ရွှီယန်၏ ကိုယ်ပိုင်စိတ်ကူးများ
Vol. 1 Ch. 4
အာရုံမတက်ခင်တွင် ရွှီယန်တစ်ယောက် သူ၏မြင်းထိုင်ခြင်းကို လေ့ကျင့်နေပြီ ဖြစ်၏။
'ဆရာပြောတာတော့ ထိုးထွင်းသိမြင်ပြီး အဓိပ္ပါယ်ကို နားလည်ဖို့ဆိုတာ အသွင်သဏ္ဍာန်ပေါ်မှာ မူမတည်ဘူးတဲ့.. အသက်ဓာတ်စွမ်းအင်ရဲ့ စီးဆင်းမှုကို အာရုံခံပြီး စုစည်းရမယ်။ ပြီးရင် အရေပြားကို သန့်စင်ရမယ်...'
'အတိတ်က ပါရမီရှင်တစ်ယောက်က အရေပြားသန့်စင်ခြင်းကို ၅ရက်အတွင်း ပြီးမြှောက်နိုင်တယ်တဲ့။ ဒါပေမယ့် ငါကတော့ ချီနဲ့သွေးကိုတောင် အာရုံမခံနိုင်သေးဘူး..'
'ခြားနားချက်က ကြီးမားလွန်းတယ်။ ဆရာပြောတာတော့ စိတ်မရှည်မဖြစ်နဲ့တဲ့။ ပိုပြီးတော့ စိတ်မရှည်ဖြစ်လေလေ အသက်တတ်စွမ်းအင်ကို အာရုံခံရတာပိုပြီးတော့ ခက်ခဲလေလေပဲ...'
ရွှီယန်သည် သူ၏စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးကိုယ့်ကိုယ်ကို အာရုံစိုက်လိုက်သည်။ ပြီးနောက်ခန္ဓာကိုယ်အတွင်းသို့ ဂရုတစိုက် အာရုံခံကာ သူ၏ အသက်ဓာတ်စွမ်းအင်ကို ခံစားသည်။
ကောင်းကင်တွင် အဖြူရောင် အလင်းကြောင်းများ ပေါ်လာခဲ့သည်။ နေဟာ မြင့်တက်လာတော့မည် ဖြစ်၏။
အသက်ဓာတ်စွမ်းအင်ကို အာရုံခံနေသည့် ရွှီယန်ဟာ ရုတ်တရက် သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှ နွေးထွေးသည့် စီးကြောင်းတစ်ခု ထွက်ပေါ်လာကြောင်းကို ခံစားလိုက်ရသည်။
သိမ်မွေ့ကာ နွေးထွေးပြီး သူ၏ အသက်ရှူမှုနှင့်အတူ စီးဆင်းနေဟန် ရှိသည်။
'အသက်ဓာတ်စွမ်းအင်..'
'ငါအသက်ဓာတ်စွမ်းအင်ကို အာရုံခံနိုင်ပြီ..'
ထိုအချိန်၌ ရွှီယန်ဟာ အလွန်ပျော်ရွှင်သွား၏။
'တည်ငြိမ်အောင်နေ.. တည်ငြိမ်အောင်နေ...စိတ်ကတည်ငြိမ်ပြီး အေးချမ်းနေရမယ်။ အနှောင့်အယှက်ဖြစ်လို့ မဖြစ်ဘူး...'
'အသက်ဓာတ်စွမ်းအင်ကို စုစည်းမယ်။ အရေပြားကို သန့်စင်မယ်...အသက်ဓာတ်စွမ်းအင်က ဘယ်လိုစုစည်းရမှာလဲ။ ဆရာက အသေးစိတ်မှ မပြောထားတာ။ ငါသူ့ကို သွားမေးရမလား..'
'မဟုတ်ဘူး...ဆရာပြောခဲ့တာက ထိုးထွင်းသိမြင်မှုနဲ့ အဓိပ္ပာယ်ပဲ။ ငါဒီအချိန်ရဲ့ ဒီခံစားချက်ကို ဖမ်းဆုပ်ရမယ်။ စိတ်လွင့်သွားရင် အသက်ဓာတ်စွမ်းအင်ကို ထပ်ပြီးတော့ ခံစားနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်...'
'အဲ့ဒီ့အပြင် အသက်ဓာတ်စွမ်းအင်ကို ဘယ်လိုစုစည်းရမလဲဆိုတာကို ဆရာ့ကိုအသေးစိတ် သွားပြီး မေးမြန်းနေရင် သူ့ကို စိတ်ပျက်သွားစေပြီး ငါ့ရဲ့ နားလည်သဘောပေါက်မှုက အရမ်းကို နိမ့်ပါးတယ်လို့ ထင်သွားလိမ့်မယ်..'
ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်သည် ချက်ခြင်းပင် လီရွှမ်ဆီမှ ညွှန်ကြားချက်များအား သွားရောက်ခံယူမည့် စိတ်ကူးကို ဖယ်ရှားလိုက်၏။
မြင်းထိုင်ခြင်းကို ဆက်လက်လုပ်ဆောင်ကာ အကြိမ်ကြိမ်ကြိုးစားပြီး သူ၏အသက်ဓာတ်စွမ်းအင်ကို စုစည်းသည်။
အသက်ဓာတ်စွမ်းအင်ကို စုစည်းသည့် လီရွှမ်ပြောခဲ့သည့် ရှင်းပြချက်များကို ပြန်လည်စဉ်းစား၏။ သူ၏ စိတ်ကို ကိုယ့်ကိုယ်ကိုပေါ်တွင် လုံးဝအာရုံစိုက်ထားပြီး အသက်ဓာတ်စွမ်းအင်အား စုစည်းရာတွင် နှစ်မြှုပ်ထားသည်။
အသက်ရှူမှုက အလိုလိုပင် အသက်ဓာတ်စွမ်းအင်၏ စည်းချက်အတိုင်း ချိန်ညှိသွားပြီး တဖြည်းဖြည်းနှင့် သူ၏ခန္ဓာကိုယ်တွင် အသက်ဓာတ်စွမ်းအင် အမျှင်တစ်ခု ပျံ့နှံလာခဲ့သည်။
သူ၏အရေပြားဟာ သိသာစွာ နီရဲလာပြီး နွေးထွေးသည့်စီးကြောင်းက အရေပြားကို သန့်စင်နေသည့်ပုံပါ။
'အခုငါ အရေပြားသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်သွားတာလား..'
ရွှီယန် အလွန်ဝမ်းသာသွား၏။ နောက်ဆုံးတွင် အသက်ဓာတ်စွမ်းအင်ကို အာရုံခံနိုင်ကာ အောင်မြင်စွာ စုစည်းပြီး အရေပြားကို သန့်စင်နိုင်ခဲ့လေပြီ။
မနက်ခင်းတွင် လီရွှမ်က သန်းဝေပြီးနောက် မက်တပ်ရပ်သည်။ ကိုယ်လက်သန့်စင်မှု ပြုလုပ်ကာ ဝတ်စားပြီးနောက် မနက်စာပြင်ဆင်ရန် အပြင်ဘက်သို့ ထွက်ခဲ့သည်။
သူသည် ရွာထဲတွင် တစ်ယောက်တည်း ကျန်နေခဲ့သူဖြစ်ရာ အမှီခိုကင်းစွာ နေထိုင်နိုင်သည့် အလေ့ကျင့်တစ်ခု ရရှိပြီးဖြစ်၏။
အပြင်သို့ ထွက်လိုက်သည်နှင့် မြင်းထိုင်ခြင်းကို လေ့ကျင့်နေသည့် ရွှီယန်ကို တွေ့လိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။
ဒီတပည့်က အမှန်တကယ်ကို ကြိုးစားလှပါသည်။ သို့ပေမယ့် ဆိုးတာက မည်မျှပင် ကြိုးစားစေကာမူ အသုံးမဝင်ပေ။
ကျင့်ကြံသည် ကျင့်စဉ်မှာ သူ၏ကျပန်းတီထွင်မှုတစ်ခုဖြစ်၏။ ထို့ကြောင့် အောင်မြင်ရန် နည်းလမ်းမရှိပေ။
'သူဆက်ပြီးတော့ တောင့်မခံနိုင်တော့ရင် ငါ့ဆီလာပြီးတော့ မေးမှာပဲ။ ငါသူ့ကို အရူးလုပ်ဖို့ ကြုံရာပဲစဉ်းစားပြီး ပြန်ဖြေလိုက်တာပေါ့..'
လီရွှမ်က ခေါင်းကိုရမ်းကာ ထွက်ခွာသွား၏။
သူ၏ဆရာကို တွေ့ရပြီးနောက် ရွှီယန်က စိတ်လှုပ်ရှားသွားပြီး ချီနှင့်သွေးအား အာရုံခံနိုင်မှုအကြောင်းကို ပြောပြတော့မှာပါ။ သူသည် အရေပြားသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်၏။
ရလဒ်အနေနှင့် ဆရာဖြစ်သူ၏ ခေါင်းရမ်းမှုကို တွေ့လိုက်ရလေသည်။ သူ၏နှလုံးသားက ရုတ်တရက် အခုန်မြန်သွား၏။
'ဆရာ့မှာ ငါနဲ့ပတ်သက်ပြီး အလိုမကျတာရှိလို့လား..'
'ဟုတ်တယ် ဆရာ့ရဲ့အဆင့်နဲ့ ငါချီနဲ့သွေးကို အာရုံခံနိုင်ပြီး အရေပြားသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်သွားတာကို ဘယ်လိုလုပ်ပြီး မမြင်ဘဲနေမှာလဲ..'
'ငါ့ကို စိတ်မငြိမ်ဘူး.. မောက်မာပြီး.. စိတ်မရှည်တော့ဘူးလို့ ထင်သွားတာဖြစ်မယ်...'
ရွှီယန်က သုံးသပ်မှုအချို့ ပြုလုပ်ပြီးနောက် လီရွှမ်ကို သူ၏အသက်ဓာတ်စွမ်းအင်အား အာရုံခံနိုင်မှုနှင့် အရေပြားသန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်သွားကြောင်းကို ပြောမည့်ကိစ္စအား ချက်ချင်းပင် ဖယ်ရှားလိုက်သည်။
အသက်ကို နက်ရှိုင်းစွာရှူပြီး စိတ်ကိုတည်ငြိမ်အောင် ပြန်လည် ပြုလုပ်လိုက်၏။ အရေအပြားကို ဆက်လက်သန့်စင်ရန်အတွက် အသက်ဓာတ်စွမ်းအင်အား စုစည်းသည်။
'ဆရာက နက်နဲလွန်းတယ်။ တစ်ချက်ကြည့်တာနဲ့ ငါ့ရဲ့စွမ်းရည်ကို မြင်နိုင်မှာပဲ။ ငါမောက်မာတာ သို့မဟုတ် ကိုယ့်ကိုယ်ကို ကျေနပ်နေတာမျိုး မဖြစ်သင့်ဘူး။ ငါ့ရဲ့ကျင့်ကြံတာ တိုးတက်မှုကို သူကနားလည်ပြီး ဖြစ်နေတာကို ဘာလို့ပြောဖို့ လိုတော့မှာလဲ..'
ရွှီယန်သည် သူ၏ကျင့်ကြံမှုအား ဆရာဖြစ်သူက တစ်ချက်ကြည့်လိုက်သည်နှင့် ရှင်းလင်းစွာ သိရှိသွားပြီဖြစ်ကြောင်းကို နှလုံးသားထဲတွင် နားလည်လိုက်သည်။
ထို့ကြောင့် တမင်ပြောကြားရန် လိုအပ်ခြင်းမရှိတော့ပါ။
လီရွှမ်က ကြက်ခြံအတွင်းမှ ကြက်တစ်ကောင်ကိုဖမ်းကာ အရွက်၉ခုဆေးပင်နှင့် ဆက်လက် ချက်ပြုတ်၏။ မနေ့က အရွက်၉ခုဆေးပင်နှင့် ကြက်စွပ်ပြုတ်ကို စားပြီးနောက် သူ၏ခန္ဓာကိုယ်ဟာ ပိုမိုသန်မာလာသည်ဟု ခံစားရသည်။
သူက ဓားကိုထုတ်ကာ ကြက်ကို သတ်လိုက်တော့မှာပါ။ ထို့နောက် အေးခဲသွား၏။
'မဟုတ်သေးဘူး... အခုငါ့မှာ တပည့်တစ်ယောက် ရှိနေပြီ။ ဆရာဖြစ်တဲ့ငါက သူ့ကို ချက်ပြုတ်ပေးနေရမှာလား။ တပည့်ဖြစ်တဲ့သူကသာ ငါ့ကို လုပ်ကျွေးပြုစုသင့်တာ..'
'ဘာပဲဖြစ်ဖြစ် ငါသူ့ကို တစ်ကြိမ်လှည့်ဖြားပြီးပြီပဲ။ အခုငါ့ရဲ့တပည့်လည်း ဖြစ်နေပြီ။ ဆရာဖြစ်သူကို လုပ်ပေးရမှာ ကျိုးကြောင်းဆီလျော်မှု ရှိတယ်မလား..'
ထိုကဲ့သို့ စဉ်းစားပြီးနောက် သူသည် လက်တစ်ဖက်နှင့် ဓားကိုကိုင်ကာ လက်တစ်ဖက်နှင့် ကြက်ကိုကိုင်ပြီး ရွှီယန်ဆီသို့ လျှောက်သွား၏။
"တပည့်.. လာခဲ့... ဒီကြက်ကို သတ်လိုက်။ ပြီးရင် အရွက်၉ခု ဆေးပင်အချို့ထည့်ပြီး ချက်ပြုတ်လိုက်.."
ရွှီယန်က လေ့ကျင့်မှုအပြီးတွင် ကြက်နှင့်ဓားတို့ကို လီရွှမ်ဆီမှ ယူလိုက်သည်။ အနည်းငယ် ကြောင်တောင်သွား၏။
"ဘာလဲ။ မင်းမချက်တတ်ဘူးလား.."
လီရွှမ်က သူ့ကိုကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။
'ဟုတ်သားပဲ.. ရွှီယန်က ချမ်းသာတဲ့ မိသားစုက သူဌေးသားတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး ကိုယ်တိုင်ချက်ပြုတ်တတ်မှာလဲ..'
'အဲ့လိုဆိုရင်တောင် သူက ငါ့တပည့်လေ။ ဘယ်လိုလုပ်ပြီးတော့ ကောင်းကောင်း အသုံးမပြုဘဲ ထားရမှာလဲ..'
"ငါတပည့်.. လမ်းလျှောက်တာ၊ ထိုင်တာ၊ အိပ်တာနဲ့စားတာတွေ အားလုံးက ကျင့်ကြံခြင်းပုံစံ တစ်မျိုးပဲ.."
"မင်းက သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ခြင်းမရှိသေးဘဲ ဆရာ့ရဲ့အဆင့်နဲ့ အများကြီး ဝေးကွာနေသေးပေမယ့် ဒါတွေကို ကြိုပြီးတော့ ရင်းနှီးအောင်လုပ်ထားတာက မင်းအတွက် အကျိုးများလိမ့်မယ်.."
လီရွှမ်က လေးနက်စွာ ပြော၏။
"ဆရာ ကျွန်တော် အခုပဲ သွားလိုက်ပါမယ်.."
ရွှီယန်၏ပုံစံက လေးနက်သွားပြီး လေးစားစွာဖြင့် ပြန်ကြားသည်။
'ငါ့ဆရာရဲ့အဆင့်က အရမ်းကို မြင့်မားလွန်းတယ်။ ဒီအိမ်မှုကိစ္စတွေက သာမန်အရာတွေလို့ ထင်ရပေမယ့် တကယ်တော့ စစ်မှန်တဲ့သူတော်စင်တစ်ယောက်ရဲ့ ဟန်ပန်အမူအရာတွေ ပါဝင်နေတယ်။ ဒါက လျှို့ဝှက်နေတဲ့ ဆရာသခင်တစ်ယောက်ရဲ့ အသွင်သဏ္ဍာန်ပဲ..'
သူက စဉ်းစားလေလေ သူ၏ဆရာအပေါ် ပိုမိုအနှိုင်းမဲ့စွာ ခံစားရလာလေရှိသည်။ အပြင်ပန်းတွင် သူ၏ဆရာဟာ သာမန်ဖြစ်ပုံပေါ်၏။ စွမ်းအားကြီးသူတစ်ယောက်၏ ထည်ဝါမှုမျိုးကို ထုတ်လွှတ်ထားခြင်း မရှိပါ။
သို့ပေမယ့် ဆရာသခင်တစ်ယောက်၏ စစ်မှန်သည့် လက္ခဏာရပ်ဟာ သာမန်လူများအကြားတွင် သာမန်ဆန်စွာ ပုန်းအောင်းနေနိုင်ခြင်း ဖြစ်သည်။ ဤသည်ကို မူလ သဘာဝသို့ ပြန်ခြင်းဟု ခေါ်၏။
ရွှီယန်က ချက်ပြုတ်ရန်အတွက် ထွက်ခွာသွား၏။ လီရွှမ်က သူ့ကို ခဏတာ ကြည့်သည်။ စိတ်ချနိုင်ခြင်း မရှိပေ။
တစ်ဖက်လူ၏ ကြက်ကိုသတ်ဖြတ်ခြင်းနှင့် ချက်ပြုတ်ခြင်းဟာ အနည်းငယ် အချိုးမကျပေမယ့် သူ၏ညွှန်ကြားမှုအောက်တွင် ချက်ပြုတ်လိုက်သည့် အစားအသောက်များဟာ အစာတော့ ကြေလောက်ပါသည်။
ထို့ကြောင့် သူဟာ ကုလားထိုင်တစ်ခုကို ယူကာ အိမ်၏ရှေ့ရှိ သစ်ပင်ကြီး၏ အောက်တွင် ချလိုက်သည်။
လီရွှမ်သည် ကုလားထိုင်ပေါ်တွင် လဲလျောင်းကာ သက်တောင့်သက်သာနှင့် စားပွဲအတွက် စောင့်နေ၏။
'အိမ်ကိစ္စတွေကို ဂရုစိုက်ဖို့ တပည့်တစ်ယောက်ရှိလာခဲ့ပြီ။ ဒီနေ့တွေက တကယ့်ကိုကောင်းတာပဲ..'
'ရွှီယန်ရဲ့ အသိဉာဏ်နဲ့ဆိုရင် ဒီကိစ္စကို အချိန်တိုအတွင်း နားလည်သဘောပေါက်မှာ မဟုတ်သေးဘူး။ ဒါပေမယ့် ငါထွက်ပေါက်တစ်ခုတော့ စဉ်းစားထားရမယ်...'
စားပွဲအပြီးတွင် ရွှီယန်က သူ၏ လေ့ကျင့်မှုကိုဆက်လက်လုပ်ဆောင်၏။
'ငါ့ရဲ့အရေပြားသန့်စင်မှုအမြန်နှုန်းက တိုးတက်လာတယ်...အသက်ဓာတ်ကလည်း အနည်းဆုံး ၅၀%လောက် မြင့်မားလာတယ်...'
'ဒီနှုန်းအတိုင်းဆိုရင် ၅ရက်အတွင်းမှာ အရေပြားသန့်စင်ခြင်း ပြီးမြောက်ဖို့အတွက် မဖြစ်နိုင်ပေမယ့် ၁လလောက်ဆိုရင်တော့ ရလောက်တယ်..'
ရွှီယန် သူ၏အရေပြားသန့်စင်ခြင်း အမြန်နှုန်း ကြီးစွာမြင့်တက်လာမှုကို သတိထားမိလိုက်သည်။ အလွန်စိတ်လှုပ်ရှားလာခဲ့၏။
'ဒီအရေပြားသန့်စင်မှု အမြန်နှုန်းက ဘာလို့ရုတ်တရက် တိုးတက်လာရတာလဲ။ ဖြစ်နိုင်တာက...'
အရွက်၉ခုဆေးပင်နှင့် ကြက်စွပ်ပြုတ်ကို သူတွေးမိလိုက်သည်။ အရွက်၉ခုဆေးပင်မှာ ရှားပါးသည့် ရတနာတစ်ခုဖြစ်၏။ ရွှီမိသားစု၏ ရတနာတိုက်အတွင်းတွင် ဒီတစ်ခုသာလျှင် ရှိပါသည်။
ရွှီယန်သာ ရွှီမိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ကာ မိဘများ၏ချစ်ခင်မှုကို ခံရသောကြောင့် မဟုတ်ပါက သူ၏ဆရာကို အရွက်၉ခုဆေးပင်အား ပူဇော်ခြင်းလက်ဆောင်အဖြစ် ပေးနိုင်မည်မဟုတ်ပါ။
'ဆရာ..'
ရွှီယန်သည် ဒီအချိန်၌ စကားလုံးဖြင့် မဖော်ပြနိုင်လောက်အောင်ပင် ခံစားသွားရ၏။
'ငါ့ဆရာက အရွက်၉ခုဆေးပင်က ငါ့ရဲ့ကျင့်ကြံမှုမှာကူညီနိုင်တယ်ဆိုတာကို သိတာဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ဟင်းချက်တဲ့အခါမှာ အဲဒါကိုသုံးခိုင်းတာ..'
'ငါဆရာ့ရဲ့ ကြင်နာမှုကို ဖြုန်းတီးလို့ မဖြစ်ဘူး။ ကြိုးကြိုးစားစား ကျင့်ကြံပြီး စတင်ခြင်းအဆင့်ကို အမြန်ဆုံးဝင်အောင် လုပ်ရမယ်..'
သူ၏ကိုယ်ပိုင် နယ်ချဲ့လိုက်သည့် အဓိပ္ပါယ်ကောက်ယူမှုများနှင့် ရွှီယန်ဟာ ဒီအချိန်၌ ဆရာဖြစ်သူအပေါ် မနှိုင်းယှဉ်သာသည့် လေးစားမှုကို ခံစားလိုက်ရသည်။
တစ်ဖက်လူအပေါ် သူ၏ရိုသေမှုဟာ နေနှင့်လကဲ့သို့ကျယ်ပြောလှပြီး အလွန်နက်ရှိုင်းလာခဲ့၏။ ပြီးနောက် အသက်ဓာတ်စွမ်းအင်ကို စုစည်းကာ အရေပြားကို ဆက်လက်သန့်စင်သည်။
ဆက်တိုက် သန့်စင်လာသည့် တစ်လျှောက်တွင် ရွှီယန်၏ ခန္ဓာကိုယ်ဟာ ပိုမိုကာ သန်မာစွာ ခံစားလာရ၏။သူ၏အသက်တက်လည်း ပိုမိုကာ မြူးကြွလာပြီး အရေပြားက မာကြောလာခဲ့သည်။ သူသည် အရေပြားသန့်စင်ခြင်း၏ အစောပိုင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်၏။
'ငါ့ရဲ့ခွန်အားက နှစ်ဆလောက် တိုးလာတယ်လို့ ခံစားရတယ်။ ဒါက အရေပြားသန့်စင်ခြင်းရဲ့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ပြီးပြည့်စုံပြီးရင် ဘယ်လောက်တောင် စွမ်းအားကြီးမလဲ မသိဘူး..'
'ငါသိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို တစ်နှစ်အတွင်းမှာ ဝင်ရောက်နိုင်ရမယ်..'
ရွှီယန်၏ မျက်လုံးများက ခိုင်မာ၏။
'ဒီအရွက်၉ခု ဆေးပင်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ ပိုပြီးတော့ သန်မာလာတယ်လို့ ဘာလို့ ငါခံစားရတာလဲ..'
'ဒါတွေအားလုံးကို ငါ့အတွက်ပဲ သိမ်းထားရင်ရော...မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေကို ရွှီယန်က ပေးခဲ့တာလေ။ အတူတူ စားကြတာပေါ့။ လူတယောက်က အရမ်းကြီး လောဘမကြီးသင့်ဘူး..'
လီရွှမ် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားရသည်။ ခဏတာအတွင်း အရွက်၉ခုဆေးပင် အားလုံးတို့ကို သူ့အတွက်သာ သိမ်းထားရန် စိတ်ကူးတစ်ခု ရလာခဲ့၏။
သို့ပေမယ့် သူ့တွင် ထိုကဲ့သို့ လုပ်ဆောင်ရန် လုံလောက်သည့် နှလုံးသားမဲ့မှု မရှိပါ။ ထို့ကြောင့် ထိုအတွေးကို ချက်ချင်းပင် ဖယ်ရှားလိုက်၏။