ချင်းလင်စံအိမ်မှာပျော်စရာအကောင်းဆုံးက ရွက်လွှင့်ခြင်း! ၂
Vol. 60 Ch. 895
တခဏချင်း လီလီနှင့်ဝမ်လဲ့မှာ ရေကစားချင်စိတ်ဖြစ်လာသည်။ လီလီက ရေတက်နှင့် ဝမ်လဲ့ဆီရေများထိုးပက်သည်။ ဝမ်လဲ့ကလည်းပြန်ပက်ပြီး သူတပြန်ကိုယ်တပြန်ရေဆော့ကြလေသည်။
အပျော်လွန်ပြီး နှစ်ယောက်သားပြောမဆုံးတော့။ နောက်ပြီး ရေကစားနေစဉ် အားလုံးမေ့သွားပုံရသည်။ ရေထဲတွင် ကလေးများလိုအပူအပင်ကင်းကင်းနှင့်ကစားကြသည်။
ဒီလိုမကစားရတာကြာခဲ့ပြီ။
ဘယ်ရှုမျှော်ခင်းနေရာမှာမှ ဒီလောက်မပျော်ဖူး။
လီလီနှင့်ဝမ်လဲ့သာမက တခြားခရီးသည်များပါ ဘာရယ်မဟုတ်ရေကစားချင်လာပြီး အပျော်လွန်နေကြသည်။
ဘာကြောင့်ဒီလိုဖြစ်မှန်းမသိသော်လည်း အားလုံးဒီအတိုင်းဖြစ်နေကြသည်။
ဒီလိုခံစားချက်မျိုးကို ချင်းလင်စံအိမ်တွင်ရွက်လွှင့်မှသာ ခံစားဖူးကြသည်။ ချင်းလင်စံအိမ်ကတခြားနေရာများတောင် ဒီလိုမပျော်ရ။
အချိန်တစ်ခုအတွင်း မြစ်တစ်စင်းလုံးမှာ ရယ်သံများ၊ပျော်စရာအငွေ့အသက်များ ပြည့်နှက်သွားလေသည်။
ရွက်လွှင့်ပရောဂျက်ဝန်ထမ်းများက ဒီနေ့နည်းနည်းမသင်္ကာစရာကောင်းသလိုခံစားနေရသည်။ ခရီးသည်များက ခါတိုင်းထက်ပိုပြီးထူးခြားနေသလိုပင်။
ဘာပဲဖြစ်ဖြစ် အရင်ခရီးသည်များမှာ ဒီလိုအငွေ့အသက်မျိုးမရှိ။
ခရီးသည်များကလည်း ပြုံးရွှင်နေကြသည်။ အားလုံး သဘာဝအတိုင်း စိတ်ပါလက်ပါပြုံးခြင်းမျိုးပင်။
ဒီလိုပျော်ရွှင်မှုမျိုးက ကူးစက်တတ်သည်။
ဒါတွေက ရေထဲပျော်ရွှင်ခြင်း +၃၊ ရေထဲကလေးလိုပျော်ရွှင်ခြင်း +၃ အရည်အသွေးကြောင့်မှန်း ဝန်ထမ်းများမသိကြ။
နောက်ပြီး +၃ အရည်အသွေးက စံအိမ်၏တခြားပရောဂျက်များမှ +၂ အရည်အသွေးထက်သာသည်။
ထိုမြင်ကွင်းကို တာဝန်ခံဝန်ထမ်းကမနေနိုင်ဘဲဓာတ်ပုံများရိုက်ထားသည်။ ဒီဓာတ်ပုံများက နံရံပေါ်မှမူလခရီးသည်ဓာတ်ပုံများကိုအစားထိုးနိုင်လိမ့်မည်။
နောက်ပြီး ဒီဗီဒီယိုကိုကြော်ငြာအဖြစ်အသုံးချနိုင်သည်။ ချင်းလင်စံအိမ်ကသူတို့ရွက်လွှင့်ပရောဂျက်ကို အရင်ကမကြော်ငြာဖူးပေ။
ခရီးသည်များကလည်း ရေစိုခံအိတ်ထဲထည့်ထားသောသူတို့ဖုန်းများနှင့်ဓာတ်ပုံရိုက်ကြသည်။
ထိုရေစိုခံအိတ်များမှာ အစမှတ်နေရာတွင်ရောင်းချသောပျံကျစျေးသည်များ၏အမြတ်တစ်ခုဖြစ်သည်။ ရေစိုခံအိတ်ကစျေးပေါသော်လည်း အစမှတ်နေရာတွင် ၁၀ ယွမ်၊ ယွမ် ၂၀၊ ယွမ် ၃၀ နှင့်ရောင်းကြသည်။
ခရီးသည်များဝယ်သောအခါ ဘယ်သူမှ ၁၀ ယွမ်တန်မဝယ်။ ပိုက်ဆံမွဲသူတောင် ယွမ် ၃၀ တန်ဝယ်ကြသည်။
ရေထဲမှာရွက်လွှင့်မှတော့ မပျော်ချင်တဲ့သူရှိမလား? ထောင်ချီ၊သောင်းချီတန်တဲ့ဖုန်းထည့်ဖို့ ယွမ် ၃၀ ကို ဘယ်သူကဂရုစိုက်နေမလဲ?
ခရီးသည်များကဖုန်းထုတ်ပြီး မှတ်တမ်းတင်ထားကြသည်။
နောက်ဆုံး ခရီးသည်များက တစ်ယောက်နဲ့တစ်ယောက် သိသိမသိသိ ရေပက်ကြသောအခြေအနေအထိ အပျော်လွန်လာကြသည်။
သုံးနာရီနီးပါးရွက်လွှင့်ကြပြီးနောက် ဝမ်လဲ့နှင့်လီလီက အဆုံးမှတ်ရောက်လာသည်။ အပျော်လွန်ထား၍ ခြေကုန်လက်ပမ်းကျနေကြသော်လည်း မဝသေးသလိုခံစားရသည်။
နောက်ပြီး ကမ်းပေါ်ရောက်ရောက်ချင်း ထူးထူးဆန်းဆန်း တစ်ခုခုလိုနေသလိုဖြစ်လာသည်။ အပျော်တွေအားလုံးပျောက်ရှသွားသလို ဟာတာတာကြီးဖြစ်နေသည်။
"ယောက်ျား... မနက်ဖြန်ထပ်ပြီးရွက်လွှင့်ကြမလား? တစ်ရက်အနားယူမယ့်အစီအစဉ်ဖျက်လိုက်ရအောင်!''
လီလီကမပြောဘဲမနေနိုင်တော့။
သူတို့နှစ်ဦးက နှစ်ကုန်ခွင့်အတွက်အသေးစိတ်စီစဉ်ထားသည်။ အစီအစဉ်အရ အိမ်မှာတစ်ရက်နားပြီးမှ အလုပ်ပြန်ဆင်းကြမည်။
ဝမ်လဲ့ကလည်းခေါင်းညိမ့်ပြီး_
"အင်း... ချင်းလင်စံအိမ်မှာရွက်လွှင့်တာ ဒီလောက်ပျော်ဖို့ကောင်းမှန်းမသိဘူး... ဒီလိုပတ်ဝန်းကျင်မျိုးရှိတယ်... တို့နိုင်ငံမှာဒီလောက်ပျော်ဖို့ကောင်းတဲ့ရွက်လွှင့်တာရှိမယ်မထင်ဘူး''
ဒီလိုပျော်ဖူးတာ ဒါပထမဆုံးပင်။ သူလည်း လီလီနဲ့အတူ ချင်းလင်စံအိမ်မှာထပ်ပြီးရွက်လွှင့်ချင်သည်။
လီလီနှင့်ဝမ်လဲ့တင်မဟုတ်။ တခြားခရီးသည်များလည်း ထပ်ပြီးရွက်လွှင့်ကြသည်။
"ချင်းလင်စံအိမ်မှာရွက်လွှင့်တာ ဒီလောက်ပျော်ဖို့ကောင်းမှန်းမသိဘူး... တခြားနေရာတွေမှာရွက်လွှင့်တာထက်ပိုပျော်ဖို့ကောင်းတယ်''
"အမှန်ပဲ... ဒီလိုမပျော်ရတာကြာပြီ... ချင်းလင်စံအိမ်ကတခြားပရောဂျက်တွေထက်တောင်ပျော်စရာကောင်းတယ်''
"ထူးဆန်းတယ်... ချင်းလင်စံအိမ်မှာရွက်လွှင့်တာ ဒီလောက်ပျော်စရာကောင်းတာကို သိပ်လည်းမကြော်ငြာဘူး''
"ငါလည်း ချင်းလင်စံအိမ်ကတခြားပရောဂျက်တွေထက်မညံ့ဘူးထင်တာပဲ''
"မနက်ဖြန်ထပ်ဆော့ရအောင်ကွာ''
"အင်း... ဒီလိုမပျော်ရတာကြာပြီ''
ခရီးသည်များကစကားတပြောပြောနှင့် ရေချိုးခန်းထဲဝင်သွားကြသည်။
…
မြစ်ဖျားခံရာမှာ ချင်လင်ဘာငါးမှမရခဲ့။ ချန်တပေက လုံခြုံရေးအစောင့်နှစ်ယောက်နှင့်အတူ မက်မွန်သီးနှင့်မှိုတစ်အိတ်ကြီးရလာသည်။
တောင်ပေါ်မက်မွန်သီးကို ဝိုင်လုပ်နိုင်ပြီး တောင်ပေါ်မှိုကို ဟင်းချက်၊လယ်ခရုနှပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ်သုံးနိုင်သည်။
ချင်လင်ကတောင်အောက်ဆင်းပြီး သူ့လူများကို ရွက်လွှင့်နေရာခေါ်သွားသည်။ ထိုအချိန်တွင် ရွက်လွှင့်ချင်သောခရီးသည်များစည်ကားနေဆဲဖြစ်သော်လည်း နောက်ဆုံးအသုတ်ဖြစ်သည်။
ထိုခရီးသည်အုပ်စုတောင်အောက်ရောက်ချိန်တွင် မှောင်လုပြီ။
ချင်လင်ရောက်သောအခါ ရွက်လွှင့်တာဝန်ခံက သူ့အဖွဲ့နှင့်အတူဗီဒီယိုတည်းဖြတ်နေသည်။
ချင်လင်ကလူများနှင့်ရောက်လာသောအခါ တာဝန်ခံကချက်ချင်းမတ်တပ်ထရပ်ပြီး နှုတ်ဆက်သည်_
"သူဌေး မန်နေဂျာချန်''
"ဒီနေ့ ရွက်လွှင့်အခြေအနေဘယ်လိုလဲ?''
ချင်လင်ကသိသိရက် မေးလိုက်သည်။
သူ့အမေးကို တာဝန်ခံကပြုံးပြုံးရွှင်ရွှင်နှင့်_
"သူဌေး... ဒီနေ့ ခရီးသည်တွေအကုန်ပျော်နေကြတယ်... ခါတိုင်းထက်ပိုပြီး စည်ကားနေတာ''
တာဝန်ခံကပြောရင်းဆိုရင်း ဒီနေ့ဓာတ်ပုံဆရာရိုက်ထားသောဗီဒီယိုကိုပြသည်။
ချင်လင်ကဗီဒီယိုကိုကြည့်လိုက်သည်။ ခရီးသည်များကစားနေသောဗီဒီယိုပင်။ ဗီဒီယိုထဲမှာတောင် ခရီးသည်တွေဘယ်လောက်ပျော်နေလဲ သိသာသည်။
စိတ်ပါလက်ပါပြုံးသောအပြုံးမျိုးဖြစ်ပြီး ဟန်လုပ်တာမဖြစ်နိုင်။ ဒီလိုအပြုံးမျိုးက ကူးစက်တတ်သည်။