← Chapters

သုံးရောင်စပ်ဖရဲသီး?

Vol. 60 Ch. 887

သုံးရောင်စပ်ဖရဲသီး?

Vol. 60 Ch. 887

ချင်လင်၊ဝန်ကြီးလုနှင့်စွန်းကျန်းဟယ်တို့စကားဝိုင်းက သာသာယာယာရှိနေသည်။ ချင်လင်က တန့်ကွမ်းနှင့်ချူယွဲ့ကိုလည်းခေါ်လိုက်သည်။ ရေပူစမ်းဆေးမှုန့်ဖြစ်စေ၊ အမူး​ပြေမြက်ဖြစ်စေ၊ အစားအသောက်ကုမ္ပဏီနှင့်ဆေးဝါးကုမ္ပဏီက စွန်းကျန်းဟယ်နှင့်ညှိနှိုင်းရမည်။

တန့်ကွမ်းနှင့်ချူယွဲ့လည်း စွန်းကျန်းဟယ်နှင့်အတူရုံးခန်းထဲမှထွက်လာပြီး တိတိကျကျဆွေးနွေးရန် စံအိမ်ဧည့်ခန်းထဲသွားလိုက်သည်။

"သူဌေးချင်... ထောက်ခံပေးတဲ့အတွက်ကျေးဇူးပါ... မစ္စတာစွန်းရဲ့ကုန်သည်အသင်းက ငါတို့အတွက်အရမ်းအကျိုးရှိတယ်''

ဝန်ကြီးလုကပြောသည်။

ချင်လင်ကသဘောပေါက်သည်။ သူက ထပ်မစပ်စုချင်သောကြောင့်_

"ဝန်ကြီးလု.. ကျွန်တော်နားလည်ပါတယ်... သူတို့အသေးစိတ်ဆွေးနွေးပါစေ... ကျွန်တော်တို့လက်ဖက်ရည်သောက်ရအောင်''

သူကပြောရင်းဆိုရင်း အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ထုတ်ပြီး ဝန်ကြီးလုအတွက်တစ်အိုးနှပ်သည်။

နောက်နှစ်ရက်လုံး တန့်ကွမ်းနှင့်ချူယွဲ့က သက်ဆိုင်ရာကိစ္စများကို စွန်းကျန်းဟယ်နှင့်ဆက်ဆွေးနွေးပြီး စာချုပ်လက်မှတ်ထိုးကြသည်။

ရေပူစမ်းဆေးမှုန့်စျေးကို ဂျာမနီထက် ၂၀% ပိုမြှင့်ထားသည်။

အရင်းရှင်နိုင်ငံများကို သူတို့အတိုင်းစျေးသတ်မှတ်ရမည်။

ထို့နောက် ဝန်ကြီးလုနှင့်စွန်းကျန်းဟယ်ပြန်သွားသည်။

နောက်အချိန်များတွင် ခုံးလင်ဘက်ကလည်း အိမ်မွေးတိရစ္ဆာန်အစားအစာကုမ္ပဏီပြင်ဆင်ရေးအတွက် အင်တိုက်အားတိုက်လုပ်ထားသည်။

အချိန်နှင့်အမျှ ခုံးလင်ကနောက်ဆုံးအခြေအနေကို တန့်ကွမ်းဆီတင်ပြသည်။

သူများထက် ချင်လင်ကပိုအားနေသည်။ သူ့စိတ်ထဲမှဂိမ်းအပြင် တခြားဘာမှလုပ်စရာမရှိ။

…

ရက်ပိုင်းတချို့ကုန်လွန်သွားသည်။

နေ့လယ်ရောက်ခါနီးအချိန်_

ခါတိုင်းလို ချင်လင်ကရုံးခန်းထဲထိုင်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ကာ ဂိမ်းဇာတ်ကောင်ကိုအလုပ်ခိုင်းနေစဉ် ရုတ်တရက် အလောတကြီးအသံတစ်ခုကြားရသည်_

"ညီလေးချင်... လွမ်းလိုက်တာကွာ''

သူကလှမ်းကြည့်လိုက်ရာ လီခိုင်ကပြုံးပြုံးနှင့်လျှောက်လာသည်။ သူ့မျက်နှာမှာ ယုံကြည်မှု၊ဂုဏ်ယူမှုအပြည့်နှင့်။

အရင်က သူ့မှာဓားစာခံသာလုပ်ခဲ့ရသည်။ သူကိုယ်တိုင်သုတေသနမလုပ်ခဲ့ရ။ သူ့နာမည်နဲ့ငေါလာဟလထွက်နေတဲ့ပရောဂျက်တွေအကြောင်း သူသိသည်။

ထို့ကြောင့် သူ့မှာအားမရှိ။

သူများတွေချီးကျူးတိုင်း သူ့ကျောပေါ်မှာပိုပိုလေးလာသည်။

ဒါပေမဲ့ အခုတော့မတူ။ သူ့ကိုယ်ပိုင်သုတေသနနဲ့အပူချိန်နိမ့်မျိုးစိတ်နည်းပညာကိုအောင်မြင်ခဲ့ပြီ။ ဒါအရင်က သူခေါင်းခံခဲ့တာတွေထက်မလျော့။

ဒီအပူချိန်နိမ့်မျိုးစိတ်နည်းပညာနဲ့ဆို အားလုံးကိုခေါင်းခံရရင်တောင် ခါးမတ်မတ်ထားနိုင်မည်။

ချင်လင်လည်း လီခိုင်ကိုမြင်လျှင် အံ့ဩသွားပြီး_

"အစ်ကိုလီ... ခင်ဗျားရဲ့အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုကပြီးသွားပြီ... အခုအသုံးချလို့ရပြီလား?''

"ရတော့မယ်''

လီခိုင်ကရှင်းပြသည်_

"နွေရာသီသီးနှံအတော်များများကိုမျိုးစိတ်ပေါင်းပြီး ရှင်အောင်လုပ်ထားတယ်... ဒီတော့ ဒီနွေရာသီသီးနှံတွေက ချင်းလင်ဖရဲသီးလိုဆောင်းတွင်းဖြစ်နိုင်တယ်ဆိုတဲ့သဘောပဲ... အခုအပြီးသတ်ဖို့ပဲကျန်တော့တယ်... အဲဒါ လက်ထောက်တချို့ဆီလွှဲထားတာ''

"ဂုဏ်ယူပါတယ် အစ်ကိုလီ!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

"ညီလေးချင်... ပါးစပ်နဲ့ပဲဂုဏ်ပြုလို့မရဘူးလေ... ငါတစ်ချိန်လုံးသက်သတ်လွတ်စားနေရတာ''

"ဒီနေ့လယ် ကျွန်တော်ချက်ဖို့စဉ်းစားနေတာ... အစ်ကိုလာတာနဲ့အတော်ပဲ''

ချင်လင်ပြုံးလိုက်သည်။

သူကမတ်တပ်ရပ်ပြီး ရုံးခန်းအပြင်ထွက်ကာ စားဖိုဆောင်ဘက်လှည့်လာသည်။

လီခိုင်က ဝမ်းသာအားရလိုက်လာ၏။

ဒီအတောအတွင်း သုတေသနကိုသာအာရုံစိုက်ထားခဲ့သောကြောင့် ညီလေးချင်လက်ရာကိုတောင့်တနေသည်။

ချင်လင်စားဖိုဆောင်ထဲဝင်လာ၍ ဆရာလင်းက_

"သူဌေး... ဒီနေ့ချက်မလို့လား? ကျွန်တော်ဘာပြင်ထားပေးရမလဲ?''

ပုံမှန်အတိုင်းဆို သူဌေးစားဖိုဆောင်ထဲမလာမှန်း သူသိသည်။ လာပြီဆိုတာနဲ့ ဟင်းချက်ရင်ချက်၊ မချက်ရင် တစ်ခုခုစမ်းသပ်တတ်သည်။

"ဒီနေ့ ဆေးစွပ်ပြုတ်ချက်မယ်''

ချင်လင်ကပြောသည်။

"ဟုတ်ပြီ!''

ဆရာလင်းကခေါင်းညိမ့်ပြီး ချက်ချင်းအလုပ်သင်နှစ်ဦးကိုပြင်ဆင်ခိုင်းသည်။

အလုပ်သင်နှစ်ဦးပြင်ဆင်ပြီးနောက် ချင်လင်လည်း တော်ဝင်ဆေးစွပ်ပြုတ်စလုပ်သည်။ လွယ်လွယ်ကူကူ၊ရှောရှောရှူရှူလုပ်ပြီးနောက် တော်ဝင်ဆေးစွပ်ပြုတ်ရလာသည်။

သို့သော် သူမရပ်။ ဆက်ချက်သည်။ ချက်မှတော့ တော်ဝင်ပညာရှင်လီနှင့်လင်းလျိုတို့အတွက်ပါပြင်ဆင်ပေးချင်သည်။

တစ်ချိန်တည်းမှာ_

ချင်းလင်စံအိမ်စိုက်ပျိုးရေးဌာနတွင် ယွီရွှေ့လည်း ချင်းလင်ဖရဲသီးများစိုက်ထားသောစိုက်ခင်းထဲလူများခေါ်လာသည်။

အရင်သူစိုက်ထားသောအရည်အသွေးမြင့်ဖရဲသီးတစ်သုတ်မှည့်တော့မည်။ သူကအတည်ပြုပြီးနောက် လူများခေါ်ကာ အရည်အသွေးမြင့်ဖရဲသီးများကိုခူးသည်။

အရည်အသွေးမြင့်ဖရဲသီးတချို့ကို ချင်းလင်အရောင်းစင်တာမှာရောင်းပြီး ကျန်ဖရဲသီးများကိုသေချာထုပ်ပိုးကာ မြို့တော်ပို့သည်။

အရည်အသွေးမြင့်ချင်းလင်ဖရဲသီးများမှာ ပဏ္ဏာဆက်သောဖရဲသီးမျိုးဖြစ်၍ အပြင်မှာစိုက်သောသာမန်ချင်းလင်ဖရဲသီးနှင့်မတူ။ အရည်အသွေးမြင့်ဖရဲသီးတစ်သုတ်မှည့်တိုင်း မြို့တော်ပို့မည်။

စိုက်ပျိုးရေးဌာနမှယွီရွှေ့နှင့်တခြားဝန်ထမ်းများက ဖရဲသီးမှည့်မမှည့်ကြည့်တတ်ကြသည်။ ဖရဲသီးကိုခေါက်ပြီး ခွဲခြားနိုင်သည်။

"ဖရဲသီးနှစ်လုံးခူးပြီးခွဲလိုက်... ကြည့်ရအောင်!''

ယွီရွှေ့ကညွှန်ကြားသည်။

အရည်အသွေးမြင့်ဖရဲသီးများက စံအိမ်၏အမှတ်လက္ခဏာတစ်ခုဖြစ်သလို လက်ဆောင်ပေးသောပစ္စည်းလည်းဖြစ်သည်။ သူကိုယ်တိုင်မြည်းကြည့်ရမည်။ ဒါကလည်း စိုက်ပျိုးရေးဌာနမန်နေဂျာ၏အခွင့်အရေးပင်။ တခြားစိုက်ပျိုးရေးဌာနဝန်ထမ်းများကိုမူ မပြောဘဲမစားဖို့တားမြစ်ထားသည်။

ပတ်ပတ်လည်တွင်စောင့်ကြည့်ကင်မရာများရှိသောကြောင့် မိသွားပါက အလုပ်ထုတ်ခံရမည်။

စိုက်ပျိုးရေးဌာနဝန်ထမ်းများက ဒါမျိုးမလုပ်ရဲ။ အလုပ်ထုတ်ခံရရင် ရုံချန်းမှာချင်းလင်စံအိမ်ထက်ပိုကောင်းတဲ့အလုပ်မျိုးရှာနိုင်မည်မဟုတ်တော့။

"အာ မန်နေဂျာ... ဒီဖရဲသီးက မဟုတ်သေးဘူး''

ရုတ်တရက် စိုက်ပျိုးရေးဌာနဝန်ထမ်းတစ်ဦးက တအံ့တဩပြောသည်။

"ဘာဖြစ်လို့လဲ?''

ယွီရွှေ့က မယုံသင်္ကာနှင့်လျှောက်လာသည်။ စိုက်ပျိုးရေးဌာနဝန်ထမ်းက ဖရဲသီးခွဲပြီး ခဏကြောင်သွားကာ အံ့ဩပုံလည်းပေါက်နေသည်။

သူဘာမြင်နေရတာလဲ?

သူခွဲလိုက်တဲ့ဖရဲသီးမှာ အရောင်သုံးရောင်ပါနေတယ်!

All Chapters