နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၂
Vol. 14 Ch. 183
ဖန်းရှစ်ကျုံးမှ ပြောသည်။
“မင်းကို နီမန့်ဇစ် သင်ပေးခဲ့တာလား”
ချန်ကျဲ့ ဘာမှပြန်မပြောပေ။ သို့သော် ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။
“အမ်း ငါသိနေပြီးသားပါ။ တကယ်တမ်းကျ အဲဒါက ကိစ္စမရှိပါဘူး။ ငါ နီမန့်ဇစ်ရဲ့လှုပ်ရှားမှုတွေကို သတိထားမိတယ် ပြီးတော့ အမှန်အတိုင်းပြောရရင် သူက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ဘာမှသက်ဆိုင်မနေဘူးလေ။ ငါတို့က တော်ဝင်တရားရုံးတော်ရဲ့ တရားစီရင်မှုအောက်မှာ ရှိနေတာဆိုပေမဲ့ အဆုံးသတ်ကျတော့လည်း ငါတို့က တစ်ဖွဲ့တည်းသားတွေမှ ဟုတ်မနေတာပဲ”
“တော်ဝင်တရားရုံးတော်ရဲ့ ဆင့်ဆိုမှုကို မလိုက်နာလို့ မရနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့မွေးစားအဖေက နီမန့်ဇစ်အပေါ်မှာ လေးစားနေဆဲပဲ။ ဒီလောက်ဆို လုံလောက်ပြီ”
“မင်းအနာဂတ်မှာ ရေထိန်းချုပ်လက်ဝါးသိုင်းကို စိတ်ချလက်ချ အသုံးပြုနိုင်တယ်။ တစ်ယောက်ယောက်က မှတ်မိသွားရင်တောင် ကိစ္စမရှိဘူး။ ငါမင်းကို သင်ပေးတာလို့ပဲပြောလိုက် ဘာမှပြဿနာရှိမှာ မဟုတ်ဘူး”
ထိုအခါ ချန်ကျဲ့သည် စိတ်ရင်းအပြည့်ဖြင့် လက်သီးယှက်အရိုအသေပြုလိုက်သည်။
“မွေးစားအဖေကို ကျေးဇူးတင်ပါတယ်”
ဖန်းရှစ်ကျုံး၏စကားများသည် ချန်ကျဲ့အတွက် ကြီးမားသည့် အကူအညီဖြစ်ပေသည်။ သူ၏ပြိုင်ဘက်များ ပိုမိုအားကောင်းလာသည်နှင့်တစ်ပြိုင်နက် ရေထိန်းချုပ်လက်ဝါးသိုင်းကို ဖုံးကွယ်ထားနိုင်မည့် အခွင့်အရေးမှာ ပို၍နည်းပါးလာနိုင်ပေသည်။
သို့သော် ဖန်းရှစ်ကျုံး၏ခွင့်ပြုချက်ကို ရရှိထားပါက ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုရာ၌ အများကြီးစိုးရိမ်နေရန် မလိုအပ်တော့ပေ။ ဖန်းရှစ်ကျုံးသည် သူ၏နောက်ခံအဖြစ် ရှိနေမည်ဖြစ်ပေသည်။
ချန်ကျဲ့ ဖန်းရှစ်ကျုံးအား ရုတ်ချည်း ကျေးဇူးတင်စကားဆိုလိုက်သည်။
ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။
“ကောင်းပြီ၊ အခု အလုပ်ကိစ္စအကြောင်း ပြောကြရအောင်၊ ငါ့ကို မင်းရဲ့အင်အားကို ပြသပေးလိုက်တော့။ ငါ့ကို မင်းရဲ့ အင်အားအကြီးမားဆုံး လက်ဝါးရိုက်ချက်နဲ့ တိုက်ခိုက်ပါ”
ချန်ကျဲ့သည် ဖန်းရှစ်ကျုံးအား ယန်ချွမ်ကျင့်စဉ်ကို အသုံးမပြုဘဲ ရေထိန်းချုပ်လက်ဝါးသိုင်းကို အင်အားအပြည့်သုံး၍ တိုက်ခိုက်ရန် စဉ်းစားလိုက်သည်။ ဖန်းရှစ်ကျုံးသည် သူ့အပေါ် ကောင်းမွန်စွာဆက်ဆံသည့်တိုင် ချန်ကျဲ့သည် တချို့အရာများကို မိမိတစ်ဦးတည်းသိထားသည့် လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် ရွေးချယ်ခဲ့သည်။
ချန်ကျဲ့သည် သူ၏အင်အားအလုံးစုံ၏ ၈ပုံကို တိုက်ခိုက်ရန် အသုံးပြုပြီး ၂ပုံကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် အသုံးပြုသည်။
၎င်းသည် သူ၏မွေးစားအဖေကိုလည်း သက်ရောက်၏။
[ရေထိန်းချုပ်လက်ဝါးသိုင်း!]
ဖြန်း!
ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် ဖန်းရှစ်ကျုံး၏ကိုယ်ပေါ်သို့ အားပြင်းပြင်းကျရောက်သွားသည်။ ဖန်းရှစ်ကျုံးသည် လက်နှစ်ဖက်နောက်ပစ်လျက် ပြန်မခုခံပေ။ သို့သော် သူ၏လက်ဝါးရိုက်ချက် ဖန်းရှစ်ကျုံးကို ထိသွားချိန်တွင် ရုတ်တရက် နူးညံ့ညင်သာသည့်အင်အားအဖြစ် ပျက်ပြယ်သွားကြောင်း ချန်ကျဲ့ သတိထားမိလိုက်သည်။
ချန်ကျဲ့ အံ့အားသင့်သွား၏။ ဤမျှ နက်နဲဆန်းကြယ်လှသည့် အတွင်းအား၊ ဤမျှ ကောင်းမွန်လှစွာသော ထိန်းညှိပျက်ပြယ်စွမ်းရည်.. ဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အင်အားလား။
ဖန်းရှစ်ကျုံးမှ ခပ်ဖျော့ဖျော့ ခေါင်းညိတ်၏။
“မင်းရဲ့ လက်သီးနဲ့ခြေထောက်စွမ်းရည်တွေက ပြည့်စုံလုံလောက်မှုရှိတယ်။ အခု လက်နက်နဲ့ လေ့ကျင့်ကြတာပေါ့”
“လက်နက်လား”
ချန်ကျဲ့ တွန့်ဆုတ်တွေဝေသွား၏။ ဖန်းရှစ်ကျုံးမှ ပြောသည်။
“အရင်ဆုံး လက်သီး၊ ပြီးရင် ခြေ၊ အဲဒါပြီးရင် လုံးထွေးသတ်ပုတ်၊ ပြီးရင် နောက်ဆုံးကတော့ လက်နက်– အတွင်းအားကျင့်ကြံခြင်းရဲ့ ကဏ္ဍ၅ခုကို ပေါင်းစည်းခြင်းပဲ”
“အဲဒီကဏ္ဍ၅ခုက သိုင်းပညာရှင်တစ်ယောက် ကျိန်းသေပေါက် သင်ယူရမယ့်အရာတွေပဲ။ တစ်ခုချင်းစီတိုင်းက နက်နဲသိမ့်မွေ့ပြီး အရမ်းအသုံးဝင်တယ်”
“အထူးသဖြင့် ငါတို့လို ကုန်သည်အဖွဲ့နဲ့ ရောနှောနေတဲ့သူတွေအတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းတွေက ရှောင်လွှဲလို့ မရနိုင်ဘူးလေ”
“အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လက်နက်အသုံးပြုနည်းကို သင်ယူသင့်တယ်”
ထိုအခါ ချန်ကျဲ့သည် နားလည်ကြောင်း ခပ်ဖျော့ဖျော့ခေါင်းညိတ်သည်။
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ငါ့နောက်လိုက်ခဲ့”
ထို့နောက် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို အနောက်ခြံဝင်းထဲရှိ သီးသန့်စံအိမ်ငယ်တစ်ခုသို့ ခေါ်ဆောင်သွားသည်။ စံအိမ်ငယ်ထဲတွင် အမျိုးမျိုးသော ရှုပ်ထွေးသည့် စက်ယန္တရားများ ရှိနေသည်။ မှားယွင်းထိမိပါက အသိပေးချက်ပွင့်သွားစေလိမ့်မည်။
နောက်ဆုံးတွင်တော့ သီးသန့်စက်ယန္တရားတစ်ခုဆီသို့ ရောက်ရှိခဲ့သည်။
ဖန်းရှစ်ကျုံးမှ အဆင့်ဆင့်လည်ပတ်စေပြီးနောက်တွင် စက်ယန္တရားသည် တဂျစ်ဂျစ် တဂျောက်ဂျောက်အသံများဖြင့် သက်ဝင်လှုပ်ရှားလာပြီး စံအိမ်ငယ်၏နံရံများ ပွင့်လာခဲ့သည်။
အထဲတွင် အဝါရောင်စာအုပ်များ ရှိနေသည်။
ချန်ကျဲ့ သေချာကြည့်ရှုလိုက်ရာ ထိုစာအုပ်များမှာ လျှို့ဝှက်သိုင်းကျမ်းများဖြစ်ကြောင်း သိလိုက်ရသည်။
နံရံတွင် စီတန်းထားရှိသည့် ထိုလျှို့ဝှက်သိုင်းကျမ်းများမှာ ဒါဇင်ခန့်ရှိလောက်ပေမည်။
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ဒါက ကျားဖြူခန်းမရဲ့ အထွတ်အမြတ်အထားရဆုံးနေရာဖြစ်တဲ့ ‘ကျမ်းစာ စံအိမ်'ပဲ”
ဖန်းရှစ်ကျုံးမှာ နောက်ပြောင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။ ခြုံငုံသုံးသပ်ကြည့်သော် ကျမ်းစာစံအိမ်သည် ရှောင်လင်ဂိုဏ်း၏ အထွတ်အမြတ်နေရာဖြစ်ပြီး ၎င်းစံအိမ်၏ ခမ်းနားကြီးကျယ်မှုမှာ ဤနေရာဖြင့် မည်သို့မျှ နှိုင်းယှဉ်မရနိုင်ပါချေ။
ဖန်းရှစ်ကျုံး၏ ကျမ်းစာစံအိမ်သည် ‘ဟာသပြက်လုံး’ဟူသည့် ဒြပ်တစ်မျိုး သိသိသာသာ ပါဝင်နေပေသည်။
သို့သော် ဤစံအိမ်သည် ဟာသပြက်လုံးဖြစ်လျှင်သော်မှ နံရံတွင်စီတန်းထားသည့် လျှို့ဝှက်သိုင်းကျမ်းများသည် အံ့အားသင့်ဖွယ်ဖြစ်နေဆဲဖြစ်ကာ ဤနေရာသည် အမှန်တကယ်လည်း ကျားဖြူခန်းမ၏ အထွတ်အမြတ်သောနေရာ ဖြစ်ပေသည်။
ကျားဖြူခန်းမသည် ဤသိုင်းကျမ်းများဖြင့် အရည်အချင်းရှိသူများကို အဆက်မပြတ် မွေးထုတ်နိုင်သည်။
ထို့ပြင် အရည်အချင်းရှိသူများနှင့် ကိုက်ညီသည့် သိုင်းပညာကိုလည်း ထောက်ပံ့နိုင်သည်။
ရွာသားများကို ဘိုးဘေးကြီးလက်သီးသိုင်းသာလျှင် ကျင့်ကြံစေနိုင်သည့် ချန်ကျဲ့နှင့် အခြေအနေ မတူပေ။
မည်သို့ပင်ဖြစ်စေ လျှို့ဝှက်သိုင်းကျမ်းများကို လေ့ကျင့်ခြင်းဟူသည် မလွယ်ကူနိုင်ကြောင်း ချန်ကျဲ့သိသည်။ ဖန်းရှစ်ကျုံးသည် အခြားသူများကို အကျိုးမရှိဘဲနှင့် သူ၏တစ်သက်တာ ကြိုးစားအားထုတ်မှုများကို ထုတ်ပေးလိမ့်မည် မဟုတ်ပေ။
ဤလျှို့ဝှက်သိုင်းကျမ်းများသည် ချင်မင်းဆက်ခေတ်နှင့် ဟန်မင်းဆက်ခေတ်များက လျှို့ဝှက်ဂိုဏ်းအဖွဲ့အစည်းကြီးများ သိုင်းပညာရှင်ကြီးများမှ ထိန်းသိမ်းထားရှိကြခြင်း ဖြစ်သည်။
လျှို့ဝှက်သိုင်းကျမ်းများသည် သူတို့၏တည်ရှိမှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့်ရတနာလည်း ဖြစ်သည်။
ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ တုံ့ပြန်မှု မျက်နှာအမူအရာကို အတော်လေး စိတ်ကျေနပ်သည်။ ထိုသိုင်းကျမ်းများသည် သူ၏ဆရာဖြစ်သူနှင့် သူကိုယ်တိုင်အပါအဝင် မျိုးဆက်နှစ်ဆက် စုဆောင်းခဲ့ရသော မိသားစုအမွေအနှစ်များ ဖြစ်၏။ နန်ပါးထျန်းပင်လျှင် ဤအမွေအနှစ်ကို မဆက်ခံခဲ့ရပေ။
“ကဲ ကျိုစစ်၊ မင်းရွေးချယ်လိုက်။ ငါ့ရဲ့မွေးစားသားအနေနဲ့ ဒီထဲက သိုင်းကျမ်းတစ်ခုကို ရွေးယူနိုင်တယ်။ ဒီမွေးစားအဖေက မင်းကို လက်ဆောင်ပေးတာပေါ့လေ”
ထိုအခါ ချန်ကျဲ့လည်း စတင်၍ သေချာကြည့်ရှုသည်။ လက်သီးနှင့်ခြေကွက်သိုင်းကျမ်း ၃၄အုပ်အပြင် ရေထိန်းချုပ်လက်ဝါးသိုင်းကျမ်း တစ်ဝက်လည်း အမှန်တကယ် ရှိနေပေသည်။ ရေထိန်းချုပ်လက်ဝါးသိုင်းသည် စုစုပေါင်းသိုင်းကွက် ၂၄ကွက်ရှိသော်ငြား ဖန်းရှစ်ကျုံး၏ ကျမ်းစာအုပ်တွင်မူ ၁၂ကွက်သာ ရှိသည်။
ချန်ကျဲ့သည် စိတ်ရှုပ်ခံ၍ ဆက်ကြည့်မနေတော့ဘဲ လျှို့ဝှက်သိုင်းကျမ်းများ၏ လက်နက်ပိုင်းကို ချက်ချင်း အကြည့်လွှဲလိုက်သည်။ လက်နက်ပိုင်းဆိုင်ရာသိုင်းကျမ်းမှာ ၂၀ခန့်သာ ရှိ၏။
ထိုသိုင်းကျမ်းများထဲတွင် ဓားသိုင်းကျမ်း ၃အုပ်၊ တစ်ဖက်သွားဓားရှည်သိုင်းကျမ်း ၅အုပ်နှင့် လှံတံသုံးသိုင်းကျမ်း တစ်အုပ်၊ စုပေါင်းစွမ်းရည်ကျမ်း တစ်အုပ်စီ ပါဝင်သည်။ ကျန်သည့်သိုင်းကျမ်းများ အားလုံးမှာ အမျိုးအစားစုံလင်သည့် ထူးဆန်းသည့်လက်နက်များ ဖြစ်ကြသည်။
ချန်ကျဲ့သည် ထူးဆန်းသည့်လက်နက်များကို စိတ်မဝင်စားပါ။ လက်နက် ထူးဆန်းသည်နှင့်အမျှ သေဆုံးမှုပုံစံလည်း ပို၍ထူးခြားလေ ဖြစ်သည်ဟူသော အဆိုလည်း ရှိပေသည်။
၎င်းအဆိုမှာ မှန်သည်၊မှားသည် မသိရသော်ငြား ချန်ကျဲ့သည် ထိုလက်နက်များကို စိတ်မဝင်စားပေ။
ဥပမာဆိုရသော် ကြယ်ပျံတူသိုင်းနှင့် တရုတ်ဘဲကြိမ်တုတ်သိုင်းကဲ့သို့ သိုင်းကျင့်စဉ်များကို ချန်ကျဲ့သည် သာမန်ကာလျှံကာမျှသာ ကြည့်လိုက်ပြီးနောက် ဘေးဖယ်ထားလိုက်သည်။
ထို့နောက်မှာ ပမာဏအများဆုံးဖြစ်သည့် တစ်ဖက်သွားဓားရှည်သိုင်းကျမ်းများ ဖြစ်သည်။ သိုင်းလောကတွင် တစ်ဖက်သွားဓားရှည်ကို အသုံးအများဆုံးဖြစ်ပြီး လူသုံးများသောကြောင့် တစ်ဖက်သွားဓားရှည်သိုင်းကျမ်းမှာလည်း များပြားပေသည်။
ချန်ကျဲ့သည် ရှေ့နောက် အပြန်ပြန်ကြည့်ပြီးနောက် “တံခါးချိုးဖျက်ကျားငါးကောင် တစ်ဖက်သွားဓားရှည်သိုင်းကျမ်း”၌ အကြည့်ရပ်သွားခဲ့သည်။
၎င်းတစ်ဖက်သွားဓားရှည်သိုင်းကျမ်းသည် သတ်ဖြတ်ခြင်းအငွေ့အသက်များ သိပ်သည်းများပြား၍ သိုင်းလောကတိုက်ပွဲများအတွင်း ပါဝင်ရန် သင့်တော်သည်။ စုစုပေါင်းသိုင်းကွက် ၆၄ကွက်ပါဝင်သည့် ချန်စုန့်ယွင်ကျိုး ချင်ကျားကျိုင်း၏ ထူးခြားသည့်ကျင့်စဉ်ဟုပင် ခေါ်ဆိုနိုင်ပေသည်။ သို့သော် ယနေ့ခေတ်တွင် သိုင်းကွက်၆၀သာလျှင် ရှင်ကျန်ရစ်ခဲ့ပြီး နောက်ဆုံး၄ကွက်မှာ ပျောက်ဆုံးသွားလေပြီ။
ထိုနောက်ဆုံးသိုင်းကွက် ၄ကွက်သည် အင်အားအကြီးမားဆုံး ဖြစ်နိုင်၏။ သို့သော် ဤ”တံခါးချိုးဖျက်ကျားငါးကောင် တစ်ဖက်သွားဓားရှည်သိုင်းကျမ်း”တွင် သိုင်းကွက်၆၀သာ ပါဝင်သည်။
ချန်ကျဲ့သည် ဓားသိုင်းကျမ်းများကို ဆက်လက်ကြည့်နေခဲ့သည်။
ဓားရှည်လက်နက်ဟူသည် လက်နက်တစ်ရာ၏ဘုရင်ဟု ထင်ရှားကျော်ကြားပြီး သိုင်းလောကသူရဲကောင်းများအကြား ရွေးချယ်မှုများပြားသည့် လက်နက်တစ်မျိုးဖြစ်သည်။ သိုင်းလောကသားတိုင်း၌ ဓားတစ်ချောင်းဖြင့် လှည့်လည်သွားလာ၍ ၎င်း၏ တောက်ပထည်ဝါမှုနှင့် ကြီးကျယ်ခမ်းနားမှုတို့ကို မျက်မြင်တွေ့လိုစိတ် အသီးသီးရှိကြပေသည်။