← Chapters

နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၆

Vol. 14 Ch. 187

နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၆

Vol. 14 Ch. 187

ချန်ကျဲ့သည် လှံသိုင်းကို တစ်နေ့ခင်းလုံး လေ့ကျင့်‌နခဲ့၍ ဆာလောင်နေသည်။

ချန်ကျဲ့သည် အားရပါးရစားသောက်ပြီး၍ ဗိုက်ပြည့်သော် လှံရှည်တစ်ချောင်းကို ယူပြီး အစောင့်ကို ပြောလိုက်သည်။

“ကျွန်တော် ဒီလှံကို ယူသွားမယ်။ မွေးစားအဖေပြန်လာတဲ့အခါကျ ပြောလိုက်ပါဦး”

အစောင့်မှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ သခင်၅၊ သခင့်ဆန္ဒအတိုင်းလုပ်ပါ”

ချန်ကျဲ့ အပြင်ထွက်လိုက်ချိန် ဖုန်းရွှမ်ဝင်လာသည်။ လှံရှည်ကိုကိုင်ထားသည့် ချန်ကျဲ့ကို မြင်သောအခါ ဖုန်းရွှမ်မှ ပြုံးလျက် မေးသည်။

“ကျိုစစ် ရွေးလိုက်တာက လှံသိုင်းကျမ်းလား။ သုန်းမိသားစုလှံသိုင်းကျမ်းများလား”

ချန်ကျဲ့ အံ့ဩသွားပြီးနောက် ပြုံးလိုက်သည်။

“အတိဒုက္ခဆယ့်သုံးပါးလှံပါ”

ဖုန်းရွှမ်၏မျက်နှာအမူအရာမှာ တောင့်ခဲသွား၏။ ထို့နောက်တွင်မှ ပြုံးလိုက်ပြီး ပြောသည်။

“ကောင်းတယ်၊ အဲဒါက အ‌ဆင်ပြေတဲ့ကျင့်စဉ်တစ်ခုပဲ”

“မင်းအိမ်ပြန်မလို့လား။ တံခါးဝမှာ စစ်ရှီး မင်းကို စောင့်နေတယ်”

ချန်ကျဲ့ မေးလိုက်သည်။

“အစ်ကိုကြီး ဘာကိစ္စရှိလို့လဲဗျ”

ဖုန်းရွှမ်မှ ပြန်ပြောသည်။

“အို ဘာမှ အရေးကြီးတာတော့ မဟုတ်ပါဘူး။ ငါ့လူတွေက ချောင်ကုန်သည်အဖွဲ့နဲ့ ပဋိပက္ခနည်းနည်းဖြစ်ခဲ့ပြီး သုံးယောက်သေသွားတယ်လေ။ ငါဒီကိစ္စကို မွေးစားအဖေဆီ တင်ပြမလို့”

ချန်ကျဲ့ အကြံပြုလိုက်သည်။

“ကျွန်တော့်အထင် မွေးစားအဖေက ပြဇာတ်သွားကြည့်တယ်ထင်တယ်”

“ငါသိတယ် နွေဦးလေပြေပြဇာတ်ရုံမှာလေ။ မွေးစားအဖေလည်း မိန်းကလေးဟွားတျဲ့ရဲ့ဖျော်ဖြေမှုကို သွားအားပေးမှာပေါ့”

ဖုန်းရွှမ်မှ ပြောသည်။

ထိုသို့ပြောပြီးနောက် ဖုန်းရွှမ်သည် အိမ်ထဲသို့ ဦးတည်သွားသည်။ ဖုန်းရွှမ်သည် ဖန်းရှစ်ကျုံး ရှိမနေကြောင်း သတိထားမိသည့်တိုင် အထဲသို့ဝင်သွားခြင်းဖြစ်ကြောင်း ချန်ကျဲ့သိလိုက်သည်။ ၎င်းသည် ချန်ကျဲ့ သတိမထားမိသေးသော စည်းမျဉ်းများ ရှိနေသေးကြောင်း ဖော်ပြနေပေသည်။

မိမိသည် လူသစ်ဖြစ်ရာ ချန်ကျဲ့လည်း မေးခွန်းအများကြီး မမေးမြန်းနေတော့ပေ။

ထိုသို့နားလည်သဖြင့် ချန်ကျဲ့ အပြင်ထွက်လာလိုက်သည်။ စစ်ရှီးသည် မြင်းရထားလုံးနှင့်အတူ သူ့ကိုစောင့်ဆိုင်းနေသည်။

“သခင်၅”

စစ်ရှီး ခေါ်လိုက်သည်။ ချန်ကျဲ့ အနီးသို့လျှောက်သွားလိုက်ပြီး လှံရှည်ကို ရထားလုံးတိုင်ကြားတွင် ထားလိုက်ပြီး ရထားလုံးပေါ် တက်လိုက်သည်။

လှံအသုံးပြုခြင်း၏ ပြဿနာသည် သယ်ယူရာတွင် အဆင်မပြေလှသည့်အချက်ဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။

တကယ့်ကို ဒါက ပြဿနာပဲ။

ချန်ကျဲ့ ဖြေရှင်းနည်းတစ်ခု စဉ်းစားလိုက်သည်။ ၎င်းမှာ ဖြုတ်နိုင်၊တပ်နိုင်သည့် လှံရှည်တစ်ချောင်းကို အထူးပြုလုပ်ရန်ဖြစ်သည်။ ဥပမာ အချိိုးအဆစ်များနှင့် သုံးပိုင်းပါဝင်ပြီး အားလုံးဆန့်တန်းလိုက်ပါက နှစ်မီတာအရှည်ရှိသည့် တိုက်ပွဲတွင် လိုအပ်ပါက အသုံးပြုနိုင်သည့် လှံရှည်မျိုးဖြစ်သည်။

အသုံးမပြုချိန်တွင် ထိုအပိုင်းများကို ဖြုတ်ထားနိုင်‌ပြီး တစ်ချောင်းလျှင် ၇၀စင်တီမီတာခန့် ရှည်လျားသည့် တုတ်သုံးချောင်းအဖြစ် ပြောင်းလဲသွားပေမည်။

သို့ဖြစ်ပါက လှံရှည်အတွက် အ‌ကျိုးမသာသည့် အနီးကပ်တိုက်ခိုက်မှု သို့မဟုတ် ကျဉ်းမြောင်းသည့်လမ်းကြားတိုက်ပွဲများတွင်ပင် လှံတိုအဖြစ် အသုံးပြုနိုင်လိမ့်မည်။

ချန်ကျဲ့ ဤစိတ်ကူးကို စဉ်းစားထားသော်ငြား ဤသို့လှံမျိုးကို ဖန်တီးရန်အတွက်မှာ ကျွမ်းကျင်သည့်ပန်းပဲသမားနှင့် အဆင့်မြင့်ပါဝင်ပစ္စည်းများ လိုအပ်ပေသည်။

ထို့ပြင် ဤဖွဲ့စည်းတည်ဆောက်ပုံ အထူးသဖြင့် အဆစ်ဖြင့်ဆက်နွယ်မှုပုံစံသည် လုပ်အားစိုက်ထုတ်မှုများစေမည်ဖြစ်သောကြောင့် ဈေးကြီးလိမ့်မည်။

သူ၏အိတ်ထဲရှိ ငွေတုံးငါးဆယ်မပြည့်သည့် ပမာဏ‌သည် များပြားသည်ဟု ထင်ရသော်ငြား စီရင်စုမြို့၌မူ ပြဇာတ်နားထောင်ရုံမျှသည်ပင် ငွေတုံးများစွာ ကုန်ကျလေသည်။ ဤပမာဏမှာ လုံလောက်ရန်ခက်ခဲ၏။

ထိုအချိန်၌ ချန်ကျဲ့သည် မထိန်းချုပ်နိုင်စွာဖြင့် ရှန်းထောင်မြို့ကို လွမ်းမိရသည်။ ရှန်းထောင်မြို့တွင် ငွေတုံး၅၀ဖြင့် အစားအသောက်များ ဝယ်ယူနိုင်ပြီး တစ်နှစ်တာလုံး ပြတ်လပ်ခြင်းမရှိ အလျှံပယ်သုံးနိုင်လိမ့်မည်။

သို့သော် ဤနေရာတွင်တော့ ကြာကြာအသုံးမခံနိုင်ပေ။

ဤစီရင်စုသည် လူနေထူထပ်ပြီး မှောင်မိုက်ကာ မှောင်ခိုအပေးအယူများလည်း ရှိသည်။

မှောင်ခိုဈေးကဲ့သို့ဖြစ်၏။

လျှို့ဝှက်သိုသိပ်ခြင်းများ လွှမ်းခြုံနေသည့် မှောင်ခိုဈေးသည် ကုန်သွယ်မှုကို ညအချိန်မှသာ စတင်ကြသည်။

၎င်းသည် မျန့်ရွှေစီရင်စု၏ သာမန်လက်ဖက်ရည်‌ဆိုင်တစ်ဆိုင်ဖြစ်ပြီး မိမိတို့၏ သောက်သုံးဖွယ်ရာများကို အရသာခံသောက်သုံးနေကြသော လက်ဖက်ရည်‌သုံးဆောင်သူ ဖောက်သည်များ ကျိုးတိုးကျဲတဲ ရှိနေသည်။

ထိုစဉ် လျှော်ကြမ်းအဝတ်တို့ကို ဝတ်ဆင်‌ထားပြီး မုတ်ဆိတ်မွေးမွေးထူထူများ တမင်ထားရှိ‌ထားသော သက်လတ်ပိုင်းအရွယ်လူကြီးသည် ဧည့်ကြိုစားပွဲရှိ ဆိုင်ရှင်ဆီသို့ ချဉ်းကပ်လာသည်။

“ဒီဆိုင်ရဲ့လက်ဖက်ရည်က အရမ်းပျော့လွန်းပြီး အရသာကို မရှိဘူး”

ထိုလူမှ မကျေမနပ်ပြောသည်။

ဆိုင်ရှင်သည် ရုတ်ချည်း တောင်းပန်တိုးလျှိုးဟန်သော အပြုံးဖြင့် ပြောလာသည်။

“လူကြီးမင်းရယ် ကျွန်တော်တို့က စီးပွားရေးသေးသေးလေးပါဗျာ။ လက်ဖက်ရည်တစ်ခွက်ကို ၁၀ပြားပါ။ လူကြီးမင်း ဘာများသုံးဆောင်ပါမလဲ”

“ဆိုင်ရှင် ကျုပ်မှာ လက်ဖက်ရွက်ကောင်းကောင်း‌တချို့ရှိတယ်။ ကျုပ်ကို ခင်ဗျားရဲ့မီးဖိုလေး ငှားပေးနိုင်မလား”

“မီးဖိုငှားပေး‌ဖို့ကတော့ လူကြီးမင်းမှာ ထိပ်တန်းအဆင့်လက်ဖက်ရွက်တွေ ရှိဖို့လိုမယ်နော်”

ထိုအခါ သက်လတ်ပိုင်းလူကြီးသည် သူ၏အထုပ်ကို ယူလိုက်ပြီး ဖွင့်ပြသည်။ ထိုအခါ ငွေလက်မှတ်တစ်သုတ် ထွက်ပေါ်လာသည်။

ငွေလက်မှတ်များကို မြင်သောအခါ ဆိုင်ရှင်၏မျက်နှာသည် ပျော်ရွှင်စွာတောက်ပသွား၏။

“ကျူဇစ် ဒီလူကြီးမင်းကို အ‌နောက်ခြံဝင်း‌ဆီ လက်ဖက်ရည်နှပ်ဖို့ ခေါ်သွားပေးလိုက်ပါ”

ထိုအခါ အလုပ်သမားတစ်ယောက် အပြုံးဖြင့် ရောက်လာသည်။

“လူကြီးမင်း ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ”

သက်လတ်ပိုင်းအရွယ်လူကြီးသည် သူ၏အထုပ်ကို ပြန်သိမ်းယူပြီး ‌အနောက်ခြံဝင်းသို့ ဦးတည်သွားသည်။

အနောက်ခြံဝင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ကျူဇစ်သည် သစ်သားပြားတစ်ပြားကို ‌မ,လိုက်ပြီး မြေအောက်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်သည်။

ဥမင်လိုဏ်ခေါင်းကို ဖြတ်သန်းသွားပြီးနောက် နေရာသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အတော်လေး လင်းထိန်ပေသည်။

ကျူဇစ်မှ ပြောသည်။

“လူကြီးမင်း ကျေးဇူးပြုပြီး အထဲကို ဆက်သွားလိုက်ပါ။ ကူညီမယ့်သူတစ်ယောက် ရှိနေပါလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ကျူဇစ်သည် သစ်သားပြားကို ပြန်ပိတ်လိုက်ပြီး ထွက်ခွာသွားသည်မှာ ဧည့်သည်များကို ကြိုဆိုခစားသည့် သာမန်အလုပ်သမားတစ်ဦးကဲ့သို့ပင်။

အထုပ်ကိုင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးသည် တံခါးဆီသို့ စင်္ကြံလမ်းတစ်လျှောက် ဆင်းလျှောက်သွားသည်။ ထိုနေရာတွင် တစ်ဖက်သွားဓားရှည်နှင့် မျက်နှာကို ဦးထုပ်ဖြင့် ဖုံးအုပ်ထားသည့် အမျိုးသားတစ်ဦးသည် အိပ်ပျော်နေသည့်အလား ထိုင်နေသည်။

သက်လတ်ပိုင်းအရွယ်လူကြီးသည် အခန်းထဲမှ ဆွေးနွေးပြောဆိုနေသံများကို ကြားနေရသည်။

“ခင်ဗျား ဒီကို ဝယ်ဖို့ရောက်လာတာလား ရောင်းဖို့ရောက်လာတာလား”

ထိုနေသည့်အမျိုးသားမှ မေးသည်။ သက်လတ်ပိုင်းအရွယ်လူကြီးမှ ရုတ်ချည်း ပြန်ပြောသည်။

“ဝယ်မှာ။ ကျုပ်က မီးဖိုရှာနေတာ”

“အာ ကျားအခန်းနံပါတ်တစ်!”

သက်လတ်ပိုင်းအရွယ်လူကြီးသည် ခေါင်းညိတ်လိုက်ပြီး အခန်းထဲဝင်သွားသည်။ ရှည်လျားသည့် စင်္ကြံလမ်းသည် မီးတုတ်များ၊ ဆီမီးအိမ်များဖြင့် လင်းထိန်နေသည်။

သို့ဖြစ်ရာ လေဝင်လေထွက်ရှိကြောင်း သိသာထင်ရှားလှသည်။

ကျားအခန်းနံပါတ်တစ်သည် ပထမဆုံးအခန်းဖြစ်သောကြောင့် ရှာဖွေရလွယ်ကူသည်။

အခန်းထဲသို့ဝင်လိုက်သောအခါ ဆေးတံသောက်နေသော ပိန်လှီနေသည့် အဖိုးကြီးတစ်ဦးကို မြင်တွေ့ရသည်။ ထိုအဖိုးကြီးသည် သက်လတ်ပိုင်းအရွယ်လူကြီးကို အကြမ်းဖျင်းမျှ မော့ကြည့်သည်။

“ဒီကို ပထမဆုံးရောက်ဖူးတာလား”

သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းညိတ်သည်။

“စိတ်မလှုပ်ရှားပါနဲ့။ ဒီနေရာကို မှောင်ခိုဈေးလို့ ခေါ်ကြပေမဲ့ လိမ်လည်တာမျိုး လုံးဝ မလုပ်ပါဘူး။ ခင်ဗျား ကျုပ်ဆီကို လာခဲ့တယ်ဆိုမှတော့ သေချာပေါက် တစ်ယောက်ယောက်ကို သတ်ဖို့ ဖြစ်မှာပဲ”

“ဘယ်သူလဲ”

အဖိုးအိုကြီးသည် ဆေးတံကို တစ်ချက်ရှိုက်လိုက်ပြီး မီးငွေ့တစ်ကွင်း မှုတ်ထုတ်လိုက်သည်။

ထိုအခါ သက်လတ်ပိုင်းအရွယ်လူကြီးမှ ပြောသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ချန်ကျိုစစ်!”

အဖိုးအိုကြီးသည် ဆေးတံကို ပိတ်လိုက်သည်။

“ငါးဖမ်းကုန်သည်အဖွဲ့က လူတစ်ယောက်ကို သတ်ချင်တာလား အင်းး အဲဒါအတွက်က ဈေးမပေါနိုင်ဘူးနော်”

“ပိုက်ဆံက ပြဿနာမရှိဘူး။ ကျုပ် သူသေတာပဲ လိုချင်တယ်!”

သက်လတ်ပိုင်းအရွယ်လူကြီးမှ အလေးအနက်ပြောသည်။ အဖိုးကြီးမှ စုံစမ်းမေးမြန်းသည်။

“သူနဲ့ ရန်ငြိုးရှိလို့လား”

“အင်း သူ ကျုပ်ရဲ့သခင်ကို သတ်ခဲ့တယ်။ သခင့်အစား ကျုပ် လက်စားပြန်ချေရမယ်!”

အဖိုးကြီးမှ ခေါင်းညိတ်သည်။

“လတ်စသတ်တော့ သစ္စာရှိအစေခံတစ်ယောက်ပဲ။ အဲဒီချန်ကျိုစစ်အကြောင်းကို အသေးစိတ်လေးပြောပြပါဦး။ ဘာမှ မထိန်ချန်ခဲ့နဲ့။ ကျုပ်ရဲ့လူတွေဘက်က ခင်‌ဗျားပြောထားတဲ့ အချက်အလက်တွေထဲမှာ ရှေ့နောက်မညီတာတစ်ခုခု ရှာတွေ့တာနဲ့ စစ်ဆင်ရေးကို အချိန်မရွေး ရပ်တန့်ပစ်နိုင်တယ်။ ကြိုပေးငွေကိုလည်း ပြန်အမ်းပေးမှာ မဟုတ်ဘူး”

သက်လတ်ပိုင်းအရွယ်လူကြီးမှ အသိအမှတ်ပြုသည်။

“နားလည်ပါတယ်”

အချိန်ခဏမျှကြာမြင့်ပြီးနောက် ဆေးတံသောက်နေသည့် အဖိုးကြီးသည် မျက်ခုံးနှစ်ခု ထိစပ်လုနီးပါး မျက်မှောင်ကြုတ်သွား၏။

“ဖန်းရှစ်ကျုံးရဲ့မွေးစားသား… အဲဒါတော့ ပြဿနာများတယ်”

“ကျေးဇူးပြုပြီး နည်းလမ်းတစ်ခုခု စဉ်းစားပေးပါ။ ပိုက်ဆံက ပြဿနာမရှိပါဘူး”

အဖိုးကြီးသည် ဆေးတံတစ်ချက်ရှိုက်သောက်ပြီး ပြန်ဖြေသည်။

“အင်း ပိုက်ဆံပေးချေဖို့ ပြဿနာမရှိဘူးဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ချန်ကျိုစစ်ရဲ့ ကျင့်ကြံဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မို့လို့ ခင်ဗျားကံကောင်းသွားတယ်။ ဒီထက်သာ မြင့်ခဲ့ရင် ဘယ်သူမှ ဒီအလုပ်ကို လက်ခံမှာမဟုတ်ဘူး။ ခြုံငုံလိုက်ရင် အမှောင်စွမ်းအင်အဆင့်သိုင်းပညာရှင်ကြီးတွေက ဒီလိုပြဿနာတွေထဲ ဝင်ပါလေ့မရှိကြ‌ဘူးလေ”

“ဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က‌တော့ ကျုပ်တို့ ရှာဖွေကြည့်လို့ရတယ်။ အမှောင်စွမ်းအင်အဆင့်ကို တက်လှမ်းပြီးကာစမှာ ငွေလိုနေတဲ့ သိုင်းပညာရှင်တစ်ယောက်ယောက် ဒါမှမဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် ဒါမှမဟုတ် အမှောင်စွမ်းအင်အဆင့်ကို ခြေလှမ်းတစ်ဝက် လှမ်းထားပြီးတဲ့သူ တစ်ယောက်ယောက်ကတော့ ပိုက်ဆံအတွက် ဒီအလုပ်ကို စွန့်စားဖို့ဆန္ဒရှိကြလိမ့်မယ်”

“ဒီအလုပ်အတွက် ကျသင့်ငွေက ငွေတုံးသုံးထောင်ပဲ။ ညှိနှိုင်းမှုမရှိဘူး”

အဖိုးကြီးမှ ပြောသည်။ သက်လတ်ပိုင်းအရွယ်လူကြီးသည် တွန့်ဆုတ်သွား၏။

“ငွေတုံးသုံးထောင်လား၊ ကျုပ်မှာ နှစ်ထောင်ပဲရှိတယ်”

“ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး။ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့”

အဖိုးကြီးသည် သက်လတ်ပိုင်းအရွယ်လူကြီးကို ပြန်သွားခိုင်းသည်။

“ခဏလေး! ငွေတုံးသုံးထောင် ပေးနိုင်သ၍ ချန်ကျိုစစ်က ဖန်းရှစ်ကျုံးရဲ့မွေးစားသားဖြစ်နေရင်တောင် ချန်ကျိုစစ်ကို သတ်ပေးနိုင်တယ်လို့ ဆိုလိုတာလား”

သက်လတ်ပိုင်းအရွယ်လူကြီးမှ မေးသည်။ သူ၏မျက်နှာမှာ နီရဲနေ၏။

“အမှန်ပါပဲ။ ငွေကို မှန်မှန်ကန်ကန်‌ ပေးချေသ၍ အလုပ်ကိစ္စ ပြီးမြောက်နိုင်ပါတယ်”

“ကောင်းပြီ၊ ကျုပ်ကို အရင်ဆုံး လူတစ်ယောက်ကူညီပြီး ရှာပေးထားပါ။ ကျုပ် အခုချက်ချင်း ဈေးမြှင့်ပေးမယ်!”

သက်လတ်ပိုင်းအရွယ်လူကြီး လှည့်ထွက်သွား၏။ လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာသောအခါ လရောင်သည် သူ့အပေါ် ဖြာကျနေသည်။ ကောင်းကင်ကို မော့ကြည့်လျက် သူ ရေရွတ်လိုက်သည်။

“သခင်ကြီး ကျွန်တော် သခင့်အတွက် လက်စားချေပေးပါ့မယ်။ ချန်ကျိုစစ် ‌မင်းတော့ အဆုံးသတ်ပြီပဲ!”

All Chapters