← Chapters

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၆

Vol. 14 Ch. 193

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၆

Vol. 14 Ch. 193

သို့သော်ငြား နေ့တိုင်းရောင်းချဖို့ရာ မလုံလောက်ပေ။ အမျိုးသမီးတစ်ဦး၏ စီးပွားရေးနယ်ပယ်သည် စီးပွားရေးလုပ်ငန်းသည် နယ်နိမိတ်ကင်းမဲ့သည်ဟုသာ ဆိုနိုင်သည်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် အိမ်ပြန်လာခဲ့သည်။ ထိုအခါ သူ၏ဇနီးနှင့် ကလေးမလေးတို့မှာ နိုးနေပေပြီ။

ပေါက်စီလုံးကြီးများကို မြင်သောအခါ ကလေးမလေးသည် ချက်ချင်း ‌အပြေးရောက်လာ၏။ ကလေးမလေး ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ ချန်ကျဲ့လည်း ပျော်ရွှင်မိသည်။

ဗိုက်ပြည့်အောင်စားပြီးနောက် ချန်ကျဲ့သည် ကျားဖြူခန်းမသို့ ထွက်လာခဲ့သည်။

ကျားဖြူခန်းမတွင် စားသောက်ပွဲကျင်းပရန် ပြင်ဆင်နေသည်။ ချန်ကျဲ့သည် ဖုန်းရွှမ်နှင့် ‌ပက်ပင်းတိုးမိရာ မေးလိုက်သည်။

“အစ်ကိုကြီး ကျွန်တော် ဘာများ ကူညီပေးရဦးမလဲ”

ဖုန်းရွှမ်မှ ပြန်ဖြေသည်။

“အမ် မလိုပါဘူး။ နောက်နှစ်ရက်ကိုတော့ မင်း ကောင်းကောင်း အနားယူနေလိုက်ပါ။ ဘာမှမစိုးရိမ်နဲ့၊ မွေးစားအဖေက မင်းအတွက် အားလုံးပြင်ဆင်ထားပြီးပြီ။ မင်းနဲ့ ညီငယ်၆က စားသောက်ပွဲနေ့မှာ လူလုံးပြပေးရင် ရပြီ”

“ဟင် ညီငယ်၆လား”

ချန်ကျဲ့ ရှုပ်ထွေးသွား၏။

“ ညီငယ်၆က ဘယ်ကနေ ရောက်လာတာလဲ”

ဖုန်းရွှမ်မှ ရှင်းပြသည်။

“မင်းမသိဘူးလား။ မွေးစားအဖေက ဒီတစ်ကြိမ်မှာ ‌မွေးစားသားနှစ်ယောက် ခေါ်ယူဖို့ပြင်ဆင်ထားတာလေ။ တစ်ယောက်က မင်း၊ နောက်တစ်ယောက်ကတော့ ညီငယ်၆ပေါ့”

“ညီငယ်၆က ဘယ်သူလဲဗျ”

ချန်ကျဲ့၏အမေးကို ဖုန်းရွှမ်မှ ‌ဖြေတော့မည်တွင် “ကျိုး…”

“ညီနောင်ကျိုစစ်”

ဖုန်းရွှမ်မှ ညီငယ်၆၏အမည်ကို ပြောလို့မဆုံးသေးမီ၌ပင် အဝေးမှ အဖိုးကြီးတစ်ဦး၊ လူငယ်တစ်ဦးနှင့်အတူ ရောက်လာသည့် ဖန်းရှစ်ကျုံးကို မြင်လိုက်ရသည်။

လူငယ်ကိုမြင်လိုက်သောအခါ ချန်ကျဲ့နှင့် ရှောင်ဟူတို့နှစ်ဦးလုံး အံ့ဩသွားရသည်။

“လောင်ကျိုး!”

“ဟားဟား ငါပဲ”

ကျိုးချူသည် အလွန်ပျော်ရွှင်ဝမ်းမြောက်နေသော်ငြား သူ၏ဘေးရှိ အဖိုးကြီးသည် ခပ်ဖျော့ဖျော့ချောင်းဆိုးသည်။

ကျိုးချူသည် ရုတ်ချည်း တည်ကြည်လေးနက်သည့် မျက်နှာအမူအရာသို့ ပြောင်းလဲလိုက်သည်။ ချန်ကျဲ့ ‌လှမ်းကြည့်လိုက်ပြီး အမြန် အရိုအသေပြုနှုတ်ဆက်လိုက်သည်။

“လူကြီးမင်းစွင်းကို ဂါရဝပြုပါတယ်”

ထိုလူကြီးမင်းစွင်းသည် မည်သူဖြစ်အံ့နည်း။ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ ခေါင်းဆောင်ဟောင်း စွင်းပုအာမှတစ်ပါး အခြားမဖြစ်နိုင်ပြီ။

ရွာအကြီးအကဲရွေးချယ်ပွဲ၌ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပေးခဲ့သော၊ ကျန်းနန်ရှိ နဂါးဂိတ်တံခါး ကိုယ်ရံတော်အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင် တုသာ့ကျင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် ထိုပုဂ္ဂိုလ်ဖြစ်ပေသည်။

စွင်းပုအာမှ အပြုံးဖြင့် ပြောသည်။

“ချန်ကျိုစစ် ငါမင်းအကြောင်းတွေ ကြားဖူးတယ်။ မင်းက လူငယ်‌သူရဲကောင်းလေးပဲ။ ဖန်းရှစ်ကျုံးကတော့ သူ့အတွက် ‘ဘုရားသခင်ကောင်းချီးပေးတဲ့ ကလေး'ကို ရှာဖွေနိုင်ခဲ့ပြီ။ ငါ့သားမက်လို မဟုတ်ဘူး။ ခန်းမအရှင်သခင်ဖုန်းတော့ အနာဂတ်မှာ ပိုပြီးအားစိုက်ထုတ်ရတော့မှာပဲ”

ထိုစကားတွင် ဖန်းရှစ်ကျုံးမှ ရယ်မောလျက် ပြောသည်။

“ဟားဟား ကျိုးချူက‌လည်း သဘောကောင်းပြီး အလားအလာကောင်းမွန်တဲ့ လူငယ်ပါရမီရှင်တစ်ယောက်ပါပဲ”

ထိုအခါ ကျိုးချူနှင့် ချန်ကျဲ့တို့နှစ်ဦးစလုံး ရပ်တန့်သွား၏။ လူတစ်ယောက်ကို သဘောကောင်းတယ်လို့ ချီးမွမ်းတာက လှောင်ရယ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

မဟုတ်မှလွဲရော တခြားကောင်းမွန်တဲ့အချက် ရှာမရတော့လို့ ဒီလိုနည်းလမ်းနဲ့ ချီးမွမ်းလိုက်တာများလား။

သို့သော် ချန်ကျဲ့သည် ကျိုးချူသည်လည်း ဖန်းရှစ်ကျုံး၏ မွေးစားသားဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍အရေးကြီးသည့်အချက်မှာ ကျိုးချူ၏ယောက္ခထီးကြီးမှာ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ ခေါင်းဆောင်ဟောင်း စွင်းပုအာဖြစ်‌နေခြင်းပင်။

၎င်းရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းသည် သာမန်မျှသော မိသားစုလေးမဟုတ်ပေ။ သူတို့သည် မျန့်ရွှေစီရင်စုတွင် ကျော်ကြားသည့် အင်အားစုတစ်စုဖြစ်သည်။ ကျန်းနန်၏ နဂါးဂိတ်တံခါးကိုယ်ရံတော်အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိသည့်အပြင် ခေါင်းဆောင်ဟောင်းဟူသည့် ဩဇာသက်ရောက်မှုလည်း ရှိနေသေးသည်။

ခေါင်းဆောင်ဟောင်းကြီးတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။

လူအိုကြီးသည် မိမိ၏ဥများအားလုံးကို ခြင်းတောင်းတစ်ခုတည်းအတွင်း မထည့်ထားသင့်ဟူသည့် သဘောတရားကို နားလည်သည်။ ထို့ကြောင့် သူ၏သားနှစ်ယောက်နှင့် သမီး‌တစ်ယောက်ကို အစီအစဉ်တကျ စီစဉ်ထားရှိသည်။

ပထမသားကြီးသည် ချောင်ကုန်သည်အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် ဦးစီးမှူးရာထူးဖြစ်သည်။ အကြီးဆုံးသားမက်ကိုမူ ငါးဖမ်းကုန်သည်အဖွဲ့သို့ မွေးစားသားအဖြစ် နေရာချထားပေးသည်။

ဒုတိယသားသည် မိသားစုလုပ်ငန်းကို ဆက်ခံရန်အတွက် ကိုယ်ရံတော်အဖွဲ့အစည်းတွင် ကျန်နေရစ်သည်။

ဤနည်းလမ်းဖြင့် မျန့်ရွှေစီရင်စုအတွင်း ဩဇာအာဏာလွှမ်းမိုးမှုများ မည်သို့ပြောင်းလဲသည်ဖြစ်စေ သူတို့၏ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းသည် ယိမ်းယိုင်ခြင်းမရှိ မားမားမတ်မတ် ရပ်တည်နိုင်ပေမည်။

ဤသည်မှာ လူအိုကြီးစွင်း၏ ဘဝအတွက် မြော်မြင်တွေးခေါ်မှုဖြစ်သည်။

ဖန်းရှစ်ကျုံးနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက်တွင် လူကြီးမင်းစွင်းသည် ကျိုးချူနှင့်အတူ ထွက်ခွာရန် ပြင်ဆင်သည်။

ကျိုးချူသည် များစွာနောက်ပြောင်ပြောဆိုနေရန် မသင့်တော်လေရာ စည်းကမ်းတင်းကျပ်မှုအောက်တွင် ကြီးပြင်းလာသူတစ်ဦး၏ အမူအကျင့်တို့ကိုသာ ထုတ်ဖော်ပြသသည်။ လူကြီးမင်းစွင်း ထွက်ခွာလုနီးတွင် ကျိုးချူသည် ခေါင်းလှည့်၍ ပါးစပ်လှုပ်ပြသည်။

“မနက်ဖြန် မနက်ဖြန်ကျရင် အတူစုပြီး သောက်ကြရအောင်…”

“အဟမ်း ဟမ်း…”

လူကြီးမင်းစွင်းမှ နောက်တစ်ကြိမ်ချောင်းဟန့်ပြန်ရာ ကျိုးချူသည် ချက်ချင်းတောင့်တင်းသွား၏။ ထို့နောက် လူကြီးမင်းစွင်းနောက်မှ လိုက်၍ ထွက်ခွာသွားတော့သည်။

ချန်ကျဲ့မှာ မတတ်သာဘဲ ကျိုးချူကိုကြည့်၍ ရယ်ချင်စိတ်ကို မနည်းဖိနှိပ်လိုက်ရသည်။

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးနှင့် အနည်းငယ်မျှ စကားစမြည်ပြောဆိုပြီးနောက် သူ့ကို ဘာမျှညွှန်ကြားစရာမရှိကြောင်း သိလိုက်ပြီးနောက် ထွက်ခွာလာခဲ့သည်။

အိမ်ပြန်ရောက်သောအခါ လှံသိုင်းနှင့် လက်ဝါးသိုင်းတို့ကို လေ့ကျင့်သည်။

ချန်ကျဲ့ တစ်နေ့လုံးလေ့ကျင့်နေခဲ့ပြီး နောက်ထပ် တစ်ညတာ ကုန်ဆုံးသွားပြန်သည်။ ချန်ကျဲ့ အိပ်ရာထ၍ လှံသိုင်းကို ဆက်လက်လေ့ကျင့်သည်။

ပုံမှန်အတိုင်း သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ လက်တွင် လှံကိုကိုင်စွဲ၍ သင့်တော်သည့် ကိုယ်နေဟန်ထားပြုလုပ်ခြင်းတို့ကို လုပ်ဆောင်သည်။ သူ၏ခန္ဓာကိုယ်တိုးတက်မှုအခြေအနေကြောင့် ချန်ကျဲ့သည် ဒီနေ့တွင် ထိုကိုယ်နေဟန်ထားကို ပို၍အချိန်ကြာကြာ ထိန်းသိမ်းနိုင်ခဲ့သည်။

ချန်ကျဲ့ လှံသိုင်းလေ့ကျင့်နေစဉ်တွင် ရှောင်ဟူလည်း ထွက်လာပြီး သွေးပူလေ့ကျင့်ခန်း စလုပ်သည်။

သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် ချန်ကျဲ့သည် ကြွက်သားပြေလျော့ဆေးလုံးတစ်လုံးကို သောက်လိုက်ပြီး လှံသိုင်းကို အင်တိုက်အားတိုက် စတင်လေ့ကျင့်သည်။ သူ၏လက်ထဲရှိ ကိုယ်ပိုင်လက်မောင်းအလား ပေါ့ပါးသည့်လှံရှည်ကို သက်သောင့်သက်သာပင် လွှဲရမ်းလိုက်သည်။ တစ်ပြိုင်နက်တည်း၌ ကြောက်မက်ဖွယ်သော ဆေးအာနိသင်သည် သူ၏ခန္ဓာကိုယ်အတွင်း ပွက်ပွက်ဆူလျက် စီးဆင်းလာ၏။

သူ၏ကြွက်သားများ တုန်ယင်သွား၏။ ချန်ကျဲ့သည် မိမိမှာ အဆင့်တက်လှမ်းတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းလုနီးဖြစ်ပြီး အမှောင်စွမ်းအင်အဆင့်သို့ တရားဝင်ရောက်ရှိတော့ပေမည်။

ထိုစဉ် မှောင်ခိုဈေး၌

မုတ်ဆိတ်မွေးတုကို ဝတ်ဆင်ထားသည့် ယွီပင်း၏အိမ်တော်ထိန်းသည် လက်ထဲတွင် ကြီးမားသည့်အထုပ်ကြီးတစ်ထုပ်ကို ပိုက်လျက် “ကျား”ဟုအမည်ရသော အခန်းထဲသို့ ဝင်သွားသည်။

ကြုံလှီသော အဖိုးကြီးသည် ဆေးတံသောက်နေရင်း ယွီပင်း၏အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

“ငွေအဆင်သင့်ဖြစ်ပြီလား”

အိမ်တော်ထိန်းသည် ခပ်သာသာခေါင်းညိတ်ပြ၏။ အဖိုးကြီးမှ ပြောသည်။

“အတည်ပြုမယ်!”

အိမ်တော်ထိန်းသည် အိတ်ကိုဖွင့်လိုက်၏။ အိတ်ထဲတွင် ငွေတုံးနှစ်ထောင်တန်ကြေးရှိသော သပ်ရပ်စွာစီစဉ်ထားသည့် ငွေလက်မှတ်များနှင့် အခြားအမျိုးစုံသော လက်မှတ်‌အသေးလေးများနှင့် ငွေစများ ရှိနေသည်။

ထိုငွေတုံးနှစ်ထောင်သည် ယွီပင်းမသေခင်က ဝူကျုံးကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ယွီပင်းမှ ‌‌ထုတ်ပေးထားခဲ့သော ငွေကြေးများဖြစ်သည်။

ကျန်ငွေများသည် အိမ်တော်ထိန်း၏ ကိုယ်ပိုင်ငွေများဖြစ်ပြီး ယွီပင်း၏ မိမိအပေါ်ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် ချန်ကျိုစစ်ကို လုပ်ကြံသတ်ဖြတ်ရန်အလို့ငှာ စည်းစိမ်အကုန်သုံးလိုက်ခြင်း ဖြစ်သည်။

ကြုံလှီသောအဖိုးကြီးမှ ပြောသည်။

“ကြိုတင်ပေးချေငွေအဖြစ် ငွေတုံး၁၅၀၀ထားရစ်ခဲ့ပါ။ ပြီးရင်တော့ ခင်ဗျားသွားနိုင်ပြီ”

အိမ်တော်ထိန်းမှ ကြားဖြတ်ပြောသည်။

“နေဦး ကျုပ်မှာ တောင်းဆိုစရာတစ်ခုရှိတယ်”

မီး‌ခိုးငွေ့တစ်သုတ် မှုတ်ထုတ်လိုက်ပြီးနောက် အဖိုးကြီးမှ ပြောသည်။

“ပြောပါ”

“အချိန်ရောက်တဲ့အခါ ကျုပ် သူသေတာကို မျက်မြင်ကိုယ်တွေ့ မြင်ချင်တယ်”

“အဲဒါလား”

အဖိုးကြီးမှ မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဖြေသည်။

“စီစဉ်ဖို့ခက်တယ်”

“ကျုပ် ပိုက်ဆံထပ်တိုးပေးနိုင်တယ်!”

“ဘယ်လောက်ထပ်တိုးပေးနိုင်လဲ”

အိမ်တော်ထိန်းမှ ပြန်ပြောသည်။

“ငွေတုံးနှစ်ရာ”

“ငွေတုံးငါးရာပဲ ညှိနှိုင်းမှုမရှိဘူး။ ကျုပ် ခင်ဗျားကို ခေါ်သွားဖို့ လူတစ်ယောက် ခေါ်ပေးမယ်။ မဟုတ်ရင်တော့ ခင်ဗျားပြန်သွားပြီး သတင်းကိုသာ စောင့်ဆိုင်းနေလိုက်ပါ”

အချိန်ခဏမျှ စဉ်းစားပြီးနောက် အိမ်တော်ထိန်းသည် သဘောတူလိုက်သည်။

“ကောင်းပြီ!”

…

ရွှမ်း ရွှမ်း ရွှမ်း…

ချန်ကျဲ့သည် မိမိအား လုပ်ကြံသတ်ဖြတ်မည့် အကြံအစည်ကြီး တိုးတက်ဖြစ်ပေါ်နေသည်ကို မသိပေ။ သို့မဟုတ် သူ့တွင် အခြားအရာများကို အာရုံစိုက်ရန် မည်သို့မျှ အာရုံရှိမနေခြင်းလည်း ဖြစ်‌နိုင်ပါသည်။

သူ၏ “အတိဒုက္ခဆယ့်သုံးပါးလှံ”သည် အဆင့်တက်လှမ်းတော့မည်ဟု ခံစားနေရသည်။

လှံသည် နဂါးကြီးတစ်ကောင် ဟိန်းတက်လာသည့်အလား တစ်ဟုန်ထိုး ဆန်တက်သွား၏။ ချန်ကျဲ့၏ စိတ်နှလုံးသည်တော့ တည်ငြိမ်အေးဆေးနေသည်။

လှံရှည်သည် ကျား၏ဟိန်းဟောက်သံအလား သက်ဆင်းသွားသည်မှာ အင်အားညီမျှပြီး သွေဖည်ဖောက်ပြန်ခြင်း မရှိပေ။

လှုပ်ရှားမှုတစ်ချက်၊ ရပ်နားမှုတစ်လှည့်စီတိုင်း၌ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အေးစက်သည့်အရှိန်အဝါသည် နဂါးနှင့်ကျားသားရဲတို့၏ အရှိန်အဝါကဲ့သို့ဖြစ်သည်။

လှံ– အောင်မြင်ပြီ!

ဂျွတ်!

ချန်ကျဲ့သည် သစ်ပင်ကြီးတစ်ပင်‌ဆီသို့ လှံကို ပစ်လွှတ်လိုက်သည်။ သို့ဖြင့် သစ်ပင်မှာ အပေါက်ကြီးဖြစ်သွားရပြီး ပင်စည်အတွင်း သုံးလက်မအထိ နစ်ဝင်သွားခဲ့သည်။

တစ်ပြိုင်နက်တည်းပင် ချန်ကျဲ့၏ခန္ဓာကိုယ်ထဲမှ အပူလှိုင်းများ မြင့်တက်လာ၏။

နောက်ဆုံးတွင်တော့ အဆင့်တက်လှမ်းသွားခဲ့လေပြီ!

လျိုကျင့်အဆင့်ကို တက်လှမ်းနိုင်ပြီ!

All Chapters