နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၄
Vol. 14 Ch. 185
ဤသိုင်းကျမ်းအပိုင်းအစလေးသည် အခြားသူများအတွက်မူ ကြောင်းကျိုးမသိနိုင်ဘဲ မှန်းဆရုံသာ တတ်နိုင်လိမ့်မည်ဖြစ်သော်ငြား ချန်ကျဲ့သည်တော့ ဤသိုင်းကျမ်းအပိုင်းအစကို ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်း၍ ပြီးပြည့်စုံသည့် ချန်ချွမ်းကျင့်စဉ်အဖြစ် ဖွဲ့စည်းတည်ဆောက်နိုင်သည်။
ဤသိုင်းကျမ်းအပိုင်းအစသည် ချန်ကျဲ့၏ ချန်ချွမ်းကျင့်စဉ်အတွက် ပဟေဠိအပိုင်းအစတစ်ခု ဖြစ်သည်။
ထို့ကြောင့် “အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်၊ ဒုတိယမြောက် လှံဟာ လေလွင့်ဝိဉာဉ်ဖြစ်တယ်!” ဟူသည့် သိုင်းကွက်လေးတစ်ကွက်မျှ ဖြစ်လျှင်သော်မှ ချန်ကျဲ့သည် တုံ့ဆိုင်းတွေဝေမှုမရှိ ရွေးချယ်လိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကွက်သည် ချန်ချွမ်းကျင့်စဉ်၏ အဓိကကျင့်စဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် “ချင်းမင်”ဖြစ်သည်။
ချန်ကျဲ့သည် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
ချန်ချွမ်းကျင့်စဉ်၏ ဖွဲ့စည်းမှုသည် လီချွမ်းကျင့်စဉ် (နွေဦးအက္ခရာကျင့်စဉ်)၏ အတွင်းအားကျင့်စဉ်ဖြစ်ပြီး ချန်ကျဲ့ ကျင့်ကြံနေသည့် ယန်ချွမ်ကျင့်စဉ်ဖြစ်သည်။
ယန်ချွမ်ကျင့်စဉ်ဖြင့် ချန်ကျဲ့သည် ကျင့်စဉ်များစွာကို ပေါင်းစည်းနိုင်၏။
ဆန့်ကျင်ဘက်အနေဖြင့် ယန်ချွမ်ကျင့်စဉ် မပိုင်ဆိုင်သူဖြစ်ပါက ရာသီ၆ပါးနှင့် သက်ဆိုင်သည့်သိုင်းကျင့်စဉ်များကို စုဆောင်းမိခဲ့လျှင်သော်မှ ၎င်းကျင့်စဉ်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရန်မှာ မဖြစ်နိုင်လောက်ပေ။
ဤသည်မှာ ယန်ချွမ်ကျင့်စဉ်၏ အင်အားဖြစ်သည်။
ယန်ချွမ်ကျင့်စဉ်သည် ချန်ချွမ်းကျင့်စဉ်၏ အခြားကျင့်စဉ်အစိတ်အပိုင်းများကို ပေါင်းစည်းပေးသည့် ကြိုးတစ်မျှင်ဖြစ်သည်။ ယခု၌ ထိုကြိုးမျှင်သည် ချန်ကျဲ့၏လက်ထဲတွင် ရှိနေသည်ဖြစ်ရာ အခြားပျောက်ဆုံးနေသည့် သိုင်းကျင့်စဉ်များကို ရှာဖွေနိုင်သ၍ ထိုကျင့်စဉ်များကို ကြိုးမျှင်ဖြင့် တွဲသီနိုင်ပြီး သူကိုင်တွယ်သုံးစွဲနိုင်သည့် လက်နက်အင်အားအဖြစ် ပြောင်းလဲနိုင်ပေမည်။
ထို့ကြောင့် ဖန်းရှစ်ကျုံး၏ အမြစ်ကင်းမဲ့သော သစ်ပင်ကဲ့သို့ စိုးရိမ်ပူပန်မှုများသည် ချန်ကျဲ့အတွက် လုံးဝ လိုအပ်မနေပါချေ။
သို့သော် ချန်ကျဲ့သည် ဤအချက်အား ဖန်းရှစ်ကျုံးကို ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်ပေ။
ချန်ကျဲ့သည် ထိုလှံသိုင်းကျမ်းကိုသာ ခေါင်းမာမာဖြင့် ရွေးချယ်လိုကြောင်း မြင်တွေ့သောအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“ကောင်းပြီ၊ မင်းက ဒီ’အတိဒုက္ခဆယ့်သုံးပါးလှံ’သိုင်းကျမ်းကိုပဲ ရွေးချယ်ချင်နေမှတော့ အဲဒါကိုပဲ သင်ယူလိုက်ပါ။ ဒါပေမဲ့ ဒီလျှို့ဝှက်သိုင်းကျမ်းကို ယူသွားလို့ မရဘူး။ ဒီနေရာကနေ ထွက်မသွားခင်မှာ အကုန်အစင် မှတ်သားရမယ်။ ပြီးတော့လည်း ဒီသိုင်းကို လူသိရှင်ကြား မထုတ်ဖော်ရဘူး”
“ဟုတ်ကဲ့ပါ မွေးစားအဖေ”
ထိုအခါ ချန်ကျဲ့သည် ချက်ချင်း ပြန်လည်တုံ့ပြန်သည်။ သို့သော် ထို့နောက် ဆက်ပြောသည်။
“ဒါပေမဲ့ မွေးစားအဖေ ကျွန်တော့်ရဲ့ဇနီးနဲ့ ခယ်မလေးက အပြင်မှာ စောင့်နေတုန်းပါ…”
ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။
“အင်း ငါ မင်းကို မြို့အထိ လိုက်ပါခစားပေးခဲ့တဲ့ အဲဒီကောင်လေး စစ်ရှီးကို အရင်ဆုံး မင်းရဲ့ဇနီးသည်နဲ့ခယ်မတို့ကို အသီးအရွက်ဈေးကြီးထဲက မင်းတို့ရဲ့နေအိမ်ဆီ ပို့ဆောင်ပြီး နေရာချထားပေးဖို့ ပြောလိုက်မယ်”
“မင်း ဒီမှာ အေးအေးချမ်းချမ်း လေ့လာသင်ယူနိုင်ပါတယ်”
“မင်း သေချာသင်ယူပြီးမှပဲ ဒီကနေ ထွက်သွားပါ။ ပြီးတော့ ဒီကြွက်သားပြေလျော့ဆေးနှစ်လုံးကို ငါမင်းအတွက် ထားပေးခဲ့မယ်။ မင်းရဲ့အင်အားက အရမ်းအားနည်းနေသေးတယ်။ နွဲ့ပျောင်းအရွတ်အဆင့်ကို မြန်မြန်လေး တက်လှမ်းတော့။ ငါဖန်းရှစ်ကျုံးရဲ့ မွေးစားသားတစ်ယောက်က အဆင့်နိမ့်သိုင်းပညာရှင်တစ်ဦးအဖြစ်နဲ့ပဲ ရှိမနေသင့်ဘူး”
ဖန်းရှစ်ကျုံးသည် ထိုသို့ပြောပြီးနောက် ထွက်ခွာသွားသည်။
ချန်ကျဲ့သည် စားပွဲပေါ်ရှိ ကြွက်သားပြေလျော့ဆေးတို့ကိုကြည့်၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ထို့နောက် လက်ဝါးထဲ ထည့်ယူလိုက်သည်။
ဤလူမှုအဖွဲ့အစည်း၌ ကြီးမားသည့်အောင်မြင်မှုများကို ရယူလိုပါက ကြီးမားသည့်ကံကောင်းကြွယ်ဝမှုကို ဖမ်းဆုပ်နိုင်ရမည်ဟု ချန်ကျဲ့ အမြဲပြောခဲ့သည် မဟုတ်ပါလော။
ကြည့်လေ၊ မွေးစားအဖေတစ်ယောက် ရလိုက်တာနဲ့ လျှို့ဝှက်သိုင်းကျမ်းတစ်ခုအပြင် တန်ဖိုးကြီးဆေးလုံးတွေပါ ရရှိလိုက်သေးတယ်။
လွီပုက မွေးစားအဖေသုံးယောက်တောင် တင်မြှောက်ခဲ့တာ မထူးဆန်းတော့ပါဘူး။ မွေးစားအဖေတိုင်းသာ ဒီလိုမျိုးဆိုရင် ငါလည်း သုံးယောက် မကဘူး အယောက်သုံးဆယ်အထိ မွေးစားအဖေ တော်လိုက်ချင်ပါရဲ့။
ရှိရှိသမျှ အကျိုးအမြတ်တွေ အကုန်အစင် ရိတ်သိမ်းမပြီးမချင်း မရပ်တန့်ဘူးပဲ။
ဤကြွက်သားပြေလျော့ဆေးလုံးများသည် အမှန်တကယ်ပင် ရတနာများဖြစ်၏။ ထိုဆေးလုံးများသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သိုင်းပညာရှင်များ လျိုကျင့်အဆင့်သို့ ဝင်ရောက်နိုင်ရန်အတွက် ကူညီဥပေးသည့် ထိပ်တန်းအဆင့် ဆေးလုံးများဖြစ်သည်။
ထိုသို့ဆေးလုံးများကို ကုန်သည်အဖွဲ့ကြီးများမှ အချက်အချာကျသော တပည့်များကို မွေးမြူပျိုးထောင်ရာတွင်သာ အသုံးပြုလေ့ရှိကြခြင်းဖြစ်၏။
ဖန်းရှစ်ကျုံးက ငါ့အပေါ် တကယ်ကောင်းတာပဲ။
ကြွက်သားပြေလျော့ဆေးလုံးနှစ်လုံးနဲ့ဆိုရင် နွဲ့ပျောင်းအရွတ်အဆင့်ကို ဝင်ရောက်ဖို့ ငါ့အတွက် လုံလောက်တယ်။
ဤကမ္ဘာ၌ သိုင်းပညာနှင့် ဆေးပညာတို့သည် တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးနေခြင်းဖြစ်သည်။ ကျင့်ကြံဆင့်အားလုံးနီးပါးသည် ဆေးလုံးများဖြင့် ကူညီထောက်ပံ့ပေးရန် လိုအပ်၏။
ဤဆေးလုံးများကို ပိုင်ဆိုင်ထားပါက ကျင့်ကြံဆင့်တိုးတက်မှုသည် ခုန်တက်သည့်အလား တစ်ဟုန်ထိုးတိုးတက်နိုင်ပေသည်။
သို့မဟုတ်ဘဲ ကျင့်ကြံဆင့်အတွက် အရည်အချင်းတစ်ခုတည်း၌သာ လုံးလုံးလျားလျား မှီခိုနေပါက ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာခန့် စောင့်ဆိုင်းရနိုင်၏။
ထို့ကြောင့် ဤကမ္ဘာ၌ သိုင်းပညာဆိုင်ရာအရင်းအမြစ်များမှာ တန်ဖိုးအကြီးဆုံးဖြစ်သည်။ ၎င်းအရင်းအမြစ်များတွင် ဆေးလုံးများ၊ အမျိုးမျိုးသော ကောင်းကင်ရတနာ၊ မြေရတနာများ ပါဝင်သည်။
ထို့နောက်မှာ စုပ်ယူနှုန်းနှင့် အသုံးပြုနှုန်းတို့ကို ကိုယ်စားပြုသော အရည်အချင်း အထုံပါရမီဖြစ်သည်။ ဥပမာဆိုရသော် ထိပ်တန်းအဆင့် ပါရမီရှင်များသည် ဆေး၏အာနိသင်ကို ၉၀ရာခိုင်နှုန်းအထိ စုပ်ယူနိုင်ပြီး၊ အဆင့်မြင့် အရည်အချင်းရှိသည်များသည် ၈၀ရာခိုင်နှုန်း စုပ်ယူနိုင်ကြသည်၊ အလယ်အလတ်အဆင့်သည် ၇၀ရာခိုင်နှုန်း၊ အဆင့်နိမ့်သူများသည် ၅၀၊ ၆၀ရာခိုင်နှုန်းခန့် စုပ်ယူနိုင်ကြသည်။
သို့သော် ၎င်းသည် ထိုအဆင့်နိမ့်သူများမှာ သိုင်းပညာ မသင်ယူနိုင်ဟု မဆိုလိုပေ။
သူတို့၏ ဆေးအာနိသင်စုပ်ယူနိုင်စွမ်းသည် ပါရမီရှင်များနှင့် ၃၀၊ ၄၀ရာခိုင်နှုန်းခန့်သာ ကွာခြားသည်။ ဆိုလိုသည်မှာ ပါရမီရှင်များသုံးစွဲပါက နယ်ပယ်အဆင့်တိုးတက်စေနိုင်သည့် တူညီသည့်ဆေးလုံးကို အဆင့်နိမ့်များမှ သုံးစွဲလျှင် အဆင့်မတက်နိုင်ပေ။ သို့သော် နောက်တစ်လုံး ထပ်သုံးလိုက်ရုံသာ လိုအပ်၏။
ကြီးမားလှသည့် ပြဿနာကြီးမဟုတ်ပေ။
သို့ဖြစ်ရာ ဤကမ္ဘာတွင် မကျင့်ကြံနိုင်သည့် သိုင်းပညာရှင်ဟူ၍ မရှိပေ။ အထောက်အကူဆေးလုံးများကို သုံးစွဲရန် မတတ်နိုင်သည့် သိုင်းပညာရှင်များသာ ရှိသည်။
ဖန်းရှစ်ကျုံးသည် တကယ့်ကို သဘောထားကြီးမားပါ၏။ ကြွက်သားပြေလျော့ဆေးလုံးနှစ်လုံးကို ဒီတိုင်းကြီး ပေးခဲ့လိုက်သည်။
ဤဆေးလုံးနှစ်လုံး၏ အကူအညီကြောင့် ချန်ကျဲ့သည် မိမိမှာ နွဲ့ပျောင်းအရွတ်အဆင့်သို့ မကြာမီ တက်လှမ်းနိုင်တော့မည်ဟု ခံစားနေရသည်။
သိုင်းပညာ၌ ကျင့်ကြံခြင်းဟူသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီသွေးစွမ်းအင်ကို ထိန်းချုပ်အသုံးချခြင်းဖြစ်ပြီး ကျင့်ကြံခြင်း၏ရည်ရွယ်ချက်မှာ ချီသွေးစွမ်းအင်ကို စုဆောင်းရန်ဖြစ်သည်။
အကယ်၍ ကျင့်ကြံခြင်းသည် ဂိမ်းများထဲရှိ အတွေ့အကြုံဘားနှင့် ထပ်တူညီသော်
လက်ရှိကျင့်ကြံဆင့်မှ နောက်ကျင့်ကြံဆင့်သို့ ရွှေ့ပြောင်းလိုပါက အတွေ့အကြုံဘားကို အပြည့်ဖြည့်လိုက်ရန်သာ လိုအပ်သည်။
ထိုအတွေ့အကြုံသည် သိုင်းပညာရှင်များ လေ့ကျင့်သည့် ချီသွေးစွမ်းအင်ဖြစ်သည်။
ဆေးလုံးများသုံးစွဲနိုင်သည့် အရင်းအမြစ်မရှိသော သိုင်းပညာရှင်များသည် ချီသွေးစွမ်းအင်ကို အချိန်ကာလဖြင့်သာ စုဆောင်းနိုင်သည်။ မရပ်မနားလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ကို လေထဲမှစွမ်းအင်များကို ဖမ်းယူသည့်ကြားခံအဖြစ် အသုံးပြုကာ ချီသွေးစွမ်းအင်ကို တိုးတက်စေရပေသည်။
သို့သော် အထောက်အကူဆေးလုံး သုံးစွဲနိုင်သူများအတွက်မူ ချီသွေးစွမ်းအင်ကို အပင်များ၊ စွမ်းအင်ပါဝင်သည့်အရာများ၏ အနှစ်သာရကို စုပ်ယူခြင်းဖြင့် စုဆောင်းရန်သာ လိုအပ်၏။
ထို့ကြောင့် ချီသွေးစွမ်းအင်ကို စုဆောင်းရန် လိုအပ်သည့်အချိန်ဖြစ်သည့် အဆင့်၌ သိုင်းပညာရှင်များသည် ဆေးလုံးများကိုသုံးစွဲရန် ဆန္ဒမရှိသောကြောင့် မဟုတ်ပါဘဲ ဆေးလုံးသုံးစွဲရန်အတွက် လိုအပ်သည့်ရင်းမြစ်များသည် တစ်ခါတရံတွင် ငွေကြေးဖြင့်ရော အင်အားအာဏာဖြင့်ရော မရယူနိုင်သောကြောင့် ဖြစ်ပေသည်။
ချန်ကျဲ့ လျှို့ဝှက်ခန်းထဲတွင် လျှို့ဝှက်သိုင်းကျမ်းကို အလွတ်မှတ်သားနေသည်။
ကျားဖြူခန်းမ၏ ထိပ်တန်းလျှို့ဝှက်တည်နေရာဖြစ်သော ဤလျှို့ဝှက်ခန်းသည် မည်သူမဆို ဝင်ခွင့်ရသည့်နေရာ မဟုတ်ပေ။ အထူးသဖြင့် ဤလျှို့ဝှက်သိုင်းကျမ်းများ ထားရှိသည့်နံရံဖြစ်သည်။
ဖန်းရှစ်ကျုံးသည်လည်း ဤနံရံထက်မှ စက်ယန္တရားများ၊ အချို့သော သမာရိုးကျ အချက်ပေးစနစ်များ၊ အခြားသော စက်ယန္တရားများအပြင် အလွန်တရာ ပြင်းထန်သည့် အလိုအလျောက် မီးရှို့နိုင်သည့် စက်ယန္တရားကဲ့သို့သော အကာအကွယ် အမြောက်အများကို စီရင်ထားရှိ၏။
ဆိုလိုသည်မှာ ဤနေရာသို့ သူခိုးတစ်ယောက် ခိုးဝင်လာခဲ့ပါက အချက်ပေးစနစ်များ အသံမြည်လာခဲ့လျှင်သော်မှ သူခိုးကို အဝေးသို့ ထွက်ပြေးခွင့်ပေးလိမ့်မည် မဟုတ်ပေ။