← Chapters

သုံးရောင်စပ်ဖရဲသီး? ၂

Vol. 60 Ch. 888

သုံးရောင်စပ်ဖရဲသီး? ၂

Vol. 60 Ch. 888

အရောင်သုံးရောင်နဲ့ဖရဲသီးဆိုတော့...

ဖရဲသီးမှာပြဿနာရှိနေတာလား?

"မန်နေဂျာယွီ... ကျွန်တော့်ဖရဲသီးလည်းမဟုတ်သေးဘူး''

နောက်ဝန်ထမ်းတစ်ဦးကလည်း မျက်မှောင်ကြုတ်ပြီးပြောသည်။

ယွီရွှေ့ကလှမ်းကြည့်လိုက်ရာ ဖရဲသီးအသားမှာအရောင်သုံးရောင်ရှိနေသည်ကိုတွေ့ရသည်။

ထို့​ကြောင့် သူနည်းနည်းမျက်နှာပျက်သွားသည်။ နောက်ထပ်ဖရဲသီးနှစ်လုံးကိုအမြန်ခူးပြီးထပ်ခွဲလိုက်ရာ အတွင်းသားကသုံးရောင်ရှိနေဆဲ။

……

ချင်းလင်အပန်းဖြေစံအိမ်စားဖိုဆောင်_

ချင်လင်ကအားလုံးအတွက် တော်ဝင်ဆေးစွပ်ပြုတ်ပြင်ဆင်ပြီး အပြင်ယူသွားခိုင်းသည်။

"ငါအနံ့ရရုံနဲ့ သူဌေးချင်ကိုယ်တိုင်ချက်မှန်းသိတယ်''

တော်ဝင်ပညာရှင်လီက စားသောက်ခန်းထဲဝင်လာပြီး အံ့ဩသံနှင့်ပြောသည်။

"ဟုတ်တယ်... ဒီဆေးနံ့က သူဌေးချင်ချက်တာပဲ''

တော်ဝင်ပညာရှင်လင်းကလည်းပြောသည်။

တော်ဝင်ပညာရှင်များက တမျှော်မျှော်နှင့် စားပွဲဝိုင်းရောက်လာသည်။

အမျိုးသမီးသုံးဦးလည်း ဆေးနံ့ရပြီး အံ့ဩဝမ်းသာသွားသည်။

သူဌေးချင်သာ ဒီလိုဆေးစွပ်ပြုတ်မျိုးကိုလုပ်နိုင်သည်။ တခြားစားဖိုမှူးက ဒီလိုအရသာရှိတဲ့အစားအသာမျိုးလုပ်နိုင်မည်မထင်။

လီခိုင်က အငမ်းမရတွယ်နေလေပြီ။

အမှန်အတိုင်းပြောရရင် ဓာတ်ခွဲခန်းမှာအခန်းအောင်းနေစဉ်က ကောင်းပေ့ဆိုသောအစားအစာများကို ညီလေးချင်ဆေးစွပ်ပြုတ်နှင့်ယှဉ်လိုက်သောအခါ ဝက်စာလိုဖြစ်နေသည်။

ချင်လင်ကထိုင်ပြီး လီခိုင်နှင့်ဆေးစွပ်ပြုတ်သောက်မည်အပြုတွင် ယွီရွှေ့ပြေးဝင်လာပြီး_

"သူဌေး... ပါမောက္ခလီခိုင်လည်းရှိတာပဲ... ကျွန်တော်ပြောစရာရှိတယ်... အရည်အသွေးမြင့်ဖရဲသီးတွေက မျိုးပြောင်းပြန်ပြီထင်တယ်''

"ဘာဖြစ်လို့လဲ?''

လီခိုင်ကစကားဖြတ်မေးသည်။

တော်ဝင်ပညာရှင်လီတို့လည်း သိချင်စိတ်နှင့်လှမ်းကြည့်ကြသည်။

ဖရဲသီးမျိုးပြောင်းတာ... ဒါ ပါမောက္ခလီခိုင်လုပ်နေတဲ့သုတေသနမျိုးမလား?

ချင်လင်ကဘာဖြစ်နေလဲ အမှတ်တမဲ့တွေးမိသည်။ ယွီရွှေ့သာအစီရင်လာမခံရင် သုံးရောင်စပ်ဖရဲသီးမှည့်တာ သူမေ့တော့မည်။

အရင်တစ်ခါ ရေကန်သတ္တုတွင်းမှအထူးမျိုးစေ့ကျောက်ရပြီး သုံးရောင်စပ်ဖရဲမျိုးစေ့နှင့်လဲခဲ့သည်။ ထို့နောက် အရည်အသွေး ၂ ဖရဲမျိုးစေ့များထဲ လူလစ်တုန်းရောထည့်ခဲ့သည်။ ဒါကြောင့် ဘယ်သူမှသတိမထားမိ။

အခု သုံးရောင်စပ်ဖရဲသီးကမှည့်ပြီ။

နောက်ပြီး သုံးရောင်စပ်ဖရဲသီးက အရောင်သုံးရောင်ရှိရုံတင်မဟုတ်၊ အရသာလည်းသုံးမျိုးရှိသည်။

အရသာသုံးမျိုးနဲ့ဖရဲသီးက အတော်ဆန်းကြယ်တာပေါ့။

"ဘာဖြစ်တာလဲ?''

လီခိုင်ကအလောတကြီးမေးသည်။

ယွီရွှေ့ကအမြန်ပြန်ဖြေသည်_

"ဒီနေ့ ဖရဲသီးတွေခူးခိုင်းပြီးတော့ တစ်လုံးခွဲကြည့်တာ အတွင်းသားကတစ်ရောင်တည်းမဟုတ်ဘူး... အားလုံးသုံးရောင်တောင်... ပြီးတော့ တစ်လုံးတည်းလည်းမဟုတ်ဘူး... ဖရဲသီးအတော်များများ အဲလိုပဲ''

"ဖရဲသီးက သုံးရောင်?''

လီခိုင် နည်းနည်းအံ့ဩသွားသည်။

တော်ဝင်ပညာရှင်လီတို့လည်း နည်းနည်းစူးစမ်းနေသည်။

ဖရဲသီးက ဘယ်လိုလုပ်ပြီး အရောင်သုံးမျိုးဖြစ်နေတာလဲ? ဖရဲသီးမှာပြဿနာရှိနေတာမဟုတ်ရင် ပုပ်နေတာပဲ။

ဘာပဲဖြစ်ဖြစ် ဖရဲသီးအသားကိုထွင်ဖို့မဖြစ်နိုင်။

ဒါပေမဲ့ မဟုတ်သေးဘူး။ ပုပ်နေရင် တစ်လုံးနှစ်လုံးပေါ့။ အများကြီးဆို တစ်ခုခုလွဲနေပြီ။ အားလုံးသုံးရောင်စပ်တော့မဖြစ်နိုင်ဘူးမလား?

"သွားကြည့်ရအောင်!''

လီခိုင်က ဆေးစွပ်ပြုတ်ကိုဂရုမစိုက်အားတော့။ ဘာပဲဖြစ်ဖြစ် သူကလည်းသိပ္ပံသုတေသနသမား။ သူ့အပူချိန်နိမ့်မျိုးစိတ်သုတေသနကို ချင်းလင်ဖရဲသီးမှာအသုံးချပြီးပြီ။

အခု ချင်းလင်ဖရဲသီးကမျိုးစိတ်ပြောင်းပြန်ပြီဆိုတော့ သူ့အပူချိန်နိမ့်မျိုးစိတ်သုတေသနနဲ့ အမှတ်တမဲ့ဆက်စပ်မိသည်။

သူတို့အုပ်စုလည်း အပန်းဖြေစံအိမ်မှချက်ချင်းထွက်လာကြသည်။

တော်ဝင်ပညာရှင်များက တောင်တန်းစံအိမ်ဘက်ထွက်သွားသောကြောင့် မာဟုန်လည်းအပြေးလိုက်လာသည်။

ချင်လင်က ချန်တပေကိုခေါ်ပြီး လုံခြုံရေးအတွက်လူခေါ်ခိုင်းထားသည်။

ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင် ၆ ဦး၊ သုံးဦးက တော်ဝင်ပညာရှင်ကြီး။ ဒီစီနီယာကြီးတွေတစ်ခုခုဖြစ်ခဲ့ရင် ပြဿနာအကြီးအကျယ်တက်ပြီ။

…

ချင်းလင်စံအိမ်စိုက်ခင်းက အရင်ထက်အများကြီးပိုကျယ်လာသည်။

ဖရဲစိုက်ခင်းသက်သက်တောင် အဆုံးအစမရှိကျယ်ပြောသည်။

ချင်လင်၊ လီခိုင်နှင့် တော်ဝင်ပညာရှင် ၆ ဦးရောက်သောအခါ မာဟုန်ကသူ့လူများကိုဖြန့်ကျက်ထားပြီးဖြစ်သည်။ တစ်ဖက်တွင် ချန်တပေကလည်း လုံခြုံရေးအစောင့်များနှင့်စောင့်ကြပ်သည်။

တော်ဝင်ပညာရှင် ၆ ဦးကအရေးကြီးမှန်း ချန်တပေသိသောကြောင့် အပန်းဖြေစံအိမ်မှအထူးတပ်ဖွဲ့ဝင်ဟောင်းများကိုသာခေါ်ထားသည်။

တော်ဝင်ပညာရှင် ၆ ဦးကြောင့် လုံခြုံရေးကပိုသည်မရှိ။

ယွီရွှေ့က စိုက်ပျိုးရေးဌာနဝန်ထမ်းဆီလျှောက်သွားပြီး ခွဲထားသောဖရဲသီးနှစ်လုံးအား ချင်လင်တို့ကိုပြကာ_

"သူဌေး ပါမောက္ခလီခိုင် ကြည့်ပါ... ဒီဖရဲသီးပဲ''

လီခိုင်ကဖရဲသီးယူကြည့်လိုက်ရာ အရောင်သုံးရောင်ရှိပြီး အပုပ်မဟုတ်ကြောင်းတွေ့ရသည်။

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းက အံ့ဩနေသည်။ သုံးရောင်စပ်ကိုမြင်ဖူးတာ ဒါပထမဆုံးပင်။

နောက်ပြီး ဖရဲသီးနှစ်လုံး၏သုံးရောင်မှာအညီအမျှဖြစ်နေသည်။ ဖြစ်တတ်သလို ကျပန်းလုံးဝမဟုတ်။

"ဒီဖရဲသီးကြည့်ရတာ နည်းနည်းထူးခြားတယ်''

တော်ဝင်ပညာရှင်ဟောင်ကရှေ့တိုးလာပြီးပြောသည်။

"တကယ်ထူးခြားတယ်... ဒါပေမဲ့ စားလို့ရမရမသိတာ''

တော်ဝင်ပညာရှင်ဖေးကလည်းပြောသည်။

တော်ဝင်ပညာရှင်လီက ဖရဲသီးတစ်စိတ်ယူပြီးအနံ့ခံကြည့်ရာ အံ့ဩသွားပြီး_

"ဒါလတ်လတ်ဆတ်ဆတ်အသီးနံ့ပဲ... မပုပ်ဘူး''

လီခိုင်က သုံးရောင်စပ်ဖရဲသီးကိုမြင်ပြီး တုံ့ဆိုင်းမနေ။ ချင်းလင်ဓာတ်ခွဲခန်းကိုချက်ချင်းဖုန်းဆက်ပြီး သူ့လက်ထောက်ကိုကိရိယာများယူလာခိုင်းသည်။

သူကဖုန်းချပြီးနောက် ယွီရွှေ့ကိုမေးသည်_

"ဘယ်ဖရဲသီးက သုံးရောင်စပ်... ဘယ်ဖရဲသီးကပုံမှန်ဆိုတာ ခွဲနိုင်လား?''

ယွီရွှေ့ကခေါင်းညိမ့်ပြီး_

"ဟုတ်ကဲ့... သုံးရောင်စပ်ဖရဲနွယ်ကအလုံးပိုတုတ်ပြီး အရွက်ပိုကြီးတယ်... အရွက်တွေကလည်း ထောင့်သုံးထောင့်ဖြစ်နေတယ်''

သူကစိုက်ပျိုးရေးဌာနတာဝန်ခံဖြစ်၍ အပင်ပျိုးထောင်ကျွမ်းကျင်သည်။ သူဌေးနှင့်ပါမောက္ခလီခိုင်ကိုအစီရင်ခံရန် သေချာလေ့လာကြည့်ရှုထားသည်။

လီခိုင်ကခေါင်းညိမ့်ပြီး ယွီရွှေ့လမ်းညွှန်သည့်အတိုင်း ဖရဲခင်းထဲစရှာသည်။

သူကဖရဲသီးတချို့ခူးပြီး ခွဲလိုက်သည်။ ထင်တဲ့အတိုင်း အားလုံးသုံးရောင်စပ်ဖရဲသီးများပင်။

တခြားဖရဲသီးများက ပုံမှန်အနီရောင်အတိုင်းသာ။

မကြာမီ ချင်းလင်ဓာတ်ခွဲခန်းကကိရိယာများရောက်လာသည်။

လီခိုင်က သုံးရောင်စပ်ဖရဲသီးကိုအရင်ယူပြီး ကိရိယာနှင့်စစ်ဆေးသည်။ ပထမဆုံး ဒီဖရဲသီးမှာ အန္တရာယ်ရှိပစ္စည်းတွေပါမပါ သေချာစစ်ဆေးရမည်။

အန္တရာယ်ရှိပစ္စည်းတွေမပါကြောင်းအတည်ပြုပြီးရင် ဖရဲသီးကိုစားနိုင်ပြီ။

လီခိုင်က ပျိုးထောင်ကျွမ်းကျင်ဖြစ်၍ ဖရဲသီးမှာအန္တရာယ်ရှိပစ္စည်းပါမပါ အလွယ်တကူစစ်ဆေးနိုင်သည်။

အချိန်ယူပြီးနောက် သုံးရောင်စပ်ဖရဲသီး ၁၀ လုံးစမ်းသပ်ပြီးသွားသည်။

နောက်ပြီး မြန်မြန်ဆန်ဆန်ကောက်ချက်ချနိုင်သည်_

"ဒီဖရဲသီးမှာ လူ့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေတာ ဘာမှမပါဘူး... လတ်လတ်ဆတ်ဆတ်တန်းစားလို့ရတယ်''

"ပြီးတော့ ဒီဖရဲသီးတွေမှာ ထူးထူးခြားခြားဓာတ်တွေပါလို့ အဆင့် ၂ ရှိတယ်... ခင်ဗျားတို့စားပြီးမှသိလိမ့်မယ်''

ဒီလိုဖြစ်မယ်မှန်း ချင်လင်သိသည်။ သုံးရောင်စပ်ဖရဲသီးကစားလို့ရသည်။ သူပြောတဲ့အဆင့် ၂ ကအရည်အသွေး ၂ ကိုစိုက်ပျိုးပြီးအဆင့်ကျကာ အရည်အသွေး ၁ ရှိနေတာဖြစ်မည်။

သို့ရာတွင် အရည်အသွေး ၂ ကိုစိုက်ပျိုးပြီး မြေပတ်ဝန်းကျင်အနေအထားအလိုက် ကံကောင်းထောက်မ၍ အရည်အသွေး ၂ ထိန်းထားနိုင်သောမျိုးစေ့များရှိတတ်သည်။

ဒီလိုဆိုရင် မျိုးစေ့ပျိုးထောင်တဲ့အခါ အရည်အသွေး ၁ မျိုးစေ့မှ အရည်အသွေး ၁ သုံးရောင်စပ်ဖရဲသီးသာရမည်။ လက်တွေ့လောကပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်တဲ့အရည်အသွေး ၂ မျိုးစေ့ကိုစုဆောင်းနိုင်ရင် အရည်အသွေး ၂ သုံးရောင်စပ်ဖရဲသီးစိုက်နိုင်မည်။

သို့သော် သူထုတ်ပြော၍မဖြစ်သောကြောင့် ယွီရွှေ့ကိုညွှန်ကြားလိုက်သည်_

"ဒါဆိုရင် ဖရဲသီးနည်းနည်းခွဲပြီး အားလုံးကိုမြည်းခိုင်းလိုက်ပါ''

အရသာက သုံးမျိုးရှိနေသည်။ စားပြီးရင် အစ်ကိုလီနှင့်တော်ဝင်ပညာရှင်လီ အံ့အားသင့်သွားလိမ့်မည်။

တခဏအတွင်း ယွီရွှေ့ကဖရဲသီးကိုအစိတ်လေးများစိတ်ပြီး အားလုံးရှေ့ချပေးလိုက်သည်။ တစ်စိတ်တစ်စိတ်ကို အရောင်သုံးမျိုးပါ၍ အရသာသုံးမျိုးရှိသည်။

လီခိုင်ကချက်ချင်းတစ်စိတ်ယူပြီး ပါးစပ်ထဲထည့်ကာ အနီရောင်အပိုင်းကိုကိုက်ချလိုက်သည်။

အနီရောင်ကအရသာရှိသော်လည်း ချင်းလင်ဖရဲသီးနှင့်မခြားပေ။

လီခိုင်က အဝါရောင်အပိုင်းကိုထပ်ကိုက်လိုက်သည်။ စားပြီးနောက် သူခဏကြောင်သွားပြီး မယုံနိုင်ပုံနှင့်_

"ငှက်ပျောသီးအရသာ?''

All Chapters