← Chapters

ရွှီယန်၏ ကြိုးစားသော လေ့ကျင့်မှု

Vol. 1 Ch. 3

ရွှီယန်၏ ကြိုးစားသော လေ့ကျင့်မှု

Vol. 1 Ch. 3

"ခြေထောက်ကို ကွေးပြီး မြင်းထိုင်ထိုင်မယ်။ မင်းရဲ့အသက်ရှူမှုကို ထိန်းညှိလိုက်။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ဒန်တျန်ဆီကို အာရုံစိုက်။ မင်းရဲ့ကိုယ်ပိုင် ချီနဲ့သွေးကို ခံစားကြည့်..."

ရွှီယန်က လီရွှမ်၏ ညွှန်ကြားမှုအောက်တွင် မြင်းထိုင်ထိုင်လိုက်သည်။ သူ၏ အသက်ရှူမှုကို ထိန်းညှိကာ ချီနှင့်သွေးကို အာရုံခံကြည့်၏။

လီရွှမ်က ညွှန်ကြားချက်များအား ပေးရင်းကပြောသည်။ "ငါ့ရဲ့ကျင့်ကြံမှုနည်းလမ်းက ထိုးထွင်းဉာဏ်နဲ့ အဓိပ္ပာယ်အပေါ်မှာ အခြေတည်တယ်။ အသွင်သဏ္ဍာန်ပေါ်မှာ မဟုတ်ဘူး။ မင်းရဲ့စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့လိုအပ်တယ်။ အရာအားလုံးကို မေ့လိုက်ပြီး နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်အောင်လုပ်ရင်း အတွင်းထဲက အဓိပ္ပါယ်ကို ရှာဖွေရမယ်..."

ဘာပဲဖြစ်ဖြစ် အားလုံးတို့ဟာ ကျပန်းဖန်တီးထားခြင်းဖြစ်၏။ သင်ကြားရန် မည်သည့် အတတ်ပညာမှ မရှိပေ။

'ရွှီယန်ကို အေရိုးဗစ်လုပ်တာတော့ သင်ပေးလို့မရဘူးမဟုတ်လား။ ဒါကြီးက အရမ်းကိုနိမ့်သွားပြီ..'

ထို့ကြောင့် ရွှီယန်ကို မြင်းထိုင်ခြင်းကိုသာ လုပ်ခိုင်းပြီး ချီနှင့်သွေးကို သူ့ဘာသာ ခံစားခိုင်းရပေမည်။

အာရုံခံမှု မပြုနိုင်သည်ကတော့ ဤသည်မှာ ပါရမီကြောင့် ဖြစ်သည်။ သူသင်ပေးသည့် ကျင့်စဉ်၏ ပြဿနာ မဟုတ်ပါ။

"ချီနဲ့သွေးကို အာရုံခံနိုင်မှုက မင်းရဲ့နားလည်သဘောပေါက်မှုအပေါ်မှာ မူတည်တယ်။ အတွင်းထဲက အဓိပ္ပါယ်ကို မြင်နိုင်လာပြီး ချီနဲ့သွေးကို အာရုံခံနိုင်လာရင် ကြိုးစားစုစည်းပြီး ခန္ဓာကိုယ်တစ်ခုလုံးက အရေအပြားတွေကို သန့်စင်ပြီးရင် အရေပြားသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မယ်..."

လီရွှမ်က ရွှီယန်ကို ကျင့်စဉ်အား လေးနက်သည့်အသွင်ဖြင့် သင်ကြားပေးသည်။

"ဒါကသိုင်းပညာရဲ့အခြေခံပဲ.. ပြောစကားတစ်ခုရှိတယ်။ ဆရာက လမ်းညွှန်မှုပဲ လုပ်နိုင်တယ်။ တပည့်က ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်တဲ့.."

"နက်နက်ရှိုင်းရှိုင်း နားလည်မှုရဖို့အတွက် မင်းအနေနဲ့ အပတ်တကုတ် ကြိုးစားလေကျင့်ဖို့ လိုအပ်တယ်။ ပင်ပန်းတဲ့အခါ အနားယူ.. အလုပ်နဲ့အနားယူမှုကို အချိုးကျ ပေါင်းစပ်ထားရမယ်။ မလောရဘူး..."

"ပိုပြီးတော့ လောလေလေ ချီနဲ့သွေးကို အာရုံခံမိဖို့ ပိုပြီးခက်ခဲလေပဲ.... နားလည်လား.."

ရွှီယန်က လေးစားစွာ ပြန်ကြားသည်။

"ဟုတ်ကဲ့ပါဆရာ.. တပည့်နားလည်ပါတယ်.."

"ကောင်းပြီ ကြိုးကြိုးစားစား လေ့ကျင့်.."

လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ထွက်ခွာသွား၏။

တပည့်ဖြစ်လာရန် ပူဇော်ခဲ့သည့် ရွှီယန်၏ လက်ဆောင်များကို ပျော်ရွှင်စွာဖြင့် သိမ်းဆည်းသွားသည်။

'အရွက်၉ခု ဆေးပင်က တကယ့်ကို ရတနာတစ်ခုပဲ။ နဲနဲလောက် ကျိုချက်ပြီး အာနိသင်ကို စမ်းကြည့်ရမယ်..'

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်က သေးငယ်သည့်ဓားတစ်ခုကို ထုတ်သည်။ အရွက်၉ခု ဆေးပင်မှ တစ်ရွက်ကို သေသေချာချာ လှီးလိုက်၏။

ကြက်ခြံသို့သွားကာ ကြက်တစ်ကောင်ကို ဖမ်းကာ သတ်လိုက်သည်။ ဆေးပင်နှင့်အတူ ချက်ပြုတ်၏။

"ငါ့ဆီကိုလာပြီးကျင့်ကြံတဲ့ တပည့်တစ်ယောက်ကို ကျွေးမွေးဖို့တော့ လိုအပ်မှာပဲ။ သူက ဒီလောက်ကောင်းတဲ့ လက်ဆောင်တွေကို ယူလာခဲ့တာ။ အစားအသောက်လေးတောင် မထောက်ပံ့ပေးရင် အရမ်းကို နှလုံးသားမဲ့ရာ ကျမှာပဲ.."

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်၏။

မီးညှိကာ ချက်ပြုတ်ရင်းမှ မြင်းထိုင်ထိုင်နေဆဲရှိသည့် ရွှီယန်ကို သွားကြည့်သည်။ တစ်ဖက်လူဟာ တုန်ယင်နေပြီး ခက်ခဲစွာတောင့်ခံထား၏။

ခဏအကြာ၌ ရွှီယန်ဟာ ဆက်လက်တောင်းခံနိုင်ခြင်း မရှိတော့ဘဲ စတင်အနားယူသည်။ ဤသည်မှာ သူ၏ တတိယမြောက် အနားယူမှုဖြစ်၏။

'အခုတော့ ဆက်လိမ်ရမှာပဲ...ငါလည်းမင်းကို မလှည့်စားချင်ပါဘူး။ ဒါပေမယ့် မင်းဘာသာ တံခါးဝကို ကိုယ်တိုင်ရောက်လာခဲ့တာ..'

လီရွှမ်က ခေါင်းကိုရမ်းကာ သူ့ကိုလျစ်လျူရှုထားလိုက်သည်။ ခဏတာအတွင်း မည်သည်ကိုမှ နားလည်ဦးမည် မဟုတ်ပေ။

ထို့အပြင် ရွှီယန်၏ ရောက်ရှိလာမှုက လီရွှမ်ကို ရွာငယ်မှ ထွက်ခွာရန် အခွင့်အရေးတစ်ခု ရလာစေ၏။ ဖြစ်နိုင်တာက သူဟာ မကောင်းဆိုးဝါးသစ်တောကို လုံခြုံစွာ ဖြတ်သွားနိုင်မှာလည်း ဖြစ်နိုင်ပါသည်။

လီရွှမ်ဟာ လွတ်မြောက်မည့် အစီအစဉ်ကို စဉ်းစားနေပြီးဖြစ်၏။ သူသာ ရွာငယ်မှ ထွက်သွားပြီးပါက ဝူနိုင်ငံသို့ ဦးတည်သွားမည် ဖြစ်သည်။

ချီနိုင်ငံနှင့် သုံဟယ်စီရင်စုမှ ဝေးကွာသည့် နေရာတွင်နေထိုင်ပြီး ရွှီယန်အနေနှင့် အလိမ်ခံရခြင်းအား နားလည်သွားလျှင်တောင် နောက်ခံကိုအသုံးပြုကာ လက်စားချေနိုင်မည် မဟုတ်တော့ပေ။

ရွှီယန်သည် မြင်းထိုင်ကို ထိုင်လိုက်ပြန်၏။ သူ၏စိတ်ကို အာရုံစူးစိုက်ကာ ချီနှင့်သွေးကို ခံစားသည်။

'ချီနဲ့သွေး...ဒါတွေက ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေပြီး တောက်လျှောက်စီးဆင်းနေတယ်။ ငါဘယ်လို ခံစားရမလဲ..'

'ဘယ်လိုမျိုး စုစည်းရမလဲ။ ဆရာပြောတာတော့ အားလုံးက ထိုးထွင်းသိမြင်မှုနဲ့ အဓိပ္ပါယ်သာ အဓိက။ အသွင်သဏ္ဌာန် မဟုတ်ဘူးတဲ့...'

ရွှီယန်ဟာ သူ၏သွေးနှင့်ချီကို ဆက်လက် အာရုံခံ၏။ သို့ပေမယ့် မြင်းထိုင်ထိုင်ခြင်းကြောင့် ခြေထောက်များ ထုံကျင်လာသည့် ခံစားချက်မှလွဲ၍ မည်သည့်ချီနှင့်သွေးကိုမှ ခံစားနိုင်ခြင်းမရှိပေ။

'အားမလျော့နဲ့.. အရမ်းကြီးကြာမှာ မဟုတ်ပါဘူး။ ဇွဲလုံ့လထားတာက အကျိုးကို သေချာပေါက် ပြန်ခံစားရမှာ..'

သူက ကိုယ့်ကိုယ်ကို အားပေးသည်။ ရွှီယန်၏ မျက်လုံးများက ခိုင်မာပြီး မြင်းထိုင်ထိုင်ခြင်းကို ဆက်လက် လုပ်ဆောင်ကာ ချီနှင့်သွေးကို အာရုံခံ၏။

ကြက်စွပ်ပြုတ်ဟာ အဆင်သင့်ဖြစ်နေပါပြီ။ လီရွှမ်က တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီယန်မှာ မြင်းထိုင်ထိုင်နေဆဲ ဖြစ်ကြောင်းအား တွေ့ရ၏။

သူက နှောက်ယှက်မှုမပြုဘဲ ကိုယ့်ဘာသာ စတင်စားသောက်သည်။

'အား...အရွက်၉ခုဆေးပင်...ဒါကလောကရဲ့ ရှားပါးရတနာတစ်ခုပဲ..'

'စားသုံးလိုက်ရင် ရောဂါအားလုံးကို ကင်းရှင်းနိုင်ပြီး ဆံပင်တွေဖြူလာမှာ မဟုတ်ဘူး။ ပြီးတော့ သက်တမ်းကို နှစ်၂၀လောက် ပိုပြီးတော့ ရှည်လာနိုင်တယ်...ဒါကချဲ့ကားပြီး ပြောထားတာများလား မသိဘူး..'

လီရွှမ်သည် ဝလင်အောင် စားသောက်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်လား မသိပေ သူဟာ ပိုမိုအားအင်ပြည့်ဖြိုးလှသည်ဟု ခံစားရ၏။

လူတစ်ကိုယ်လုံးဟာ ပိုမိုကာ သက်တောင့်သက်သာ ရှိလာခဲ့သည်။

"အကျန်နည်းနည်း ရှိသေးတယ်။ ရွှီယန်ကို ပေးလိုက်မယ်.."

ကိုယ့်ကိုယ်ကို ရေရွတ်ပြီးနောက် သူက မက်တပ်ရပ်ကာ ရွှီယန်ဆီသို့ လျှောက်သွားသည်။

"ဘယ်လိုရှိလဲ.."

ရွှီယန်က မြင်းထိုင်ခြင်းကိုရပ်တန့်ကာ အနည်းငယ် စိတ်ဓာတ်ကျစွာ ရှိနေပါသည်။

"ဆရာ...ကျွန်တော် ချီနဲ့သွေးကို အာရုံမခံနိုင်သေးဘူး.."

"ဘာမှမဖြစ်ဘူး...သိုင်းပညာလမ်းကြောင်းမှာ အရေးအကြီးဆုံးက မဆုတ်မနစ် ကြိုးစားမှုနဲ့ ခိုင်မာတဲ့စိတ်ပဲ.."

လီရွှမ်က သူ့ကိုနှစ်သိမ့်၏။

ကိုယ့်ကိုယ်ကိုတော့ စဉ်းစားသည်။

'ချီနဲ့သွေးကို မင်းဘယ်လိုလုပ်ပြီး အာရုံခံလို့ရမှာလဲ..'

'ငါသင်ပေးတာတွေ အားလုံးက မဟုတ်တာတွေပဲ။ တကယ်သာ အာရုံခံနိုင်မယ်ဆိုရင် မင်းက မကောင်းဆိုးဝါးပဲ ဖြစ်လိမ့်မယ်..'

"မင်းမှာ တစ်နှစ်ကြီးလုံးတောင် ကျန်သေးတယ်။ အခုဗိုက်ဆာနေပြီမလား။ သွားပြီးတော့ စားလေ.."

ထိုစကားကိုကြားရပြီးနောက် ရွှီယန်က သူ၏ဆာလောင်မှုကို ရုတ်တရက် နားလည်သွားပြီး ကျေးဇူးတင်စွာ ပြောသည်။

"ကျေးဇူးတင်ပါတယ်ဆရာ.."

"ဒါက အရွက်၉ခုဆေးပင်နဲ့ ချက်ထားတဲ့ ကြက်စွပ်ပြုတ်ပဲ.. စားလိုက်။ အာဟာရဖြည့် ဟင်းပွဲတစ်ခုလို့ ပြောလို့ရတယ်.."

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်ဟာ ခံစားသွားရသည်။ အရွက်၉ခု ဆေးပင်ဟာ သူ၏ဆရာအတွက် ပူဇော်ခြင်း လက်ဆောင်ဖြစ်၏။

သိုပေမယ့် ဆရာက‌တော့ ၄င်းကို အသုံးပြုပြီး သူ့အတွက် စွပ်ပြုတ်ချက်ထားပေးလေသည်။ သူ၏ဆရာသည် လက်ဆောင်ပဏ္ဏာများကို အမှန်တကယ်ကို ဂရုစိုက်ခြင်းမရှိပေ။ သူပြောခဲ့သည့်အတိုင်းပင် တွေ့ဆုံခြင်းဟာ ကံတရားကြောင့်သာ ဖြစ်၏။

သူက ဟင်းပွဲကို စားကာ စွပ်ပြုတ်ကိုသောက်ရင်းက မေး၏။

"ဆရာ...ပုံမှန်ဆိုရင် ချီနဲ့သွေးကို အာရုံခံနိုင်ပြီး စတင်ကျင့်ကြံဖို့အတွက် အချိန်ဘယ်လောက်ကြာတတ်လဲ.."

"အင်း...ဒါက လူတစ်ယောက်နဲ့တစ်ယောက်မတူဘူး.."

"ဆရာ.. အဲ့ဒါဆိုရင် အမြန်ဆုံးလူကရော။ အချိန်ဘယ်လောက်ကြာခဲ့လဲ.."

'စတင်ခြင်းအဆင့်သို့ ရောက်ရှိဖို့ ကြာချိန်လား..'

လီရွှမ်က မျက်ဆံလှည့်သည်။ သူလျှောက်ဖန်တီးလိုက်သည့် ကျင့်စဉ်အရ ဒီဘဝတွင် ဘယ်တော့မှ စတင်ခြင်းအဆင့်သို့ ရောက်ရှိမည် မဟုတ်ပေ။

'စတင်ခြင်းအဆင့်ကို ဝင်ရောက်ဖို့အတွက် စံချိန်ကို အရမ်းနိမ့်အောင် လုပ်လိုက်ရင် သူဘာတိုးတက်မှုမှ မရှိတဲ့အခါ သံသယဖြစ်လာမလား...ငါ ပါရမီရှင်တစ်ယောက်အတွက် စံချိန်ကို နည်းနည်းလောက် မြှင့်ထားရမယ်..'

လီရွှမ်က စဉ်းစားပြီးနောက် ပြော၏။

"ရှေးခေတ်အခါတုန်းက ပါရမီရှင်တစ်ယောက်ဆိုရင် အရေပြားသန့်စင်ခြင်းအဆင့်ကို ၅ရက်အတွင်း၊ အရိုးသန့်စင်ခြင်းအဆင့်ကို ၁၀ရက်အတွင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်ကို ၁၅ရက်အတွင်း ပြီးမြှောက်နိုင်တယ်.."

"ပြီးတော့ သူတို့ရဲ့ကြွက်သားနဲ့အရိုးတွေ မိုးကြိုးလိုဖြစ်လာပြီး ချီနဲ့သွေးက မြင့်တက်လာလိမ့်မယ်။ အဲ့ဒီ့အခါ စတင်ခြင်းအဆင့်ကို အောင်မြင်စွာ ဝင်ရောက်နိုင်ပြီ.."

'စုစုပေါင်း အချိန်၁လလောက်လား..'

ရွှီယန်၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားသည်။ ၅ရက်အတွင်း အရေပြားသန့်စင်ခြင်းအဆင့်ကို ပြီးမြောက်သည်လား။

၁လအတွင်းတွင် စတင်စာခြင်းအဆင့်သို့ ဝင်ရောက်သည်လား။ ဤသည်မှာ ဆရာ၏ ပါရမီရှင်တစ်ယောက်အတွက် ယူဆမှုလား။

'ငါရော ၅ရက်အတွင်းမှာ အရေပြားသန့်စင်ခြင်းအဆင့်ကို ပြီးမြောက်နိုင်မှာလား။ ဒီနေ့မှာ ချီနဲ့သွေးကိုတောင် အာရုံခံမှု မပြုနိုင်ခဲ့ဘူး။ ကြည့်ရတာ ၅ရက်နဲ့ လုပ်နိုင်မှာမဟုတ်ဘူး။ ဆိုလိုတာက ငါက လုံလုံလောက်လောက် ပါရမီမရှိဘူးလို့ပေါ့..'

ရွှီယန်ဟာ ချက်ချင်းပင် စတင်ကာ စိုးရိမ်လာခဲ့သည်။

လီရွှမ်က ရွှီယန်၏ ပုံစံကို အာရုံစိုက်နေ၏။

စိုးရိမ်စွာ ခံစားရခြင်းက ကောင်းပါသည်။ ထို့နောက် ထက်ပေါင်းပြော၏။

"ဒါပေမယ့် အဲ့ဒါက ရှေးအခါက ပါရမီရှင်တွေကို ပြောတာပါ။ ၁မီလီယံမှာ ၁ယောက်ပဲရှိတယ်.."

"မင်းလောနေစရာမလိုဘူး။ တစ်နှစ်အတွင်းမှာ စတင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်တာနဲ့ ငါ့ရဲ့မျက်လုံးထဲမှာ မင်းကအဆင့်မှီပြီ.."

'ဒါဆိုရင် ဆရာ့ရဲ့မျက်လုံးထဲမှာ တစ်နှစ်အတွင်းမှာ စတင်တာက လက်ခံနိုင်ရုံလောက်ပဲ ရှိတာပေါ့..'

ရွှီယန်၏မျက်လုံးများက ခိုင်မာလာပြီး စိတ်အားထက်သန်စွာ ကြွေးကြော်သည်။

"ဆရာစိတ်ချပါ တစ်နှစ်အတွင်းမှာ ဆရာ့ရဲ့တပည့်သေချာပေါက် စတင်ခြင်းအဆင့်ကို ဝင်ရောက်မှာပါ။ ဆရာ့ရဲ့ သင်ကြားမှုတွေကို စိတ်မပျက်စေရဘူး.."

လီရွှမ်က သူ၏ပုခုံးကို ပုတ်ကာ မျက်နှာဟာ ကျေနပ်မှုတို့ဖြင့် ပြည့်နက်နေ၏။

"မင်းဒီလောက်နားလည်မှုရှိတာ မင်းကိုချွင်းချက်ထားပြီး ငါ့ရဲ့တပည့်အဖြစ် လက်ခံခဲ့တာ အလကားမဖြစ်ဘူးပဲ.."

ရွှီယန်က နက်ရှိုင်းစွာ ခံစားသွားရသည်။ တစ်ချိန်တည်းတွင် ဖိအားကို ပိုမိုကာ ခံစားလာရ၏။ စားသောက်မှုကို အမြန်အဆုံးသတ်ကာ မက်တပ်ရပ်လိုက်သည်။

"ဆရာကျွန်တော်သွားပြီးတော့ လေ့ကျင့်တော့မယ်.."

'ငါ့ရဲ့အကျင့်ကြံမှုကို ကြိုးစားမြှင့်တင်ရမယ်။ ဆရာ့ကိုသေချာပေါက် စိတ်ပျက်စေလို့ မဖြစ်ဘူး..'

နှလုံးသားထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ရွှီယန်ဟာ မြန်ဆန်သည့် ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။

မြင်းထိုင်ခြင်းကို ပြန်လည်ပြုလုပ်ကာ ချီနဲ့သွေးကို အာရုံခံ၏။

"တကယ့်ကို တုံးအတာပဲ.."

လီရွှမ်က ခေါင်းကိုရမ်းကာ သက်ပြင်းချသည်။

သူဟာမည်သည်ကိုမှ လိမ်လည်လိုခြင်း မရှိပါ။ သို့ပေမယ့် ယခုအချိန်၌ နောက်သို့ပြန်လှည့်ရန် လမ်းမရှိပေ။

လက်ဆောင်များကို လက်ခံကာ ရွှီယန်ကို ကျပန်းဖန်တီးလိုက်သည့် ကျင့်စဉ်အား သင်ပေးလိုက်သည့် အချိန်မှစတင်ပြီး နောက်သို့လှည့်ရန် လမ်းမရှိကြောင်းကို သူသိပါသည်။။

ထိုလမ်းကြောင်းကို အဆုံးထိတိုင်အောင် ဆက်လျှောက်ရန်သာ တတ်နိုင်၏။

ကောင်းကင်ဟာ မှောင်မည်းနေပြီးဖြစ်သည်။ အိပ်ရာသို့မဝင်ခင်တွင် လီရွှမ်ဟာ အပြင်ဘက်သို့ ထွက်ကာ လေ့ကျင့်နေဆဲရှိသည့် ရွှီယန်ကို တွေ့လိုက်ရ၏။

တစ်ဖက်လူ၏ ဆုံးဖြတ်ချက်ခိုင်မာမှုအပေါ် လေးစားသွားသည်။ အနည်းငယ် တုံ့ဆိုင်းစွာ ခံစားသွားရ၏။

တစ်ဖက်လူကို အားအင်ခမ်းခြောက်ကာ တခုခုဖြစ်မှာ ဆိုးသောကြောင့် ပြောလိုက်၏။

"မင်းရဲ့ကျင့်ကြံမှု ဖြစ်စဉ်အတွင်းမှာ အလုပ်လုပ်တာနဲ့အနားယူတာကို မျှတအောင်လုပ်ဖို့ မမေ့နဲ့။ ကိုယ့်ကိုယ်ကို အရမ်းကြီး တွန်းအားပေးတာက အခြေခံကို ထိခိုက်စေလိမ့်မယ်။ သင့်တော်တဲ့အချိန်မှာ အနားယူဖို့က မရှိမဖြစ်လိုအပ်တယ်.."

"ဆရာ ကျွန်တော်နားလည်ပါပြီ.."

ရွှီယန်က လေးစားစွာပြော၏။

လီရွှမ်က ခေါင်းကိုရမ်းသည်။ တံခါးကိုပိတ်ကာ သူ၏အခန်းဆီသို့ အိပ်စက်ရန်အတွက် ပြန်သွား၏။

All Chapters