← Chapters

အရေအပြားသန့်စင်မှု ပြီးမြောက်ခြင်း

Vol. 1 Ch. 5

အရေအပြားသန့်စင်မှု ပြီးမြောက်ခြင်း

Vol. 1 Ch. 5

လီရွှမ် ရွှီယန်အား တပည့်အဖြစ်လက်ခံကာ သူဖန်တီးထားသည့် သိုင်းပညာကို သင်ကြားပေးခဲ့တာ လဝက်ကျော် ကြာခဲ့ပါပြီ။

ပြီးခဲ့သည့် လဝက်ဟာ အချိန်ကူပြောင်းလာစဉ်ကတည်းက လီရွှမ်အတွက် သက်တောင့်သက်သာ အရှိဆုံး အချိန်များဖြစ်၏။

နေ့စဉ်နေ့တိုင်း သူ၏တပည့်က သူ့ကို အလုပ်အကျွေးပြုပါသည်။ ချက်ပြုတ်ရန်၊ ကြက်များကို အစာကျွေးရန်၊ အသီးအရွယ်များကို စိုက်ပျိုးရန် အစရှိသည်တို့အား ပြုလုပ်ရန်မလိုပါ။

နေ့စဉ်နေ့တိုင်း အိပ်စက်ခြင်း၊ ရွာထဲတွင် လှည့်ပတ်သွားလာခြင်း သို့မဟုတ် ကုလားထိုင်ပေါ်တွင် လှဲခြင်းဖြင့်သာ သက်တောင့်သက်သာ ရှိနေနိုင်၏။

အရွက်၉ခု ဆေးပင်သည် တစ်ရွက်သာလျှင် ကျန်၏။ ထို့ကြောင့် ဒီနေ့တွင် ၎င်းကို ချက်ပြုတ်ကာ စားသောက်မည်ဖြစ်၏။

လီရွှမ်တစ်ယောက် ထိုဆေးရွက်၏ ရှားပါးအဖိုးတန်မှုအပေါ် သက်ပြင်းချမိသည်။ ဆေး၏အာနိသင်ဟာ အမှန်တကယ်ကို ကောင်းမွန်လှ၏။

ပြီးခဲ့သည့် လဝက်ကျော် အတွင်းတွင် သူ၏ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားခဲ့ရသည်။ စိတ်အစဥ်ဟာလည်း တိုးတက်လာပြီး မျက်လုံးအမြင်လည်း ပိုမိုကောင်းမွန်လာခဲ့သည်။ ခန္ဓာကိုယ်ဟာ များစွာပိုမိုကြံ့ခိုင်လာပြီး ခွန်အား တိုးပွားလာခဲ့၏။

'မနက်ဖြန်ကျရင် နှစ်တစ်ထောင် ဂျင်စင်းကို ချက်ရင်ရော။ ဒါက အာဟာရတွေ အရမ်းလည်း များနေဦးမယ်..'

လီရွှမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကိုယ့်ကိုယ်ကို ရေရွတ်၏။

'နှစ်တစ်ထောင် ဂျင်စင်းက ထူးကဲတယ်။ ငါအဲ့ဒါကို ရတနာအဖြစ် သိမ်းထားရင်ရော..'

သူက ခေါင်းကိုလှည့်ကာ မြင်းထိုင်ထိုင်လျှက်နှင့် ကျင့်ကြံနေသည့် ရွှီယန်ကို ကြည့်သည်။ အနည်းငယ် ကြောင်တောင်စွာ ခံစားရ၏။

'လဝက်တောင် ကျော်နေပြီ။ သူဒီပုံစံကို ကျင့်နေတုန်းပဲလား။ သူ့မှာစိတ်မရှည် မဖြစ်ဘဲ တည်ငြိမ်တဲ့ စိတ်ရှိတာ တော်တော်လေးကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့ဦးနှောက်က သိပ်ပြီးတော့ မကောင်းတာဆိုးတယ်..'

'ဒါလည်း ကောင်းပါတယ်...သူဒီလိုငြိမ်နေတာက ငါ့အတွက် ပိုကောင်းတယ်။ ဒါပေမယ့် လဝက်တောင်ကျော်နေပြီကို ကျင့်ကြံခြင်းမှာ ဘာတိုးတက်မှုမှ မရှိတာ ငါ့ကိုမေးခွန်းတောင် မထုတ်ဘူးလား..'

လီရွှမ် အလွန်အံ့ဩနေ၏။

'စားသောက်တဲ့အခါမှပဲ ဘာမေးခွန်းရှိလဲလို့ သူ့ကိုမေးကြည့်တော့မယ်။ ဆရာတစ်ယောက်ရဲ့ တာဝန်ကို လုပ်ပေးရတာပေါ့..'

'သူ့ကိုအရူးလုပ်ဖို့ ဘယ်လိုပုံပြင်တစ်ခုကို ဖန်တီးရမလဲ ဆိုတာကို စဉ်းစားလိုက်ဦးမယ်..'

လီရွှမ်သည် သူ၏ပုံပြင်ကို ပိုမိုသဘာဝကျစေရန် မည်ကဲ့သို့ ပြုလုပ်ရမည်အား စဉ်းစား၏။ ပိုမိုယုတ္တိရှိစေရန်၊ ရွှီယန်ကို မည်ကဲ့သို့ နှစ်သိမ့်ရန်၊ ဆက်လက် ကျင့်ကြံရန် မည်ကဲ့သို့ အားပေးရန်အား စဉ်းစား၏။

'နောက်ဆုံးတော့ အရေပြားသန့်စင်ခြင်းကို ပြီးမြောက်သွားပြီ..'

ကျင့်ကြံနေစဉ်တွင် ရွှီယန်သည် သူ၏ခန္ဓာကိုယ်မှ သွေးနှင့်ချီတို့ မြင့်တက်လာမှုကို ခံစားလိုက်ရ၏။

ပြီးနောက် သူ၏အရေပြားများ တင်းကြပ်လာပြီးနောက်မှ ပြန်လည် ပြေ‌လျော့သွား၏။ ထိုအချိန်၌ သူဟာ ကြီးမားသည့် တိုးတက်မှုကို ခံစားလိုက်ရသည်။

အရေပြားသန့်စင်ခြင်းဟာ ပြီးမြောက်ခဲ့လေပြီ။

'ဆရာပြောတာမှန်တယ်။ ကျင့်ကြံတဲ့အခါမှာ လူတစ်ယောက်က စိတ်မရှည်ဖြစ်လို့ မရဘူး။ အလုပ်နဲ့အနားယူမှုကို တွဲဖက်ထားဖို့ လိုအပ်တယ်..'

'ငါနေ့တိုင်း ချက်ပြုတ်ဖို့၊ ကြက်တွေကို အစာကျွေးဖို့၊ အသီးအနှံတွေ စိုက်ပျိုးဖို့နဲ့ အခြားအရာတွေကို လုပ်ဆောင်ခဲ့ရတယ်..'

"ကျင့်ကြံတဲ့အချိန်က အများကြီး နည်းသွားသလိုပဲ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် ခံစားရပြီး ငါ့ရဲ့စိတ်အခြေအနေက လုံးဝခြားနားလာခဲ့တယ်။ အဲ့ဒီ့အခါ ကျင့်ကြံတာက ပိုမြန်ပြီးတော့ ပိုပြီးတော့ လွယ်ကူလာတယ်..'

'ဆရာ့ရဲ့အဆင့်က အရမ်းကိုမြင့်မားလွန်းတာပဲ..'

ရွှီယန်က အံ့သြသွားသည်။ သူ၏ဆရာဟာ တကယ့်ကို လျှို့ဝှက်နေသည့် ပညာရှင်တစ်ယောက် ဖြစ်ပါသည်။

စကားလုံးတိုင်း၊ လုပ်ဆောင်မှုတိုင်းနှင့် သေးငယ်သော အကြံပေးချက် တစ်ခုစီတိုင်းဟာ သူ့အတွက် အလွန်အကျိုးများစေ၏။

ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသည့် လီရွှမ်ကိုကြည့်ကာ ရွှီယန်၏ မျက်လုံးများဟာ အားကျခြင်းနှင့် မျှော်လင့်မှုတို့ ပေါ်လာခဲ့သည်။

'ငါဘယ်တော့များမှ ဆရာ့ရဲ့အဆင့်ကို ရောက်နိုင်မှာလဲ။ သူ့ကိုကြည့်ရတာ သာမန်နဲ့တူတယ်။ ဒါပေမယ့် သူကတကယ့်ကို စစ်မှန်တဲ့ ဆရာသခင်တစ်ယောက်ပဲ..'

'ဒါက ဆရာတစ်ခါ ပြောခဲ့သလိုပဲပေါ့။ ရိုးရှင်းမှုနဲ့သဘာဝကို ပြန်ရောက်လာတာက တာအိုနဲ့နီးကပ်လာတာပဲတဲ့..'

'ငါအရမ်းကြီး အလှမ်းကျယ်လို့ မရဘူး။ ငါ့ရဲ့ခြေထောက်ကို မြေပြင်ပေါ်မှာ မြဲမြဲမြံမြံနဲ့ ရှိနေစေဖို့ ထိန်းသိမ်းထားရမယ်။ တစ်နေ့မှာ ဆရာ့လိုမျိုး သန်မာသူတစ်ယောက် ဖြစ်လာမှာပါ..'

ရွှီယန်က စိတ်ထဲတွင် စဉ်းစားမှုပြုနေပြီး ကိုယ့်ကိုယ်ကို အားပေးသည်။

'ရက်၂၀တောင် မကြာပဲ အရေအပြားသန့်စင်ခြင်းအဆင့်ကို ပြီးမြောက်ခဲ့ပြီ.."

"ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ နောက်ထပ် အလွန်ဆုံး ၃ရက်ကနေ ၅ရက်လောက်ဆိုရင် အရေပြားသန့်စင်ခြင်းကို လုံးဝ အဆုံးသတ်ပြီး အရိုးသန့်စင်ခြင်းကို စတင်လို့ရပြီ..'

'အရေပြား သန့်စင်မှုပြီးဆုံးရင် ဆရာ့ကို အရိုးသန့်စင်ခြင်းရဲ့ အသေးစိတ် အချက်အလက်တွေကို မေးရမယ်..'

'ဆရာပြောတာတော့ ရှေးခေတ် ပါရမီရှင်တွေဆိုရင် ၅ရက်အတွင်းမှာ အရေပြား သန့်စင်ခြင်းကို ပြီးမြောက်နိုင်တယ်တဲ့..'

'ငါကသူတို့နဲ့ မနှိုင်းယှဉ်နိုင်ပေမယ့် ၁လအတွင်းမှာ အရေပြားသန့်စင်ခြင်းကို ပြီးမြှောက်နိုင်ခဲ့တယ်။ အဲ့ဒါကလည်း ထူးချွန်တယ်လို့ ခေါ်နိုင်လောက်တယ်မလား..'

ရွှီယန်က အချိန်ကို ကြည့်လိုက်သည်။ ချက်ပြုတ်ဖို့အချိန်သို့ ရောက်နေပြီး ဖြစ်၏။ ထို့ကြောင့် သူက လေ့ကျင့်မှုကို ရပ်တန့်ကာ ကြက်ခြံဆီသို့ သွားရောက်သည်။

ကြက်တစ်ကောင်ကို ဖမ်းကာ သတ်ဖြတ်ပြီး အရွက်၉ခုဆေးပင်နှင့် ချက်ပြုတ်လိုက်၏။ နေ့စဉ်နေ့တိုင်း အရွက်၉ခု ဆေးပင်၏ အရွက်တစ်ရွက်ကို စားသုံးလာခဲ့ရာ ယခုအချိန်၌ တစ်ရွက်သာလျှင် ကျန်ပါတော့သည်။

ကြက်ကို သတ်ဖြတ်နေစဉ်အတွင်းတွင် ရွှီယန် ရုတ်တရက် စိတ်ကူးတစ်ခု ရလာခဲ့၏။

'ဆရာပြောတာတော့ အရေပြားသန့်စင်မှု ပြီးပြည့်စုံခြင်းကို ရောက်ရင် သာမန်လူတွေရဲ့ဓားတွေ ဆေဘာတွေနဲ့ ထိခိုက်ဖို့ ခက်ခဲတယ်တဲ့။ ငါဘာလို့ မစမ်းကြည့်မှာလဲ။ နည်းနည်းလောက် လှီးပြီးကြည့်တာပေါ့..'

ရွှီယန် မီးဖိုချောင်ဓားကို ကိုင်ရင်းမှ သူ၏လက်ကို လှီးလိုက်သည်။ သူသည် အရေပြားသန့်စင်ခြင်းအဆင့်အား ပြီးမြောက်ထားသည့် သိုင်းသမားတစ်ယောက် ဖြစ်၏။

ထို့ကြောင့် သာမန်လူတစ်ယောက် မဟုတ်ပေ။

လှီးဖြတ်သောအခါ သွေးနှင့်ချီကို စုစည်းမှုမပြုဘဲ ခွန်အားအများကြီးကို သုံးလို့မရပေ။ ထိုမှသာ သာမန်လူတစ်ယောက်၏ ခွန်အားနှင့် တူညီနိုင်မှာဖြစ်၏။

ဓားက သူ၏လက်ကို လှီးဖြတ်သွားသည်။ အဖြူရောင် အမှတ်အသားတစ်ခုသာလျှင် ကျန်ခဲ့ပြီးနောက် လျှင်မြန်စွာ ပျောက်ကွယ်သွား၏။

'ဒါက အရေပြားသန့်စင်သူ တစ်ယောက်ရဲ့ ခံနိုင်ရည်စွမ်းအားလား..'

ရွှီယန် အလွန်စိတ်လှုပ်ရှားသွားသည်။ သူသည် လှီးဖြတ်ရာတွင် ခွန်အားအများကြီး အသုံးမပြုခဲ့ပေမယ့် ထိုအားနှင့် ကြက်တစ်ကောင်ကို အသာလေးလှီးဖြတ်လို့ ရပါသည်။

သာမန် လူတစ်ယောက်ဆိုလျှင်လည်း ထိုအားနှင့်ဖြတ်တောက်ပါက အရေပြားကို လှီးခွဲကာ အရိုးထိနက်ရှိုင်းသည့် ဒဏ်ရာတစ်ခု ဖြစ်သွားစေမှာပါ။ သို့ရာတွင် သူ၏ အရေပြားပေါ်တွင်တော့ အရာတစ်ရာတောင် ကျန်ခဲ့ခြင်းမရှိပေ။

'ဆရာပြောတဲ့ အတိုင်းပဲ။ အရေပြားကို သန့်စင်ပြီးရင် သာမန်ဓားတွေ ဆေဘာတွေနဲ့ ထိခိုက်အောင်လုပ်ဖို့ခက်ခဲတယ်..'

ရွှီယန်သည် လာမည့် အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းများအတွက် ပိုမိုကာပင် မျော်လင့်နေမိ၏။

"ဒီရက်တွေမှာ မင်းကိုကြည့်ရတာ တည်တည်ငြိမ်ငြိမ်ရှိပြီး အေးချမ်းတယ်။ စိတ်မရှည်တာတွေ မောက်မာတာမျိုးတွေ မရှိဘူး။ ငါအရမ်းကို ကျေနပ်တယ်.."

စားသောက်စဥ်အတွင်းတွင် လီရွှမ်က ဂရုတစိုက်ပြော၏။

"ဆရာ ကျွန်တော်နားလည်ပါပြီ။ မောက်မာမှုနဲ့ စိတ်မရှည်မှုတွေကို ရှောင်ကြဉ်ပြီး ကျွန်တော်တည်တည်ငြိမ်ငြိမ် နေပါမယ်.."

ရွှီယန်က လေးစားစွာ ပြောသည်။ သူ၏လုပ်ဆောင်ချက်ကြောင့် ဆရာ၏အမြင်တွင် ကောင်းမွန်သည့် အမြင်တစ်ခု ချန်ရစ်နိုင်ခြင်းအား အလွန်ပျော်ရွှင်သွား၏။

'ဒီလောက် အချိန်အတော်ကြာအောင် လေ့ကျင့်ပြီးတာတောင် ရွှီယန်ကိုကြည့်ရတာ တည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲ။ ဒါပေမယ့် စိတ်ထဲမှာတော့ သူစိုးရိမ်နေလောက်ပြီ..'

'သူ့ကိုနှစ်သိမ့်ပြီး ဆက်ပြီးတော့ တောင့်ထားခိုင်းရမယ်။ အခုကိစ္စတွေက ဒီအထိတောင် ရောက်လာပြီဆိုတော့ ငါသူ့ကိုဆက်ပြီးပဲ အရူးလုပ်လို့ ရတော့မယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ ထို့နောက် ပြော၏။

"ကျင့်ကြံခြင်းလမ်းကြောင်းမှာ ဇွဲလုံ့လရှိခြင်း၊ ခိုင်မာတဲ့စိတ်ဆန္ဒရှိခြင်းနဲ့ တည်ငြိမ်ခြင်းက အရေးကြီးတယ်.."

"မြန်ဆန်တဲ့ အောင်မြင်မှုအတွက် လိုတာထက်ပိုပြီး အလျှင်လိုတာက မကောင်းဘူး။ အဲ့ဒါကို မင်းမှတ်ထား.."

"ဟုတ်ကဲ့ပါဆရာ.. ကျွန်တော် ဆရာ့ရဲ့သင်ကြားမှုတွေကို သေချာပေါက် စိတ်ထဲမှာ မှတ်သားထားပါမယ်.."

ရွှီယန်က လေးနက်စွာ ခေါင်းငြိမ့်သည်။ သို့ပေမယ့် သူ၏နှလုံးသားထဲတွင် ရုတ်တရက်နားလည်သွား၏။

'ငါအရေပြားသန့်စင်ခြင်းကို ပြီးမြောက်သွားခဲ့ပြီ..'

'ကြည့်ရတာ ဆရာကငါ့ကို လျှင်မြန်တဲ့ ရလဒ်အတွက်ပဲ စိတ်အားထက်သန်နေပြီး ခိုင်မာတဲ့အခြေခံမရှိဘဲ အရိုးသန့်စင်ခြင်းကို အမြန်လုပ်မှာကို စိုးရိမ်နေတဲ့ပုံပဲ..'

'အရေပြားသန့်စင်ခြင်းကို ပြီးပြည့်စုံအောင် လုပ်ပြီးရင်တောင် ငါအချိန်ယူပြီးတော့ အခြေခံကို ခိုင်မာအောင် လုပ်ရမယ်..'

'ပြီးမှဘဲ အရိုးသန့်စင်ခြင်းကို လုပ်ဆောင်ရမယ်။ စိတ်မရှည်လို့ မရဘူး။ ဆရာ့ရဲ့စိတ်ထဲမှာ ငါကစိတ်မရှည်တဲ့လူလို့ ထင်သွားစေလို့ မဖြစ်ဘူး..'

ရွှီယန်က နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို သတိပေးသည်။ သူ၏ခွန်အား တိုးတက်လာသည့် အတွက်ကြောင့် ရည်ရွယ်ချက်ကိုပင် မေ့လျော့ကာ မာနကြီးစွာနှင့် ကိုယ့်ကိုယ်ကို ကျေနပ်မနေရန် ဖြစ်၏။

လီရွှမ်ကတော့ ရွှီယန်၏ စိတ်ကူးများကို သိရှိခြင်းမရှိပါ။ သူသည် ရွှီယန်၏ ချီနှင့်သွေးကို အာရုံခံနိုင်ရုံသာမက အရေပြားသန့်စင်ခြင်းအားလည်း ပြီးမြောက်သွားကြောင်းကို သိရှိခြင်းမရှိပေ။

ရွှီယန်၏ အလွန်နာခံစွာ နားထောင်နေပုံကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွား၏။

'ဒီတပည့်က တကယ့်ကို ရိုးတာပဲ..'

'ဒါပေမယ့် သိပ်ပြီးတော့ မပါးနပ်ဘူး။ သူငါ့ကိုပဲ တွေ့လို့တော်သေးတယ်။ အခြားသူသာဆိုရင် အလိမ်ခံရပြီး မိသားစုတစ်ခုလုံးတောင် ပျက်စီးရနိုင်တယ်..'

'ဆိုးတာက ငါက တကယ့်ဆရာသခင်တစ်ယောက် မဟုတ်ဘူး။ မဟုတ်ရင် ဒီလောက်ရိုသေလေးစားပြီး သိတတ်တဲ့ တပည့်တစ်ယောက်ကို လက်ခံရမှာ ဝမ်းသာစရာပဲ..'

လီရွှမ်သည် ခံစားချက်တို့မြင့်စွာ ရှိနေ၏။ ထို့နောက် ပြောသည်။

"မင်းရဲ့ကျင့်ကြံမှုမှာ မေးခွန်းအချို့ ရှိလာတော့မယ်ဆိုတာကို ဆရာသိတယ်။ အခုမင်းမေးချင်ရင် ဆရာဖြေပေးမယ်.."

ရွှီယန်က ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာကြည့်သည်။ 'ဆရာက ငါအရိုးသန့်စင်ခြင်းကို ကျင့်ကြံရတော့မှာမို့လို့ မေးခွန်းအချို့ရှိမှာကို သိနေတာဖြစ်မယ်..'

'အဲ့ဒါကြောင့် ပထမဆုံး ငါ့ကို စိတ်မရှည်မဖြစ်ဘဲ တည်တည်ငြိမ်ငြိမ်နေဖို့ သတိပေးပြီး.. ပြီးမှငါ့ရဲ့မေးခွန်းတွေကို ဖြေကြားပေးမယ်လို့ ပြောခဲ့တာ..'

'ဒါက ငါ့ရဲ့စိတ်မရှည်ဖြစ်နေတဲ့ နှလုံးသားကို တည်ငြိမ်အောင် လုပ်ပေးနိုင်ရုံမကပဲ အရိုးသန့်စင်ခြင်းအကြောင်းကိုလည်း နားလည်အောင် ကူညီပေးနိုင်တယ်..'

သူက စဉ်းစားလေလေ ဆရာ၏ စကားလုံးတိုင်းဟာ နက်နဲသည့် အဓိပ္ပာယ်များဖြင့် ပြည့်နက်နေပြီး သူ့ကိုသင်ကြားပေး‌နေခြင်း ဖြစ်သည်ဟု ခံစားရလေ ဖြစ်လာခဲ့သည်။

"ဆရာ.. အရေပြားသန့်စင်ခြင်း နည်းလမ်းနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာသံသယမှ မရှိပါဘူး။ ကျွန်တော် အရိုးသန့်စင်ခြင်း အကြောင်းကို မေးချင်ပါတယ်.."

"သွေးနဲ့ချီကို အရိုးထဲကို ထိုးဖောက်ပြီး အရိုးကိုဆက်တိုက် သန့်စင်ပြီး မာကျောလာအောင် လုပ်ဖို့ အထူးလိုအပ်ချက်တွေများ ရှိသေးလားမသိဘူး.."

"ပြီးတော့ ဘယ်အချက်ကို ရောက်ရင် အရိုးသန့်စင်ခြင်းကို ပြီးမြောက်ပြီလို့ ယူဆလို့ရလဲမသိဘူး.."

ရွှီယန်က အရိုးသန့်စင်ခြင်းအကြောင်းကို မေးလာချိန်၌ လီရွှမ်က မှင်သက်သွားခဲ့သည်။

သူကြိုတင်ပြင်ဆင်ထားခဲ့သည့် အကြောင်းပြချက်များဟာ ချီနှင့်သွေးကို အာရုံခံခြင်းနှင့် အရေပြားသန့်စင်ခြင်းအဆင့်ရှိ ပေါက်ကရ အချို့သာ ဖြစ်၏။ ရွှီယန်က အရိုးသန့်စင်ခြင်း နည်းလမ်းအကြောင်းကို မေးမြန်းလာမည်ဟု ထင်မထားခဲ့ပေ။

သူ့တွင် အရိုးသန့်စင်ခြင်းအတွက် မည်သည့်စကားလုံးများကိုမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါ။

All Chapters