ကြွက်သားပြေလျော့ဆေးလုံး၊ နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၄
Vol. 14 Ch. 191
ထိုအချိန်၌ ချန်ကျဲ့၏အင်အားသည် ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။
လှံရှည်ကို ချထားလိုက်ပြီးနောက်လည်း ချန်ကျဲ့ အနားမယူဝံ့ပေ။ ယန်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ ရေထိန်းချုပ်လက်ဝါးသိုင်းကို အသက်သွင်း၍ လက်ဝါးသိုင်းကွက်များကို စတင်လေ့ကျင့်သည်။ လက်ဝါးလှုပ်ရှားမှုနှင့်အတူ လေပြင်းထန်သည့်ပင်လယ်ပြင်ကဲ့သို့ လှိုင်းတံပိုးများနှင့် မုန်တိုင်းထန်သည့် လှိုင်းလုံးများကြားတွင် အောက်ရေစီးကြောင်းများ ဖြစ်ပေါ်စေသည်။ လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် ဆန်းကြယ်နက်နဲသည့် အနုစိတ်များ ပါဝင်နေသည်။
တစ်ခါတရံတွင် လျင်မြန်သည်၊ တစ်ခါတရံတွင် နှေးကွေးသည်၊ တစ်ခါတရံတွင် အလောတကြီးဖြင့် တစ်ခါတရံတွင် ငြိမ်သက်နေတတ်သည်။
ဖြန်း ဖြန်း ဖြန်း…
သိုင်းပညာရှင်တစ်ဦးအတွက် ဆေးအာနိသင်ကို စုပ်ယူနိုင်မည့် အမြန်ဆန်ဆုံးနည်းလမ်းမှာ သိုင်းကျင့်စဉ်ကို အားသွန်ခွန်စိုက် ကျင့်ကြံခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရန်လှုံ့ဆော်ခြင်းဖြင့် ဆေးအာနိသင်ကို ပိုမိုလျင်မြန်စွာ ပိုမိုအားကောင်းစွာ စုပ်ယူနိုင်လိမ့်မည်။
ချန်ကျဲ့ လက်ဝါးသိုင်းကျင့်ကြံနေစဉ် ရှောင်ဟူလည်း အိမ်ထဲမှ ထွက်လာသည်။ ချန်ကျဲ့ လေ့ကျင့်နေသည်ကိုမြင်သောအခါ ရှောင်ဟူသည် မနှောင့်ယှက်ဘဲ ဘေးတွင် တိတ်တဆိတ်ရပ်၍ သူကိုယ်တိုင်လည်း မြင်းကိုယ်ဟန်အနေအထားယူ၍ စတင်လေ့ကျင့်သည်။
ကျိုစစ်ပြောတာ မှန်တယ်။ ငါ့အင်အားက အရမ်းအားနည်းနေသေးတာ ဘယ်လိုလုပ်ပြီး ကျိုစစ်ကို ကူညီနိုင်ပါ့မလဲ။
ရှောင်ဟူသည် စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်သည်။ တကယ်တမ်းတွင် သူ၏အထုံပါရမီသည် ချန်ကျဲ့ထက်ပို၍ ကောင်းမွန်၏။
ချန်ကျဲ့သည် ပင်ပန်းနွမ်းနယ်သည်အထိ လက်ဝါးသိုင်းကို လေ့ကျင့်ပြီးနောက် လှံသိုင်းသို့ ပြောင်းလဲလေ့ကျင့်သည်။
မနက်အရုဏ်တက်၍ အပြင်ဘက်ရှိ ပျံကျဈေးသည်များ၏ အော်သံများကို စတင်ကြားလာရသောအခါမှသာ ဆေးအာနိသင်အားလုံးကို စုပ်ယူပြီးတော့သည်။
ချန်ကျဲ့ ကိုယ်တွင်းရှိ ဆေးအာနိသင်များကို တည်ငြိမ်စေသည်။
ချန်ကျဲ့ စွမ်းရည်တိုးတက်မှုကို စစ်ဆေးကြည့်လိုက်ရာ တစ်ညတာလေ့ကျင့်ရုံမျှနှင့် သူ၏ကျင့်ကြံဆင့်သည် နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းရန် မဝေးကွာတော့ကြောင်း သိလိုက်ရသည်။ ဤလိုအပ်မှုလေး အနည်းငယ်ကို ဆေးဝါးအကူအညီမယူဘဲ လေ့ကျင့်မှုတစ်ခုတည်းနှင့် ဖြည့်ဆည်းလိုပါက အနည်းဆုံး သုံးလခန့်မျှ ကြာမြင့်ပေလိမ့်မည်။
သို့သော် ဖန်းရှစ်ကျုံးသည် သူ့ကို ကြွက်သားပြေလျော့ဆေးနှစ်လုံး ပေးထားသည်ဖြစ်ရာ ချန်ကျဲ့ကို အချိန်မြန်မြန်အတွင်း ကျင့်ကြံဆင့်တက်လှမ်းရန် မျှော်လင့်နေကြောင်း ဖော်ပြနေပေသည်။
ဒီနေ့ည ကြွက်သားပြေလျော့ဆေးလုံး သောက်သုံးပြီးနောက်တွင် ဆေးအာနိသင်သည် နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းရန် လုံလောက်မည်ဟု ခံစားမိသည်။
သူ၏မွေးစားဖခင်သည် ချန်ကျဲ့၏လက်ရှိအင်အားမှာ တကယ်တမ်းတွင် သူ၏မွေးစားသားဖြစ်ရန် မသင့်တော်ဟု ပြောခဲ့ဖူးသည်။ ထိုစကားများကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်သောအခါ သူ၏မွေးစားဖခင်၏ရည်ရွယ်ချက်မှာ ဤသို့ဖြစ်၏။ ချန်ကျဲ့ကို မွေးစားသားအဖြစ် တရားဝင်အသိအမှတ်ပြုမည့် နောက်နှစ်ရက်ကြာ ထိုနေ့တွင် ချန်ကျဲ့မှ မွေးစားဖခင်ကို အမှောင်စွမ်းအင်အဆင့်၊ နွဲ့ပျောင်းအရွတ်စွမ်းအင်အဆင့် ကျင့်ကြံဆင့်ဖြင့် နှုတ်ဆက်ရပေမည်။
ထိုသို့ရည်ရွယ်ချက်ကို စဉ်းစားဖော်ထုတ်ပြီးနောက်တွင် ချန်ကျဲ့သည် လက်ထဲမှ လှံရှည်ကို ချထားလိုက်သည်။ ရှောင်ဟူလည်း လေ့ကျင့်မှုပြီးဆုံးပြီဖြစ်ကြောင်း မြင်သောအခါ မေးလိုက်သည်။
“ဘယ်လိုလဲ”
ရှောင်ဟူမှ ပြောသည်။
“ကျွန်တော် ဒီနှစ်ရက်အတွင်းမှာ အရေပြားသန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်လောက်တယ်”
ချန်ကျဲ့မှ ပြောသည်။
“အင်း သွားရအောင်။ ညီအစ်မနှစ်ယောက် မနိုးကြသေးဘူးမလား။ ငါတို့ အပြင်ထွက် တစ်ခုခုစားရင်း ညီအစ်မနှစ်ယောက်အတွက်လည်း စားစရာတစ်ခုခု ဝယ်လာပေးရအောင်လေ”
နှစ်ဦးသားသည် အိမ်မှထွက်လာခဲ့ကြသည်။ အသီးအရွက်ဈေးကြီးသည် အမှန်တကယ်ပင် စည်ကားလွန်းလှသည်။ မနက်၅နာရီကျော်ခန့်သာ ရှိသေးသည့်တိုင် လမ်းမထက်တွင် အသီးအရွက်ဝယ်ယူသူများနှင့် ပြည့်နှက်နေပေသည်။
ဤခေတ်ကာလ၌ လူတို့သည် အိပ်ရာစောစောဝင်၍ ဆိုင်လည်း စောစောဖွင့်ကြသည်။
အသီးအရွက်ဈေးသည် များသောအားဖြင့် သာမန်ပြည်သူများ၊ အိမ်အစေခံများဖြင့် လူထူထပ်နေလေ့ရှိသည်။ ထို့ကြောင့် မနက်စာဆိုင်များလည်း ပေါများသည်။
ချန်ကျဲ့နှင့် ရှောင်ဟူတို့ ဆက်လက်လျှောက်လာကြစဉ် သရေစာမျိုးစုံ၊ ခေါက်ဆွဲအခြေခံသည့် ဟင်းပွဲများနှင့် ဖက်ထုပ်အသေးလေးများကို မြင်တွေ့ခဲ့ရသည်။ ဂျုံမုန့်ကြော်များကိုတော့ တွေ့ရခဲပြီး ဂျုံနှင့်ပြုလုပ်သော မုန့်လွှာများကိုတော့ အနည်းငယ် မြင်တွေ့နိုင်သည်။
ချန်ကျဲ့တို့နှစ်ဦးသည် ဖြည်းဖြည်းချင်း လျှောက်ပတ်ကြည့်ကြရင်းဖြင့် အစားအသောက်အချို့ စားသောက်ရင်း အသီးအရွက်ဈေးကြီး၏ ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများကိုလည်း သိရှိနိုင်မည့်အခွင့်အရေးကို မိမိရရ ဖမ်းဆုပ်နေကြသည်။
သူတို့ လမ်းလျှောက်နေကြရင်း မဝေးလှသည့်နေရာတွင် လူတန်းရှည်ကြီး တန်းစီနေသည့် ဆိုင်တစ်ဆိုင်ကို မြင်တွေ့လိုက်ရသည်။
၎င်းဆိုင်တွင် စာလုံးနှစ်လုံး ရေးသားထား၏ : ‘တို့ဟူး’
ဟမ်?
ချန်ကျဲ့နှင့် ရှောင်ဟူတို့ အနီးကပ်သွားလိုက်ကြသည်။ ထိုအခါ တန်းစီနေကြသူများ အားလုံးမှာ အမျိုးသားများဖြစ်ကြပြီး ရှေ့ဘက်သို့ စိတ်ဝင်တစားဖြင့် ကြည့်နေကြကြောင်း သတိထားမိသွားရသည်။
ဆိုင်မဖွင့်သေးရာ လူတစ်ယောက်မှ ရေရွတ်၏။
“သို့ဟူရှီးရှစ်က ဒီနေ့ဘာလို့ ဆိုင်မဖွင့်သေးတာလဲ”
“လူမှာ တစ်ခါတလေလေး အိပ်ရေးဝဝအိပ်ဖို့ မထိုက်တန်ဘူးလား”
ထိုလူ၏ မကျေမနပ်ရေရွတ်သံကို ကြားသောအခါ လူတစ်ယောက်သည် စိတ်မချမ်းမြေ့ဖြစ်သွား၍ ကျယ်လောင်စွာ ပြစ်တင်ပြောဆိုသည်။
ကနဦးတွင် ထိုစကားလုံးများသည် ကြမ်းတမ်းသည်ဟု ထင်ရသော်ငြား ထိုလူကို မည်သူမျှ အတိုက်အခံမပြောကြပေ။ အချို့လူများသည်ပင် ဤသို့ပြောနေကြသေး၏။
“မင်း စားချင်ရင် စားပေါ့၊ မစားချင်ရင်လည်း ထွက်သွားလိုက်၊ ငါတို့ရှေ့မှာ ရပ်မနေနဲ့”
“ဟုတ်တယ် ဟုတ်တယ်”
“မင်း မစားချင်ရင် ထွက်သွားလိုက်။ ငါတို့လည်း မင်းကို ညီမလေးရှီးရှစ်ရဲ့တို့ဟူးကို စားပါလို့ ကမ်းလှမ်းမနေပါဘူး”
“ဟေး ဟေး မင်းတို့ကလည်းကွာ၊ ငါက ဒီတိုင်းပြောလိုက်တာပါ။ ဘာလို့ ဒီလောက်ကြီးတုံ့ပြန်ရတာလဲ”
“ဘာစကားမှမပြောနဲ့”
…
လူအုပ်ကြီးမှ ထိုသို့ပြောဆိုတုံ့ပြန်ရာ ထိုလူမှာ ခေါင်းပင် မဖော်ဝံ့တော့ပေ။
ထိုစဉ် ရှောင်ဟူသည် ဘေးတွင်ရပ်၍ ရိုးသားစွာ မေးမြန်းသည်။
“ဒီဆိုင်က တို့ဟူးက တကယ်ပဲ ဒီလောက်တောင် စားကောင်းတာလား”
“ကျိုစစ်”
ရှောင်ဟူသည် ချန်ကျဲ့ကို ကြည့်နေသည်။ ချန်ကျဲ့မှ ပြုံးလျက် ပြောလိုက်သည်။
“ဒါက သေချာပေါက်ကြီး တို့ဟူးစားဖို့အတွက်ပဲဖြစ်ဖို့ မလိုဘူးလေ”
“ဟမ်? တို့ဟူးဆိုင်မှာ တို့ဟူးမစားဘူးလား။ အဲဒါဆို ဘာလုပ်မှာလဲ”
ရှောင်ဟူမှ စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။
ချန်ကျဲ့သည် ဘာမှမပြောသော်ငြား ၇၀ရာခိုင်နှုန်းခန့် နားလည်နေပြီဖြစ်သည်။ ဤခေတ်ကာလတွင်ပင် ဤသို့စီးပွားရေးလုပ်ငန်းမျိုး တည်ရှိလိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။
ထိုစဉ် တို့ဟူးဆိုင်ထဲ၌
အလုပ်သမားများသည် တို့ဟူးများကို ဆားငန်ရည်ထဲ မစိမ်ခင်တွင် ထုပ်ပိုးခြင်းနှင့် ပုံစံခွက်ထဲ ထည့်၍ တို့ဟူးတုံးများပြုလုပ်ခြင်းတို့ဖြင့် အလုပ်များနေကြသည်။
အခြားတို့ဟူးများကို တို့ဟူးပူတင်းအဖြစ် ပြောင်းလဲလုပ်ဆောင်သည်။
အလုပ်သမားများ သူ့အလုပ်နှင့်သူ ရှုပ်နေစဉ် အရောင်အသွေးစုံလင်သည့် ချီဖောင်ကို ဝတ်ဆင်ထားသည့် ကိုယ်လုံးကိုယ်ပေါက်လှသော အမျိုးသမီးတစ်ဦးသည် ညှို့ဓာတ်ပြင်းသော အသွင်အပြင်ဖြင့် လက်တစ်ဖက်ကို မေးထောက်လျက် စားပွဲတွင်ထိုင်နေသည်။
သူမ၏ ရှည်သွယ်ပြည့်ဝိုင်းသည့် ခြေတံလေးများကို ချီဖောင်ဝတ်စုံအောက်တွင် ခြေချိတ်ထိုင်ထား၏။
သူမ၏ဝတ်စုံအပေါ်ပိုင်းသည် ကိုယ်ကျပ်ဖြစ်ရာ ရင်သားတို့မှာ ရှေ့သို့ ကြွထွက်နေသည်။
အမှန်တကယ်ပင် ညှို့ဓာတ်ပြင်း၍ နှစ်လိုဖွယ်ကောင်းသော အသွင်အပြင်ဖြစ်ပါ၏။
သူမ၏နောက်ရှိ ဆေးတံကြီးကို ခါးတွင်ထိုးချိတ်ထားသည့် အဖိုးကြီးတစ်ဦးသည် စာရင်းစာအုပ်ကို ကိုင်ထားလျက် ပြောသည်။
“သူဌေး ကျွန်တော်တို့ ဒီလ ဟုန်ထိုက်အထည်ဆိုင်အပါအဝင် စုစုပေါင်း အမှာစာ၁၀ခု လက်ခံခဲ့တယ်… ငွေတုံးရှစ်ထောင် ရှာနိုင်ခဲ့ပြီး ဝန်ဆောင်ခတွေ ပေးချေပြီးတော့ ငွေတုံးသုံးထောင် အမြတ်ရထားပါတယ်”
“အာ ဒီလုပ်ငန်းက ဆက်လုပ်ဖို့ရာ ဆက်တိုက်ကို ပိုခက်ခဲလာနေတော့တာပဲ”
အမျိုးသမီးသည် အဖိုးကြီး၏တွက်ချက်မှုကို နားထောင်ပြီးနောက် မကျေမနပ်ရေရွတ်သည်။
ထိုစဉ် အလုပ်သမားသည် အမျိုးအမည်မသိသော အနီရောင်အရည်တစ်မျိုး ဆမ်းထားသည့် လတ်ဆတ်သည့် တို့ဟူးပူတင်းတစ်ပန်းကန်ကို သယ်လာသည်။
အမျိုးသမီးသည် တို့ဟူးကိုမွှေလိုက်ပြီး ပါးစပ်ထဲသို့ တစ်ဇွန်းအပြည့် ခပ်ထည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွင် အနီရောင်အရည်များ စွန်းကျန်ရစ်ခဲ့သည်။
အဖြူရောင်တို့ဟူးနှင့် အနီရောင်အရည်သည် လူဦးနှောက်အစအနများနှင့်ပင် ဆင်တူသည်။ အတိတ်နိမိတ်မကောင်းဘဲ ကြောက်မက်ဖွယ်ကောင်း၏။
သူမ တို့ဟူးပူတင်းကို တစ်လုပ်မြည်းစမ်းပြီးနောက်တွင် အဖိုးကြီးမှ ဆက်ပြောသည်။
“ဒါနဲ့ သူဌေး.. မနေ့က လူတစ်ယောက်ရောက်လာပြီး ငါးဖမ်းကုန်သည်အဖွဲ့က လူတစ်ယောက်ကိုသတ်ဖို့အတွက် ငွေတုံးနှစ်ထောင်ပေးချေဖို့ ဆန္ဒရှိနေပါတယ်”
“ငွေတုံးနှစ်ထောင်လား”
အမျိုးသမီးသည် မျက်လုံးအိမ်တို့မှေးကျုံ့လိုက်၏။
“ဦးစီးမှူးအဆင့်လား”
အဖိုးကြီးမှ ပြောသည်။
“မဟုတ်ဘူး၊ ဖန်းရှစ်ကျုံးရဲ့မွေးစားသားကိုပါ”
“အဟွတ် အဟွတ်…”
အမျိုးသမီးမှာ ရုတ်ချည်း သီးသွားရသည်။
“ရှင် လက်ခံလိုက်ပြီလား”