← Chapters

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၂

Vol. 14 Ch. 189

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၂

Vol. 14 Ch. 189

စစ်ရှီးမှ ပြောသည်။

“အမ်းး ဒါဆို ကျွန်တော် ပြန်သွားပြီး သခင်ဖုန်းကို အတိအကျ ပြန်‌တင်ပြလိုက်ပါ့မယ်။ သခင်၅ ကျွန်တော် သွားလိုက်ပါဦးမယ်”

ရထားလုံး ထွက်ခွာသွားသည်။ ချန်ကျဲ့သည် ရှောင်ဟူ၏နောက်မှ ခြံဝင်းထဲသို့ လိုက်ဝင်ခဲ့သည်။ ထို့နောက်မှ ရှောင်ဟူက မှတ်ချက်ပြုသည်။

“အစ်ကိုကျိုစစ် ဒီခြံဝင်းက အရမ်းကောင်းတယ်။ ကျွန်တော်တို့ ရွာက အိမ်ထက် ပိုကောင်းတယ်။ အကုန် အပြာရောင်အုတ်တွေနဲ့ ဆောက်ထားတာ။ အဲဒီနံရံတွေကို ကြည့်ပါဦး”

ရှောင်ဟူသည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် အပြာရောင်အုတ်နံရံများကို ရိုက်ပုတ်လိုက်သည်။

ရှန်းထောင်ရွာရှိ ချန်ကျဲ့၏အိမ်ကို သစ်ကိုင်းများဖြင့်ပြုလုပ်ထားသော ခြံစည်းရိုးဖြင့် ကာထားခြင်းဖြစ်သည်။ အိမ်ကို အဝါရောင်ရွှံ့စေးဖြင့် တည်ဆောက်ထားပြီး သက်ကယ်မိုးထားရာ အတော်လေး တော်ရုံသင့်ရုံ အခြေအနေရှိ၏။

သို့သော် ဖန်းရှစ်ကျုံး ပေးထားသည့် ခြံဝင်းလေးသည် အပြာရောင်အုတ်များဖြင့် ‌တည်ဆောက်ထား၏။ မကြီးမားသော်ငြား ပုံစံကျနသည်။

ရှောင်ဟူမှာ ပျော်မြူးနေသည်။ ရှောင်ဟူသည် အရင်က အထင်ကြီးလောက်သည့် နေအိမ်များကို မြင်တွေ့ခဲ့ဖူး၏။ ကျားဖြူခန်းမသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော်ငြား ရှောင်ဟူသည် အထူးတလည် သဘောမကျမိပေ။ ဤခြံဝင်းလေးသည် တော်သင့်ရုံသာဖြစ်ပြီး အရမ်းကြီး ခမ်းနားနေခြင်းမျိုး မဟုတ်သည့်တိုင် ရှောင်ဟူသည် တိုင်းတာ၍မရနိုင်လောက်အောင် ပျော်ရွှင်‌ဝမ်းမြောက်နေခဲ့သည်။

အကြောင်းရင်းမှာ ရိုးရှင်းပါ၏။ ဤခြံဝင်းသည် သူ၏အစ်ကိုကျိုစစ်၏ခြံဝင်းလေး ဖြစ်နေသောကြောင့်ပင်။

ထို့ပြင် သူ့အတွက်လည်း ဘေးခန်းငယ်လေး ရှိသေး၏။ လက်တွေ့ကျကျဆို‌ရသော် သူ၏ကိုယ်ပိုင်အခန်းဖြစ်သည်။

ထိုအချက်သည် ပိုင်ဆိုင်မှုရှိသည့်ခံစားချက်ကို ပိုမိုအားကောင်းလာစေသည်။

ချန်ကျဲ့ ခြံဝင်းတစ်ဝိုက် လျှောက်ပတ်ကြည့်သည်။ နေအိမ်သည် အခန်းသုံးခန်းနှင့် မီးဖိုခန်းတစ်ခန်းပါရှိသည့် လေးခန်းပါ‌နေအိမ်ဖြစ်သည်။

ခြံဝင်းထဲတွင် ရေတွင်းတစ်တွင်းရှိပြီး ရေတွင်း၏ဘေးတွင် တရုတ်ထီးပင်ကြီးရှိပြီး ဇာမဏီငှက်နားခိုခြင်းကို ရည်ညွှန်းလျက် အတိတ်နိမိတ်ကောင်းမွန်ခြင်းနှင့် ကံကောင်းခြင်းတို့ကို ယူဆောင်လာစေသည်။

ခြံဝင်းထဲတွင် အသေးစားအဆင့် လေ့ကျင့်ရေးကွင်းလေးလည်း ရှိသည်။ အရင်က အသီးအရွက်စိုက်ခင်းဖြစ်ခဲ့သော်ငြား နောက်ပိုင်းတွင်တော့ ပြင်ဆင်မွမ်းမံပြီး အပြာရောင်အုတ်များဖြင့် တည်ဆောက်ခဲ့ကြသည်။

၎င်းသည် ချန်ကျဲ့ သိုင်းလေ့ကျင့်ရန်အတွက် အဆင်ပြေစေသည်။ သို့သော် ကံဆိုးစွာဖြင့် ဥယျာဉ်ငယ်လေးမရှိတော့ရာ စူးယွင်ကျင်း အသီးအရွက်စိုက်ပျိုးရန်အတွက် အဆင်မပြေဖြစ်စေသည်။

ဆိုရသော် ခြံဝင်းသည် အနည်းငယ် သေးငယ်သော်ငြား လက်ခံနိုင်ဖွယ်ရှိသည်။ အခြေချရန် နေရာတစ်ခုအဖြစ် စိတ်ကျေနပ်ဖွယ် ဖြစ်သည်။

အနာဂတ်အတွက်မူ ချန်ကျဲ့သည် သေချာပေါက် ပိုမိုကြီးမားသည့်နေအိမ်ကို ပိုင်ဆိုင်လိုပါသည်။ သို့သော် လက်ရှိအတွက်မူ ယာယီနေရာထိုင်ခင်းအဖြစ် ဤနေရာသည် အတော်လေး ကောင်းမွန်ပါ၏။

“ညစာ အဆင်သင့်ဖြစ်ပြီ!”

ချန်ကျဲ့နှင့် ‌ရှောင်ဟူတို့ ခြံဝင်းကို လှည့်ပတ်ကြည့်နေစဉ် စူးယွင်ကျင်းသည် မီးဖိုချောင်မှ ခေါင်းပြူထွက်လာပြီး ပြောသည်။

သူမကို မြင်သောအခါ ချန်ကျဲ့ ပြောလိုက်သည်။

“မိန်းမ မင်းပင်ပန်းသွားရပြီ”

“မပင်ပန်းပါဘူး။ ဟူဇစ် စားပွဲနေရာချပေးပါဦး”

“ကောင်းပြီ”

ရှောင်ဟူသည် စားပွဲတစ်လုံး အမြန်သယ်လာသည်။ လက်ရှိရာသီဥတုသည် မအေးပေ။ ထို့ကြောင့် သူတို့အားလုံးသည် ခြံဝင်းထဲတွင် စားသောက်ကြသည်။

သူတို့သည် ထိုင်ခုံတစ်ယောက်တစ်ခုံစီ ‌သယ်လိုက်ကြသည်။ ဒီ‌နေ့အတွက် ညစာသည် အသားချဉ်ရည်နှင့် ခေါက်ဆွဲဖြစ်သည်။

ခေါက်ဆွဲတစ်ပန်းကန်ကြီးကို ကြည့်လိုက်ပြီး ချန်ကျဲ့မှ ပြောသည်။

“မိန်းမ မင်းဒီမှာ နေသားကျရဲ့လား”

စူးယွင်ကျင်း ပြုံးလိုက်ပြီး ပြောသည်။

“မဆိုးဘူး။ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက ကျွန်မတို့်ကို သေချာလေး ဂရုစိုက်ပေးပါတယ်။ အသီးအရွက်ဈေးကြီးကလည်း သိပ်မဝေးတော့ ပစ္စည်းတွေဝယ်ဖို့အတွက် အ‌ဆင်ပြေတယ်လေ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဟုတ်လား။ မင်း ကျင့်သားရတယ်ဆိုရင်ပဲ ကောင်းပါပြီ”

ထို့နောက် ချန်ကျဲ့သည် စတင်စားသောက်သည်။

“အမ်းး တို့ဟူးက စားကောင်းတယ်”

ချန်ကျဲ့မှ တို့ဟူးတစ်လုပ်စားလိုက်ရင်း မှတ်ချက်ပြုသည်။ စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အာ ဒီတို့ဟူးကို ဝင်ပေါက်နားက တို့ဟူးဆိုင်က ပေးလိုက်တာလေ”

“ပေးလိုက်တာလား”

ချန်ကျဲ့ အံ့ဩသွား၏။

တို့ဟူး အလကားရတဲ့ကိစ္စမျိုး ရှိနိုင်တယ်လား။

စူးယွင်ကျင်းမှ ပြောသည်။

“ကျွန်မ ဒီနေ့ တို့ဟူးဝယ်ဖို့သွားတော့ ဆိုင်ရှင်က သူတို့မှာ ရောင်းဖို့တို့ဟူး ကုန်သွားပြီး ဒီနောက်ဆုံးတစ်ပိုင်းလေးပဲ ကျန်နေတာ။ အဲဒါက ပုံပန်းသဏ္ဍာန်ကလည်း နည်းနည်းပျက်ယွင်းနေတော့ ကျွန်မကို ပေးလိုက်တာပဲ။ ဆိုင်ရှင်က အရသာကောင်းရင် နောက်တစ်ခေါက်ပြန်လာဖို့လည်း မှာလိုက်သေးတယ်”

ချန်ကျဲ့ ပြောလိုက်သည်။

“ဒါဆို နောက်ပိုင်းကျ များများဝယ်လိုက်ပါ။ ဒီတို့ဟူးက အတော်လေး စားကောင်းတယ်”

စူးယွင်ကျင်း ခေါင်းညိတ်သည်။

ညစာစားပြီးနောက် စူးယွင်ကျင်းသည် ပန်းကန်ခွက်ယောက်များကို ရှင်းလင်းသည်။ ရှောင်ဟူမှ ကူညီပေးချင်သော်ငြား စူးယွင်ကျင်း၏ နှင်ထုတ်ခံလိုက်ရသည်။ စူးယွင်ကျင်းမှ ပြော၏။

“မလိုဘူး။ ရှင်တို့ယောက်ျားလေးတွေ ကိုယ့်ကိစ္စကိုယ် လုပ်နေလိုက်ကြပါ”

ထိုအခါ ရှောင်ဟူမှာ ဘာမှထပ်မပြောနိုင်တော့ပေ။

ချန်ကျဲ့မှ ပြောသည်။

“စောစောအိပ်၊ မနက်ဖြန်မနက် စောစောထရမယ်။ ကျားဖြူခန်းမက ပုံးကွယ်နေတဲ့ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာ။ မင်း အရေပြားသန့်စင်ခြင်းအဆင့်ကို မြန်မြန်တက်လှမ်းနိုင်ဖို့လိုတယ်”

‌ချန်ကျဲ့၏စကားကို ရှောင်ဟူသည် ခေါင်းညိတ်နာခံသည်။

ညဘက်တွင် စူးယွင်ကျင်းသည် ရွေ့ရွေ့၏အခန်းထဲမှ ခြေ‌ဖွဖွထောက်နင်း၍ ခိုးထွက်လာခဲ့သည်။ နောက်ဆုံး‌တွင်တော့ ကလေးမလေးကို အိပ်ပျော်အောင် သိပ်နိုင်ခဲ့လေပြီ။

ချန်ကျဲ့သည် အိပ်ရာပေါ်တွင် လဲလျောင်းလျက် ဇနီးဖြစ်သူ အခန်းထဲဝင်လာသည်ကို ‌ကြည့်နေရင်း ပြောလိုက်သည်။

“မိန်းမ မင်း အဲဒီကလေးမလေးကို ဒီလိုမျိုး အလိုလိုက်မနေသင့်‌ဘူးနော်။ ကိုယ့်မှာ နေ့တိုင်း သူအိပ်ပျော်သွားပြီးမှ အိပ်နေရတယ်”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ကျွန်မတို့ ‌ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။ ရွေ့ရွေ့က ပတ်ဝန်းကျင်အသစ်နဲ့ပတ်သက်ပြီး နည်းနည်း ဂျီးများနေသေးလို့ပါ”

ထို့နောက် စူးယွင်ကျင်းသည် အဝတ်အစားများကို ချွတ်‌ပြီးနောက် အမြန်လျှောက်လာသည်။

ချန်ကျဲ့သည် သူ၏အိပ်ရာပေါ်သို့ နူးညံ့မှုလေးတစ်ပွေ့ လျှောဝင်လာသည်ကို ခံစားလိုက်ရပြီး ထိုနွေးထွေးမှုလေးကို ဇိမ်ခံနေသည်။ ထိုစဉ် စူးယွင်ကျင်းမှ ပြောသည်။

“ယောက်ျား”

“ဟမ်?”

ချန်ကျဲ့ ခပ်တိုးတိုးတုံ့ပြန်သည်။ ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။

“ကျွန်မ နည်းနည်းကြောက်နေတယ်!”

“ကြောက်တယ်? ဘာကိုကြောက်တာလဲ”

ချန်ကျဲ့ နားမလည်နိုင်စွာ မေးလိုက်သည်။

“ကျွန်မ ရှင့်ရဲ့ ကောင်းမွန်မှုတွေနဲ့ ကျင့်သားရသွားမှာကို ကြောက်တယ်။ ပြီးတော့ တစ်နေ့ကျ ရှင်ကျွန်မကို မချစ်တော့ရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ”

“ဟားဟား ပေါက်ကရတွေကွာ! ကိုယ်က မင်းကို ဘယ်လိုလုပ်ပြီး မချစ်မှာလဲ”

“ဒါပေမဲ့…”

“ဒါပေမဲ့ဆိုတာ မရှိဘူး…”

“အာ ယောက်ျား ရှင်… ‌ဖြည်းဖြည်းလုပ်ပါ…”

…

ညတာသည် နောက်ထပ် စကားပြောဆိုခြင်း မရှိတော့ဘဲ ကုန်‌ဆုံးသွားခဲ့သည်။ မနက်စောစောတွင် စနစ်၏ သတင်းအချက်အလက် မြှင့်တင်ပြီးသည့် အသိပေးသံ ထွက်ပေါ်လာသည်။

[ဒီနေ့အတွက် နောက်ဆုံးရသတင်းအချက်အလက်များ (အဆင့်၂)]

[၁၊ သင်ဒီနေ့ မျန့်ရွှေစီရင်စုကို ရောက်ရှိခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ မျန့်ရွှေစီရင်စုက ကျန်းဟန်လွင်ပြင်ရဲ့ ဗဟိုချက်မဒေသမှာ တည်ရှိခြင်းဖြစ်ပြီး မြောက်ဘက်တွင် မျန့်ရွှေ၊ တောင်ဘက်တွင် ယန်ဇီမြစ်၊ အရှေ့ဘက်တွင် ဟန်ယန်း၊ အနောက်ဘက်တွင် ကျင်းကျိုးတို့ဖြင့် နယ်နိမိတ်ပိုင်းခြားထားသည်။ ဤမြို့ဟာ စည်ကားတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးတွေနဲ့ ပြည့်စုံပြီး ချမ်းသာကြွယ်ဝတဲ့ နယ်မြေတစ်ခုဖြစ်တယ်။ ဒီမြို့‌မှာ ရှုပ်ထွေးစွာယှက်နွယ်နေတဲ့ အသင်းအဖွဲ့များစွာရှိနေတာကြောင့် လူတစ်ယောက် ခြေကုပ်ယူနိုင်ဖို့ရာ ခက်ခဲစေပါတယ်]

[၂၊ သင်ဒီနေ့ ကျားဖြူခန်းမထဲ ဝင်ရောက်ခဲ့ခြင်းမှ ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အကြီးမားဆုံးခန်းမဖြစ်ပြီး နန်ပါးထျန်းအတွက် မျက်ကွယ်မပြုနိုင်သော ဆူးတစ်ချောင်း၊ လည်ချောင်းထဲက အရိုးတစ်ချောင်းသဖွယ် ဖြစ်နေပေမဲ့ နန်ပါးထျန်းက အရမ်းကြီးလည်း ဝင်ရောက်စွက်ဖက်ဖို့ မဝံ့ရဲပါဘူး။ ငါးဖမ်းကုန်သည်အဖွဲ့မှာ ဖန်းရှစ်ကျုံးရဲ့ ရာထူးက အလွန်မြင့်မားပြီး ‌ကုန်သည်အဖွဲ့ခေါင်းဆောင်ပြီးရင် ဒုတိယအာဏာအကြီးဆုံး ရာထူးဖြစ်တာကြောင့် ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်က ဖန်းရှစ်ကျုံးကို အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပါတယ်]

[၃၊ သင်ဒီနေ့ ဖန်းရှစ်ကျုံးနဲ့တွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဖန်းရှစ်ကျုံးက လတ်တလောမှာ ပြဇာတ်ကြည့်ရတာကို စိတ်အားထက်သန်နေပြီး အထူးသဖြင့် သရုပ်ဆောင် ဟွားသျဲ့ကို နှစ်ခြိုက်နေပါတယ်။ အကြောင်းရင်းကတော့ ဟွားသျဲ့ရဲ့ ပုံပန်းသွင်ပြင်က ဖန်းရှစ်ကျုံးရဲ့ သေဆုံးသွားပြီးတဲ့ ညီမလေးနဲ့ အရမ်းတူနေတာကြောင့်ပါ]

[၄၊ သင်ဒီနေ့ “အတိဒုက္ခဆယ့်သုံးပါးလှံ”ကို လေ့ကျင့်ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဤလှံသိုင်းကျင့်စဉ်ကို စုန့်မင်းဆက်ခေတ်မှာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး အဲဒီခေတ်အခါက ထိပ်တန်းကျင့်စဉ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ သိုင်းကျင့်စဉ်ဖြစ်ပါတယ်။ သိုင်းကွက်ဆယ့်သုံးကွက်ကို ထုတ်သုံးတဲ့အခါ ရန်သူအနည်းငယ်သာ ခံနိုင်ရည်ရှိလိမ့်မည်။ ဒီသိုင်းကျင့်စဉ်ရဲ့ နောက်ဆုံးခုနစ်ကွက်ကို တစ်ချိန်က စစ်မြေပြင်မှာ ပြိုင်ဘက်ကင်းစစ်သူကြီးဖြစ်တဲ့ စစ်သူကြီးကောင်းချုံကို သင်ကြားပေးခဲ့ဖူးပါတယ်]

‌[၅၊ သင်ဒီနေ့ လှံသိုင်းကျင့်စဉ်ကို လေ့ကျင့်ရာမှာ အထူးအာရုံစိုက်ထားခဲ့တာကြောင့် ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ “အတိဒုက္ခဆယ့်သုံးပါးလှံ”က စိတ်ခံစားချက်မှ ပေါ်ပေါက်လာခြင်းဖြစ်တယ်။ သိုင်းကွက်၁၃ကွက်ကို သင်ယူပြီးတာနဲ့တစ်ပြိုင်နက် အတိဒုက္ခများကို ကျော်ဖြတ်နိုင်ပြီး ထိုခေတ်ကာလရဲ့ ထိပ်တန်းသိုင်းပညာရှင်အဖြစ် ကျင့်ကြံသူကို အရည်အချင်းပြည့်မီစေပါလိမ့်မယ်။ စိတ်ခံစားချက်တွေကို မြှုပ်နှံပြီး ကျင့်ကြံပါက ကြိုးစားအားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆ ရရှိနိုင်ပါတယ်]

ချန်ကျဲ့ မျက်လုံးဖွင့်လိုက်ပြီး ဒီနေ့အတွက် နောက်ဆုံးရအချက်အလက်များကို ဖတ်နေသည်။

ဒီနေ့၏သတင်းအချက်အလက်များသည် အတော်လေး စိတ်ဝင်စားဖွယ်ဖြစ်၏။

ပထမအချက်မှာ ရှင်းပြရန်မလိုအပ်ပေ။ ၎င်းသည် မျန့်ရွှေစီရင်စု၏တည်နေရာကို ဖော်ပြထားခြင်းဖြစ်ပြီး မြို့သည် မြစ်ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်မှုများ စည်ကားသောကြောင့် ဆင်းရဲနွမ်းပါးသည့် နေရာဒေသမဟုတ်ဘဲ ‌ကြွယ်ဝချမ်းသာသည့် နေရာဒေသတစ်ခု‌ဖြစ်ကြောင်း ဖော်ပြထားခြင်းသာ ဖြစ်သည်။

All Chapters