← Chapters

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၅

Vol. 14 Ch. 192

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၅

Vol. 14 Ch. 192

အဖိုးကြီးမှ ပြောသည်။

“အခုထိတော့ လက်မခံရသေးဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေ့ မိသားစုခေါင်းဆောင်ကို မေးဖို့အတွက် ရောက်လာခဲ့တာပါ”

ထိုအခါ အမျိုးသမီးသည် ရပ်တန့်သွားပြီး ပြောသည်။

“အဲဒါဘာကိုဆိုလိုတာလဲ”

အဖိုးကြီးမှ ပြောသည်။

“ငါတို့ မှောင်ခိုဈေးလုပ်ငန်းက တစ်ဖက်က ဈေးခေါ်ရဲရင် အလုပ်လက်ခံရဲတယ်။ ဒါပေမဲ့ ဖန်းရှစ်ကျုံးက အလွယ်တကူ အပြစ်ပြုသင့်တဲ့သူ မဟုတ်တော့ ငါ မဆုံးဖြတ်ရဲဘူး ဖြစ်နေတာ”

အမျိုးသမီးသည် မျက်လုံးအိမ်တို့ အနည်းငယ်မှေးကျုံ့သွားပြီး ပြောသည်။

“အင်းး ဖန်းရှစ်ကျုံးက တကယ့်ကိုပဲ အပြစ်ပြုသင့်တဲ့သူ မဟုတ်ဘူး။ ပြီးတော့ သူ့ရဲ့မွေးစားသားတစ်ယောက်ချင်းစီတိုင်းကလည်း စွမ်းဆောင်ရည် ကောင်းမွန်ကြတယ်။ သူတို့ကို သတ်ဖို့အတွက် အနည်းဆုံးတော့ ‌အဆင့်တစ်အဆင့်လုပ်ကြံသတ်ဖြတ်သူ လိုအပ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလူတွေက ငွေတုံးလေးနှစ်ထောင်အတွက်နဲ့ ဖန်းရှစ်ကျုံးကို အပြစ်ပြုမှာ မဟုတ်ဘူး။ နေပါဦး သူတို့သတ်ချင်တာက ဘယ်သူလဲ၊ ဖုန်းရွှမ်လား”

အဖိုးကြီးသည် အချိန်ခဏမျှ တွေးတောပြီးနောက် ပြောသည်။

“ကျန်းလုတန်း လေးယောက်ထဲက မဟုတ်ဘူး။ သူသတ်ချင်တာက ဖန်းရှစ်ကျုံး မကြာခင်မှာ မွေးစားသားအဖြစ် ခေါ်ယူဖို့လုပ်နေတဲ့ တစ်ယောက်ကိုပဲ။ နောက်နှစ်ရက်ကြာရင် တရားဝင်အသိအမှတ်ပြုတဲ့ စားပွဲလုပ်တော့မှာ”

အမျိုးသမီးမှ ပြောသည်။

“အို အဲဒီတော့ သူက တရားဝင်သားအဖြစ် အသိအမှတ်မပြုရသေးဘူးပေ့ါ”

“ဟုတ်တယ် မပြုရသေးဘူး”

“နာမည်ဘယ်သူလဲ အင်အားအခြေအနေကရော?”

“ငါစစ်ဆေးပြီးပြီ။ သူ့နာမည်က ချန်ကျိုစစ်၊ ရှန်းထောင်မြို့ကနေ ‌လာခဲ့တာ။ ပိုင်ဝမ်ကျင့်ရဲ့တပည့်လည်း ဟုတ်တယ်”

“ပိုင်ဝမ်ကျင့်လား။ လူအိုကြီးပဲ။ တပည့်တစ်ယောက် ဆုံးရှုံး‌ရအောင်လုပ်လိုက်ရင် လူအိုကြီးအတွက် ခက်ခဲလိမ့်မှာပဲ”

“သူ့ရဲ့အင်အားကရော?”

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်။ သူက မဆိုးလှဘူးနော်၊ မတိုင်ခင်က ပြိုင်ပွဲစင်ပေါ်မှာ ချောင်ကုန်သည်အဖွဲ့ရဲ့ယွီပင်းကို သတ်ခဲ့တာ”

“အို အဲဒါဆို လူငယ်သူရဲကောင်းလေးပေါ့”

အမျိုးသမီး၏မျက်လုံးများ ပို၍မှေးကျဉ်းလာသည်မှာ မြွေမျက်လုံးများအလားပင်။ အမျိုးသမီးမှ ဆက်ပြောသည်။

“ဟားဟား တရားဝင် အသိအမှတ်မပြုရသေးဘဲ ကျင့်ကြံဆင့်ကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ ရှိတယ်။ ကောင်းပြီ၊ ဒီအပေးအယူကို လုပ်လို့ရတယ်။ ဒါပေမဲ့ ငွေတုံးနှစ်ထောင်က အရမ်းနည်းလွန်းတယ်”

“ငါ ဈေးနှုန်းကို ငွေတုံးသုံးထောင် မြှင့်ထားပြီးပါပြီ”

အမျိုးသမီးမှ ရေရွတ်သည်။

“ငွေတုံးသုံးထောင်ဆိုရင်တော့ လုံလောက်ပါပြီ။ အဆင့်သုံးအဆင့် လုပ်ကြံသတ်ဖြတ်သူအချို့ကတော့ စိတ်ဝင်စားလောက်မယ်”

ထိုသို့ပြောပြီးနောက် အမျိုးသမီးမှ ပြောသည်။

“ငွေချေပြီးတဲ့အထိ စောင့်မယ်။ ပြီးရင် စာရင်းထဲထည့်ရေးလိုက်ပါ”

ထိုသို့ပြောလျက် အမျိုးသမီးသည် ထရပ်လိုက်သည်။

“အာ အလုပ်သမားလေး ဆိုင်ဖွင့်ချိန်ရောက်ပြီ”

“ဟုတ်ကဲ့ပါ သူဌေး”

အလုပ်သမားသည် တို့ဟူးပူတင်းကို ပြင်ဆင်နေသည်။ မနက်ပိုင်းတွင် တို့ဟူးပူတင်းတစ်မျိုးသာ ရောင်းချ၏။ အဖိုးကြီးသည် ခေါင်းညိတ်လိုက်ပြီး စာရင်းစာအုပ်နှင့်အတူ ထွက်သွားတော့သည်။

အဖိုးကြီးထွက်သွားသည်ကို ကြည့်နေရင်း အမျိုးသမီးမှ သက်ပြင်းချသည်။

“အာ ငါက အရမ်းသနားဖို့ကောင်းလိုက်တာနော်။ တို့ဟူးရောင်းရတဲ့အပြင် သိုင်းလောကရဲ့ ပဋိပက္ခတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းရသေးတယ်။ တကယ့်ကို လွယ်ကူမနေဘူး”

“ငွေရှာရတာ တကယ်မလွယ်ဘူး”

ထိုသို့ရေရွတ်ရင်း အမျိုးသမီးသည် သူမ၏ဆံပင်များကို သပ်သပ်ရပ်ရပ်ပြင်လိုက်သည်။ အလုပ်သမားသည် ဆိုင်တံခါးကို ဖွင့်လိုက်သည်။

တံခါးပွင့်သွားပြီးသည်နှင့် အပြင်ဘက်ရှိ လူအုပ်ကြီးမှာ ဆူညံလာသည်။

“ဝိုး… သို့ဟူရှီးရှစ် ထွက်လာပြီ…”

အမျိုးသမီးသည် ကြော့ရှင်းတင့်တယ်စွာ ထွက်လာခဲ့ပြီး အလှယပ်တောင်ကို ဝှေ့ယမ်းပြသည်။

သူမသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်နေရင်း လက်ဝှေ့ယမ်းခဲ့ပြီးနောက် ကြေညာသည်။

“ကျွန်မတို့ ဆိုင်ဖွင့်ပါပြီ။ တို့ဟူးဝယ်ယူနိုင်ပါပြီ!”

ထိုအခါ အမျိုးသားအားလုံးသည် ပျော်ရွှင်မှုဟော်မုန်းများ ပန်းထွက်လာသည့်အလား ရှေ့သို့ ‌အပြေးတိုးသွားကြသည်။

“ငါ တစ်ခွက်ယူမယ်၊ ငါရောပဲ!”

သဲသဲမဲမဲဖြစ်နေကြသော အမျိုးသားများကိုကြည့်လျက် အမျိုးသမီးသည် ရယ်မော၏။

“ဟားဟား ဖြည်းဖြည်း ဖြည်းဖြည်း အားလုံးအတွက် လုံလုံလောက်လောက်ရှိပါတယ်လို့”

သူမ၏အလှယပ်တောင်လေးကို ဝှေ့ယမ်းပြ‌ရင်း အမျိုးသမီးသည် အဆက်မပြတ် တခစ်ခစ်ရယ်နေပေသည်။

သူမ၏ကိုယ်လုံးကိုယ်ပေါက်လှသော ပုံရိပ်လေးသည် ဤခေတ်ကာလ၏ ရဲတင်းထင်ရှားသည့် ဝတ်စုံနှင့်ပေါင်းစပ်လိုက်သောအခါ အတော်လေး သက်ရောက်မှုကြီးမား၏။ ဤသို့ မျက်မှောက်ခေတ်ချီဖောင်နှင့် အနည်းငယ်ဆင်တူသည့် ဝတ်စုံမျိုးမှာ များသောအားဖြင့် ယခုခေတ်ကာလ၏ အမျိုးသမီးများ မဝတ်ဆင်ရဲသည့် ဝတ်စုံမျိုးဖြစ်သည်။

ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိပါ၏။

အမျိုးသားများအားလုံး သူမထံ အပြေးတိုးဝှေ့နေကြသည်ကို မြင်သောအခါ အမျိုးသမီးများသည် ရန်လိုနေသောအကြည့်များဖြင့် သူမကို ကြည့်နေကြသည်။

ထွီ! ဖြားယောင်းနေတဲ့မိန်းမ!

တို့ဟူးဆိုင်ပိုင်ရှင်အမျိုးသမီးသည်တော့ ထိုအမျိုးသမီးများကို အဆုံးမရှိသော အပြုံးမျက်နှာဖြင့်သာ ပြန်ကြည့်ပေသည်။

အမျိုးသားများသည်တော့ ဤတို့ဟူးအတွက်နှင့် ပြင်းပြင်းပြပြ တိုးဝှေ့နေကြသည်။ ကံကောင်းထောက်မစွာဖြင့် တို့ဟူးဆိုင်၏ အလုပ်သမားများသည် အနည်းငယ် အရည်အချင်းရှိကြ၏။

အမျိုးသားများ အုပ်စုလိုက်တိုးဝှေ့နေကြသည့်တိုင် အဓိကအချက်အချာနေရာကို မတွန်းနိုင်ကြပေ။

ထိုမြင်ကွင်းကိုကြည့်နေသည့် ချန်ရှောင်ဟူသည် တုံးအစွာဖြင့် ပြောသည်။

“ကျိုစစ်၊ ဒီတို့ဟူးက တကယ်ပဲ အဲဒီလောက်တောင် အရသာရှိတာလား။ ကျွန်တော်တို့ရော ရွေ့ရွေ့အတွက် တစ်ပွဲလောက် ဝယ်သွားကြမလား”

ထိုစကားကို ကြားသောအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“ရွေ့ရွေ့‌က ဒီတို့ဟူးကို ကြိုက်ချင်မှ ကြိုက်မှာပါ၊ ငါတို့သွားရအောင်”

ချန်ကျဲ့ ဆက်မကြည့်တော့ပေ။ ထိုအမျိုးသမီးသည် လှပပြီး သူမ၏အဝတ်အစားများသည် ဤခေတ်ကာလအတွက် ရဲတင်းလွန်းရာ လောကကြီးကို များများစားစား မမြင်တွေ့ဖူးသည့် အမျိုးသားများကို ဆွဲဆောင်နေပေသည်။ သို့သော် ချန်ကျဲ့ကိုယ်တိုင်သည် အတွေ့အကြုံရင့်သန်၏; မလုံမလဲ အဝတ်အစားများ၊ ဘီကနီများပင်လျှင် သူ့အတွက်တော့ ဆန်းသစ်နေသည့်အရာ မဟုတ်ပါလေ။

သို့သော် တကယ်လည်း အတော်လေး သဘောကျလောက်စရာ မြင်ကွင်းဖြစ်ပါ၏။

ချန်ကျဲ့ နောက်တစ်ကြိမ် ခိုးကြည့်လိုက်သည်။

ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ် အစ်ကိုဘာကြည့်နေတာလဲ။ တို့ဟူးစားကြည့်ချင်လို့လား။ ကျွန်တော် သွားတန်းစီပြီး နည်းနည်းဝယ်ပေးရမလား”

“ပေါက်ကရတွေ မပြောစမ်းနဲ့၊ ငါကျိုစစ်က တို့ဟူး မစားဘူးကွ!”

ချန်ကျဲ့သည် သူ၏သန့်ရှင်းစင်ကြယ်မှုကို အလေးထားပြောဆိုသည်။

ရှောင်ဟူမှ ပြောသည်။

“ဒါပေမဲ့ အစ်ကို မနေ့က ပြောတော့ သူတို့ဆိုင်က တို့ဟူးက ကောင်းတယ်ဆို”

“ငါက အဲဒီတို့ဟူးကိုကြိုက်တာ ဒီဟာကို မကြိုက်ဘူး”

“ဒါပေမဲ့ ဆိုင်က အတူတူပဲလေ”

ချန်ရှောင်ဟူသည် အမှန်တကယ်ပင် ရိုးစင်းလှသူဖြစ်၏။ အမျိုးသမီးများအကြောင်း ဘာမှမသိဘဲ တို့ဟူးဆိုင်၏ ပွင့်လန်းနေသော စီးပွားရေးလုပ်ငန်း၏ နောက်ကွယ်မှ အကြောင်းရင်းကိုလည်း နားမလည်ချေ။

သို့သော် ချန်ကျဲ့သည်တော့ မိမိကိုယ်တိုင် ပါဝင်ရန်ဆန္ဒမရှိသော်ငြား နားလည်ပေသည်။

ချန်ကျဲ့တို့ ထွက်သွားသည်တွင် အမျိုးသမီးသည် သူတို့နှစ်ဦးဘက်သို့ ကြည့်လာ၏။‌ နောက်‌ဆုံးတွင်တော့ သူမ၏ တို့ဟူးဆိုင်ကို ကြည့်ရှုပြီးနောက် ဘာမျှမဝယ်ဘဲ ကျော်သွားသည့် ရှားပါးလွန်းလှသည့် အမျိုးသားတို့ကို တွေ့ရလေပြီ။

ထို့ကြောင့် အမျိုးသမီးသည် တစ်ချက်ထပ်ကြည့်လိုက်သည်။

သို့သော် သူမ စိတ်ထဲမထားပါချေ။ သူမ၏စီးပွားရေးလုပ်ငန်းသည် အောင်မြင်နေပြီး စားသုံးသူတစ်ယောက်၊ နှစ်ယောက်လေးအတွက်ကို စိုးရိမ်မနေပါချေ။

ထို့ပြင် တို့ဟူးရောင်းချခြင်းသည် လူသတ်သည့်စီးပွားရေးလုပ်ငန်းကို အားကိုးအားထားမပြုဘဲ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ကြောင်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းသူတစ်ဦးကို သက်သေပြရန်ဖြစ်သည်။

တို့ဟူးရောင်းချခြင်းမှ ပိုက်ဆံမည်မျှရှာဖွေနိုင်သည့်အချက်မှာမူ အရေးမကြီးပေ။

အဲဒီအမျိုးသားအကြောင်း တွေ့လိုက်လျှင်ပင် သူမကို ဒေါသထွက်စေသည်။

တရားရုံးတော်က သူ့ကိုဖမ်းချင်နေတာ ဖြစ်သင့်တယ်!

ချန်ကျဲ့သည် ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်တွင် ဝင်ထိုင်လိုက်ပြီး အသားပေါ့ခေါက်ဆွဲနှစ်ပန်းကန်ကို မှာယူပြီး အားရပါးရစားသောက်သည်။သူ၏ဇနီး‌လေးနှင့် အစားပုပ်လေးတို့သည် မနက်စာမစားရသောကြောင့် ဗိုက်ဖြည့်ပြီးနောက်တွင် ပေါက်စီအချို့ ဝယ်ယူခဲ့လိုက်သည်။

မနက်စာ စားသောက်ဝယ်ယူပြီး ပြန်လာသောအခါ ထိုတို့ဟူးဆိုင်မှာ ပိတ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သက်ပြင်းချလျက် ပြောသည်။

“ရောင်းကုန်သွားပြီ”

တကယ့်ကို မြန်မြန်ရောင်းကုန်တာပဲ။

ထို့နောက်တွင် တို့ဟူးပူတင်းတစ်ပွဲစီ ကိုင်လျက် အမျိုးမျိုးသော သရေစာမုန့်ဆိုင်များ‌တွင် လှည့်လည်ဝယ်ယူနေသည့် အမျိုးသားများကိုလည်း မြင်တွေ့ရသည်။

တို့ဟူးဆိုင်သည် ထိုင်စားရန်နေရာပင် မထားရှိပေ။ တို့ဟူးပူတင်းတစ်ပွဲလျှင် ငွေ၁၀ပြားကျသင့်သည်ဟု ချန်ကျဲ့ ကြားခဲ့ရသည်။ ၎င်းသည် အခြားဆိုင်များ၏ ပူတင်းတစ်ပွဲထက် သုံးဆပို၍ ဈေးများပေသည်။

All Chapters