← Chapters

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း

Vol. 14 Ch. 188

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း

Vol. 14 Ch. 188

ကျားဖြူခန်းမသည် ယုံချန်လမ်းမနှင့် ငြိမ်းချမ်းခြင်းလမ်းမတို့၏ ကန့်လန့်ဖြတ်တွင် တည်ရှိနေခြင်းဖြစ်သည်။ ချန်ကျဲ့သည် ဖန်းရှစ်ကျုံး သူ့အတွက် ပြင်ဆင်ပေးထားသည့် နေအိမ်သို့ ပြန်လာခဲ့သည်။

ထိုနေအိမ်သို့ ရောက်ရှိရန်အတွက် ငြိမ်းချမ်းခြင်းလမ်းမနှင့် အသီးအရွက်ဈေးကြီးတစ်ဝက်ခန့်ကို ဖြတ်သွားရသည်။

ငြိမ်းချမ်းခြင်းလမ်းမသည် ကျန်းချွမ်၏နယ်မြေဖြစ်ပြီး များသောအားဖြင့် အရင်းအနှီးများသည့် ကုန်သည်များရှိကြသည်။

ပိုးထည်၊ ဖဲသားဆိုင်များနှင့် ငွေထည်‌ဆိုင်များ တည်ရှိကြပြီး အများစုမှာ နှစ်ထပ်နေအိမ်များဖြစ်ကြကာ ဤနေရာ၏ ဗိသုကာလက်ရာများသည် တစ်မူထူးခြားသည်။

ဤလမ်းသည် နေ့ဘက်တွင် အလွန်ဆိတ်ငြိမ်ပြီး ညအချိန်တွင် အနည်းငယ်ပို၍ သက်ဝင်လှုပ်ရှားသည်။

ချန်ကျဲ့သည် ရထားလုံးပြတင်းမှတစ်ဆင့် အပြင်ဘက်သို့ ကြည့်နေခဲ့သည်။ အတွင်းဘက်တွင် လင်းထိန်နေသည့် အဆောက်အဦတစ်ခုထဲတွင် နေ့အလင်းရောင်အောက်၌ တည်ရှိနေသည့်အလား လူများ ပျားပန်းခတ် သွားလာလှုပ်ရှားနေပေသည်။

ထိုဆိုင်၏ဘေးရှိ အဆောက်အဦမှာ ငွေထည်ဆိုင်လည်း မဟုတ်၊ အဆင့်မြင့်ပိုးထည်ဖဲသားဆိုင်များလည်း မဟုတ်ဘဲ ရှေးဟောင်းပစ္စည်းဆိုင်များလည်း မဟုတ်ပေ။ ထို့ပြင် အခြားပိတ်ထားသည့် ဆိုင်များနှင့် မတူဘဲ လင်းထိန်နေပေသည်။

ညအမှောင်ထုထဲ၌ ထိုအဆောက်အဦသည် ပိုးစုန်းကြူးလေးများကဲ့သို့ လူအများ ချဉ်းကပ်လာစေရန် ဆွဲဆောင်နေပေသည်။

ချန်ကျဲ့ မေးမြန်းကြည့်သည်။

“စစ်ရှီး အဲဒီနေရာက ဘာလဲ”

ထိုအခါ စစ်ရှီးမှ ရုတ်ချည်း ပြန်ဖြေသည်။

“အာ အဲဒါက သခင်၂ရဲ့ ချွမ်ဟယ့်ရတနာစံအိမ်ပါ”

“လောင်းကစားရုံလား”

ချန်ကျဲ့၏အမေးကို စစ်ရှီးမှ ဖြေသည်။

“ဟုတ်ပါတယ် သခင်၅၊ သခင်၅ တစ်ပွဲ၊နှစ်ပွဲလောက် ကစားချင်လို့လား”

ချန်ကျဲ့ ခေါင်းခါရမ်းလိုက်သည်။

“ကျွန်တော် မကစားဘူး”

စစ်ရှီးမှ ပြောသည်။

“အာ နှမြောစရာပဲ။ သခင်၂ရဲ့ လောင်းကစားရုံမှာ ကစားနည်းအမျိုးအစား အစုံအလင်ရှိတယ်ဗျ။ ကတ်ဖဲ၊ အန်စာတုံး၊ အိုးထဲ မြားပစ်ထည့်တဲ့ ကစားနည်း၊ ပုရစ်တိုက်၊ ကြက်တိုက်တာတွေအပြင် အဆိုအကဖျော်ဖြေမှုတွေ ညတိုင်းရှိတယ်”

“အဲဒီတစ်ဝိုက်က ပိုးထည်ဖဲသားဆိုင်တွေလား”

စစ်ရှီးမှ ပြန်ပြောသည်။

“သခင်၅ ပြောတာ အဲဒီဆိုင်တွေလား။ အဲဒါတွေ အကုန်လုံးက သခင်၂ ပါဝင်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေပဲ။ အဲဒီဆိုင်တွေမှာ ညဘက်ဆို ဈေးနှုန်း ၂၀ရာခိုင်နှုန်းတက်သွားတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အစ်ကို၂က ဘယ်လိုစီးပွားရေးလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိတာပဲ”

စစ်ရှီး အံ့အားသင့်သွားသည်။ သူ့ဘက်မှ ထိုမျှပြောပြလိုက်ရုံနှင့် သခင်၅သည် ဤသို့ အကျိုးအမြတ်ဖြစ်ထွန်းသည့် စီးပွားရေးကို သိမြင်နိုင်လိမ့်မည်ဟု စစ်ရှီး မျှော်လင့်မထားခဲ့ပေ။ သို့ဖြင့် စစ်ရှီးသည် စူးစမ်းသိလိုစိတ်ဖြင့် ရှေ့ဆက်မေးမြန်းကြည့်သည်။

“အဲဒါက ငွေရှာလုပ်ငန်းဆိုတာကို သခင်၅က ဘယ်လိုလုပ်ပြီး သိတာပါလဲ”

ထိုသို့မေးမြန်းပြီးနောက် စစ်ရှီးမှာ မိမိကိုယ်ကိုယ် ရယ်မိသွားရသည်။ ကျားဖြူခန်းမရဲ့ သခင်၂က ဆုံးရှုံးမယ့် စီးပွားရေးကို လုပ်ပါ့မလား။

ပြီးတော့ ညဘက်မှာ ထင်ထင်ရှားရှား ဖွင့်ထားတယ်ဆိုကတည်းက အကျိုးအမြတ်ရှိတယ်လို့ ညွှန်ပြနေတာပဲ။

သခင်၅က အကျိုးအမြတ်အကြောင်း ပြောတယ်ဆိုတာ ခန့်မှန်းပြောတာပဲဖြစ်မယ်။

သို့သော် ချန်ကျဲ့၏ ခပ်သာသာပြုံးလျက် ပြောလိုက်သောစကားကြောင့် စစ်ရှီး အံ့အားသင့်သွားရ၏။

“လောင်းကစားရုံအနားက ဈေးတင်ရောင်းချတဲ့ ဆိုင်တွေက အကျိုးအမြတ်ရှာနိုင်ကြတယ်။ ဘာလို့ဆို ငွေရှာတဲ့အခါ အနိုင်ရသူနဲ့ ရှုံးတဲ့သူ‌ဆိုပြီး မလွဲမသွေရှိမှာပဲ။ ရှုံးတဲ့သူတွေကတော့ ပြောဖို့မလိုဘူး။ ဒါပေမဲ့ နိုင်တဲ့သူတွေကတော့ ပျော်ရွှင်ပြီးတော့ အောင်ပွဲခံဖို့ ပစ္စည်းတွေ မကြာခဏ ဝယ်ကြလိမ့်မယ်။ အဲဒီအချိန်ကျ ဒီပစ္စည်းတွေက နည်းနည်းပိုဈေးကြီးနေလားဆိုတာက အရေးမကြီးတော့ဘူးလေ”

“အဲဒီအချိန်ကျ လမ်းပေါ်မှာ ဒီဆိုင်လေးနည်းနည်းပဲ ဖွင့်တော့‌တာဆိုတော့ ဝယ်တဲ့သူတွေက မလွဲမသွေ ဝယ်ကြမှာပဲ။ သူတို့ဝယ်ပြီဆိုရင် အစ်ကို၂က အလိုအလျောက် ငွေရှာနိုင်ပြီပေါ့”

ကျန်းချွမ်သည်လည်း စီးပွားရေးဦးနှောက်ရှိသည်ဟု ဆိုနိုင်ပေသည်။

ချန်ကျဲ့သည် ‌မျက်မှောက်ခေတ်တွင် ကောင်းစွာသိနားလည်ကြသည့် နိယာမတစ်ခုကို ပြောလိုက်ခြင်းသာ ဖြစ်သည့်တိုင် စစ်ရှီးသည်တော့ ပါးစပ်အဟောင်းသား အံ့ဩသွားတော့သည်။ စစ်ရှီးသည် လောင်းကစားရုံအနီးရှိ ပိုးထည်ဆိုင်များသည် ငွေရှာနိုင်သည်ဟုသာ သိထားခြင်းဖြစ်ပြီး မည်သို့ရှာဖွေနိုင်သည်ကိုမူ မသိပါချေ။

ချန်ကျဲ့ ထောက်ပြလိုက်သောအခါမှသာ ရုတ်တရက် သဘောပေါက်သွားရသည့်အလား ချန်ကျဲ့ကြောင့် ရှင်းမပြနိုင်လောက်အောင် အံ့ဩသွားတော့သည်။

သခင်၅က တစ်ချက်ကြည့်လိုက်ရုံနဲ့ လောင်းကစားရုံရဲ့နောက်ကွယ်က အကျိုးအမြတ်ရှာဖွေတဲ့နည်းစနစ်ကို ဖောက်ထွင်းမြင်နိုင်တယ်– သခင်၅က တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ။

ဟိုးအရင်က စစ်ရှီး၏သခင်သည် သခင်၂၏ အကျိုးအမြတ်ရှာသည့် နည်းစနစ်ကို နားလည်ဖို့ကြိုးစားရင်းဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။

နောက်ဆုံးတွင်တော့ ထိုလောင်းကစားသမားများသည် သုံးဖြုန်းနိုင်စွမ်းကြီးမားသည့် လူချမ်းသာများဖြစ်ကြောင်း အနှစ်ချုပ်သုံးသပ်နိုင်ခဲ့သည်။ ထို့ကြောင့် လောင်းကစားရုံသည် လူချမ်းသာများကို ဆွဲဆောင်နိုင်ပြီး အသုံးအဖြုန်းကြီး‌သူများဖြစ်ကြရာ အလိုအလျောက် ရောင်းအားကောင်းသွားတော့သည်။

သို့သော် သခင်၅မှ ပြောလိုက်ပြီးသည်တွင် လောင်းကစားသမားများ၏ လောင်းကစားနိုင်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ ဖြစ်ပျက်ပုံကိုလည်း သိလိုက်ရသည်။

သခင်၅လိုအဆင့်မျိုးက လုံးဝ အထင်ကြီးလောက်စရာပါပဲ….

ရထားလုံးသည် ဖြည်းဖြည်းချင်း ဆက်လက်ရွေ့လျားနေသည်။ စစ်ရှီး၏ ချန်ကျဲ့အပေါ် အမြင်သည်လည်း ပိုမိုကောင်းမွန်လာခဲ့သည်။

ယခင်က စစ်ရှီးသည် ဤကျေးလက်မှ သခင်၅သည် ကံကောင်းပြီး ခန်းမအရှင်သခင်၏ မျက်စိကျခြင်းကို ခံခဲ့ရသည်ဟု ထင်ထားခဲ့သည်။ ကံကောင်းပြီး ခန်းမအရှင်သခင်၏ မွေးစားသားဖြစ်လာခဲ့ပြီး နိုင်ငံ့ဇာမဏီငှက်မှသည်‌ ခြေတစ်လှမ်းဖြင့် ‌အထက်ကောင်းကင်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဟု ထင်ထားခဲ့သည်။

သို့သော် ခုနက စကားပြောဆိုမှုပြီးနောက်တွင်မူ သခင်၅သည် စီးပွားရေးနှင့်ပတ်သက်၍ ဘုရားမှ ကောင်းချီးပေးခံထားရသည်ဟု စစ်ရှီး တွေးလိုက်မိသည်။

ငြိမ်းချမ်းခြင်းလမ်းမကို ဖြတ်သန်းပြီးနောက် လမ်းမပေါ်‌တွင် လူအနည်းငယ်သာ ရှိတော့သည်။ ဤခေတ်၏ မြို့တစ်မြို့၏ ညအချိန်စည်ကားမှုသည် မျက်မှောက်ခေတ်နှင့် မယှဉ်နိုင်ပါချေ။

အထူးသဖြင့် အသီးအရွက်ဈေးကြီးအနီးတစ်ဝိုက်ရှိ လမ်းများသည် ပို၍တိတ်ဆိတ်သည်။ အများစုမှာ အသီးအရွက်ရောင်းချသည့် ကုန်သည်များဖြစ်သောကြောင့် အားလုံးသည် ‌ပုံမှန်အားဖြင့် စောစောအိပ်ကာ စောစောထကြသောကြောင့် အိပ်မောကျနေကြသည်။

ချန်ကျဲ့မှ ခြောက်ကပ်နေသော လမ်းများကိုကြည့်၍ ပြောသည်။

“စစ်ရှီး ဒီမှာက ညဘက်ဆို အမြဲ ဒီလောက်အထိ တိတ်ဆိတ်တာလား”

စစ်ရှီးမှ ပြန်ပြောသည်။

“အသီးအရွက်ဈေးကြီးက ပိုတိတ်ဆိတ်ပါတယ်။ ဒါပေမဲ့ သခင်၅ အနားယူဖို့အတွက် သင့်တော်ပါတယ်”

“သခင်၅အနေနဲ့ ညဘက် ‌အပျင်းပြေပျော်ပါးချင်တယ်ဆိုရင် ပြဇာတ်ရုံတွေ၊ စာအုပ်ဆိုင်တွေရှိတဲ့ ယုံချန်လမ်းကို သွားနိုင်ပါတယ်။ အဲဒီမှာတော့ ညဘက်မှာ အနည်းငယ် သက်ဝင်လှုပ်ရှားနိုင်ပါတယ်”

“အဟမ်း အဟမ်း… ငါကြားဖူးတာတော့ ဒီမြို့မှာ ယီးဟုန်ဂေဟာရှိတယ်တဲ့”

ချန်ကျဲ့ လည်ချောင်းရှင်း၍ ပြောလိုက်သည်တွင် စစ်ရှီးက လှည့်ကြည့်လာသည်။

“မင်းဘာလို့ ငါ့ကို အဲဒီလိုကြီး ကြည့်နေတာလဲ။ ငါက ဒီတိုင်း မေးကြည့်တာပါ”

ချန်ကျဲ့၌ အမှန်တကယ်ပင် အခြားရည်ရွယ်ချက် မရှိပါချေ။ ဝူကျုံးနှင့် ပိုင်မိသားစု၏ ယီးဟုန်ဂေဟာနှင့် ပတ်သက်နေသော ဇာတ်လမ်းများကြောင့် စူးစမ်းသိချင်စိတ် ပြင်းပြနေခြင်းသာ ဖြစ်သည်။

အဲဒါက ငါငယ်ငယ်တုန်းက CDတစ်ချပ်တွေ့ထားပြီး ကြည့်ချင်တယ်ပြောလေလေ မကြည့်ရလေနဲ့ စူးစမ်းချင်စိတ်‌တွေ ပြင်းပြလာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

အခြားအတွေးများအတွက်မူ လုံးဝ မရှိပါကြောင်း ချန်ကျဲ့ မိမိကိုယ်ကိုယ် အာမခံနိုင်ပါသည်။

စစ်ရှီးမှ ပြန်ဖြေသည်။

“ယီးဟုန်ဂေဟာက ဒီနယ်မြေထဲမှာ မဟုတ်ဘူး၊ တောင်လမ်းမမှာ ရှိတာဗျ။ သူက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စီမံမှုအောက်မှာ မဟုတ်သလို ချောင်ကုန်သည်အဖွဲ့ရဲ့ စီမံမှုအောက်မှာလည်း မဟုတ်ဘူး။ သခင်၅ ကျွန်တော်တို့ အခု အဲဒီကိုသွားကြမလို့လား”

“မဟုတ်တာ၊ မလိုပါဘူး”

ချန်ကျဲ့ ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး ရထားလုံးတိုင်ကြားမှ လှံရှည်ကြီးကို ယူလိုက်ပြီး‌ ပြောသည်။

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”

စစ်ရှီးသည် ချန်ကျဲ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်ကို ညွှန်ပြသည်။ ချန်ကျဲ့ အိမ်တံခါးခေါက်လိုက်သောအခါ အထဲမှ အသံထွက်ပေါ်လာသည်။

“ဘယ်သူလဲ”

ရှောင်ဟူ၏အသံ ဖြစ်၏။

“ငါပါ!”

တံခါးပွင့်သွား၏။ ချန်ကျဲ့ကိုမြင်သောအခါ ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ် ပြန်လာပြီလား”

ချန်ကျဲ့သည် စစ်ရှီးသို့ ပြန်လှည့်ပြီး အထဲဝင်ရန် ဖိတ်ခေါ်သည်။ သို့သော် စစ်ရှီးမှ ငြင်းဆန်သည်။

“မဝင်တော့ပါဘူး သခင်၅။ ကျွန်တော် ဒီနေ့ ပြန်သွားပြီး အစီရင်ခံရဦးမှာမို့လို့ သခင်၅ကို မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော် မနက်ဖြန်မှ လာကြိုလှည့်ပါမယ်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“လာကြိုဖို့ မလိုပါဘူး။ ပြန်သွားတဲ့အခါ အစ်ကိုကြီးကို ပြောလိုက်ပါ။ တစ်ကြိမ်သွားလာပြီးနောက်မှာ လမ်းတွေကို ရင်းနှီးကျွမ်းဝင်သွားပြီမလို့ မနက်ဖြန်ကျရင် ကျားဖြူခန်းမဆီကို ကျွန်တော့်ဘာသာပဲ လာခဲ့ပါ့မယ်လို့”

All Chapters