ဆန်းကြယ်ပစ္စည်းနှစ်ခု! တံငါသည်ဖြစ်ပြီ! ၂
Vol. 60 Ch. 893
ရေကူးပလက်ဖောင်းများက အတော်မြင့်သည်။ အရင်က လေ့ကျင့်ရေးတပ်သားများဆောက်ခဲ့သည်ဟုဆိုသည်။ အမြင့်ပေ ၁၀ မီတာခန့်ရှိပြီး တော်ရုံလူ ထိုပလက်ဖောင်းပေါ်မှခုန်မချရဲကြ။
သို့သော် ချင်လင်ကဘယ်လိုမှမခံစားရပေ။ ဘာပဲဖြစ်ဖြစ် သူနဲ့ချင်ရန်က ဂျူနီယာအထက်တန်းကျောင်းကတည်းက ခုန်ချရဲကြသည်။
ရေကူးပလက်ဖောင်းအပေါ်ရောက်သောအခါ အသက်ပြင်းပြင်းရှူပြီး တန်းတန်းမတ်မတ်ခုန်ချသည်။
ဗွမ်းခနဲအသံမြည်ပြီး ချင်လင်တစ်ကိုယ်လုံးရေထဲမြှုပ်သွားသည်။
သို့သော် ရေထဲခုန်ချလိုက်သည့်ခဏတွင် ထူးခြားမှုကိုသူခံစားရသည်။ အရင်က ၁၀ မီတာအမြင့်မှခုန်ချသောအခါ ရေထဲတွင်ခဏလောက် ကိုယ်ပေါ့သလို၊ရေနစ်သလိုခံစားရပြီးမှ မျှခြေထိန်းရန် ခြေနှင့်လက်ကိုယက်ကန်ယက်ကန်ခတ်ရသည်။
ဒီတစ်ကြိမ်တွင်မူ ရေထဲမြှုပ်သွားပြီး ကိုယ်ပေါ့ခြင်းမရှိသလို မျှခြေလွတ်ခြင်းလည်းမရှိ။ ခြေထောက်နည်းနည်းခတ်ရုံနှင့် ငါးလေးလို ရေမျက်နှာပြင်ပေါ်အသာလေးရောက်သွားသည်။
ဒီခံစားချက်က ထူးခြားသည်။
ဒါရေကူးစွမ်းရည် +၃ အရည်အသွေးကြောင့်ဖြစ်မည်။
နောက်ပြီး ရေကူးစွမ်းရည် +၃ အရည်အသွေးကြောင့် ရေထဲမှာပါဆယ်ထုပ်ထားသလိုခံစားရသည်။ ကြည့်ရတာ ရေရဲ့ထောက်ကန်နိုင်စွမ်းက တမူထူးခြားသွားသည်။
ချင်လင်ကချက်ချင်း သူအကြိုက်ဆုံးရေကူးနည်းဖြစ်သော ဖရီးစတိုင်ရေကူးနည်းနှင့်စကူးသည်။
အစပိုင်းက ခွေးလိုယက်ကန်ယက်ကန်ကူးခဲ့သည်။ သို့သော် သူ့ရေကူးပုံသူစိတ်ပျက်၍ ရေကူးနည်းကိုသင်ခဲ့သည်။
ဖရီးစတိုင်ကူးနည်းက အားကုန်သည်။
သို့ရာတွင် ဒီတစ်ကြိမ် ရေထောက်ကန်အားအများကြီးလျော့သွားပြီး သူလည်းအားနည်းနည်းသာသုံးရသည်ကို သေချာသတိထားမိသည်။
ခြေလက်နည်းနည်းခတ်ရုံနှင့် အဝေးကြီးရောက်နိုင်သည်။
ရုတ်တရက် ချင်လင်အင်အားပြည့်နေသည်။ သူကအားကုန်သုံးပြီး ရှေ့ကိုကူးလိုက်သည်။ စွမ်းအားပင်အသီးနှစ်လုံးစားထားပြီး ရေကူးစွမ်းရည် +၃ အရည်အသွေးကြောင့် အမြောက်ပစ်လိုက်သလိုပင်။
သူ့အရှိန်ကမြန်လွန်း၍ ကမ္ဘာ့အတော်ဆုံးဖရီးစတိုင်ရေကူးချန်ပီယံတောင် သူ့ကိုလိုက်နိုင်မည်မဟုတ်။
ဒါမှမဟုတ် ကမ္ဘာ့အတော်ဆုံးဖရီးစတိုင်ရေကူးချန်ပီယံက ဒီအရှိန်နှင့်ပြိုင်ရဲမည်မဟုတ်ပေ။
ရေလှောင်တမံပေါ်၌_
လှေလေးတစ်စင်းရှိပြီး လှေပေါ်တွင်လူများစွာပါသည်။ တစ်ယောက်က သူ့ဘေးမှလေးထောင့်ပုံးထဲငါးစာများလောင်းထည့်နေ၏။
ငါးမျိုးစုံနှင့်ဇကာကွက်ခြင်းကြီးများ၊ပုစွန်ခြင်းများလည်းပါသည်။
လှေတစ်ဖက်တွင် မုတ်ဆိတ်မွေးဗရပျစ်နှင့်လူတစ်ယောက်က ငါးမျှားတံကိုင်ပြီးငါးမျှားနေသည်။
ရုတ်တရက် တစ်ယောက်ယောက်က ထိုမုတ်ဆိတ်မွေးနှင့်ငါးမျှားနေသူအား_
"သူဌေး... ဟိုဟာဘာလဲ? မြန်လိုက်တာ''
လျိုဟွာကဇဝေဇဝါနှင့် ခေါင်းထောင်ပြီးလှမ်းကြည့်သည်။ သူကအံ့ဩသွားပြီး_
"အဲဒါ လူလား?''
ရေလှောင်တမံခပ်လှမ်းလှမ်းတွင် ကိုယ်တစ်ပိုင်းသာမြင်ရသောလူက သူတို့ဆီကူးခတ်လာသည်။ သို့သော် သူ့ရေကူးနှုန်းက လူနှင့်မတူ။
ထိုအချိန်တွင် တခြားလူများအားလုံး လှမ်းကြည့်လိုက်ကြသည်။
အားလုံးမှင်တက်သွား၏။
တကယ် လူရေကူးနေတာလား?
ဒါပေမဲ့ လူကူးရင် ဘယ်လိုလုပ်ဒီလောက်မြန်မလဲ?
မျက်စိတစ်မှိတ်အတွင်း ရေကူးသူက သူတို့နားရောက်လာသလိုပင်။ ရေကူးဒီလောက်မြန်တာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ တုန်လှုပ်ခြောက်ချားသွားကြသည်။
သူ့အရှိန်အဝါက ကြောက်ခမန်းလိလိ။
ချင်လင်က သူရေကူးတာဘယ်လောက်ကြာသွားလဲ သူမသိ။ စွမ်းအားပင်အသီးစားထားသောကြောင့် ခံနိုင်ရည်ရှိပြီး ရေကူးစွမ်းရည် +၃ ကြောင့် ငါးလေးလိုဖြစ်နေသောခဏတွင် ရေလှောင်တမံဟိုဘက်ဒီဘက်ကို ဆယ်ကြိမ်မကကူးနိုင်သည်ဟုခံစားရသည်။
ချင်လင်လည်းရေကူးရင်း တစ်ခုခုသတိထားမိသည်။ သူကရပ်ပြီးရေပေါ်ထွက်ကြည့်ရာ ခပ်လှမ်းလှမ်းမှလှေနှင့်ဇကာခြင်းများကိုတွေ့ရသည်။ သူလည်းကြောင်သွား၏။
ဘယ်ကတည်းက ဒီမှာငါးဖမ်းနေကြတာလဲ?
အထူးသဖြင့် သူလှမ်းကြည့်လိုက်သောအခါ မုတ်ဆိတ်မွေးဗရပွနှင့်လူကို ရင်းနှီးသလိုလိုရှိသော်လည်း ဘယ်နေရာမှာမြင်ဖူးမှန်းမသိ။
လှေပေါ်မှလူများကလည်း ချင်လင်ကိုမြင်ပြီး နည်းနည်းအံ့ဩသွားကြသည်။
"အင်တာနက်ဆယ်လီ ရှောင်ချင်လားလို့!''
"နည်းနည်းတူတယ်!''
"သူပဲ... မြင်းစီးကျွမ်းတဲ့တစ်ယောက်''
"ကြည့်ရတာ ရေကူးပိုကျွမ်းပုံပဲ!''
"……"
မနေနိုင်ဘဲဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ကြပြန်သည်။ ဒီမြင်ကွင်းကိုအခိုက်အတန့်များမှာမတင်လိုက်ရရင် နှမြောစရာ။
သော*က်ရမ်းရေကူးတော်တဲ့ကောင်။
လျိုဟွာက ချင်လင်ကိုမြင်မြင်ချင်း မှတ်မိသည်။
$@#~အင်တာနက်ဆယ်လီ။ အဲဒါ ချင်းလင်ကုမ္ပဏီသူဌေး။ ဒါပေမဲ့ သူရှင်းမပြတော့။
အကြောင်းမှာ သူ့ကိုယ်သူ ချင်းလင်ကုမ္ပဏီသူဌေးဟု အင်တာနက်ပေါ်မှာပြောဖို့ကြိုးစားခဲ့သော်လည်း အားလုံးကသူ့ကိုအရူးဟုခေါ်ကြသည်။
သူအမှန်ပြောရင်တောင် ဘယ်သူမှယုံမှာမဟုတ်။
ဘယ်သူကအရူးလဲ?
အဲဒီနောက် သူ့မျက်နှာမှာ နောင်တ၊ နောင်တဆိုတာထက် စိတ်ပျက်သွားသည်။
ချင်းလင်စံအိမ်သူဌေးက ရေလှောင်တမံမှာ ကျားဖြူငါးဖမ်းမိပြီး ကံကောင်းလာသည်ဟုသိသိချင်း ရေလှောင်တမံမှာစတည်းချပြီး အခုဆို ရေလှောင်တမံထဲငါးများပါမွေးထားသည်။
ဒါပေမဲ့ အခုထိ ရေလှောင်တမံထဲဖမ်းမိသမျှက သာမန်လူများရနိုင်သည်ချည်း။ အံ့ဩစရာဆိုလို့ ကတ်တီ ၃၀ ကျော်သောငါးတစ်ကောင်သာရှိသည်။
ထို့ကြောင့် သူကရုပ်သံအကောင့်တစ်ခုဖွင့်ပြီး 'တံငါသည်လျို'ဆိုသောနာမည်နှင့် ပရိသတ်အများကြီးရထားသည်။
ဒါပေမဲ့ ကျားဖြူကိုလုံးဝမမိ။
ကျားဖြူကြောင့် ချင်းလင်စံအိမ်ဆောက်၊ ငါးပြတိုက်ဖွင့်၊ အလှမွေးငါးပျိုးထောင်ပြီး သိန်းချီသန်းချီတန်တဲ့ငါးတွေဝယ်ထားကြောင်းတွေးမိရင် သူအောင့်သီးအောင့်သက်ဖြစ်ရသည်။
တကယ်တော့ သူ့ရည်ရွယ်ချက်က ချင်းလင်စံအိမ်မဟုတ်။ ချင်းလင်ငါးပြတိုက်ဖြစ်သည်။ ဒါတံငါသည်တစ်ဦး အာရုံစိုက်သင့်တဲ့အရာ။
လျိုဟွာ ငါးကိုအာရုံစိုက်ခြင်းက ကျားဖြူကိုဖမ်းမမိသောကြောင့် အားမလိုအားမရဖြစ်ခြင်းပင်။
သူ့မှာငါးမွေးခြင်းကြောင့် ဝင်ငွေအများကြီးရနေပြီဖြစ်သော်လည်း ကျားဖြူကိုဖမ်းမိချင်နေသည်။ ကောင်မလေးတွေလိုက်မယ့်အစား ရေလှောင်တမံမှာပဲနေချင်သည်။
ကျားဖြူကို စိတ်စွဲမှန်းမသိ စွဲလမ်းလာသည်။
ချင်လင်ကဆက်မနေချင်တော့ဘဲ ရေထဲပြန်ငုပ်ပြီး ပြန်ကူးလာတော့သည်။
"သူဌေး... မြစ်ဖျားခံတဲ့နေရာတွေ့ခဲ့ပါပြီ... တောင်ထိပ်မှာ ရေကန်လေးရှိတယ်''
ညနေပိုင်းတွင် ချန်တပေက အပန်းဖြေစံအိမ်ပြန်ရောက်လာသည်။
"အင်း!''
ချင်လင်ကချက်ချင်းခေါင်းညိမ့်ပြီး_
"မနက်ဖြန်လိုက်ပြပါ''
"ကောင်းပါပြီ သူဌေး!''
ချန်တပေခေါင်းညိမ့်လိုက်သည်။ သူဌေးကရုတ်တရက်ကြီး ဘာလို့သွားချင်မှန်းမသိသော်လည်း သူဌေးခိုင်းသမျှကို သူယုံယုံကြည်ကြည်လုပ်သည်။
နောက်တစ်နေ့တွင် ချင်လင်က ချန်တပေနှင့်တောင်ပေါ်ကားမောင်းသွားသည်။
သို့ရာတွင် လမ်းကရွက်လွှင့်အစနေရာအထိသာဖောက်ထား၍ ကျန်အပိုင်းကိုလမ်းလျှောက်ရသည်။
ထို့ကြောင့် သူလည်းတမင်သက်သက်ငါးမျှားတံယူလာပြီး ငါးမျှားဟန်ဆောင်ရန်ပြင်လိုက်သည်။
မကြာမီ သူနှင့်ချန်တပေက ရေကန်လေးဆီရောက်လာသည်။
ရေကန်က မကြီးသော်လည်း ရေပုံမှန်စီးဆင်းနေသောကြောင့် ချင်လင်အံ့ဩမိသည်။
ဒီရေကန်လေးက ရေတွေဒီလောက်အများကြီးနေ့တိုင်းစီးဆင်းနေတာ ဘာကြောင့်မခမ်းသွားလဲ သူနားမလည်။ ဒီလိုဗဟုသုတမျိုးကို ဂျူနီယာအထက်တန်းနှင့်အထက်တန်းကျောင်းမှာလေ့လာဖူးသော်လည်း အချိန်ကြာသည်နှင့်မေ့ပျောက်လုလုဖြစ်နေပြီ။
ဒါက အရေးမကြီး။ အရေးကြီးတာက မြစ်ဖျားခံရာကိုတွေ့ပြီ။ သူလည်း ချန်တပေကို ပထုတ်လိုက်၏_
"ဒီနားမှာ သဘာဝအသီးအနှံတွေ မှိုတွေရှိမရှိ လျှောက်ကြည့်လိုက်ပါဦး... ကျွန်တော်ဒီမှာ ငါးမျှားလိုက်ဦးမယ်''
"ကောင်းပါပြီ သူဌေး!''
ချန်တပေကခေါင်းညိမ့်ပြီး အနားပတ်ဝန်းကျင်လျှောက်ကြည့်သည်။ တောင်ပေါ်တွင် အသီးအနှံများ၊မှိုများရှိသည်။ သူဌေးသဘောကျရင် ရှေ့လျှောက် လူအင်အားနှင့်တောင်ပေါ်တက်ပြီး သူဌေးအတွက်ခူးပေးမည်။
ချင်လင်လည်း ငါးမျှားတံနှင့်ငါးမျှားချင်ယောင်ဆောင်နေသည်။ ချန်တပေထွက်သွားပြီးနောက် သူကပျော်ရွှင်ခြင်းကျောက်ကိုထုတ်လိုက်သည်။ သူ့စိတ်ထဲတွင် စနစ်အသိပေးချက်ပေါ်လာ၏။
(မြစ်ဖျားခံရာတွေ့ပါပြီ။ ပျော်ရွှင်ခြင်းကျောက်ကိုအသုံးချနိုင်သည်။ မြစ်ဖျားခံသည့်နေရာကိုပစ်ချလျှင် အံ့ဩစရာအာနိသင်ရမည်။ အပြန်ပြန်အလှန်လှန်အသုံးချနိုင်သည်!)
ချင်လင်က အသိပေးစာရပြီး Kappa ပျော်ရွှင်ခြင်းကျောက်ကိုချက်ချင်းထုတ်ကာ ရေကန်ထဲပစ်ချလိုက်သည်။ Kappa ပျော်ရွှင်ခြင်းကျောက်ကရေထဲရောက်သည်နှင့် အလင်းပျောက်များအဖြစ်ပျောက်သွားသောကြောင့် သူအံ့ဩသွားသည်။
သူ့စိတ်ထဲတွင် နောက်ထပ်စနစ်အသိပေးစာရပြန်၏။
(Kappa ပျော်ရွှင်ခြင်းကျောက်ကိုအသက်သွင်းပြီးပါပြီ။ ထပ်ခါထပ်ခါအသုံးချနိုင်သည်။ အသုံးချလိုပါသလား?)
အခုတော့ မသုံးနိုင်ဘူးပေါ့။
ထို့နောက် ငါးမျှားတံဘီးကိုရစ်၊ ငါးစာတပ်ကာ နောက်ဆုံး ငါးမျှားတံကိုနေရာချလိုက်သည်။
ချန်တပေက လက်ထဲတွင်ဘဲဥပုံမက်မွန်သီးများနှင့် အမြန်ပြန်ရောက်လာပြီး_
"သူဌေး... ဒီနားမှာ သဘာဝအသီးအနှံတွေအများကြီးပဲ... ကျွန်တော်တို့နားတင် မက်မွန်ပင်နှစ်ပင်ရှိတယ်... ကျွန်တော်နည်းနည်းခူးလာတာ... သူဌေးမြည်းကြည့်ရအောင် ရေဆေးလိုက်ဦးမယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သဘာဝမက်မွန်သီးက အလွန်ကောင်းသောသီးနှံဖြစ်သည်။ ဝိုင်လည်းလုပ်နိုင်သည်။
သဘာဝမက်မွန်သီးက လက်တွေ့ဘဝမှာဖြစ်ပြီး ဂိမ်းထုတ်ကုန်မဟုတ်တာ နှမြောစရာ။ ဒီတော့ သူ့အတွက်သိပ်မက်စရာမရှိ။
ချန်တပေက ရေထွက်ရာနေရာသွားပြီး မက်မွန်သီးဆေးရန်ထိုင်ချလိုက်သည်။
သို့ရာတွင် ရေကိုထိထိချင်း သူကြောင်သွားသည်။ ထူးထူးဆန်းဆန်းခံစားချက်တစ်မျိုး သူ့စိတ်ထဲဖြစ်လာလေသည်။