လက်ဗလာဖြင့် ကျားတစ်ကောင်အား သတ်ဖြတ်ခြင်း၊ သုံဟယ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်
Vol. 1 Ch. 15
"ဝေါင်း.."
ကျားတစ်ကောင်၏ ဟိန်းသံက မကောင်းဆိုးဝါး တောအုပ်အတွင်းတွင် ထွက်ပေါ်လာ၏။
ရွှီယန်က မျက်လုံးနီကျား၏ အပေါ်သို့ ခုန်တက်ပြီးဖြစ်ကာ သူ၏ သွေးနှင့်ချီကို လှည့်ပတ်ပြီး ခွန်အားတို့ ပေါက်ကွဲထွက်လာခဲ့သည်။
သူက မျက်လုံးနီကျား၏ ဦးခေါင်းကို လက်သီးဖြင့်ထိုး၏။
"ဘုန်း.."
ယခုမှ မတ်တပ်ရပ်ကာ ကြမ်းတမ်းမှုကို ပြသတော့မည့် မျက်လုံးနီကျားဟာ လက်သီးချက်ကြောင့် မူးဝေသွားရ၏။ သူ၏ခြေထောက်များက ချိ့နဲ့စွာဖြင့် ပြန်ကာလဲကျသွားသည်။
"ဝေါင်း.."
မျက်လုံးနီကျားသည် ကြမ်းကြုတ်မှုတို့ နိုးထလာခဲ့၏။
၎င်းက ဟိန်းလိုက်ပြီးနောက် ခေါင်းကိုရမ်းကာ ကိုယ်ကိုလူးလိမ့်ပြီး ရွှီယန်ကို ခါချရန် ကြိုးစားလိုက်သည်။ ကျားလက်သည်းတစ်စုံဖြင့် တိုက်ခိုက်ရန်ပြင်၏။
ရွှီယန်က သူ၏တိုက်ခိုက်မှု အောင်မြင်ပြီးနောက် ရပ်တန့်နေခြင်းမရှိပါ။ မျက်လုံးနီကျား၏ လည်ပင်းကို လက်တစ်ဖက်ဖြင့်ဆွဲပြီး ဦးခေါင်းကို ကျန်တစ်ဖက်ဖြင့် ထိုးလိုက်ပြန်၏။
မျက်လုံးနီကျားမှာ မြေပြင်ပေါ်သို့ လဲကျသွားရပြန်သည်။
'မျက်လုံးနီကျားက ကျားတွေရဲ့ဘုရင်လို့ မဆိုရဘူး။ ငါ့ဆီကနေ လက်သီးနှစ်ချက် ခံပြီးတာတောင် ရုန်းကန်နေတုန်းပဲ..'
ရွှီယန်က အံ့ဩသွားသည်။ သိထားရမှာက သူ၏အရိုးဟာ ရွှေအဆင့်အထိ သန့်စင်ပြီးခြင်း မရှိပေမယ့် ကြေးအရိုး၏ အကန့်အသတ်ကို ချိုးဖျက်ပြီး ဖြစ်သည်။
သူ၏ခန္ဓာကိုယ်က အလွန်သန်မာပြီး ဓားများဖြင့်ပင် ဒဏ်ရာရစေရန် ခက်ခဲ၏။ သွေးနှင့်ချီ ပေါက်ကွဲထွက်မှုနှင့်ဆိုပါက ကျောက်တောင်များ၊ ကျောက်တုံးများကို ခွဲပစ်ရန် လွယ်ကူပါသည်။
ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် လက်သီးချက်မှာ မျက်လုံးနီကျားကို သတ်ဖြတ်နိုင်ခြင်းမရှိဘဲ ရှိနေ၏။
ဤသည်မှာ ကျား၏ မည်မျှစွမ်းအားကြီးပုံကို ပြသနေပါသည်။
"သေလိုက်တော့.."
ရွီယန်က မျက်လုံးနီကျား၏ ဦးခေါင်းကို ထပ်မံထိုးလိုက်ပြန်၏။
"ဘုန်း.."
ဒီလက်သီးချက်က ကျား၏ဦးခေါင်းကို မြေကြီးထဲသို့ တစ်ခါတည်း နစ်ဝင်သွားစေသည်။ မျက်လုံးနီကျားက မြေပြင်ကို ခြေလေးချောင်းဖြင့် အတင်းကုပ်ကာ ရုန်းကန်ထရန် ကြိုးစားသည်။
သူ၏အမြှီးက နေရာတိုင်းတွင် ယိမ်းထိုးနေပြီး တစ်ဖက်ဖက် အသံမြည်နေပါသည်။ ထိုကဲ့သို့သော သန်မာလှသည့် ခွန်အားကို သာမန်လူတစ်ယောက်သာဆိုပါက တစ်ချက်ထိသည်နှင့် အချိန်အတော်ကြာအောင် ထနိုင်မည်မဟုတ်တော့ပေ။
"ခုခံတုန်းပဲလား.."
ရွှီယန်က ကျယ်လောင်စွာ အော်လိုက်ပြီးနောက် သူ၏ချီနှင့်သွေးတို့ဟာ အကန့်အသတ်အထိ ပေါက်ကွဲထွက်လာပုံပေါ်၏။ လက်သီးတစ်ဝိုက်တွင် ချီနှင့်သွေးတို့ ဝန်းရံနေပြီး သူ၏လက်သီးက ပိုမိုကြီးမားလာသည့်နှယ် ရှိသည်။
"သေလိုက်တော့.."
ထိုလက်သီးချက်သည် ကျားလည်ပင်းနောက်ရှိ ဂုတ်သားဆီသို့ ပြင်းထန်စွာ ထိမှန်၏။
"ဂျွတ်.."
အက်ကွဲသည့် အသံတစ်ခု ထွက်ပေါ်လာပြီး အရိုးကျိုးသွားသည့်ပုံပါ။
"ဝေါင်း.."
မျက်လုံးနီကျားက နာကျင်သည့် အော်သံတစ်ခုကို ထုတ်လွှတ်ကာ သူ၏ခေါင်းဟာ မြေကြီးထဲသို့ ကျဆင်းသွားသည်။ ပြန်ထူနိုင်အောင်မရှိဘဲ ရှိနေ၏။ သူ၏လက်ချောင်းများ တွန့်ခေါက်လာပြီး ခွန်အားတို့ ပျောက်ဆုံးသွားသည့်ပုံပါ။
ရွှီယန်၏လက်သီးသည် မျက်လုံးနီကျား၏ လည်ပင်းရိုးကို တစ်ခါတည်း ကျိုးသွားစေခဲ့၏။
"အခုတော့သေပြီလား.."
သူသည် လက်သီးချက် အနည်းငယ်ကိုသာ ထိုးခဲ့ပေမယ့် အချက်တိုင်းဟာ သွေးနှင့်ချီတို့ကို စုစည်းထားခြင်းဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးလက်သီးချက်ဖြစ်၏။ သွေးနှင့်ချီက အဆုံးအစွန်ထိ ပေါက်ကွဲထွက်လာလေသည်။
ရွှီယန်သည် နဖူးရှိ ချွေးများကိုသုတ်ကာ ကျား၏ကိုယ်ပေါ်မှ ဆင်းပြီး မောဟိုက်နေ၏။ ဒီအချိန်၌ မျက်လုံးနီကျားမှာ အော်ညည်းသံများကို ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်က ဆန့်ငင်ဆန့်ငင် ဖြစ်နေပါသည်။
၎င်းဟာ သိသာစွာပင် သေဆုံးတော့မှာပါ။
"ငါ့ရဲ့လက်ဗလာနဲ့ ကျားဘုရင်ကို သတ်ခဲ့ပြီ.."
ရွှီယန်က လက်သီးများကိုမြှောက်ကာ သူ၏မျက်လုံးများ၌ ရူးသွပ်မှုတို့ဖြင့် ပြည့်နက်နေပါသည်။
လုံလောက်သည့် ကျေနပ်မှုကို မရရှိသေးဟု ခံစားရ၏။
"ကျားတွေရဲ့ဘုရင်... ဒီကောင်လည်း ဒီလောက်ပါပဲ.."
'ဒါကစစ်မှန်တဲ့ သိုင်းပညာပဲ။ ငါသိုင်းလောကထဲကို မဝင်ရောက်ခင်မှာ အခုလို ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်ခဲ့ပြီ။ သိုင်းပညာလမ်းစဉ်ကို ဝင်ရောက်ပြီးရင် ဘယ်လောက်တောင်မှ စွမ်းအားကြီးလိုက်မလဲ..'
'လက်သီးတစ်ချက်တည်းနဲ့ မျက်လုံးနီကျားလို သားရဲတစ်ကောင်ကို တစ်ခါတည်း ပေါက်ကွဲထွက်သွားစေမလား..'
ထိုအချိန်၌ ရွှီယန်၏ သိုင်းပညာအပေါ် စိတ်ဓာတ်ကြံ့ခိုင်မှုဟာ ပိုမိုကာပင် သန်မာလာခဲ့သည်။ သူ၏ မျက်လုံးများက ရူးသွပ်မှုနှင့် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
သူက ဓားကိုကောက်ကာ ခါးတွင်ချိတ်လိုက်သည်။ မျက်လုံးနီကျားမှာ သေဆုံးပြီး ဖြစ်၏။ ထို့ကြောင့် ကျောပေါ်တွင်တင်ကာ အဝေးသို့ လျှောက်ထွက်သွားသည်။
'အနီးအနားက မြို့ငယ်မှာ သယ်ဖို့ကိစ္စကို စီစဉ်ပြီး.. သုံဟယ်ကောင်တီကို အမြန်ဆုံးပြန်ရမယ်။ ပြီးရင် ဆေးဆရာကိုပြောပြီး အဖိုးတန် ခွန်အားပြည့်ဆေးကို ဖော်စပ်ခိုင်းရမယ်။ အဲ့ဒါဆိုရင် ဆေးစွမ်းအားနဲ့ ပိုပြီးအာနိသင်ကောင်းလာမှာ..'
ရွှီယန်၏မျက်နှာက စိတ်လှုပ်ရှားနေ၏။ သူ၏အရိုးကို ရွှေအဆင့်အထိ သေချာပေါက်သန့်စင်နိုင်ပြီး ရှေးအခါက ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်မည်ဟု သိနေပါသည်။
သူ၏ဆရာကို စိတ်ပျက်စေလို့ မဖြစ်ပေ။
သုံဟယ်စီရင်စုသည် ချီနိုင်ငံ၏ စီရင်စု၂၆ခုထဲမှ တစ်ခုဖြစ်သည်။ သုံဟယ်စီရင်စုမြို့တော်ရှိ လမ်းမများနှင့် လမ်းကြားများရှိ လူများ အများဆုံး ပြောလေ့ရှိသည့်အရာမှာ သုံဟယ်ကောင်တီရှိ အချမ်းသာဆုံး မိသားစုဖြစ်သည့် ရွှီမိသားစု၏ သခင်လေးအကြောင်းသာ ဖြစ်သည်။
ယခုကဲ့သို့ ကြီးမားသည့် ကောင်တီမြို့ကြီးတွင် အဆင့်မြင့်အမှုထမ်းများမှ သာမန်လူများအထိ လမ်းပေါ်ရှိ သူတောင်းစားများပင်လျှင် အချမ်းသာဆုံး မိသားစု၏ သခင်လေးဟာ သိုင်းရူးတစ်ယောက်ဖြစ်ကြောင်းကို လူတိုင်းသိကြပါသည်။
သူသည် သိုင်းပညာကို ရူးသွပ်ရုံမက ဦးနှောက်လည်း သိပ့်မကောင်းပေ။ ဒဏ္ဍာရီအထုပ္ပတ္တိအချို့ကို ဖတ်ပြီးနောက် လောကကြီးတွင် လျှို့ဝှက်စွာနေထိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိရမည်ဟု ယုံကြည်ပြီး ထိုဆရာသခင်များကို ရှာဖွေကာ တပည့်အဖြစ်ခံယူကာ သိုင်းပညာများကို သင်ကြားမည်ဟု ကြွေးကြော်ခဲ့သည်။
ရံဖန်ရံခါ အချို့ရဲတင်းသည့် လူများက သူ့ကိုအရူးလုပ်ရန်အတွက် ဆရာသခင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်လေ့ရှိ၏။
သို့ပေမယ့် သူတို့ ပေါ်သွားသည်နှင့် ရိုက်နှက်ခြင်းခံရကာ ထောင်ထဲသို့ အပို့ခံရသည်။ အချိန်ကြာလာသည်နှင့်အမျှ မည်သူမှ ဆရာသခင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ လိမ်လည်ရဲခြင်း မရှိတော့ပေ။
သို့ရာတွင် ချမ်းသာသော မိသားစုရှိ သခင်လေးက လက်လျှော့လိုခြင်းမရှိဘဲ ခရီးထွက်ကာ လှည့်လည်ရှာဖွေမှု ပြုလေသည်။ အထွတ်အထိပ် သိုင်းပညာကို သင်ယူရန်အတွက် ဆရာသခင်တစ်ယောက်ကို ရှာဖွေလို၏။
ပြီးခဲ့သည့်လက ထိုသခင်လေး၏ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခံခဲ့ရ၏။ ဤသည်က မြို့တစ်ခုလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့သည်။ လူပေါင်းများစွာက ထိုကိစ္စအတွက် လှောင်ရယ်ကြကာ လက်ထပ်ထိမ်းမြားခြင်းအား ဖျက်သိမ်းခြင်းဟာ ကောင်းသည်ဟု ဆိုကြ၏။
မိန်းကလေးမှာ သာမန်မိသားစုတစ်ခုမှ မဟုတ်ပေ။ ချီနိုင်ငံ သုံဟယ်ဒေသ၏ စစ်သူကြီးကျန်းဖင်ရှန်း၏ တစ်ဦးတည်းသော သမီးဖြစ်၏။
ရွှီမိသားစုအတွက် ဤသည်မှာ သူတို့ထက် ပိုမိုအဆင့်မြင့်မားသည့် မိသားစုနှင့် လက်ဆက်သည်ဟု ဆိုနိုင်ပါသည်။ ထိုစေ့စပ်ကြောင်းလမ်းမှုကို ရွှီယန်၏ အဘိုးဖြစ်သူနှင့် စစ်သူကြီးကျန်းတို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။
သုံဟယ်စီရင်စုရှိ ဒဏ္ဍာရီပုဂ္ဂိုလ်များကို ဆိုရလျှင် အချမ်းသာဆုံးပုဂ္ဂိုလ် ရွှီကျွင်းဟယ်မှာ သေချာပေါက် စာရင်းဝင်မှာဖြစ်သည်။ သူသည် နိမ့်ကျသည့် နောက်ခံတစ်ခုမှ လာပေမယ့် စီးပွားရေးလုပ်ရာတွင် အလွန်ထူးချွန်၏။
အံ့သြစရာ အကောင်းဆုံးကိစ္စမှာ သုံဟယ်စီရင်စု၏ အုပ်ချုပ်သူဟောင်း.. လက်ရှိဝန်ထမ်းရေးရာဝန်ကြီးဌာန၏ ဒုတိယအမတ်ကြီး ကောရုန်ရှန်၏ သမီးဖြစ်သူနှင့် လက်ထပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအဆက်အသွယ်ကြောင့်ပင် ရွှီကျွင်းဟယ်၏ စီးပွားရေးဆိုင်ရာ ထူးချွန်မှုနှင့် သူဟာမကြာခင် သုံဟယ်စီရင်စုတွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် အဖြစ် မြင့်တက်လာခဲ့သည်။
သို့ရာတွင် သူ၏ တစ်ဦးတည်းသော သားမှာတော့ စိတ်ပျက်ဖွယ် ကောင်းလှ၏။ မည်သည့်စီးပွားရေးထူးချွန်မှုမှ မရှိသည့်အပြင် ဦးနှောက်ဟာ သိုင်းပညာဖြင့် ပြည့်နက်နေပါသည်။
သုံဟယ်စစ်သူကြီးစံအိမ်နှင့် စေ့စပ်ကြောင်းလမ်းမှုကိုပင်ထိန်းသိမ်းနိုင်ခြင်းမရှိပေ။ ပြောကြသည်က သုံဟယ်စစ်သူကြီး၏ သမီးဖြစ်သူက စေ့စပ်ကြောင်းလမ်းမှုကို လာရောက်ဖျက်သိမ်းချိန်တွင် ချီမိသားစု၏ သခင်လေးက ထိုစစ်သူကြီး၏သမီးကို နောင်တရမည်ဟုဆိုကာ သူမကိုသူနှင့် ထိုက်တန်ခြင်းမရှိဟုပင် ကြွားဝါပြောဆိုခဲ့လေသည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် သူသည် သုံဟယ်ကောင်တီတွင် လှောင်ပြောင်စရာတစ်ခု ဖြစ်လာခဲ့သည်။
ကုန်သည် မိသားစုလေး တစ်ခုအတွက် စစ်သူကြီး၏စံအိမ်သို့ လက်ထပ်နိုင်ခြင်းမှာ ကြီးမားသည့် ကံကောင်းမှုတစ်ခု ဖြစ်နေပြီး ဖြစ်၏။
သို့ပေမယ့် စစ်သူကြီး၏သမီးကို သူနှင့်လက်ထပ်ရန် ထိုက်တန်ခြင်းမရှိဟုပင် ကြွားဝါပြောဆိုရဲလေသည်။
ရွှီမိသားစုသာ အမတ်ကြီးကောရုန်ရှန်၏ နောက်ခံမရှိပါက သုံဟယ်စစ်သူကြီးဟာ ထိုစကားကိုကြားပြီးသည်နှင့် သူတို့၏အိမ်ကို တစ်ခါတည်း သွားရောက်ချိတ်ပိတ်လိုက်ပါသည်။
ကောရုန်ရှန်နှင့် ဆက်ဆံရေးကြောင့်သာ ရွှီကျွင်းဟယ်က အဖိုးတန်လက်ဆောင်များကို ယူဆောင်ပြ သွားရောက်တောင်းပန်ကာ သုံဟယ်စစ်သူကြီး ကျန်းဖင်ရှန်း၏ ဒေါသကို ပြေလျော့စေနိုင်ခဲ့ခြင်း ဖြစ်သည်။
အဓိကလမ်းမပေါ်တွင် မြင်းတစ်ကောင်သည် ဖျင်ကြမ်းအလွှာဖြင့် ဖုံးအုပ်ထားသည့် ကုန်စည်များနှင့် လှည်းအားဆွဲနေ၏။ ဤသည်က လူများစွာ၏အာရုံကို ဆွဲဆောင်သွားသည်။
ဖျင်ကြမ်းအဝတ်ဖြင့် အုပ်ထားရာအတွင်းရှိ ပစ္စည်းကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လမ်းပေါ်ရှိလူများသည် ကုန်စည်ကို အာရုံစိုက်နေကြခြင်း မဟုတ်ပါ။ လှည်းကိုမောင်းနေသည့် လူငယ်ကို အာရုံစိုက်နေခြင်းသာ ဖြစ်၏။
"ရွှီကျွင်းဟယ်ကလည်း သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ သူ့မှာဘယ်လိုလုပ်ပြီး ဒီလိုသားမျိုးရှိရတာလဲ.."
"ရွှီမိသားစုက ဒီလောက်ချမ်းသာကြွယ်ဝတာ.. ဆိုးတာက အမွေဆက်ခံဖို့ လူမရှိဘူး.."
"အဲ့တာတော့ မဟုတ်လောက်ဘူး။ ရွှီကျွင်းဟယ်က ငယ်သေးတယ်လေ။ သူ့ရဲ့သားက အမွေမဆက်ခံနိုင်ရင် သူ့ရဲ့ မြေးက အမွေဆက်ဆံမှာပေါ့.."
"စစ်သူကြီးသမီးနဲ့ လက်ထပ်ခဲ့ရင်တော့ ဟုတ်မှာပေါ့။ ဒါပေမယ့် အခုတော့ ပြောရခက်သွားပြီ.."
လမ်းပေါ်ရှိ လူများစွာက ပြောဆိုနေကြ၏။
အချို့လူများက သက်ပြင်းချသည်။ အချို့လူများက အခြားသူများ၏ ကံဆိုးမှုအတွက် ပျော်ရွှင်ကြ၏။
လှောင်ပြောင်ရှုံ့ချသူများလည်း ရှိပါသည်။
ရွှီယန် ထိုကဲ့သို့သော စကားများကို လျစ်လျူရှုထားပါသည်။ ထိုဆွေးနွေးမှုများကို ကြားနေရသည်မှာ အချိန်အတော်ကြာပြီး ဖြစ်၏။ အရင်တုန်းကသာ ဆိုပါက သူဒေါသထွက်မိမှာပါ။
သို့ပေမယ့် ယခုအချိန်၌ လျစ်လျူရှု၍သာ ထားလိုက်သည်။ ဤသည်မှာ ရေတွင်းထဲမှ ဖားသူငယ်များသာ ဖြစ်ပါသည်။
လောကကြီး၏ ကျယ်ပြောမှုကို မသိဘဲ သိုင်းပညာ၏ စွမ်းအားကြီးမှုကို နားလည်နိုင်ခြင်း မရှိပေ။
သူသာ သိုင်းပညာကို သင်ကြားတတ်မြောက်သွားပါက ဒီသာမန်လူများနှင့် ကုန်သည်များကို မျက်လုံးထဲတွင် ထည့်မည်မဟုတ်ပေ။ ဧကရာဇ်ပင်လျှင် တူညီစွာဖြစ်၏။
စစ်သူကြီးတစ်ဦး၏ သမီးဖြစ်တော့ရော ဘာတွေကြီးမြတ်နေသနည်း။
သူသာ သိုင်းပညာကို သင်ကြားတတ်မြောက်သွားပါက တော်ဝင်မိသားစုမှ မင်းသမီးတစ်ယောက်ပင်လျှင် သူ၏အာရုံကို ဆွဲဆောင်ရန် ထိုက်တန်မည်မဟုတ်ပေ။
သူမကို သူနှင့်ထိုက်တန်ခြင်း မရှိဟုဆိုပါက ဤသည်မှာ သေချာပေါက် သူမ၏ ထိုက်တန်ခြငမရှိမှု ဖြစ်သည်။
ဒီအချိန်၌ ရွှီယန်၏မျက်လုံးများက အလွန် မောက်မာကာ ပြတ်သားနေပါသည်။ သူ့အတွက် ထိုနေ့ဟာ မကြာခင် ရောက်လာတော့မည်ဟု ယုံကြည်၏။
ကျားတို့၏ ဘုရင်ဖြစ်သည့် မျက်လုံးနီကျားမှာ သူ၏ရွှေအရိုးကို လျှင်မြန်စွာသန့်စင်ရန်အတွက် လုံလောက်ပါသည်။ ထိုအခါ ရှေးခေတ်အခါက ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်မှာဖြစ်၏။
ရွှီမိသားစုသည် သုံဟယ်စီရင်စုတွင် အချမ်းသာဆုံးဖြစ်ပြီး မြို့၏အရှေ့ဘက်ရှိ အဓိကလမ်းမပေါ်တွင် တည်ရှိပါသည်။
ဤသည်မှာ တင့်တယ်လှသည့် စံအိမ်တစ်ခုဖြစ်၏။ အစေခံများနှင့် အစောင့်များက လူတစ်ရာထက် နည်းခြင်းမရှိပါ။
ခြံထဲတွင် စောင့်ကြပ်နေသည့် သိုင်းပညာရှင်များစွာတို့ရှိနေပြီး သူတို့သည် နံရံများကို ဖက်တက်ခြင်း၊ အမိုးများတွင်ပြေးခြင်း၊ ကျောက်တိုင်များကို ချိုးဖျက်ခြင်းနှင့် စားပွဲများကို အပိုင်းပိုင်းလုပ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ဒီအချိန်၌ ရွှီမိသားစု၏ အတွင်းဘက်ခြံဝန်းအတွင်းတွင် လက်ရှိ အမှုထမ်းရေးရာ အမတ်ကြီး၏သမီးဖြစ်သူ ရွှီမိသားစု၏ သခင်မဟာ ဝမ်းနည်းသည့်မျက်နှာဖြင့် ရှိနေပါသည်။ သူမ၏ တုံးအသည့်သားဆီမှ သတင်းမရသည်မှာ တစ်လတာကြာပြီဖြစ်၏။