံးသည် သူ့ကိုတစ်ချက်ကြည့်လာပြီး ပြောသည်။

“သားငယ်၅ မြို့ပေါ်ရဲ့ နေထိုင်မှုပုံစံနဲ့ ကောင်းကောင်းကျင့်သားရနေရဲ့လား”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ကျင့်သားရအောင် ညှိယူနေပါတယ်”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်အိုးကို ချထားလိုက်ပြီး ပြောသည်။

“သားငယ်၅ ကိုယ်ကိုလှည့်ပြစမ်းပါဦး၊ ငါကြည့်စမ်းပါရစေ”

ချန်ကျဲ့ တွန့်ဆုတ်သွားသော်ငြား နာခံစွာဖြင့် တစ်ပတ်လှည့်ပြလိုက်သည်။ ဖန်းရှစ်ကျုံးသည် မေးကိုပွတ်သပ်လျက် ပြောသည်။

“မင်း အဆင့်တက်လှမ်းသွားပြီပဲ”

“ဟုတ်ပါတယ် မွေးစားအဖေ၊ ကျွန်တော် ကံကောင်းပြီး အဆင့်တက်လှမ်းနိုင်ခဲ့ပါပြီ”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြုံးလိုက်သည်။

“အမ်း မဆိုးဘူးပဲ။ ငါက မင်းအဆင့်တက်လှမ်းဖို့ကို အနည်းဆုံးတော့ မနက်ဖြန်လောက်အထိ အချိန်ယူမယ်ထင်ထားတာ။ မင်းက ငါထင်ထားတာထက် ပိုပြီး ကြိုးစားမှုရှိတာပဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော့်မှာ တခြားဘာမှလုပ်စရာမရှိတော့ သိုင်းလေ့ကျင့်နေလိုက်တာ”

“လာ ငါ့လက်ဖဝါးကို တွန်းကြည့်”

ဖန်းရှစ်ကျုံးမှ လက်မြှောက်လိုက်သည်။ ချန်ကျဲ့သည် အနည်းငယ် ထိတ်လန့်သွားသော်ငြား နာခံစွာဖြင့် လက်ဖဝါးဖြင့် တွန်းလိုက်မြဲပင်။

ရိုက်ချက်တစ်ချက်ဖြင့် ဤသည်မှာ သူတို့၏ ပထမဆုံးလက်ဝါးရိုက်ချက် ထိခတ်ခြင်းဖြစ်သည်။ ချန်ကျဲ့မှ ပြီးဆုံးသွားပြီဟု သိလိုက်ချိန်တွင် ရုတ်တရက်ပင် ဖန်းရှစ်ကျုံး၏လက်ဖဝါးမှ ဒုတိယအကြိမ် တိုက်ခိုက်မှုအတွက် ပုန်းကွယ်နေသည့် အင်အားတချို့ကို ထုတ်လွှတ်လာသည်။

ချန်ကျဲ့ ထိတ်လန့်သွားစဉ် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါ့ကို ပြန်တုံ့ပြန်”

ချန်ကျဲ့သည် စိတ်ကို တည်ငြိမ်စေလိုက်ပြီး ဖန်းရှစ်ကျုံး၏လက်ဖဝါးနှင့် ဟန်ချက်ညီရန် ကြိုးပမ်းလိုက်သည်။

တဖြည်းဖြည်းနှင့် ချန်ကျဲ့သည် သူအရင်က မခံစားခဲ့ဖူးသည့် စွမ်းအင်တစ်မျိုးကို ခံစားလာရသည်။ အရွတ်နှင့်အရိုးများအတွင်း ပုန်းကွယ်နေသည့် စွမ်းအင်တစ်မျိုးဖြစ်သည်။

အမှောင်စွမ်းအင်!

ချန်ကျဲ့ ရုတ်ချည်းနားလည်သွား၏။

ဒါက အမှောင်စွမ်းအင်လား။

သိုင်းပညာဂိတ်တံခါးကြီးလေးခု: အရေပြား၊ အသွေးအသား၊ အရွတ်၊ အရိုး။

အရေပြားသန့်စင်ခြင်းအဆင့်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တို့ကို မင်ကျင့်အဆင့်ဟု ခေါ်သည်။

နွဲ့ပျောင်းအရွတ်အဆင့်နှင့် သံမဏိအရိုးအဆင့်တို့ကို အမှောင်စွမ်းအင်အဆင့်ဟု ခေါ်ကြသည်။

အဲဒီတော့ ဒီလိုကိုး! အမှောင်စွမ်းအင်က အရွတ်နဲ့ အရိုးတွေကြားမှာ ပုန်းကွယ်နေတဲ့စွမ်းအင်ပဲ။ အရေပြားသန့်စင်ခြင်းအဆင့်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ အသုံးပြုတဲ့ ကြမ်းတမ်းတဲ့ အခြေခံအဆင့်စွမ်းအင်နဲ့ ကွာခြားတာပဲ။

ပြီးတော့ အမှောင်စွမ်းအင်က အရွတ်နဲ့အရိုးတွေကနေ ပေါ်ထွက်လာတဲ့အင်အားပဲ… လတ်စသတ်တော့ ဒီလိုကိုး!

မကြာသေးမီကမှ နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းပြီးခဲ့သည် ချန်ကျဲ့သည် အမှောင်စွမ်းအင်အဆင့် စွမ်းအင်ကို အသက်မသွင်းရသေးပေ။ ဖန်းရှစ်ကျုံး၏လက်ဖဝါးသည် ချန်ကျဲ့၏အာရုံထဲသို့ ရုတ်ချည်းဝင်ရောက်သွားပြီး ချန်ကျဲ့အား ပိုမိုသိရှိနားလည်သည့် ခံစားချက်ကို ခံစားမိစေသည်။

ဖန်းရှစ်ကျုံးမှ ထရပ်လိုက်သည့်တိုင် ချန်ကျဲ့သည် အတွေးထဲ နစ်မြောနေဆဲပင်။

ဖန်းရှစ်ကျုံး၏ ထိုလက်ဖဝါးရိုက်ချက်သည် ချန်ကျဲ့အား အမှောင်စွမ်းအင် အသုံးပြုနည်းကို သင်ကြားပေးခြင်းဖြစ်သည်။ သို့ဖြင့် မသိနားမလည်ဘဲ လေ့ကျင့်နေရမည့် အနည်းဆုံး အချိန်တစ်လခန့်ကို သက်သာသွားစေသည်။

ဤသည်မှာ သင်ပြပေးမည့်သူရှိခြင်း၏ အားသာချက်ဖြစ်သည်။ တစ်ချက်မျှ ထောက်ပြလိုက်ခြင်းသည် စူးစမ်းလေ့လာနေရမည့် ရှည်ကြာသည့်အချိန်တို့ကို သက်သာစေနိုင်၏။

အမှောင်စွမ်းအင်ကို အသုံးပြုရန်မှာ မခက်ခဲပေ။ စွမ်းအင်ထုတ်သုံးသည့်နည်းလမ်းကို သိရှိရန်သာ လိုအပ်၏။ သို့သော် ကျွမ်းကျင်သူ၏ လမ်းညွှန်ပြသမှုမရှိပါက ကျင့်ကြံမှုလမ်းစဉ်တစ်လျှောက် လမ်းလွဲမှုများစွာကြုံတွေ့ပြီး ဤသို့နည်းလမ်းကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။ ၎င်းကိုတစ်လအတွင်း နားလည်ခြင်းသည် ဉာဏ်ရည်ထက်မြက်သူဟု ဆိုနိုင်ပေသည်။

ချန်ကျဲ့သည် ထိုနေရာတွင်ရပ်၍ အတွေးထဲနစ်မြုပ်နေလျက် သူ၏ကိုယ်တွင်းရှိ အမှောင်စွမ်းအင်ကို ခံစားကြည့်နေသည်။

တစ်ဖက်တွင်လည်း ချန်ကျဲ့၏ဘေးတွင် ရပ်နေသည့် ရှောင်ဟူသည် ချန်ကျဲ့ကို နှိုးရန်ပြင်သည်။ သို့သော် ဖန်းရှစ်ကျုံး၏တားမြစ်ခြင်းကို ခံလိုက်ရသည်။

“သူ့ကို မနှောင့်ယှက်လိုက်နဲ့”

ရှောင်ဟူ ရပ်သွား၏။ ထို့နောက် ဖန်းရှစ်ကျုံးသည် ရှောင်ဟူကိုကြည့်‌၍ မေးသည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ”

All Chapters