← Chapters

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၃

Vol. 14 Ch. 190

ကြွက်သားပြေလျော့ဆေးလုံး၊ ‌နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းခြင်း_၃

Vol. 14 Ch. 190

ဒီမြို့က ကုန်သည်အဖွဲ့တွေ အများကြီးကို ထောက်ပံ့ပေးနိုင်‌နေတာ မထူးဆန်းတော့ပါဘူး။

နံပါတ်၂အချက်သည် ကျားဖြူခန်းမ၏ အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။ ဖန်းရှစ်ကျုံးနှင့် ကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းတို့၏ ရန်ငြိုးဟောင်းကြောင့် ကုန်သည်အဖွဲ့သားများသည် ကျားဖြူခန်းမအပေါ် သံသယထားရှိကြသည်။ သို့တိုင် သူတို့လည်း ဘာမျှမတတ်နိုင်ပေ။ အကြောင်အရင်းမှာ ရိုးရှင်းပါ၏– ငါးဖမ်းကုန်သည်အဖွဲ့မှ ဖန်းရှစ်ကျုံးကို မမျှမတ ဆက်ဆံဝံ့သည်နှင့်တစ်ပြိုင်နက် ချောင်ကုန်သည်အဖွဲ့သည် ဖန်းရှစ်ကျုံးကို လက်ဖြန့်ကြိုဆိုနေသောကြောင့် ဖြစ်သည်။

၎င်းသည် လူဦးရေ ၅၀၀၊၆၀၀ခန့်နှင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးပါဝင်သည့် အင်အားအဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။ ထိုမျှကြီးမားသည် ဝက်ဆီတုံးကြီးကို ချောင်ကုန်သည်အဖွဲ့သည် မလိုချင်ဘဲ နေလိမ့်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးအပါအဝင် ကျားဖြူခန်းမတစ်ခုလုံးကို စက်ဆုပ်ရွံရှာနေသည့်တိုင် မဖျက်ဆီးနိုင်ဘဲ ရှိနေရသည်။

နံပါတ်၃အချက်သည် ဖန်းရှစ်ကျုံးနှစ်ခြိုက်နေသည့် ပြဇာတ်သရုပ်ဆောင်တစ်ဦး၏ ကောလာဟလသတင်း ဖြစ်ပုံရ၏။

၎င်းမှာ ပုံမှန်ပင်ဖြစ်သည်။ ဤခေတ်အခါ၏ သခင်ကြီးများသည် ပြဇာတ်သရုပ်ဆောင်မင်းသမီးများကို ‌အားပေးရခြင်းအား နှစ်ခြိုက်ကြ၏။ မျက်မှောက်ခေတ်တွင် ဖျော်ဖြေရေးနယ်ပယ်မှ ကြယ်ပွင့်များကို အားပေးထောက်ပံ့ရခြင်းအား နှစ်ခြိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော် ထိုဟွားသျဲ့သည် ဖန်းရှစ်ကျုံး၏ ကွယ်လွန်ပြီးသည့် ဆရာတူညီမလေးနှင့် ဆင်တူနေခြင်းနှင့် ဖန်းရှစ်ကျုံး၏ ထိုဆရာတူညီမဖြစ်သူနှင့်ပတ်သက်ပြီး စွဲလမ်းမှုတို့သည် အတော်လေး အံ့ဩ‌ဖို့ကောင်းသည်။ ထို့ပြင် ဖန်းရှစ်ကျုံးသည် သူ၏ဘဝတစ်လျှောက်လုံးတွင် လက်မထပ်ခဲ့ဖူးပေ။ ထိုအချက်များအားလုံးကို ပေါင်းစည်းလိုက်သောအခါ ချန်ကျဲ့သည် ဖန်းရှစ်ကျုံးမှာ တစ်ဖက်သတ်အချစ်ကို ကြုံတွေ့ခဲ့ခြင်းလော၊ ထိုဆရာတူညီမလေးကြောင့် တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေရစ်ခြင်းလောဟု တွေးမိလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ မိမိ၏နိမ့်ပါးသည့်အဆင့်အတန်းနှင့် ဩဇာလွှမ်းမိုးမှုကင်းမဲ့ခြင်းအရ အကြီးအကဲများ၏ အရေးကိစ္စများနှင့် ဝေးဝေးရှောင်နေသင့်ပေသည်။ ၎င်းအကြောင်းကိစ္စများသည် ထုတ်မပြောဘဲနှင့် သိရန်လုံလောက်ပြီး သေချာပေါက်ပင် အရမ်းဝင်မပါသင့်ပေ။

ကျန်နှစ်ချက်သည် “အတိဒုက္ခဆယ့်သုံးပါးလှံ”အကြောင်း ဖြစ်သည်။ ထိုသိုင်းကျင့်စဉ်သည် အလွန်တရာကောင်းမွန်ဟန်ရ၏။ ပေးထားသည့် သုံးသပ်ချက်မှာ ထိုသိုင်းကျင့်စဉ်ကို တတ်မြောက်ခြင်းဖြင့် ခေတ်တစ်ခေတ်၏ ထိပ်တန်းသိုင်းပညာရှင်ကြီး ဖြစ်လိမ့်မည်ဟူ၏။

ထိပ်တန်းသိုင်းပညာရှင်ဟူသည် မျန့်ရွှေစီရင်စုတွင်ပဲ ထိပ်တန်းအဆင့် မဟုတ်ပေ။ ပိုမိုကျယ်ပြန့်သည့် နယ်မြေအပိုင်းအခြားကို ရည်ညွှန်းသည့်အပြင် ဤလှံသိုင်းကျင့်စဉ်မှာ တစ်ခုခုထူးခြားကြောင်းကိုလည်း ဖော်ပြနေပေသည်။

ထို့ပြင် ၎င်းသည် ယခင်မင်းဆက် စုန့်မင်းဆက်တွင် အရင်းခံဖြစ်တည်လာသည့်ကျင့်စဉ် ဖြစ်သည်။

ထိုအချက်ကြောင့် ချန်ကျဲ့မှာ ဤသိုင်းကျင့်စဉ်တွင် စူးသုန်းဖော့၏ ကဗျာများပါဝင်နေရသည့် အကြောင်းရင်းကို နားလည်သွားရသည်။

ထို့ပြင် သူရိန်စက်ဝန်းနှစ်ဆယ့်လေးသွယ်တောင်ကြား၏ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ခြေရာခံလိုက်ပါက ထန်မင်းဆက်ခေတ် မတိုင်မီကပင် ဖြစ်နိုင်ပေသည်။ သို့ဖြစ်ရာ ဤလှံသိုင်းကျင့်စဉ်ကို ဖန်တီးခဲ့သူသည် “ချင်းမင်ကျင့်စဉ်”ကို အမှတ်တမဲ့ ရရှိခဲ့ခြင်း ဖြစ်လောက်ပေသည်။ ထို့ပြင် ထိုပုဂ္ဂိုလ်၏ခေတ်နှင့်အပြိုင်သော ထိပ်တန်းအဆင့် သိုင်းပညာဆိုင်ရာ အတွေးအခေါ်များဖြင့် သူသည် သိုင်းကျင့်စဉ်အား တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။ ‌၎င်းမှာ “လေလွင့်ဝိဉာဉ်”ဖြစ်သည်။

“ချင်းမင်ကျင့်စဉ်”၏ အဓိပ္ပာယ်အမွေအနှစ်အားလုံးကို သိုင်းကွက်တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းအပြင်

စနစ်သည် “ကောင်းချုံ”ဟူသော လူတစ်ယောက်၏အမည်ကိုပါ ဖော်ပြခဲ့သည်။

ထိုပုဂ္ဂိုလ်ကို ချန်ကျဲ့သိသည်။ ကောင်းချုံသည် ယွဲ့ဖေး၏လက်အောက်ရှိ ပြိုင်ဘက်ကင်းတည်ရှိမှုဖြစ်သော ရက်စက်ကြမ်းကြုတ်သည့် စစ်သူကြီးဖြစ်သည်။

ကောင်းချုံသည် တိုက်ပွဲအတွင်း သူ့ကို လုံးဝ တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိသော ကျင်းလူမျိုးများကို သတ်ဖြတ်သုတ်သင်ခဲ့ပြီး ကျင်းဝူရှူးအား “အရှင်သခင် ပြန်လည်မွေးဖွားလာပြီ”ဟူသော စကားလုံးဖြင့် အရေးနိမ့်ကြောင်း ဝန်ခံစေခဲ့သည်။

ထိုသို့ပုဂ္ဂိုလ်ကြီးသည်ပင် နောက်ဆုံးသိုင်းကွက်၇ကွက်ကိုသာ သင်ယူနိုင်ခဲ့သည်။ သိုင်းကွက်၁၃ကွက်လုံးကို သင်ယူနိုင်ပါက ခေတ်တစ်ခေတ်၏ ထိပ်တန်းသိုင်းပညာရှင်ကြီး ဖြစ်နိုင်လိမ့်မည်ဟု ဖော်ပြထားခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ၎င်းကို တတ်မြောက်ခြင်းဖြင့် စစ်တပ်နှင့် သိုင်းလောက နှစ်ခုစလုံးကို လွှမ်းမိုး‌နိုင်လောက်သည်။

ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ ကျင့်စဉ်တစ်ခုကို လှံသိုင်းကွက်တစ်ကွက်အဖြစ် ပေါင်းစည်းနိုင်တဲ့သူ၊ အဲဒီလိုသိုင်းပညာစွမ်းရည်နဲ့ ပုဂ္ဂိုလ်ကြီးက ကျိန်းသေပေါက် သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး!

ပြီးတော့ သူဖန်တီးထားတဲ့ လှံကျင့်စဉ်ကရော ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်ပါ့မလဲ။

ချန်ကျဲ့ စူးယွင်ကျင်း ခေါင်းအုံးအိပ်နေသည့် သူ၏လက်ကို ညင်သာစွာ ဆွဲထုတ်လိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို မှီအိပ်နေရာ လက်ဆွဲထုတ်သည်ကို ခံစားရသည်နှင့် မျက်ခုံးတို့ တွန့်ချိုးသွားပြီး နိုးလာသည်။ သို့သော် ဘာမှမပြောပေ။

သူမသည် ခင်ပွန်းဖြစ်သူ လှုပ်လိုက်တိုင်း နိုးသွားခဲ့လျှင် ချန်ကျဲ့မှ သူမအတွက် စိတ်ပူနေရမည်ကို စိုးရိမ်မိသည်။

သူမသည် ခင်ပွန်းဖြစ်သူအပေါ် သူမကြောင့် စိုးရိမ်ပူပန်မှုလေး စိုးစဉ်သော်မျှ မဖြစ်ပေါ်စေလိုပါချေ။ ခင်ပွန်းဖြစ်သူမှာ လက်ရှိတွင်လည်း စိတ်ဖိစီးမှုများနေပြီဖြစ်ပြီး သူမအနေဖြင့် ခင်ပွန်းသည်၏ ဝန်ထုပ်ဝန်ပိုး မဖြစ်လိုပါ။

ချန်ကျဲ့သည် အိပ်ရာထ၍ ဝတ်စားပြင်ဆင်သည်။ ထို့နောက် အိပ်ရာထက်တွင် အိပ်နေဆဲဖြစ်သည့် စူးယွင်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး သူမကို သေချာလေး စောင်ခြုံပေးလိုက်သည်။ ထို့နောက် ဖိနပ်စီးပြီး ထရပ်လိုက်သည်။

စူးယွင်ကျင်းသည် မျက်လုံးမဖွင့်သေးဘဲ ညင်သာစွာ တံခါးပိတ်သွားသံကို နားထောင်နေခဲ့သည်။

သူမသည် အိပ်ရာမထသေးဘဲ မျက်လုံးပိတ်ပြီး လဲလျောင်းနေကာ အိပ်ရာထဲတွင် ယန်ချွမ်ကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်။

စူးယွင်ကျင်းသည် သူမ အိပ်ရာနိုး‌သွားသည်ကို ခင်ပွန်းသည်မြင်သွားပြီး အာရုံများသွားရမည်ကို စိုးရိမ်နေခဲ့သည်။

…

အခန်းအပြင်ဘက်၌ ချန်ကျဲ့သည် ခြေလက်များကို အကြောလျှော့သည်။ ထို့နောက် ဖန်းရှစ်ကျုံးဆီမှ ယူလာသည့် လှံရှည်ကို ယူလိုက်သည်။ လှံရှည်၏သတ္တုပစ္စည်းသည် ကောင်းမွန်သည်။ ဖယောင်းသစ်နှင့် ဦးခေါင်းပိုင်းသည် သန့်စင်မွမ်းမံထားသော သံမဏိဖြင့် ပြုလုပ်ထားသည်။

ခန်းမအရှင်သခင် လေ့ကျင့်ရန်အတွက် ရည်ရွယ်ထားသည့် လှံရှည်ကိုသွန်းလုပ်ရာတွင် မည်သူမျှ ခိုကပ်ရဲလိမ့်မည် မဟုတ်ချေ။

ချန်ကျဲ့သည် ယန်ချွန်ကျင့်စဉ်ကို အသုံးပြု၍ အသက်ရှူနှုန်းကို ထိန်းချုပ်ကာ ကြွက်သားများကို နိုးထစေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို တက်ကြွသည့်‌အခြေအနေအဖြစ် ထိန်းသိမ်းထားသည်။

ထို့နောက် ရေထိန်းချုပ်လက်ဝါးသိုင်းတစ်ကွက်ကို ထုတ်သုံး၍ နှစ်မီတာရှည်လျားသော လှံရှည်၏အဖျားကို လက်တစ်ဖက်ဖြင့် ဆွဲယူဆုပ်ကိုင်လိုက်သည်။

ချန်ကျဲ့၏လက်မောင်းမှာ ရုတ်ချည်း တောင့်တင်းသွားရသည်။ ကန်အားနိယာမကို နားလည်သည့် မည်သူမဆို ဤသို့ လှံရှည်ကို အစွန်းဖျားမှ ဆုပ်ကိုင်းခြင်းသည် အရှိန်ထိန်းသည့်လက်မောင်းကို အားနည်းစေ၍ လှံ၏အလယ်ပိုင်းရိုးတံတွင် အလေးချိန်စီးနေမည်ဖြစ်ကြောင်း သိလိမ့်မည်။

ဤသည်မှာ လက်မောင်းအင်အားကို စစ်ဆေးရန်အတွက် ကောင်းမွန်သည့်နည်းလမ်းဖြစ်သည်။

ထိုသို့ နာရီဝက်ခန့် ကိုင်ထားခြင်းသည် ချန်ကျဲ့၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ရုပ်ခန္ဓာဖြင့်သော်မှ သူ၏လက်များ စတင်ထုံကျင်လာရသည်။ အနီးကပ်ကြည့်ရှုပါက သူ၏ကြွက်သားများ အနည်းငယ်တုန်ယင်နေသည်ကို မြင်တွေ့နိုင်လိမ့်မည်။

ချန်ကျဲ့ နောက်ထပ် နာရီဝက်ခန့် ဆက်ကိုင်ထားခဲ့သည်။

သွေးပူလေ့ကျင့်ခန်းမှာ လုံလောက်ပြီဟု ခံစားရသည်နှင့် ချန်ကျဲ့သည် အင်္ကျီရင်ဘတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်ယူပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဆေးလုံးသည် ဖန်းရှစ်ကျုံးပေးခဲ့သည့် ကြွက်သားပြေလျော့ဆေးဖြစ်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ နွဲ့ပျောင်းအရွတ်အဆင့်သို့ တက်လှမ်းနိုင်မည့် အထူးအထောက်အပံ့ဖြစ်သည်။

ချန်ကျဲ့သည် ကြွက်သားပြေလျော့ဆေးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး မြိုချလိုက်သည်နှင့် ချက်ချင်းပင် ဆေးအာနိသင်မှာ ပျော်ဝင်သွားသည်။ ထို့နောက် လှံရှည်ကို ကောက်ယူပြီး တစ်ချက်ခါထုတ်လိုက်ပြီးနောက် စတင်လေ့ကျင့်သည်။

ချန်ကျဲ့၏ခန္ဓာကိုယ်မှာ လှံနှင့်အတူ ကခုန်နေသည့်အလားပင်…

ပင်လယ်ထက်တွင် ရေနဂါးပေါ်ထွက်လာသည့်အလား ရှည်လျားကာ တစ်ခါတရံတွင် အောက်ထိ နှိမ့်ကိုင်း၍ တစ်ခါတရံတွင် လှိုင်းတံပိုးများအလား…

မြွေပွေးကိုက်သည့်အလား၊ တစ်ခါတရံတွင် အေးစက်သည့်အလင်းတန်းများ ဖြာထွက်ကာ၊ တစ်ခါတရံတွင် တိုက်ခိုက်ရန် အသင့်အနေအထား ပြန်ဆုတ်ထားသည်။

ခြံဝင်းထက်သို့ လရောင်တောက်ပစွာ ဖြာကျနေသည်။ ချန်ကျဲ့သည် ရိုးရှင်းသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်သည် ထင်းရှူးပင်အလား နွဲ့ပျောင်းသည်။ အင်အားသည်တော့ ကျွဲရိုင်းတစ်ကောင်ကဲ့သို့ အားအင်အပြည့်ဖြစ်သည်။

လက်တွင် လှံကိုင်လျက် စစ်မြေပြင်တွင် တိုက်ခိုက်နေသည့် စစ်သူကြီးတစ်ဦးကဲ့သို့ အေးစက်သည့်အလင်းတစ်စ ဦးစွာဖြတ်ပြေးသွားပြီးနောက် နဂါးတစ်ကောင်ကဲ့သို့ လှံရှည်ကြီး ထွက်ပေါ်လာသည်။

ဝှစ်!

လှံသည် အနီးရှိ သစ်ပင်တစ်ပင်ကို ထိုးဖောက်သွားပြီး အပေါက်ကြီးတစ်ပေါက် ကျန်ရစ်ခဲ့တော့သည်။

ယခုတွင် ချန်ကျဲ့၏ခန္ဓာကိုယ်သည် ပူနွေးနေပြီး ကြွက်သားနှင့် အရိုးများသည် တဂျီဂျီလှုပ်ရှားနေသည်။ ခန္ဓာကိုယ်အတွင်းရှိ အရွတ်များအားလုံး တုန်ယင်နေသည့်အလား ဆေးအာနိသင်ကို ကသုတ်ကရက် စုပ်ယူနေသည်။

All Chapters